Teaching Kids About Sex Education

Leave a Comment

ဒီဘက်ခေတ်မှာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ မှုခင်းသတင်းတွေ မကြာခဏတွေ့လာရတယ်။ တစ်နေ့ကလည်း သားတို့ကျောင်းက ကလေးမိဘတစ်ယောက်က သားတို့အတန်းပိုင်ဆရာမကို Sex Education နဲ့ပတ်သက်ပြီး သူမသင်ပေးတတ်လို့ ကလေးတွေကို ဆရာမသင်ပေးပါလားဆိုပြီး ပြောနေတာ ဖတ်ရတယ်။

အဲ့ဒီမှာကလေးမိဘတစ်ယောက်ကဝင်ပြီး ဒီမူလတန်းအရွယ်လေးတွေ Sex Education သင်ပေးဖို့ မလိုသေးပါဘူးဆိုပြီး သူထင်တာသူဝင်ပြောပြန်ရော။ အဲ့လို အဲ့လိုပေါ့။ ထားပါတော့။


ခက်နေတာက မြန်မာမှုအသိုင်းအဝိုင်းမှာ ကိုယ်တွေငယ်စဉ်ကလည်း ဒါကိုအထူးတလည် လုပ်ပြီးသင်ခဲ့ရတာမဟုတ်တော့ Sex Education လို့ပြောလိုက်ရင် အများစုက ဖို-မကိစ္စ လောက်ကိုပဲ အရင်ဆုံးမျက်စိထဲ ပြေးမြင်တတ်ကြတာပဲ။ ကိုယ်တွေငယ်ငယ်တုန်းကလည်း ၉ တန်းအရွယ်ထိ မိန်းမတွေ ကလေးမွေးရင် ဗိုက်ကြီး ၂ ခြမ်းကွဲပြီး ကလေးထွက်လာတာလို့ပဲထင်ခဲ့တာ။ 😁 ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက အဲ့ဒါတွေမသိလည်း သိပ်ပြဿနာ မရှိလှဘူး။ အင်တာနက်ကလည်း မကောင်းဘူး တံခါးပိတ်ထားတဲ့ခေတ်ဆိုတော့ ဘယ်နေရာမှာမှ တံခါးခေါက်လို့လည်းမရဘူး။


အဲ့လိုနဲ့ အိမ်ထောင်ရက်သားကျပြီး ဒီဘက်ခေတ်မှာ မိဘဖြစ်လာတော့ ဒီပြဿနာက ကြီးသွားပြီ။ တံခါးတွေလည်းပွင့်ကုန်ပြီ ဟိုနားကြည့် 18+ ဒီနားကြည့် 21+ .... ဘာ Censorship မှလည်းမရှိဘူး။ ဝက်ဘ်ဆိုဒ်လိပ်စာမသိတောင် ဖုန်းဘေဖြည့်ပြီး အင်တာနက်ချိတ်လိုက်တာနဲ့ အဲ့တာတွေ မြင်ရဖို့က ၉၀% သေချာနေပြီ။ ဘာမှမဆိုင်တဲ့ ဖေ့ဘုတ်ထဲက Group တစ်ခုကို ဝင်ထားတာတောင် အဲ့လို 18+ ပုံတွေ အား/ထွား/လာ/ကြာဆေး ကြေငြာတာတွေက မကြာခဏ တွေ့နေရတယ်။ လူငယ်သဘာဝ ဒီကိစ္စကို စိတ်ဝင်စားတတ်တဲ့ အရွယ်မှာ ငယ်စဉ်ကတည်းက Sex Education ကို ဒီဘက်ခေတ်မှာ အစပျိုးမထားရင် နောက်ပိုင်းမှာ ကိုယ့်သားသမီးကို ဒါနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေး လမ်းညွှန်ထိန်းသိမ်းဖို့ ပိုပြီးခက်သွားလိမ့်မယ်။

အဲ့တော့ Sex Education ကို ဘယ်လိုသင်ပေးရင် အဆင်ပြေမလဲ။ ကိုယ့်ဘာသာ မေးခွန်းထုတ်ကြည့်တယ်။ စာလိုက်ဖတ်တယ်။ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့်အဖြေရှာတယ်။ အဲ့ဒီမှာ ဒီမေးခွန်းခြောက်ခု ဖြစ်လာတယ်။

၁။ ဘယ်သူက သင်ပေးရမလဲ။
၂။ ဘယ်အရွယ်မှာ စသင်ပေးရမလဲ။
၃။ ဘာတွေသင်ပေးရမလဲ။
၄။ ဘယ်လိုသင်ပေးရမလဲ။
၅။ ဘယ်အချိန်မှာ သင်ပေးရမလဲ။
၆။ ဘာနဲ့တွဲပြီး သင်ပေးရမလဲ။

၁။ ဘယ်သူက သင်ပေးရမလဲ။
ဒီကိစ္စမှာ ကျောင်းတွေကို အပြည့်အဝ အားကိုးဖို့ မဖြစ်နိုင်သေးဘူး။ အဖေနဲ့ အမေ ဘယ်သူပဲဖြစ်ဖြစ် သင်ပေးတာမျိုးက ပိုသေချာတယ်။ ဒါပေမယ့် မိန်းကလေးကို အမေက သင်ပေးပြီး ယောကျာ်းလေးကို အဖေက သင်ပေးတာ ပိုအဆင်ပြေမယ်။ ဦးလေးတို့ အဒေါ်တို့ ဆွေမျိုးနီးစပ်တို့တော့ ယောင်လို့မှ အားမကိုးနဲ့ ငါးပါးမကဘူး မှောက်သွားမယ်။

၂။ ဘယ်အရွယ်မှာ စသင်ပေးရမလဲ။ 
အနောက်နိုင်ငံတွေမှာတော့ ဘယ်အရွယ်မှ စသင်ပေးပါဆိုပြီး သီးခြားရည်ညွှန်းတာမျိုး မတွေ့ရဘူး။ အကြမ်းဖျဉ်းပြောရရင် ကိုယ်ပြောတာနားလည်ပြီး သူလည်းစကားစပြောနိုင်တဲ့ အရွယ်မှာ (အသက် ၁ နှစ်) ဝန်းကျင်လောက်ကစပြီး သင်ပေးလို့ရပြီလို့ဆိုတယ်။ ဘယ်အရွယ်ထိသင်ပေးရမလဲဆိုတော့ အပျိုဘော်ဝင်ခါနီး/လူပျိုဖြစ်ခါနီးအချိန်ထိ သင်ပေးရမယ်။ နောက်ပိုင်းက သူတို့အရွယ်ရောက်သွားတော့ အပေါင်းအသင်းနဲ့ ပိုပြီးနားလည်သွားလိမ့်မယ်။

၃။ ဘာတွေသင်ပေးရမလဲ။ 
အဓိကဖြစ်နေတာ အဲ့ပြဿနာ။ ကလေးကို သင်မပေးခင် Sex Education လို့ ပြောလိုက်တာနဲ့ ဖို-မကိစ္စလို့ မျက်စိထဲ ပြေးမြင်တတ်မိတဲ့ ကိုယ့်စိတ်ကိုကိုယ် အရင်ပြင်ရမယ်။ တကယ်တမ်း ကလေးတွေဆိုတာ ကိုယ်တွေအရွယ်သိထားတဲ့ ဖို-မဆက်ဆံရေးကို သိဖို့မလိုသေးသလို သူတို့သိချင်ဦးမှာလည်း မဟုတ်ဘူး။ ကိုယ်တွေသင်ပေးရမှာ သူတို့တွေ သိချင်လောက်ပြီး သိလည်းသိထားသင့်တဲ့ အကြောင်းအရာမျိုးတွေကို ပြောပြဖြစ်ဖို့ပဲ။ ဥပမာ-
- ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မှန်မှန်ကန်ကန် ဘယ်လိုခေါ်ရမလဲ ဆိုတာမျိုး
- ဗိုက်ပူပူကြီးထဲမှာ ကလေးပိစိကွေးလေးတွေ ဘယ်လိုနေပြီး ဘယ်လိုကြီးထွားနေကြတယ် ဆိုတာမျိုး
- ယောက်ျားလေးနဲ့ မိန်းကလေး ဘာတွေကွာပြီး ဘာနဲ့ဘာက လုပ်ဆောင်ချက် တူတယ်ဆိုတာမျိုး
- ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေသည် Private ဖြစ်ပြီး ဘယ်သူတွေကိုပဲ ထိကိုင်ခွင့်ပြုသင့်တယ်ဆိုတာမျိုး ဒါတွေသင်ပေးရမယ်။

၄။ ဘယ်လိုသင်ပေးရမလဲ။
သင်ပေးမယ့်သူက စာဖတ်ဖို့လိုတယ်။  စာဖတ်ထားမှ ဘယ်အရွယ်က ဘယ်အကြောင်းအရာ သင်ပေးသင့်တယ်ဆိုတာ သိမယ်။ Sex Education ကို ကလေးတွေ နားလည်အောင် ပြောနိုင်ဖို့ဆိုတာ စကားလုံးအသုံးအနှုန်း ရွေးချယ်တတ်ဖို့လည်းဆိုတယ်။ Medical Terms တွေ၊ အင်္ဂလိပ်ဘာသာက မွေးစားထားတဲ့ စကားလုံးတွေဆို ကလေးကနားရှုပ်ပြီး သဘောပေါက်မှာလည်း မဟုတ်ဘူး။ သူနားမရှုပ်အောင် လက်တွေ့ပြလို့ရမယ့် ချစ်စရာရုပ်ပုံလေးတွေပါတဲ့ စာအုပ်မျိုးလေးတွေ ဝယ်ထားဖို့လိုတယ်။ မြန်မာမှုပြုထားတာသာ ရှားချင်ရှားမယ် အင်္ဂလိပ်လိုစာအုပ်တွေက တော်တော်များများ ဝယ်လို့ရတယ်။ စာအုပ်ဥပမာလေးတွေ အောက်က ပုံတွေမှာ ကြည့်လို့ရတယ်။ အင်္ဂလိပ်စာအုပ်တွေနဲ့ တွဲရောင်းလေ့ရှိတဲ့ ဆိုင်တွေ ဥပမာ-Myanmar Book Centre မှာ မေးကြည့်လို့ရတယ်။

၅။ ဘယ်အချိန်မှာ သင်ပေးရမလဲ။
သူစိတ်ဝင်စားနိုင်မယ့် အခြေအနေ၊ အချိန်အခါ၊ အကြောင်းအရာပေါ်မူတည်ပြီး ပညာရပ်ကြီးတစ်ခု သင်နေရသလို စိတ်ထဲမထားဘဲ ပုံပြင်ပြောပြနေသလိုမျို အေးအေးဆေဆေးဖြစ်မယ့် အချိန်မှာ သင်ပေးသင့်တယ်။

၆။ ဘာနဲ့တွဲပြီး သင်ပေးရမလဲ။ 
ကလေးတွက စူးစမ်းတတ်တယ်။ လူပျို/အပျို ဖြစ်ခါနီးလေ ပိုစူးစမ်းလေပဲ။ အဲ့တော့ Sex Education သင်ပေးခြင်းအားဖြင့် နည်းပေးလမ်းပြ လုပ်သလိုဖြစ်ပြီး လက်တည့်စမ်းမှာတွေကိုလည်း မိဘတွေအနေနဲ့ ကြိုတွေးထားဖို့လိုတယ်။ အဲ့တာကို တည့်မတ်နိုင်ဖို့က ဘာသာတရား လိုတယ်။ ငယ်စဉ်ကတည်းက ရတနာသုံးပါးဆိုတာဘာလဲ၊ ငါးပါးသီလဆိုတာဘာလဲ၊ ကံကံ၏ အကျိုးဆိုတာဘာလဲ၊ Sex Education ကို အတိုင်းအတာတစ်ခုထိ သင်ပေးပြီးတဲ့အချိန်မှာ ကာမေသုမိစာ္ဆစာရကံဆိုတာ ဘာလဲဆိုတာမျိုးတွေ အထိ ဘာသာရေးကို အခြေခံပြီး Sex Education ကို အချိတ်အဆက်မိမိ သင်ပေးသင့်တယ်။

ဒီစာက ဘယ်သူ့အတွက်မှ သီးခြားရည်ရွယ်ပြီး ရေးတဲ့ လမ်းညွှန်ချက် မဟုတ်ဘူး။ ကိုယ့်သားအတွက် ကိုယ်တွေးထားတာတွေကို ကိုယ့်လိုမိဘတွေ ကိုးကားနိုင်စေဖို့ပဲ။

၈-၇-၂၀၁၉
၁၉၂၈

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts