BAGAN, UNESCO AND GENEVA CONVENTIONS

Leave a Comment

ပုဂံကို ကလေးဘဝကနေစပြီး လက်ရှိအသက်အရွယ်ထိ စုစုပေါင်း ၅ ကြိမ် ရောက်ဖူးတယ်။ နောက်ဆုံးရောက်ခဲ့တာ ၂၀၁၈ ဖေဖော်ဝါရီလက။

မနေ့က ပုဂံ (Bagan) ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ - ယူနက်စ်ကို (UNESCO) ကနေပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းဖတ်ရတော့ စိတ်ထဲ အတော်လေး ဝမ်းသာမိတာရှိသလို စိတ်မကောင်းဖြစ်မိတာလည်း ရှိတယ်။

ဝမ်းသာမိတယ်ဆိုတာက ပုဂံဒေသအနေနဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီဆိုရင် ခုနောက်ပိုင်းကနေစပြီး အောက်မှာ အကျဉ်းချုံး ဖော်ပြထားတဲ့ အကျိုးကျေးဇူးတွေ ပိုပြီးရလာတော့မယ်-


၁။ ပြယုဂ် - တစ်ကမ္ဘာလုံးက အသိအမှတ်ပြုပြီး အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့ နေရာတစ်ခုအဖြစ် စာရင်းဝင်သွားလို့ ဘယ်နိုင်ငံကိုရောက်ရောက် ငါတို့နိုင်ငံမှာ ကမ္ဘာက အသိအမှတ်ပြုရတဲ့ ဒီလိုယဉ်ကျေးမှု အမွေအနှစ်တွေရှိတယ်ဆိုတာ ဝင့်ဝင့်ကြွားကြွား ပြောခွင့်ရသွားတယ်။

၂။ အထောက်အပံ့ -  ဒီအမွေအနှစ်နဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးက ပံ့ပိုးပေးမယ့် နည်းပညာအကူအညီ/ ငွေကြေးအထောက်အပံ့နဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှုနဲ့ စီမံခန့်ခွဲမှုနည်းစနစ်ဆိုတာမျိုးတွေ ရလာမယ်။

၃။ ခရီးသွားလုပ်ငန်း - ကိုယ့်ဘာသာ လျှောက်ကြွားတာမျိုးမဟုတ်ပဲ ကမ္ဘာကပါ အသိအမှတ်ပြုတာမို့လို့ ပုဂံဒေသမှာ ခရီးသွားလုပ်ငန်းအနေနဲ့ အရင်ကထက် ပိုပြီးတိုးတက်လာဖို့ ရှိတယ်။ ဒါက ကိုယ့်နိုင်ငံအတွက် ဘဏ္ဍာရေးအမြတ်အစွန်းရဖို့ အများကြီး အထောက်အကူပြုနိုင်တယ်။

၄။ စည်းစနစ်ကျမှု - အရင်တစ်ချိန်က ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းတဲ့နေရာမှာ စည်းစနစ်မကျလို့ ပုဂံ (Bagan) ကို ကမ္ဘာ့အမွေအနှစ်စာရင်းထဲ မသွင်းခံခဲ့ရဘူး။ ခုဆိုရင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ဆိုတာကိုလည်း ၂၀၁၉ ခုနှစ်ထဲမှာပဲ အသစ်တည်းဖြတ် ပြဋ္ဌာန်းထားပြီးပြီ။

၅။ အကာအကွယ် - နောက်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားတဲ့အတွက် ဂျနီဗာသဘောတူစာချုပ်အရ အကြောင်းတစ်စုံတစ်ရာကြောင့် စစ်မက်ဖြစ်ပွားချိန်မှာ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုနယ်မြေအတွင်းမှာရှိနေတဲ့ အမွေအနှစ်အဆောက်အဦတွေကို ဖျက်ဆီးတာ၊ စစ်ပွဲအတွင်း မလျော်မကန် အသုံးပြုတာမျိုးတွေမလုပ်ဆောင်နိုင်အောင် တားဆီးပေးပြီးသား ဖြစ်သွားတယ်။

အဲ့ဒါတွေက ဝမ်းသာမိတဲ့ အချက်တွေပေါ့။ ဒါပေမယ့် အဲ့ဒီ့ အချက်လေးချက်ထဲက နောက်ဆုံးအချက်ကိုတော့ အပြည့်အဝ ဝမ်းမသာနိုင်သေးဘူး။


ဘာလို့လည်းဆိုရင် ယဉ်ကျေးမှုအမွေအနှစ် အကာကွယ်ပေးဖို့ဆိုပြီး ရေးသားထားတဲ့ ပြဋ္ဌာန်းချက်က ဂျနီဗာသဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲ ပရိုတိုကော(၃)ခုထဲက ပထမဆုံးပရိုတိုကောရဲ့ အပိုဒ်ခွဲ-၅၃ (Art 53. Protection of cultural objects and of places of worship) မှာ ဖော်ပြထားတာ။ ဒါပေမယ့် ခက်တာက မြန်မာနိုင်ငံအနေနဲ့ ဂျနီဗာသဘောတူစာချုပ်ကို ၁၉၉၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တယ်ဆိုပေမယ့် နောက်ဆက်တွဲ ပရိုတိုကော-၃ ခုကိုတော့ ခုချိန်ထိ လက်မှတ်ထိုးမထားရသေးဘူး။ ဆိုတော့ ဘယ်လိုသဘောဖြစ်မလဲ။ လက်မှတ်ထိုးခြင်း/မထိုးခြင်းကြောင့် ဖြစ်လာမယ့် အကျိုးရလဒ်ကို အတိအကျ မခန့်မှန်းတတ်ပေမယ့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားပြီးသား ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအဆောက်အဦတွေအတွက်တော့ စိတ်ထဲမလုံခြုံသေးသလို ခံစားရတယ်။ ဒါက ဝမ်းမသာမိဘဲ စိတ်မကောင်းဖြစ်မိတဲ့ တစ်ချက်။


ဘာလို့ ဒီပရိုတိုကောတွေကို လက်မှတ်မထိုးတာလဲ ကိုယ့်တစ်နိုင်ငံတည်းလားဆိုတော့ ကိုယ်တွေတစ်နိုင်ငံတည်း မထိုးထားတာတော့ မဟုတ်ဘူး အိန္ဒိယတို့ ထိုင်းတို့ မလေးရှားတို့လည်း ထိုးမထားဘူး။ အမေရိကန်တောင် ပရိုတိုကော ၃ ခုမှာ Signed only အဆင့်ပဲရှိသေးတယ်။ Ratified မဖြစ်သေးဘူး။ ဆိုတော့ လက်မှတ်မထိုးရသေးတာ ဘာကြောင့်ဖြစ်နိုင်လဲဆိုပြီး Additional Protocol တွေပြန်လိုက်ဖတ်ကြည့်တော့ International Fact-Finding Commission နဲ့ သက်ဆိုင်တဲ့ Article 90 ကို ထပ်တွေ့တယ်။

အဲ့မှာ ဆက်တွေးမိတာ တကယ်လို့များ အဲ့ဒီ့အချက်ကြောင့်ဆိုရင် ဘာလို့ ဒီအပိုဒ်ခွဲကို ရှောင်ချင်ရတာလဲဆိုပြီး ဆက်ရှာတော့ UNHCR ရဲ့ Independent International Fact-Finding Mission ကနေ ၂၀၁၈ စက်တင်ဘာလက ထုတ်ပြန်ထားတဲ့ စာမျက်နှာ ၄၄၁ မျက်နှာပါ Human Rights Violations Report ကို ထပ်ဖတ်ရပြန်ရော။


အနှစ်ချုပ်ရရင် မြန်မာနိုင်ငံရေးဟာ အလွန်တရာကို ရှုပ်ထွေးတယ်။ တစ်ကိုယ်ကောင်းဆန်ခဲ့ကြတာတွေ အများကြီး၊ အတ္တကိုရှေ့တန်းတင်ပြီး တခြားသူတွေရဲ့ ဘဝကို နင်းခြေခဲ့ကြတဲ့ သာဓကတွေ အများကြီး။ အဲ့ဒီ့အကျိုးဆက်တွေကို အခုခံစားနေရတယ်လို့ပဲ မြင်မိတယ်။ ဆိုတော့ ကျွန်တော်တို့ အတ္တတွေ လျှော့သင့်တယ်။ ဒီ့ထက်စနစ်ကျအောင် ဘယ်လိုညှိနှိုင်းလုပ်ကြမလဲဆိုတာ အဖြေရှာသင့်တယ်။

ပုဂံ (Bagan) ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခြင်း အမှတ်တရ
၇-၇-၂၀၁၉
၁၈၃၉

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts