Replacement For Google Reader


Google Reader ဖျက်သိမ်းတော့မယ်ဆိုတဲ့သတင်း ကြားတော့ နောက်နေတာလားလို့တောင် ထင်ခဲ့မိသေးတယ်။ဘာလို့လဲဆိုတော့ ဒီသတင်းကို အတည်ပြုနိုင်ဖို့အတွက်က အင်တာနက်ဆိုင်ရောက်မှပဲ သိရမှာမျိုးလေ။တစ်ချိန် ဘလော့ကို အားကြိုးမာန်တက် ရေးနိုင်စဉ်တစ်ချိန်တုန်းက ဆိုရင်တော့ Google Reader ဖျက်သိမ်းတော့မယ်ဆိုတာကြားရင် အတော်ကြီးကို စိတ်မကောင်းဖြစ်မိမှာ အမှန်ပဲ။

ခုကတော့ ကိုယ်ကိုယ်တိုင်တောင်မှ အင်တာနက်ကို တစ်ပတ်တစ်ခါ ပုံမှန်တက်ဖြစ်ဖို့ အနိုင်နိုင်။ RSS subscribers ဆိုတာလည်း ဘလော့မှာ တစ်ယောက်နှစ်ယောက်လောက်ပဲ ရှိတာဆိုတော့ နိုင်ငံခြားက သိန်းနဲ့ချီတဲ့ RSS subscribers တွေ ရှိတဲ့ ဘလော့ဂါတွေအတွက်သာဇူလိုင် ၁ ရက်နေ့မှာ Google Reader ဖျက်သိမ်းမယ်ဆိုတဲ့ ဒီသတင်းက ရင်ခုန်ဖို့ကောင်းပေမယ့် ကိုယ့်အတွက်တော့ ဒီလောက်ကြီးထိ သိပ်တုန်လှုပ်စရာ မဖြစ်ခဲ့ဘူးလို့ပဲ ပြောရမယ်။ ဒါပေမယ့် ထိခိုက်တာတစ်ခုတော့ရှိတယ်။ တစ်ချိန်တုန်းက Google Reader မှာ RSS subscriptions လုပ်ထားတာတွေရှိတယ်။ အဲ့တာတွေကို တစ်​ခြား Feed Reader တစ်ခုခုဆီ ပြောင်းဖို့ စဉ်းစားရတော့မယ်။ Google Reader က နောက်ထပ်လေးလလောက် သုံးဖို့ အချိန်ရသေးတယ် ဆိုတော့ Google Reader ကို အစားထိုးနိုင်မယ့် Feed Reader တစ်ခုခု ရှာဖို့ကတော့ အရေးတကြီး လိုလာပြီ။ ကျွန်တော်တို့ ဘယ် Feed Reader ကိုရွေးချယ်ကြရင်ကောင်းမလဲ။ 

ရပ်တည်ခဲ့တဲ့သမိုင်းကြောင်းတစ်လျှောက်ကို အဆိုးဘက်ကနေ ပြန်ကြည့်ရင် Google က ကိုယ်ကျိုးကြည့်တာများတယ်လို့ ပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ Google က သက်တမ်းတစ်လျှောက်မှာ လူသုံးနည်းပြီး စီးပွားရေးဆိုင်ရာ သူ့အတွက်သိပ်အကျိုးအမြတ် မရနိုင်တဲ့ အရာတော်တော်များများကို ရပ်တန့်ထားတာရှိသလို ပိတ်ပစ်ခဲ့တာတွေအများကြီး ရှိနေတာ တွေ့ရတယ်။ ဥပမာအနေနဲ့ ပြောရရင် Google Talk ကိုပဲကြည့် တစ်ခြား နိုင်ငံတွေတော့ မသိဘူး။ မြန်မာနိုင်ငံမှာဆို ဂျီတော့က လူတိုင်းလိုလို သုံးကြတယ်။  ဒီ Instant Messenger လို့ခေါ်တဲ့ Gtalk ကို Google အနေနဲ့ တကယ်သာ စေတနာရှိရင် ဒီ့ထက် အသုံးတည့်အောင် တစ်ခြား Features တွေ ထည့်ပေးလို့ ရနေတာ ကြာကြာလှပြီ။ 

ဒါပေမယ့်လည်းခုချိန်ထိ Google Talk နဲ့ပတ်သတ်ပြီး ဘာမှ ကောင်းနိုးရာရာထပ်ပေါင်း ဖြည့်ပေးတာ မတွေ့ရသေးဘူး။ နောက်ထပ်ရှိတာတွေ ပြောရရင် Image editor – Picnic ၊ လူသိနည်းပြီး သိပ်မသုံးကြတဲ့ Google Wave နောက်ပြီး Offline search software - Google Desktop နောက် Google start page - iGoogle အခု RSS newsreader - Google Reader. ဒါတွေကိုဘာလို့ ဆက်မလုပ်သလဲ ? သူ့အတွက် အကျိုးမများလို့ပေါ့။ အကောင်းဘက်ကနေ တွေးကြည့်မယ်ဆိုရင်လည်း Google ဆိုတာ လူတွေ တည်ထောင်ထားတဲ့ အဖွဲ့အစည်း တစ်ခုပဲဗျာ။ လူဆိုတာ ကိုယ့်အကျိုးစီးပွားတော့ ကိုယ်ကြည့်ကြတာပေါ့။ ကြည့်လည်း ကြည့်ရမှာပေါ့။ ဒါဘာများဆန်းလဲ။ ကိုယ့်အတွက် အကျိုးမရှိ အချိန်ကုန် ဝင်ငွေမရတဲ့ အလုပ်ကို တစ်သက်လုံး အလုပ်အကျွေးပြုပြီး ဘယ်သူလုပ်မလဲ။ ကျွန်တော်လည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့နိုင်ငံမှာဆိုရင် Google ထက်ဆိုးတာတွေ အများကြီး။ အခု Google Reader ဖျက်တော့မယ်ဆိုတော့ သူ့ဆီမှာ RSS subscriptions လုပ်ထားတာတွေ တစ်ခြားနေရာတစ်ခုကို ရွှေ့ရတော့မယ်။ ကျွန်တော်ကတော့ Google Reader နေရာမှာ အစားထိုးဖို့ဆိုရင် Feedlyကို သဘောကျတယ်။ 

 

Google Reader လိုမျိုး တစ်ခြား web app တွေရော၊ Offline Reader တွေ တော်တော်များများ စမ်းသုံးကြည့်ဖူးပေမယ့် Feedlyကတော့ ကျွန်တော့်အတွက် သုံးရတာ အဆင်အပြေဆုံးပဲ။ သူက Google Reader လိုမျိုးပဲ Web app တစ်ခု နောက်ပြီး သူ့မှာ iOS သုံးတဲ့သူတွေ Android သုံးတဲ့သူတွေအတွက်လည်း apps ရှိတယ်။ တစ်ခြားဟာတွေထဲကဆိုရင် Bloglines နောက်ပြီး Feedspot နောက် Old Reader နောက်ဆုံး NewsBlur ဒါအကုန် မဟုတ်သေးဘူး တစ်ခြား web based မဟုတ်ပဲ mobile devices တွေမှာ RSS feeds အတွက်သုံးတဲ့ Apps တွေရှိသေးတယ်။ Google Reader ကတော့ ပင်မရေသောက်မြစ်လို ဖြစ်နေတော့ ဘယ်နေရာကနေ ဘယ် Apps နဲ့ သုံးသုံး အမြဲ sync ဖြစ်ပြီး အဆင်ပြေနေတာပေါ့။ ဒါပေမယ့် ခုတော့ အဲ့ဇာတ်လမ်းကလည်း ခုတော့ တစ်ခန်းရပ်ခဲ့ပါပြီ။

KznT.

“Preview” & “Preview (Dense)”

ဒီနေ့ Gmail အတွက် Themes နှစ်ခု အသစ်ထွက်တယ်။ “Preview” နဲ့ “Preview (Dense)” အရင်ထွက်ခဲ့ဖူးသမျှ Themes တွေနဲ့ ယှဉ်ရင်တော့ တော်တော်လေး အရောင်ငြိမ်တယ် ပြောရမယ်။ ကျွန်တော် သဘောကျတဲ့ Android theme လေးလိုပဲ။ အသစ်ထွက်လာတဲ့ Themes နှစ်ခုက တစ်ခုနဲ့ တစ်ခု ပုံစံဘယ်လောက်မှ မကွာဘူး - အားလုံးနီးပါးတူတူလောက်ပဲ။ အောက်မှာ မြင်သာအောင် ကြည့်ပါ။

“Preview”


“Preview (Dense)”


စမ်းပြောင်းသုံးကြည့်ချင် Gmail Settings အောက်က Themes tab ကို သွားပါ။ အောက်ဖော်ပြပါအတိုင်း တွေ့ရပါလိမ့်မယ်။


အဲ့ကနေ နှစ်သက်ရာ Themes အသစ်နှစ်ခုကို စမ်းပြောင်းပြီး သုံးကြည့်ပါ။


KznT.

Google +

ဒီအကြောင်းကို မနက်တည်းက ရေးမလို့။ ဒါပေမယ့် တို့လို့တန်းလန်း ဖြစ်နေတဲ့ Recovery နှင့် MyanmarFamily ကို ရေးရင်ကောင်းမလား - ဒီ Google Plus ကို ရေးရင်ကောင်းမလား စဉ်းစားရင်းနဲ့ ဘာတစ်ခုမှ မရေးဖြစ်ပဲ ဖြစ်သွားတယ်။ အဆုံးသတ်တော့ တစ်ချို့ သတင်းတွေက နောက်ကျပြီး ရေးတာမကောင်းဘူး။ ကိုယ့်လူတွေ သူများနောက်မှ လိုက်သိရသလို ဖြစ်နေမှာစိုးတယ်။ အဲ့တာကြောင့် ပြောင်းလဲမှု အသစ်ကိုပဲ အရင်ဆုံး မိတ်ဆက်ပေးတော့မယ် ဆိုပြီး Google Plus ( Google + ) အကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

အရင်နေ့တည်းက Google Home Page မှာ Google Bar က အဖြူရောင်ကနေ black bar ဖြစ်သွားတာ အားလုံးလည်း သတိထားမိကြမှာပါ။ ဒါကို တစ်ချို့လည်း သတိထားမိကြလိမ့်မယ်။ တစ်ချို့လည်း အမှုမဲ့ အမှတ်မဲ့ ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ အရောင်ပြောင်းယုံလေးလောက်ပဲ ဘာမှ ထူးမှာ မဟုတ်ပါဘူးလို့ ထင်ကောင်းလဲ ထင်မိလိမ့်မယ်။ ဒါပေမယ့် black bar ပြောင်းလဲရခြင်းရဲ့ ရည်ရွယ်ချက်က သေးသေးဖွဲဖွဲမဟုတ်ဘူး။ ဒါဟာ Google + လို့ ခေါ်တဲ့ Google ရဲ့ ထိပ်တန်းလျှို့ဝှက် social project တစ်ခု စတင်အခြေချခြင်းပါ။

Google+ ဆိုတာဘာလဲ ?

Google+ ဆိုတာ Social network လောကမှာ ပြိုင်ဘက်အားလုံးကို နလံမထူနိုင်အောင် အပြတ်အသတ် အနိုင်ပိုင်းထားတဲ့ facebook အတွက် ပြိုင်ဘက်ကောင်းလို့ပဲ ပြောရမလား။ ဒီအကြောင်းကို နားလည်ဖို့ဆိုရင် ကျွန်တော်တို့ အရင်ဆုံး Social network တွေရဲ့ အဓိက ဦးတည်ချက်ကို ပြန်သုံးသပ်ရလိမ့်မယ်။ Social network တွေ ပေါ်ပေါက်လာရခြင်းရဲ့ အဓိက ဦးတည်ချက်က လူအားလုံးရဲ့ အတွင်းစိတ် သဏ္ဍန်မှာ အစဉ်အမြဲ ကိန်းဝပ်နေတဲ့ မျှဝေမှုဆိုတဲ့ စိတ်အစဉ်ကို ထမြောက်ရှင်သန်နိုင်အောင် ပုံဖော်ပေးနိုင်ဖို့ ကြိုးစားရာကနေ ပေါ်ပေါက်လာတာ။ ဆိုလိုတာ ကိုယ်သိထားတာလေးတွေ သူများကို သိစေချင်တယ်။ သူ သိထားတာလေးတွေလည်း ကိုယ်ကြည့်ချင်တယ်။ ကိုယ်စိတ်ဝင်စားတာလေးတွေ သူ့ကို မျှဝေချင်သလို - သူဘာတွေ စိတ်ဝင်စားသလဲ ဆိုတာကိုလည်း ကိုယ်က ခံစားချင်တယ်။ ဒါတွေကို လက်တစ်ဆုပ်စာ လူနည်းစု အချင်းချင်း လည်ပတ်မျှဝေနေကြတဲ့ အဖြစ်ကနေ အင်တာနက် ဆိုတာပေါ် ရောက်လာတော့ Social network ဆိုတာ ဖြစ်လာပြီး sharing ပုံစံကလည်း ပိုပြီး ကျယ်ပြန့်သွားတယ်။ အရင်ကလို အိမ်ဘေးနားက / ခြံချင်းကပ်လျက် / တစ်ရပ်ကွက်ထဲနေ / တစ်မြို့တည်းသား ဆိုတာမျိုးကို ဝေမျှတဲ့ အဆင့်မဟုတ်တော့ဘူး။ နိုင်ငံနဲ့ ချီလာတယ်။ လူမျိုးပေါင်း စုံလာတယ်။ ကမ္ဘာနေရာအသီးသီးက လူတွေ ပါလာကြတယ်။ ဒီလိုလားချက်တွေ အားလုံးကို တစ်နေရာတည်းကနေပြီး လူအများစုအတွက် အနီးစပ်ဆုံး ပံ့ပိုးပေးနိုင်အောင် ကြိုးစားနိုင်တော့ facebook ဆိုတဲ့ Social network က နာမည်ရသွားတယ်။

အခု Google ကနေ မိတ်ဆက်လိုက်တဲ့ Google+ ဆိုတာလည်း ဒီသဘောပဲ။ Google+ ကို သူတို့က "Google + You" လို့ အဓိပ္ပါယ် ဖွင့်တယ်။ ဆိုလိုတာ Facebook လိုမျိုးပဲ Google+ ဆိုတဲ့ Social network တစ်ခုတည်းကနေ ကိုယ့်သူငယ်ချင်း အသိမိတ်ဆွေတွေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ၊ ကိုယ့် ဓာတ်ပုံ သူ့ဓာတ်ပုံ ၊ ကိုယ့် ဗွီဒီယို သူ့ ဗွီဒီယို ၊ သူနဲ့ ကိုယ်ရဲ့ conversations အားလုံး တစ်နေရာတည်းကနေ အသုံးပြုနိုင်ပြီ။ Google + service မှာ ကဏ္ဍခွဲ ( ၅ ) ခုနဲ့ မိတ်ဆက်ပေးထားပြီး တစ်ခုချင်းရဲ့ သဘောက ဘယ်လိုလဲ ဆိုတာ ကျွန်တော် အကြမ်းဖျဉ်း မိတ်ဆက်ပေးပါမယ်။

+Circles: ဒီအကြောင်းကို မပြောခင် ကျွန်တော်တို့ အရင်ဆုံး သတိရသင့်တာ relationships တွေအကြောင်း။ ကျွန်တော်တို့တွေ အင်တာနက် ဆိုတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်လာပြီ ဆိုတာနဲ့ သူငယ်ချင်းဆိုတာတွေ ရှိလာကြတယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် သူငယ်ချင်း ဆိုတာတိုင်းက ကျွန်တော်တို့အတွက် အရင်းနှီးဆုံးလူတွေ မဟုတ်ဘူး။ အနွေးထွေးဆုံး ဖေးမသူတွေ မဟုတ်ဘူး။ ကိုယ့်အကြောင်း ကိုယ့်မိသားစုအကြောင်း အူမ ချေးခါးမကျန် သိသင့်တဲ့သူတွေ မဟုတ်ဘူး။ ဒါကို ကျွန်တော်တို့ အားလုံး သိကြတယ်။ အဲ့တာကြောင့် Social network တစ်ခုထဲမှာ နေလေ့ရှိကြတဲ့ ကျွန်တော်တို့တွေ အကြောင်းအရာတစ်စုံတစ်ခုနဲ့ ပတ်သတ်ပြီး Sharing လုပ်တော့မယ် ဆိုတဲ့အခါ ဒီအကြောင်းအရာကို တစ်ခြားလူတွေ သိဖို့ သင့်တော်ပါ့မလားဆိုတာ တစ်ကြိမ်တစ်ခါလောက် ဖြစ်ဖြစ် ပြန်တွေးခဲ့ဖူးကြမယ် ထင်ပါတယ်။ လက်ရှိ ကျွန်တော်တို့ ဖြတ်သန်းနေတဲ့ Social network ကမ္ဘာမှာ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ပဲ ပြောရလိမ့်မယ်။ ဆိုလိုတာ ကိုယ် Sharing လုပ်မယ့် အကြောင်းအရာကို ဘယ်သူတွေကိုတော့ သိစေ။ ဘယ်သူတွေကိုတော့ မသိစေနဲ့ ဆိုတာမျိုး ဖန်တီးဖို့ မလွယ်ဘူး။ Sharing မလုပ်ချင် မလုပ်နဲ့ လုပ်မယ်ဆိုရင်လည်း အကုန်လုံး ပေးသိရင်သိ။ တစ်ယောက်စ နှစ်ယောက်စကိုပဲ ပေးသိစေမယ် ဆိုတာမျိုးက ဖန်တီးလို့ ရပေမယ့် သုံးစွဲဖို့ မလွယ်တဲ့ အခြေအနေတွေ အများကြီး ရှိတယ်။ ဒီလိုအခြေအနေကို Google+ မှာပါတဲ့ +Circles က ပြောင်းပြန်လှန်ပစ်လိုက်တယ်။ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာကို Contacts ထဲမှာ ရှိနေတဲ့ လူတွေအားလုံးထဲက ခင်မင်ရင်းနှီးမှု lvl အမျိုးအစားအလိုက် drag and drop ဆွဲယူပြီး Group တစ်ခုဖွဲ့ - ပြီးမှ ကိုယ် သိစေလိုတဲ့ အကြောင်းအရာကို Sharing လုပ်တဲ့နည်းနဲ့ သိစေလိုတဲ့ အကြောင်းအရာကို သိစေလိုတဲ့ အသိုက်အဝန်းတစ်ခုတည်းမှာပဲ လည်ပတ်နိုင်အောင် Circles တစ်ခုသဘောမျိုး ထိန်းချုပ်ထားလိုက်တယ်။ ဒါဟာ ကျွန်တော်တို့ လည်ပတ်နေတဲ့ Sharing လောကရဲ့ အကြီးမားဆုံး ပြောင်းလဲမှုပါပဲ။


သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Circles tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Sparks: Web ထဲမှာ လည်ပြီ ပတ်ပြီ ဆိုတည်းက စိတ်ဝင်စားစရာဆိုတာ အများသား။ လူဖြစ်လာပြီ ဆိုတည်းက တစ်သက်လုံး တစ်မျိုးတည်း ကြိုက်တယ်ဆိုတဲ့ လူရယ်လို့မှ မရှိတာ။ ဒါကြောင့်လည်း တစ်နေ့ ဟင်းတစ်မျိုး ကျွန်တော်တို့ ပြောင်းစားနေကြတာပေါ့ Sharing ဆိုတာကလည်း ဒီသဘောပဲ။ Web ထဲကို လည်ပြီ ပတ်ပြီဆိုရင် ဟိုသတင်းလေးတွေ့ သဘောကျပြန်ပြီ။ ဒီဓာတ်ပုံလေးတွေ့ ကြိုက်သွားမိပြန်ပြီ။ ဒီအကြောင်းအရာလေးဖတ် သိမ်းထားချင်ပြန်ပြီ စသဖြင့် လူတိုင်း ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလို သဘောကျစရာတွေတော်တော်များများ စုနေလို့လည်း အင်တာနက်ဆိုတာ လူငယ်တွေ ပါးစပ်ဖျားမှာ တမဟုတ်ချင်း ရေပန်းစားလာခဲ့တာပေါ့။ အင်တာနက်ဆိုတာ စိတ်ဝင်စားစရာများတာ မှန်ပေမယ့်လို့ တစ်နေ့နဲ့ တစ်နေ့ ကိုယ်စိတ်ဝင်စားတာ မှန်သမျှကို အချိန်ကုန်ခံ အလုပ်ပျက်ခံပြီး ဘယ်သူမှ တစ်ချိန်လုံးတက်ရှာမနေနိုင်ကြဘူး။ အဲ့တော့ နောက်ဆက်တွဲ ဘာဖြစ်လာလဲဆို မအားတာရယ် မရှာဖြစ်တာရယ် ပေါင်းပြီး ကိုယ်သိချင်တာက ဘာမှ မသိရတော့သလောက် ဖြစ်သွားတယ်။ ဒီအခက်အခဲကို ပြေလည်စေဖို့ Google+ မှာပါတဲ့ +Sparks က online sharing engine တစ်ခုလိုမျိုး ကူညီပေးပါတယ်။ Web ပေါ်ကနေ ကိုယ်သိချင်တဲ့ အကြောင်းအရာ တစ်ခုဖြစ်စေ တစ်ခုမက ဖြစ်စေ ရိုက်သွင်းထားပြီး Add Interest လုပ်ထားလိုက်တာနဲ့ Sparks ကနေပြီး ကိုယ်သိလိုတဲ့ Topic အလိုက် သတင်းတွေ ( feed ) ကို အင်တာနက်ကနေတစ်ဆင့် ရှာဖွေ ပို့ဆောင်ပေးသွားပါလိမ့်မယ်။


ကိုယ်ကိုယ်တိုင် ဖတ်ကြည့်လို့ သဘောကျတာရှိရင်လည်း သူငယ်ချင်း အသိမိတ်ဆွေတွေကို Circles ကနေ ဖြစ်စေ - တစ်ဦးတစ်ယောက်ချင်း ဖြစ်စေတိုက်ရိုက် ပြန်လည်မျှဝေနိုင်ပါတယ်။ သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Sparks tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Hangouts: တစ်နေ့နဲ့ တစ်နေ့ Online ပေါ်တက်ရင် တစ်ယောက်နဲ့ တစ်ယောက် Hi ရိုက်ပြီး နှုတ်ဆက်ရတာ အရမ်း တစိမ်းဆန်တယ်လို့များ မထင်မိကြဘူးလား။ တစ်ဖက်လူက ဘာလုပ်လို့ ဘာကိုင်နေမှန်း မသိ။ မျက်နှာလည်း မြင်ရတွေ့ရတာမဟုတ်။ ကိုယ်က Hi လိုက်လို့ တစ်ဖက်က ပြန်မ Hi ရင်ပဲ တစ်စိမ်းဆန်တာလိုလို အဖက်မလုပ်တာလိုလို မအားပဲ မအားတာလိုလို။ ခင်မင်ရင်းနှီးမှု ဆိုတဲ့ အသုံးအနှုန်းဟာ အွန်လိုင်းလောကမှာ လက်ဖျားကလာတဲ့ စကားလုံးတွေထက် face to face ကနေ ရတဲ့ မျက်ဝန်းအကြည့်တွေ့က ပိုလေးနက်တာ အားလုံးသိပြီး ဖြစ်ကြမှာပါ။


Google+ ရဲ့ +Hangouts မှာတော့ ဒါမျိုး မရှိတော့ဘူး။ သူငယ်ချင်းအားလုံးကို တစ်နေရာတည်းမှာ စုလိုက်တယ်။ အားလုံးကို ပျော်ရွှင်စေတယ်။ လေးနက်စေတယ်။ အချိန်တိုင်းကို Face-to-face-to-face ပဲ ကုန်ဆုံးစေလိမ့်တော့မယ်။ သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Hangouts tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Instant Upload: လူတိုင်းမှာ ဆိုင်ရာ ဆိုင်ရာ ဝါသနာ တစ်မျိုးစီတော့ ရှိတတ်ကြတယ်။ ကျွန်တော့် ဝါသနာတစ်မျိုးကတော့ ဓာတ်ပုံရိုက်ရတာ။ ရှုခင်းတွေ - နောက် လူတွေရဲ့ ကိုယ်နေဟန်ထား မျက်နှာသွင်ပြင်တွေ ရိုက်ရတာ ကျွန်တော် သဘောကျတယ်။ ဒါပေမယ့် ဓာတ်ပုံဆိုတာ ကိုယ်ဘာသာ တစ်ယောက်တည်းရိုက်ပြီး ကိုယ့်ဘာသာ တစ်ယောက်တည်း ခံစားလို့ ကောင်းတဲ့ အရာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ရိုက် - ကိုယ်ရိုက်ထားတဲ့ ပုံလေးတွေလည်း တစ်ခြား သူငယ်ချင်းတွေကို ပြ - ကောင်းသည် ဆိုးသည် ဝေဖန်ခံ - စသဖြင့် အဲ့လို ပုံစံလေးက ပိုစိတ်ဝင်စားစရာကောင်းတယ် မဟုတ်ပါလား။ ဒီ အခြေအနေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ Google + ရဲ့ +Instant Upload က ပံ့ပိုးပေးထားပါတယ်။ ကိုယ့် ဖုန်းကနေ ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပြီ ဆိုတာနဲ့ Google+ ကနေ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံကို Cloud ပေါ်မှာ ရှိတဲ့ ကိုယ့်ရဲ့ private album ထဲကို Instant Upload လုပ်ပေးသွားတယ်။ ဒါပေမယ့် လူတိုင်းကို ဝင်ကြည့်ခွင့် permission ပေးလိုက်တာမျိုးတော့ မဟုတ်သေးဘူး။ ကိုယ် စိတ်အေးလက်အေး ရှိတဲ့အချိန်ကျတော့မှ ဘယ်ပုံတွေကိုတော့ ဘယ်သူ့ကို ပြမယ်ဆိုပြီး Google+ ရဲ့ ပံ့ပိုးမှုနဲ့ Share လုပ်လို့ ရတယ်။ အဆင်မပြေပါလား


သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Instant Upload tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


+Huddle: တစ်နေရာစီ အချိန်တစ်ခုစီမှာ ရှိနေကြတဲ့ ကိုယ့်မိသားစု ကိုယ့်သူငယ်ချင်းတွေနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အကြောင်းအရာ တစ်ခုတည်းကို အားလုံး ခေါင်းချင်းဆိုင် ဆွေးနွေးနိုင်ဖို့ ဆိုတာ တကယ်ကို မလွယ်ဘူး။ တစ်ယောက်ကို ပြောရင် နောက်တစ်ယောက်က မသိဘူး။ အဲ့ဒီ့ မသိတဲ့ တစ်ယောက်ကို သိအောင်လုပ်ဖို့ ကြိုးစားပြန်တော့ ခုနက ပြောခဲ့တဲ့ တစ်ယောက်က နောက်အစီအစဉ်တစ်မျိုး ပြောင်းချင်ပြန်ရော စသဖြင့် အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ လူ့စိတ်ကို instant messenger တွေလည်း မတတ်နိုင်ကြတော့ဘူး။ ဒီ အခက်အခဲကို Online လောကနဲ့ မကင်းသူတိုင်း ခံစားဖူးကြတယ်။ ဒါ့ကြောင့် +Huddle မှာ အကြောင်းကိစ္စတစ်ခုကို လူအားလုံးနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ဦးတည်ဆွေးနွေးနိုင်အောင် အရိုးရှင်းဆုံး ပြောင်းလဲပေးထားတယ်။ Group chat လို့ပဲ ပြောရမှာပေါ့။ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ခုဆို Circle ထဲမှာနေပြီး ကိုယ်ဘာလုပ်ချင်တယ် - ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ စက္ကန့်တစ်ခု ပြောင်းလဲသွားတိုင်း တစ်ယောက်ချင်းစီကို သိစေနိုင်ပြီ။ ဒါဟာ +Huddle ရဲ့ အားသာချက်ပါပဲ။


သူရဲ့ သဘောကို မြင်သာအောင် ဒီနေရာကနေ သွားပြီး Huddle tab အောက်မှာ စမ်းသပ်ကြည့်ပါ။ ဒီ့ထက်ပိုပြီး မြင်သာချင်ရင် အောက်မှာဖော်ပြထားတဲ့ Video clip ကိုကြည့်ပါ။


လတ်တလော အခြေအနေမှာတော့ Google+ project က စမ်းသပ်ဆဲကာလ Field Trial ပါ။ လူနည်းစုနဲ့ စမ်းသပ်လည်ပတ်ဆဲ ကာလမို့ လူတိုင်း သုံးလို့ မရသေးပါဘူး။ သူ့ကို စမ်းသပ်ချင်မယ် ဆိုရင် လောလောဆယ်မှာ invitation ရဖို့လိုပါတယ်။ နောက်မကြာခင် လပိုင်းမှာ Google+ မှာ ကျွန်တော်တို့ ဆုံတွေ့ကြပါစို့။

KznT.

Google Takeout

Google နဲ့ Facebook နဲ့ကလည်း အပြိုင်လိုကို ဖြစ်နေတယ်။ Facebook အသုံးပြုသူတွေအတွက် ကိုယ့် Facebook မှာ ရှိနေတဲ့ Data တွေကို Export လုပ်ထားနိုင်အောင် နည်းလမ်းအမျိုးမျိုး ဖော်ပြပေးနေချိန်မှာ ခု Google ကလည်း Google users တွေအတွက် ကိုယ့် Google account ထဲမှာ ရှိနေတဲ့ Data တွေကို Online တင်မက Offline မှာပါ သိမ်းဆည်းထားနိုင်အောင် Google Takeout ဆိုပြီး မိတ်ဆက်လိုက်ပြန်ပါပြီ။


Google Takeout မှာ ဟိုးအရင်တစ်လောလေးကမှ Google က မိတ်ဆက်ပေးတဲ့ Google+ အပါအဝင် User တစ်ယောက်အတွက် မဖြစ်မနေ Backup လုပ်ထားဖို့လိုမယ့် Buzz, Contacts and Circles, Picasa Web Albums နဲ့ Profile ဆိုတာတွေပါပါလာတယ်။



Export လုပ်ထားဖို့ Data တွေအားလုံးကို စုပြီး Archive လုပ်လို့ရသလို standalone service အနေနဲ့လည်း သုံးနိုင်တယ်။



Click လေးတစ်ချက်နဲ့ ကိုယ့်ရဲ့ အရေးကြီး Data တွေအားလုံး Online ပေါ်ကနေ ကိုယ့်စက်ထဲမှာ Backup လုပ်ပြီးသား ဖြစ်သွားမှာပါ။


ဒီအောက်မှာ ဖော်ပြထားတာကတော့ Download ချပြီးရင် ကိုယ့်စက်ထဲကို ရောက်လာမယ့် Google Account Backup File ပါ။



Google Takeout ကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ အကြောင်းတစ်စုံတစ်ရာကြောင့် ကိုယ့် Account ဆုံးရှုံးရမယ် ဆိုရင်တောင် ကိုယ့် Account ထဲမှာ ရှိနေတဲ့ Contacts တွေ ၊ Picasa ထဲ တင်ထားတဲ့ ကိုယ့်ဓာတ်ပုံတွေ - စသဖြင့် ကိုယ့်ရဲ့ အရေးကြီး Data တွေ မဆုံးရှုံးရတော့ဘူးပေါ့။ ဒါတင်မက portable နဲ့ open formats ဖြစ်လို့ တစ်ခြား services တွေဆီကိုလည်း အလွယ်တကူ import လုပ်လို့ ရသေးတယ်။ ဒါက Google Takeout ရဲ့ စွမ်းဆောင်ရည်တွေပါပဲ။ Google Takeout ရှိရာဆီ အပြေးသွားရောက် သိမ်းဆည်းလိုက်ကြပါဦး။

KznT.

How To Use Facebook Email

ကျွန်တော် အသိနောက်ကျနေတာလည်း ဖြစ်ကောင်းဖြစ်မယ်။ Facebook က သိပ်မဝင်ဖြစ်တော့ ဘာတွေ ပြောင်းလို့ ဘာတွေကောင်းမှန်းတောင် သိပ်မသိတော့ဘူး။ ဟိုတစ်နေ့ကမှ Facebook ထဲ ခဏဝင်ပြီး လယ်သွားကြည့်တော့ အပင်တွေလည်းသေ - မြေတွေလည်း ခြောက်နဲ့ စိတ်တောင်မကောင်းဘူး :(  ပြန်တော့ မစိုက်ဖြစ်တော့ပါဘူး။ အဲ့လိုနဲ့ ဟိုဒီကြည့်ရင်း တစ်ခြား ဘာတွေများ ထူးခြားတာရှိမလဲ လိုက်ကြည့်တာ အကောင့်ထဲ စာတွေတော်တော်များများ ဝင်နေတာတွေ့လို့ ဖွင့်ကြည့်မိတယ်။ အဲ့မှာ Facebook မှာ Email စသုံးလို့ ရနေတာ သိခဲ့ရတယ်။ အဲ့တာနဲ့ ပတ်သတ်ပြီး 12-02-2011, 09:02 AM တုန်းကတော့ Facebook ကအသစ်ပေးတဲ ့ Emailစနစ်ယူမယ် ဆိုပြီး ကိုပေါ်ဦး ရေးပေးခဲ့ဖူးတယ်။ အဲ့တုန်းကတော့ Request an Invitation အဆင့်ပဲ - တကယ်စသုံးလို့ မရသေးဘူး။

ခုတော့ ရနေပြီ။ ဘယ်တုန်းတည်းက စရနေတယ်တော့ ကျွန်တော်လည်း မပြောတတ်ဘူး။ လုပ်နည်းကတော့ မခက်ဘူး။ Facebook ထဲကို ဝင်လိုက်ရင် Home ကိုသွားပြီး Messages ထဲကို ဝင်လိုက်။



သူက ခုလို စကြိုလိမ့်မယ်။


Next ဆက်သွားလိုက်ရင် ကိုယ့် Facebook name ကို အခြေပြုပြီး ကောင်းနိုးရာရာ နာမည်တွေ ပြလိမ့်မယ်။ တစ်ခုမှမကြိုက်ရင် အောက်ဆုံး box မှာ ကိုယ်ကြိုက်တဲ့ နာမည် ဖြည့်လို့ ရတယ်။



တကယ်လို့ ကိုယ်ရိုက်တဲ့ နာမည်က တစ်ယောက်ယောက် ယူထားပြီးသား / သုံးလို့ မရရင် Unavailable လို့ ပြလိမ့်မယ်။ သုံးလို့ ရရင်တော့ Available ပေါ့။ ကျွန်တော် myanmarfamily လို့ ရိုက်ကြည့်တာတော့ ရသေးတာ တွေ့တယ်။ သဘောကျရင် Activate Email ကို ဆက်သွားလိုက်။ ဒါဆို ကိုယ့်နာမည်နဲ့ facebook email တစ်ခုရပြီ။



အဲ့လိုနဲ့ အကောင့်တစ်ခုရတော့ Gmail ထဲဝင် -compose mail တစ်ခုလုပ်ပြီး -@facebook.com ကို ပို့ကြည့်လိုက်တယ်။


ဝင်ပါတယ်။ အောက်မှာ မြင်ရတဲ့ အတိုင်းပါ။


Facebook မှာ တစ်နေကုန် နေလေ့ရှိသူတွေအတွက်တော့ Gmail ကိုတောင် ဖွင့်ဖို့လိုမယ် မထင်တော့ဘူး။

KznT.

Google Search with Instant Pages

June 14 ရက်နေ့က ဖတ်ခဲ့ရတဲ့ အကြောင်းလေးတစ်ခု ပြန်ပြောပြချင်တယ်။ မှန်ရာပြောရရင် တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲသမျှ နည်းပညာတိုင်းကို လိုက်ဖတ်ပြီး ပြန်ပြောနေရတဲ့ ဘဝမျိုးကနေ ကျွန်တော်တို့ မြန်မာတွေကို လွတ်မြောက်စေချင်တာ ကြာပါပြီ။ သူများထုတ်ထားတဲ့ Product အတွက် အသုံးချနည်းကို ပြန်ရှင်းပြနေတဲ့ အခြေအနေမျိုးထက် ကိုယ့် Product ကို သူတို့သုံးတတ်အောင် မိတ်ဆက်ပေးနိုင်တဲ့ ဘဝမျိုး တကယ်ကို ဖြစ်စေချင်တာပါ။ 

ခု ပြောချင်တဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး တစ်ချိန်တုန်းက Google Instant ဆိုပြီး တစ်ခါ မိတ်ဆက်ပေးခဲ့ဖူးတယ်။ အဲ့တုန်းကတော့ Google ရဲ့ အခြေအနေက Search queries ဆုံးတဲ့ အချိန်မှာ ကိုယ် ရှာချင်တဲ့ အကြောင်းအရာကို Enter ခေါက်စရာ မလိုပဲ ဖော်ပြပေးနိုင်တဲ့ အခြေအနေမျိုးပေါ့။ ခုတော့ သူတို့တွေ နောက်ခြေလှမ်းသစ်တစ်ခုဆီ လှမ်းသွားကြပြီ။ Instant Pages တဲ့။

Instant Pages ၏ ထူးခြားချက်များ



Instant Pages feature မရှိခင်တုန်းက အခြေအနေကို ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်ရင် Search Results ကမှာ ပြထားတဲ့ အကြောင်းအရာတွေထဲက ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်တစ်ခုကို Click ပေးလိုက်တဲ့ အခါ သက်ဆိုင်ရာ Websites ကို သူက အရင်ဆုံး Loading ဆွဲပေးတယ်။ အဲ့လို Loading ဆွဲတဲ့ အချိန်မှာ ရှာဖွေသူကြည့်ရှုချင်တဲ့ Websites မှာ ရှိနေသမျှ အကြောင်းအရာကို Browser မျက်နှာစာမှာ ဖော်ပြပေးနိုင်အောင် အဲ့ဒီ့ Website ရဲ့ စာမျက်နှာပေါ်က ဓာတ်ပုံတွေ၊ Links တွေ .. စတဲ့ ဖော်ပြဖို့လိုအပ်သမျှ sub-resources တွေအားလုံးကို Loading ဆွဲရတယ်။ Loading ဆွဲပြီ ဆိုတည်းက Connection ပေါ် အများကြီး မှီခိုသွားပြီ။ Connection ကောင်းတဲ့ နေရာမှာ အင်တာနက်သုံးနေကြတဲ့ သူတွေအတွက် Webpage တစ်ခုကို Loading ဆွဲတဲ့ ကြာမြင့်ချိန်ဟာ ဘယ်လောက်မှ မသိသာပေမယ့် Connection မကောင်းတဲ့ နေရာကနေ ကြည့်ရမယ့် သူအတွက်ဆိုရင်တော့ ကိုယ်ကြည့်ချင်တဲ့ Webpages မှာ Loading ဆွဲရမယ့် ပမာဏများရင် များသလောက် မိနစ်နဲ့ ချီပြီး ကြာမြင့်သွားနိုင်ပါတယ်။

Connection ကောင်းတဲ့ နေရာကနေ သုံးမယ်ဆိုရင်တောင် ဒီကြာမြင့်ချိန်က စက္ကန့်ပိုင်းလောက် ကွာဟချက်ရှိသွားနိုင်ပါတယ်။ ဒီအခက်အခဲကို ပြေလည်စေနိုင်အောင် ခု Google ကနေပြီး Prerendering technology ကို အသုံးပြုထားတဲ့ Instant Pages feature ကို လာမယ့် Google Chrome မှာ ထည့်သွင်းပေးထားပါပြီ။ သူရဲ့ အားသာချက်ကတော့ Prerendering technology ကို သုံးထားတဲ့အတွက် Loading ဆွဲရတဲ့ ကြာမြင့်ချိန် သက်သာသွားမယ်။ Instant Pages ဆိုတဲ့အတိုင်း Search Results မှာ ပြထားတဲ့ အကြောင်းအရာတွေထဲက နှစ်သက်ရာ ခေါင်းစဉ်တစ်ခုကို Click ပေးလိုက်တာနဲ့ အရင်လို Loading ဆွဲလို့ စောင့်နေရတဲ့ ကြာမြင့်ချိန် ဆိုတာမျိုး မရှိတော့ပဲ ကြည့်ချင်တဲ့ စာမျက်နှာကို တန်းကနဲ ချက်ချင်းမြင်ရမယ်။ ဘယ်လို ကွာခြားသွားမယ်ဆိုတဲ့ အသေးစိတ် စမ်းသပ်ချက်ကို တိတိကျကျ မြင်တွေ့ချင်မယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ video clip လေးကို တစ်ချက် ကြည့်ကြည့်ပါ။


Google နဲ့ လက်ပွန်းတတီး နေနေတဲ့ ကျွန်တော့်အတွက်တော့ ဒီ feature လေးက တော်တော်လေး အသုံးတည့်ပါတယ်။ Prerendering technology က လတ်တလော Chrome Dev Channel မှာ စမ်းသပ်ဆဲ အဆင့်ပါ။ စမ်းသပ်ချင်ရင် ဒီနေရာမှာ ယူနိုင်ပါတယ်။ Dev channel က Google Chrome ကို တင်ပြီးသွားရင် Prerendering technology ကို စမ်းသပ်ဖို့အတွက် ဒီစာမျက်နှာကို သွားပါ။ ကိုယ့်ကြည့်နေကျ Websites တွေထဲက အမြဲ loading ကြာတယ်လို့ ထင်မိတဲ့ Site တစ်ခုရဲ့ URL ကို ဖြည့်ပြီး Prerender လုပ်ပါ။ သူက link တစ်ခု ထပ်ချပေးပါလိမ့်မယ်။ အဲ့တာကို click လိုက်ရင် အရင်ကလို loading အကြာကြီး စောင့်ဖို့မလိုပဲ ကိုယ်ကြည့်ချင်တဲ့ Webpage ကို ချက်ချင်းမြင်လာရတာ တွေ့ရပါလိမ့်မယ်။ တကယ်လို့ prerendering is disabled ဖြစ်နေတယ် ဆိုရင် ဒီနေရာမှာ Enable ပေးနည်းကို Ensuring you have prerender turned on ဆိုပြီး ဖော်ပြထားတာ ရှိပါတယ်။ သူ့ဖော်ပြချက်အတိုင်း ပြင်ဆင်ပြီး စမ်းသပ်ကြည့်ပါ။

KznT.

The Museum of Me

အရင်ရက်တွေက ပြောဖို့ မှတ်ထားတာလေးတွေထဲက တစ်ခု ပြောစရာ ရှိသေးတယ်။ Online app လေးတစ်ခုအကြောင်းပါ - Facebook အကြောင်းသိကောင်းစရာများ အောက်မှာ လာရေးတာဆိုတော့ Facebook နဲ့ ဆိုင်တာပဲပေါ့။

Intel ရဲ့ The Museum of Me အကြောင်းပါ။ တစ်ချို့လည်း နေ့တိုင်းနီးပါး စာဖတ်လေ့ ရှိတော့ သိပြီး ဖြစ်လောက်ပြီ။ အဲ့ဒီ့ online app လေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့ လုပ်ဆောင်ချက်က ကိုယ့် Facebook profile က အချက်အလက်တွေ ( ဓာတ်ပုံ - တည်နေရာ - သူငယ်ချင်း ... ) ကိုယူပြီး Virtual museum တစ်ခုလို လုပ်ပေးပါ။ အဲ့တာကြောင့်မို့လည်း Museum of Me လို့ နာမည်ပေးထားတာပေါ့။ Virtual museum ဆိုတဲ့အတိုင်း အထဲကို ရောက်သွားတာနဲ့ ကိုယ့်အကြောင်းတွေ ကိုယ်နဲ့ ပတ်သတ်တဲ့ သူငယ်ချင်းတွေရဲ့ ပုံတွေ - ကိုယ်နေတဲ့ နေရာ စသဖြင့် ကိုယ်နဲ့ သတ်ဆိုင်တဲ့ အကြောင်းအရာတွေကိုချည်း Museum ထဲမှာ လှည့်ပတ်ကြည့်နေရသလို မြင်ရလိမ့်မယ်။




လုပ်ဆောင်နည်းကလည်း ရှုပ်ရှုပ်ရှက်ရှက် မရှိဘူး။ ဒီနေရာကနေ သွားလိုက်ရင် အစစာမျက်နှာမှာ Connect to Facebook ဆိုတာ တွေ့ရလိမ့်မယ်။ အဲ့ကနေ တစ်ဆင့် ကိုယ် Facebook account ကို ဝင်ပြီး ရှေ့ဆက်သွားလိုက်ယုံပဲ။ အဲ့မှာ သူ့အလိုလျှောက် ကိုယ့် Profile မှာ ရှိနေတဲ့ ဓာတ်ပုံတွေ - သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ - တည်နေရာတွေ - လတ်တလော ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို စုဆောင်းပြီး စက္ကန့်ပိုင်းအတွင်းမှာ ကိုယ့်ကို Museum ထဲကို ခေါ်သွားလိမ့်မယ်။ Museum ဆိုတဲ့အတိုင်း အထဲမှာ ကဏ္ဍလိုက်ကို အကန့်လေးတွေ အခန်းလေးတွေ ခွဲထားတယ်။ Robots တွေ ရှိတယ်။  တကယ့်ကို ပျော်စရာ ကမ္ဘာလေးပါပဲ။ ကိုယ့် Museum လေးကို သဘောကျလို့ Screen cast လုပ်ထားချင်ပြီ ဆိုရင်တော့ ကျွန်တော် ဒီနေရာမှာမိသားစုဝင်တွေ တင်ပေးထားကြတဲ့ FastStone Capture နဲ့ ဖြစ်ဖြစ် တစ်ခြားနှစ်သက်ရာ screencasting tools တွေနဲ့ ဖြစ်ဖြစ် သိမ်းထားနိုင်ပါတယ်။


အောက်မှာ ဖော်ပြထားတာကတော့ ကျွန်တော်ကလိထားတဲ့ Video clip လေးတစ်ခုပါ။




KznT.

Chrome and Sync settings across multiple computers

Google Chrome နဲ့ ပတ်သတ်ပြီး ကိုယ်တိုင်သုံးနေကြပေမယ့် သိပ်သတိမထားမိကြသေးတဲ့ Personal Stuff လေး တစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း Google Chrome သုံးနေပြီး တော်တော်ကြာတဲ့ အချိန်ထိ ဒီ Feature ရှိနေတယ် ဆိုတာ သတိမထားမိခဲ့ဘူး - ဒီနေရာကနေ သွားမယ် ဆိုရင် အောက်ဖော်ပြပါအတိုင်း တွေ့ရမယ့် Personal Stuff အောက်က Sync feature အကြောင်းပါ။

Sync ဆိုသည်မှာ အဘယ်နည်း။

Sync ဆိုတာ တကယ်တော့ အတိုကောက်အခေါ်ပါ - သူ့ကို နောက်တစ်မျိုး အနေနဲ့ Synchronization - Synchronized လို့လည်း ပြောကြ ရပါတယ်။ Synchronization နဲ့ ပတ်သတ်ပြီး အဓိပ္ပါယ် ဖွင့်ဆိုမယ်ဆိုရင် အသုံးပြုရာ နယ်ပယ်အလိုက် အဓိပ္ပါယ် ကွာခြားချက်တွေ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် Computer science နယ်ပယ် တစ်ခုတည်းကနေ ကြည့်ပြီး အဓိပ္ပါယ် ဖွင့်ဆိုမယ် ဆိုရင်တော့ သူဟာ လိုလားချက်တူညီတဲ့ လုပ်ဆောင်ချက် နှစ်ရပ်ကို တစ်ဆက်တစ်စပ်တည်း ဖြစ်အောင် ပေါင်းစည်းပေးတဲ့ လုပ်ငန်းစဉ်လို့ ဆိုနိုင်ပါတယ်။ ဟုတ်ပါတယ်။ တကယ်တော့ အဓိပ္ပါယ်ဖွင့်ဆိုချက်တိုင်းဟာ နားလည်လွယ်တာမျိုး မဟုတ်ပါဘူး - ဒီ့ထက်နားလည်လွယ်အောင် ဥပမာ ပေးကြည့်ပါမယ်။

Google Chrome နှင့် Sync settings 

ကျွန်တော်တို့တွေ Google Chrome သုံးနေကြပြီ - Browser ဖြစ်တဲ့ အတွက် Themes လေးတွေ ပြင်တာ ရှိမယ်။ Bookmarks လေးတွေ မှတ်တာရှိမယ်။ လိုတဲ့ Extensions လေးတွေ သွင်းတာ ရှိမယ်။ စိတ်ကြိုက် အားလုံး ပြင်ဆင်ပြီးသွားတာတော့ ဟုတ်ပြီ - ဒါပေမယ့် အကြောင်း အမျိုးမျိုး Windows အသစ် Reinstall ပြန်လုပ်ရတဲ့ အချိန်မှာ ဖြစ်စေ - တစ်ခြား စက်တစ်ခုကနေ Google Chrome ကို အသုံးချရတဲ့ အခြေအနေတစ်ခုမှာဖြစ်စေ - တစ်ချိန်က ကိုယ့်စိတ်ကြိုက် ပြင်ဆင်ထားပြီးသား အခြေအနေအတိုင်း Browser preferences တွေ - Themes တွေ - Extensions တွေ - Bookmarks တွေ အားလုံးကို ပြန်ရအောင် ဘယ်လို လုပ်ဆောင်ကြမလဲ - အားလုံးကို တစ်ကနေ ပြန်စပြီး နောက်တစ်ကြိမ် ပြန်သွင်းကြမှာလား။ ဒီလိုဆိုရင်တော့ တော်တော်လေး အချိန်ပေးရပါလိမ့်မယ်။ စိတ်ပျက်စရာလည်း ကောင်းပါလိမ့်မယ်။


ပြောရရင် လုပ်ဆောင်ထားပြီးသား အခြေအနေတစ်ခုကို နောက်ကွန်ပြူတာတစ်ခု ရောက်သွားလို့ ( ဒါမှမဟုတ် ) အခြေအနေတစ်ခု ပြောင်းသွားလို့ နောက်တစ်ကြိမ် ဒီ Process ကိုပဲ ထပ်မံလုပ်ဆောင်ရတာမျိုး မဖြစ်ရအောင် Google Chrome မှာ Sync settings ဆိုတာ ထည့်သွင်းပေးထားပါတယ်။ သူ့ရဲ့ သဘောက ကိုယ်သုံးနေတဲ့ Chrome browser ကို Sync လုပ်ထားလိုက်မယ် ဆိုရင် - လက်ရှိ Browser မှာ ကိုယ်ပြင်ဆင်ထားတဲ့ Browser preferences တွေ - Themes တွေ - Extensions တွေ - Bookmarks တွေ အားလုံးကို Web ပေါ်မှာ ရှိနေတဲ့ ကိုယ့်ရဲ့ Google account နဲ့ ချိတ်ဆက်ပြီး အင်တာနက်ထဲမှာ သိမ်းဆည်းပေးသွားမှာပါ။


ဒီလို Sync လုပ်ဆောင်ထားခြင်း အားဖြင့် စက်တစ်လုံးမှာ ကိုယ်ပြင်ဆင်ထားတဲ့ Google Chrome ရဲ့ အပြင်အဆင်အားလုံးကို နောက်စက်တစ်လုံးမှာ တစ်ကနေစပြီး လိုက်ပြင်ဆင်နေစရာ မလိုတော့ပဲ Personal Stuff [chrome://settings/personal] ကနေတစ်ဆင့် ဝင်ပြီး Sync ကို Set up လုပ်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း အရင်တစ်ချိန်က ပြင်ဆင်ထားပြီးသား Google Chrome ရဲ့ အပြင်အဆင် အားလုံးကို တစ်သွေမတိမ်း ပြန်ရရှိမှာ ဖြစ်ပါတယ်။


Sync feature အား အသုံးပြုခြင်း

Sync feature ကို အသုံးပြုဖို့အတွက် အရင်ဆုံး လုပ်ဆောင်ထားရမှာ လက်ရှိ ကိုယ်သုံးနေတဲ့ အားလုံး စိတ်ကြိုက် ပြင်ဆင်ထားပြီး Google Chrome Browser ကို Sync လုပ်ထားဖို့ လိုပါတယ်။ ဒီ့အတွက် Personal Stuff [chrome://settings/personal] ကိုသွားပြီး Set up sync ကို ဝင်ပါ။


Sync လုပ်ဖို့ ကိုယ် အမြဲတမ်းသုံးချင်တဲ့ Google Account ကိုဝင်ပါ။


နောက်တစ်ဆင့် ဆက်သွားရင် Sync everything လုပ်မှာလား - Customize လုပ်မှာလား ဆိုတဲ့ ရွေးချယ်စရာ နှစ်ခု တွေ့ပါလိမ့်မယ်။ Sync everything ရဲ့ သဘောက Browser နဲ့ ပတ်သတ်ပြီး ကိုယ်ပြင်ဆင်ထားသမျှ သိမ်းဆည်းထားသမျှ အားလုံးကို Web ပေါ်တင်မယ် ဆိုတဲ့ သဘောပါ။ Customize ရဲ့ သဘောကတော့ Bookmarks ဆို Bookmarks သီးသန့် - Extensions ဆို Extensions သီးသန့်ပဲ သိမ်းချင် သူမျိုးတွေအတွက် အသုံးတည့်ပါတယ်။ တကယ်လို့ Customize ကို ရွေးမယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း တွေ့ရမှာဖြစ်ပြီး ကိုယ် Sync မလုပ်စေချင်တဲ့ ကဏ္ဍတွေကို Click ဖြုတ်ခဲ့ပါ။


ဒီလိုဆိုရင် ကိုယ်ရွေးချယ်ပေးတဲ့ အတိုင်းပဲ Sync လုပ်သွားပါလိမ့်မယ်။ လတ်တလောသုံးနေတဲ့ Browser setting ကို Sync လုပ်ပြီးသွားပြီ ဆိုတာနဲ့ နောက်ကြိုက်တဲ့ အချိန်တိုင်း Windows အတင်အချ - Browser အဖြုတ်အတပ် - Computer အချိန်းအပြောင်း လုပ်ဆောင်ချိန်တိုင်းမှာ Google Chrome browser ကို နောက်တစ်ကြိမ် တစ်ကနေ စပြီး Setings ပြန်ချဖို့ မလိုတော့ပဲ။ Personal Stuff [chrome://settings/personal] ကိုသွားပြီး Sync ကို Set up လုပ်လိုက်တာနဲ့ Web ပေါ်မှာ သိမ်းထားပြီးသား ကိုယ့်ရဲ့ Browser settings က ကိုယ့် Google Chrome browser ထဲကို ရောက်လာမှာ ဖြစ်ပါတယ်။

KznT.

How to Use Userscripts


တစ်နေ့နဲ့ တစ်နေ့ အမြဲလိုလို ရောက်ဖြစ်နေတဲ့ အင်တာနက်ကမ္ဘာထဲမှာ အားလပ်ချိန်တိုင်း ဟိုဒီလည်ပတ်ရင်း ကျွန်တော်တို့ရဲ့ အချိန်တွေကုန်ဆုံး သွားတတ်ကြပေမယ့် ဒီ အင်တာနက်ကနေ ကျွန်တော်တို့အတွက် ဘာတွေများ ရယူနိုင်ခဲ့ကြပြီလဲ ??

အင်တာနက်နဲ့ ပတ်သတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အသုံးချတဲ့ ပုံစံခြင်းတော့ တူကြလိမ့်မယ် မထင်ပါဘူး - တစ်ချို့က ဖျော်ဖြေရေးအတွက် - တစ်ချို့က ပညာရေးအတွက် - တစ်ချို့က စီးပွားရေး - လူမှုရေးတွေအတွက် စသဖြင့် .... ဘယ်လိုပဲ ဖြစ်ဖြစ် အင်တာနက်နဲ့ ပတ်သတ်လာခဲ့ကြပြီ ဆိုရင် ကောင်းတာ မကောင်းတာ နောက်ထား - လူတိုင်းမှာ ကိုယ်စိတ်ဝင်စားရာ စိတ်ဝင်စားရာအလိုက် အကြိုက်ဆုံး web sites - အမြဲ ဝင်ကြည့်ဖြစ်တဲ့ web sites ဆိုတာမျိုး ရှိတတ်ကြပါတယ်။ ဥပမာ Facebook ပဲ ဆိုကြပါစို့ - Facebook နဲ့ ပတ်သတ်ပြီး ခုနောက်ပိုင်း လူငယ်တော်တော်များများ Style တစ်ခုလို သုံးလာကြပြီ - ဂိမ်းတွေ ဆော့ကြတယ် - သူငယ်ချင်းတွေ ရှာကြတယ်။ Facebook ကနေ တစ်ဆင့် ကျွန်တော်တို့ သူငယ်ချင်း အသိမိတ်ဆွေတွေ အများကြီး ရခဲ့ပြီ - ချစ်ဖို့ ကောင်းတဲ့ ဂိမ်းတွေလည်း မနည်းမနောဆော့ခဲ့ဖူးပြီ - အဲ့တာနဲ့ ပတ်သတ်ပြီး ကြုံခဲ့ဖူးတဲ့ Games အတွေ့အကြုံတွေကို Top 20 Facebook Games ဆိုပြီးလည်း ရေးထားပေးခဲ့ဖူးပါတယ်။ ခုနောက်ပိုင်းလည်း Facebook ထဲမှာပဲ ဆော့လို့ရတဲ့ဂိမ်း အသစ်တွေ ထပ်ပေါ်လာတာ ရှိတယ်။ ဒါပေမယ့် Facebook သုံးဖြစ်ခဲ့တဲ့ ကာလတစ်လျှောက် တကယ်ရော စိတ်ကျေနပ်မှု ရခဲ့ရဲ့လား။

တကယ်တော့ လူဆိုတာ ဘယ်တော့မှ လိုလားချက် မပြည့်ဝနိုင်တဲ့ သက်ရှိတွေလို့များ ပြောရမလား ?? Facebook နဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ သဘောမကျစရာတွေ တော်တော်များများ ရှိပါတယ်။ ဥပမာ ပြောရရင် ကျွန်တော် တစ်ချိန်က Facebook မှာ လယ်စိုက်တဲ့ FarmVilleဂိမ်းဆော့ခဲ့တယ်။ သူ့ သဘောက မျိုးစေ့လေးတွေ ချပြီးသွားရင် နောက်တစ်နေ့ ( သူသတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုထိ ) စောင့်ပြီးတော့မှ ပေါက်လာတဲ့ အပင်လေးတွေက အသီးအနှံလေးတွေကို ပြန်ရိတ်သိမ်းရတာ။ ကျွန်တော်က တစ်ခါစိုက်ထားပြီးရင် ပုံမှန် ပြန်ဝင်ကြည့်ဖြစ်လေ့ မရှိဘူး - သူက နောက်တစ်ရက် ကြာမယ်လို့ ပြောထားရင် နောက်ရက် ဝင်ကြည့်ရမယ် ဆိုတာ သိပေမယ့် ဘယ်နှစ်နာရီ ပြန်ဝင်ကြည့်ရမယ် ဆိုတာမျိုးကို တွက်ပြီး မှတ်မထားမိတော့ တစ်ခါတစ်လေ နောက်ကျပြီး အပင်လေးတွေ သေသေသွားကြတယ်။ အပင်သေတော့ ပိုက်ဆံ မရဘူးပေါ့ဗျာ။  နောက်ပြီး ခဏခဏ ရောက်လာတတ်တဲ့ လက်ဆောင်တွေကို ကလစ်တစ်ခါ ပေးမှ တစ်ခုရတာမျိုး ကျွန်တော် မကြိုက်ဘူး။ Neighbors လိုလို့ Add ချင်ပြန်ရင်လည်း ထိုနည်းလည်းကောင်း တစ်ယောက်ချင်းစီ လိုက် Add နေရတယ်။ ပြောရရင် အချိန်ကုန်တယ်ပေါ့ဗျာ။ နောက်ပြီး ဒီနေ့ သူငယ်ချင်း အယောက် ၁၀ဝ၀ ရှိတယ်ထား - နောက်နေ့ကျတော့ ၁၀ဝ၀ မပြည့်တော့တာမျိုးလည်း ဖြစ်ဖူးကြမယ် ထင်တယ်။ အလွယ်ပြောရရင်တော့ တစ်ယောက်ယောက်က ကိုယ့်ကိုယ် Friend list ကနေ ဖျက်သွားတာမျိုးပေါ့ - ဒီလိုဆို ဘယ်သူက ဖျက်လို့ ဖျက်သွားမှန်းလည်း မသိ။ ပြန်ကြည့်လို့ ကလည်း မလွယ်။ အဲ့တာမျိုးတွေလည်း ကျွန်တော် မကြိုက်ဘူး။

နောက်ပြီး Mafia ဆော့ခဲ့ဖူးတယ်။ Mafia မှာ Job help ခေါ်တယ် ဆိုတာ ရှိတယ် - သူက တစ်ခါခေါ်ရင် သတ်မှတ်ထားတဲ့ လူအရေအတွက်အတိုင်း ကိုယ့် သူငယ်ချင်းတွေက ကိုယ့် Job ကို ဝင်ကူမှ ပိုက်ဆံရော Mission ရော အပြည့်ရတယ်။ အဲ့မှာ ဖြစ်တာက Job help ခေါ်ရင် လူစောင့်ရတဲ့ ပြဿနာ - ဘယ်သူတွေ ဘယ်တော့ ဝင်ကူမလဲ ဆိုတာ ကျွန်တော် လူစောင့်ရတာမျိုး လုံးလုံး သဘောမကျဘူး - Friend lists ထဲက လူတွေကလည်း အဲ့တုန်းက Mafia ဆော့ကြတာ နည်းတော့ သိပ်လည်း အကူအညီတောင်းလို့ မရဘူး - Mafia ဆော့တဲ့ သူတွေကို ရှာပြီး Add ထားရင် ရပေမယ့်လည်း မသိတဲ့ သူတွေကျပြန်တော့ Job help လေး ကူခိုင်းချင်တာ တစ်ခုတည်း အတွက်နဲ့ Friend lists ထဲ မထည့်ချင်ဘူး - အဲ့တာနဲ့ ဘယ်လို လုပ်လဲ ဆိုတော့ Facebook အကောင့်ကို ၁၀ ခု မက လုပ်လိုက်တယ်။  နာမည်တွေတော့ မျိုးစုံ ပေးတာပေါ့ဗျာ - ဥပမာ - မိုက်ခဲလေး - လေးခဲမိုက် - ခဲမိုက်လေး စသဖြင့်ပေါ့ -  ပြီးတော့ ဒီဘက် အကောင်ကနေ Job help ခေါ်ရင် ဟိုဘက် ၁၀ ကောင်ကနေ ခေါ်တဲ့ Job help ကို ပြန်လိုက်ကူတယ်။ ဒါဆို ဘယ်သူ့ကိုမှ မစောင့်ရတော့ဘူးပေါ့။  ဒါပေမယ့် အဲ့လို လုပ်တာတွေ ကြာလာပြန်တော့ စိတ်က မသက်မသာ ဖြစ်လာပြန်ရော။ Job help တစ်ခုကို အကောင့် ၁၀ ခုကနေ ဝင်ကူဖို့ ဆိုတာ Facebook အကောင့်ကို ဟိုဘက်ဝင်လိုက် ဒီဘက်ထွက်လိုက် ( ၁၀ ) ခါ မက လုပ်ရတယ်လေ - အဲ့တာကို သဘောမကျတော့ပြန်ဘူး။

စသဖြင့်ပေါ့ - ခုဖော်ပြခဲ့တာတွေဟာ Favourite websites တွေ ဆိုပေမယ့် စိတ်တိုင်းမကျ စရာတွေ ရှိတတ်တယ် ဆိုတာ မြင်သာအောင် ပြောပြတာပါ။ ဒီလို အဖြစ်အပျက်မျိုးတွေ စိတ်တိုင်းမကျမှုမျိုးတွေ လိုအပ်ချက်တွေက Facebook မှာမှ မဟုတ်ပါဘူး - တစ်ခြား ကျွန်တော်တို့ သုံးနေကျ Google - Youtube - Twitter - Flickr - MySpace စတဲ့ Websites တွေမှာလည်း အသုံးပြုကြတဲ့ ပုံစံပေါ် မူတည်ပြီး သဘောမကျကြတဲ့ အချက်တွေ ရှိတတ်ပါတယ် - တကယ်တော့ ဒီလို အခက်အခဲလေးတွေ အလိုမကျမှု လေးတွေဆိုတာ တစ်ချိန်က ကျွန်တော်တို့ ဖြေရှင်းနည်း မသိခဲ့လို့ပါ။ ဖြေရှင်းနည်း မသိတော့ စိတ်မသက်မသာ ဖြစ်ရတယ်။ လူပင်ပန်းရတယ်။ အချိန်တွေ ကုန်ခဲ့တယ်။ အဲ့တော့ Favourite websites တွေကို Browser ကနေ Access လုပ်တဲ့ အခါမှာ ကိုယ် မလိုချင်တာတွေ ပျောက်ပြီး ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း တော်တော်များများ တူလာအောင် - လိုချင်တဲ့ Features လေးတွေ များများစားစား ပါလာအောင် ဘယ်လို ဖန်တီးယူကြမလဲ။

Userscripts များ အကြောင်း

Userscripts တို့ ( Userstyles ) ဆိုတဲ့ စကားလုံးတွေကို လေ့လာသူ တစ်ယောက် မဟုတ်ရင်တောင် အင်တာနက်ထဲမှာ ဟိုဒီလျှောက်သွားရင်းနဲ့ တွေ့ဖူးကောင်း တွေ့ခဲ့ကြမှာပါ။ Userscripts ရဲ့ သဘောကို Userscripts.org ကနေ နားလည်လွယ်အောင် "power-ups for your browser," ဆိုပြီး အဓိပ္ပါယ်ဖွင့်ပါတယ်။ တကယ်တော့ Userscripts အကြောင်းကို ဒီ့ထက်နည်းနည်းလေးလောက် အသေးစိတ်ကြည့်မယ် ဆိုရင် Userscripts ဆိုတာ JavaScript ကိုသုံးပြီး Site တစ်ခုရဲ့ အသွင်အပြင် ပုံပန်းသဏ္ဍန်နဲ့ လိုချင်တဲ့ function တွေပါလာအောင် ဖြည့်ယူပေးနိုင်တဲ့ Scripts မျိုးတွေပေါ့ - ဒီ Scripts တွေကို Scripting language နဲ့ ပတ်သတ်ပြီး နီးစပ် နှံ့စပ် ကျွမ်းကျင်သူတွေကနေ ရေးကြတယ်။ တစ်ချို့က အပျော်တမ်း ရေးတာရှိတယ်။ တစ်ချို့က စီးပွားရေး သဘောနဲ့ ရေးတာ ရှိတယ်။ ကျွန်တော်တို့ အတွက် လိုအပ်တာက ဒီ Scripting language တွေကို ရေးတတ်တယ် မရေးတတ်ဘူး ဆိုတာထက် သူများရေးထားတာကို ဘယ်နေရာမှာ ဘယ်လိုသုံးရမယ် ဆိုတာတော့ သိထားဖို့ လိုတယ် မဟုတ်ပါလား။ အဲ့တော့ Userscripts တွေ သုံးပြီး ကျွန်တော်တို့ ဘာတွေ လုပ်လို့ ရလာနိုင်သလဲ။ ဘာတွေ ကောင်းကျိုး ဆိုးကျိုးတွေ ရှိလာမလဲ။

Userscripts အသုံးပြုခြင်း၏ ကောင်းကျိုးများ

အတိုချုံး ပြောရရင် Userscripts တွေ အသုံးပြုခြင်း အားဖြင့် အပေါ်မှာ ဖော်ပြခဲ့ပြီးသလို အလိုမကျ ဖြစ်နေတဲ့ လိုလားချက်တွေကို ဖြည့်စွက်ပေးနိုင်ပါလိမ့်မယ်။ ဥပမာလေးတွေ တစ်ခုနှစ်ခုလောက် လေ့လာကြည့်ရအောင် - ကျွန်တော် အပေါ်မှာ ဂိမ်းဆော့ခဲ့စဉ် တစ်ချိန်တုန်းက Facebook account တွေကို ဝင်လိုက် ထွက်လိုက် လုပ်ရတာမျိုးကို သဘောမကျဘူးလို့ ပြောခဲ့ပါတယ်။ ဒီ အခက်အခဲကို ပြေလည်နိုင်စေဖို့Facebook Switch Accounts ဆိုတဲ့ Script ရှိပါတယ်။ Google Chrome သုံးသူများ သူ့ကို ဒီနေရာမှာ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ သူ့ကို Install လုပ်ပြီးသွားတာနဲ့ Facebook ထဲကို ဝင်လိုက်တဲ့ အချိန်မှာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Switch Accounts ဆိုတဲ့ Menu တစ်ခု အပိုပါလာတာ တွေ့ရပါလိမ့်မယ်။ သူကနေ တစ်ဆင့် Add Account ဆိုတာကို ဆက် Click ပေးပြီး ပေါ်လာမယ့် Box မှာ လက်ရှိ Account ကနေ Switch လုပ်ချင်တဲ့ Acoount ကို ဖြည့်ပေးပါ။


ပြီးသွားရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ကိုယ်ပြောင်းချင်တဲ့ နောက် Account တစ်ခုကို အဝင်အထွက် ခဏခဏ လုပ်စရာမလိုပဲ Click တစ်ချက်နဲ့ ပြောင်းနိုင်ပါပြီ။


ဒါတင်ပဲလား - မကသေးပါဘူး - ဥပမာ FarmVille မှာ Neighbors လို နေတဲ့သူတွေ - အလိုလျောက် Neighbors Add ချင်တဲ့ သူတွေအတွက်လည်းFacebook Auto Neighbor Adder ဆိုတာ ရှိပါတယ်။ သူ့ကို သွင်းထားပြီး Neighbor page ကို သွားလိုက်တာနဲ့ ရှိနေတဲ့ သူတွေကို အလိုလျောက် ဆင့်ခေါ်စာ ပို့သွားပါလိမ့်မယ်။ 

ဒီလောက်နဲ့တင် မပြီးသေးဘူး - Farmville Harvest Calculator ဆိုတာ ရှိသေးတယ်။ သူကတော့ စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်ကို အလိုလျောက် တွက်ချက်ပေးနိုင်တယ်။ အရိတ်နောက်ကျလို့ လယ်ပျက်ရတာမျိုး မဖြစ်တော့ဘူးပေါ့ -


နောက်ပြီး Unfriend Finder - သူကတော့ Facebook မှာ တစ်ယောက်ယောက်က ကိုယ့်ကို သူ့ရဲ့ Friend lists ထဲကနေ ဖျက်ထုတ်လိုက်တာမျိုး ရှိရင် ကိုယ့်ကို ဘယ်သူကတော့ မင်းကို သူငယ်ချင်း အဖြစ်က ရပ်စဲလိုက်ပြီ ဆိုတာ အသိပေးပေးတယ်။


နောက် ခဏခဏ Gifts တွေ ရောက်ရောက်လာပြီး တစ်ခုချင်းစီကို Accept လုပ်ရတာ ပျင်းနေသလား - ဒါဆိုလည်း LotsGiftsAccepter ဆိုတာ ရှိတယ်။ သူက ဝင်လာသမျှ Gifts တိုင်းကို Auto လက်ခံပေးသလို ကိုယ့်ဆီ ပို့ပေးတဲ့ သူတိုင်းကိုလည်း အလိုလျောက် Gifts ပြန်ပို့ပေးတယ်။ အကောင့်ထဲမှာ လူတွေ အရမ်းများနေလို့ ဖျက်ထုတ်ချင်ပြန်ပြီ ဆိုရင်လည်း FacebookDeletes ဆိုတာ ရှိတယ်။ တကယ်လို့ ကိုယ့် account ထဲမှာ လူရှိပေမယ့် ကိုယ်ဆော့တဲ့ ဂိမ်းမှာ သူငယ်ချင်းနည်းနေတယ် ဆိုပြန်ရင်လည်း ကိုယ့် Friend lists ထဲက အဲ့ဂိမ်းဆော့နေတဲ့ သူငယ်ချင်းတွေကိုFacebook Invites သုံးပြီး တစ်ခါတည်း အများကြီး Invite လုပ်လို့ ရတယ်။ ဒါတင်မက FarmVille မှာ Bonuses ယူတာ - အကောင်မွေးတာ - ဆီယူတာ - ကြက်ဥဖောက်တာ - ဆိုတာတွေ အားလုံးကို တစ်နေရာတည်းကနေ စီမံခန့်ခွဲပေးမယ့် FarmVille Wall Manager ဆိုတာလည်း ရှိသေးတယ်။

ခုဖော်ပြခဲ့တာတွေက Userscripts တွေ အသုံးပြုခြင်းရဲ့ ကောင်းကျိုးတွေထဲက ကဏ္ဍအသေးအဖွဲ လေးတွေပါ။ ဒီ့ထက်ပိုပြီး ကျယ်ပြန့်တဲ့ ကဏ္ဍအစုံက Userscripts တွေကို ဒီနေရာကနေ တဆင့် သွားရောက် ကြည့်ရှု အသုံးချနိုင်ပါသေးတယ်။

Userscripts များ အသုံးချနိုင်စေရန် ပြင်ဆင်ခြင်း

နောက်ပြီး ခု ဥပမာ ပေးခဲ့တဲ့ နေရာမှာ Google Chrome ကနေ အသုံးပြုပုံကိုပဲ ကျွန်တော် အဓိက ဥပမာပေး ပြောခဲ့ပါတယ်။ အကြောင်းက Google Chrome ဟာ Userscripts သုံးမယ်ဆိုရင် တစ်ခြားဘာမှ ထပ်သွင်းစရာမလိုပဲ Support ပေးထားပြီးသား ဖြစ်နေလို့ပါ။ တကယ်လို့ မိသားစုဝင်များ Firefox သုံးမယ်ဆိုရင်တော့ Userscripts တွဲဖက် အသုံးပြုလို့ ရအောင် အရင်ဆုံး Greasemonkey သွင်းထားဖို့ လိုပါတယ်။ Safari မှာ ဆိုရင်တော့GreaseKit ဆိုတာ သုံးရပါမယ်။

Userscripts အသုံးပြုခြင်း၏ ဆိုးကျိုးများ

ရွေးချယ်မှု ရှိလာတဲ့ အကြောင်းအရာတိုင်းမှာ ကောင်းကျိုးဆိုတာ ရှိသလို ဆိုးကျိုးဆိုတာလည်း တွဲပါလာတတ်ပါတယ်။ Userscripts ဆိုတာဟာ Scripting language ကို အသုံးပြုပြီး ရေးထားတာ ဖြစ်တဲ့ အတွက်ကြောင့် သူရေးထားတဲ့ Language ကို နားမလည်တဲ့ သူတစ်ယောက်အတွက် တွေ့သမျှ Userscripts တိုင်းကို မဆန်းစစ်ပဲ သုံးမယ်ဆိုရင် အန္တရာယ် ရှိနိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ Userscripts တွေမှာ ကိုယ့်ကွန်ပြူတာကို ပျက်စီးစေနိုင်မယ့် ( ဝါ ) ကိုယ့်ရဲ့ Personal informations ကို ခိုးယူမယ့် Scripting language တွေလည်း ရောပါနေတတ်လို့ပါ။ ဒါ့ကြောင့် Userscripts တစ်ခုကို သုံးမယ်လို့ စိတ်ကူးရှိရင် ဖြစ်သင့်တာ -


( ၁ ) Rating ကို ကြည့်ပါ။
( ၂ ) Posts တွေကို လေ့လာပါ။
( ၃ ) Fans တွေကို စစ်ဆေးပါ။
( ၃ ) Installs အရေအတွက်ကို အကဲခတ်ပါ။

ဒါမှသာ Userscripts တွေကို အန္တရာယ်ကင်းကင်းနဲ့ အသုံးချရာ ရောက်ပါလိမ့်မယ်။ Userscripts များ အကြောင်းနဲ့ ပတ်သတ်ပြီး မိသားစုဝင်များ အန္တရာယ်ကင်းရှင်းစွာနဲ့ ယုံကြည်စိတ်ချစွာ အသုံးချနိုင်ကြပါစေ။ 


KznT.

Play Angry Birds in any Web Browser

ကျွန်တော့် အကြိုက်ဆုံး Angry Birds ဂိမ်းလေး အခု Browser ထဲမှာ ဆော့လို့ ရနေပြီ - အရင်ထိပ်ဆုံးမှာ တင်ပေးခဲ့တုန်းက စက်ထဲမှာ Install လုပ်ရတာတွေ ဘာတွေနဲ့ မျက်စိနောက်စရာကောင်းနေတာ - ခု ဘာတစ်ခုမှ Install စရာမလိုပဲ Browser ကနေ တန်းဆော့လို့ ရတော့ ပိုအဆင်ပြေသွားတယ်။ Angry Birds ချစ်သူများ chrome.angrybirds.com မှာ ခုပဲ သွားရောက်ဆော့ကစားနိုင်ပါပြီ။


တကယ်လို့ URL မှတ်ထားရတာ ဝါသနာ မပါဘူးဆိုရင်လည်း Angry Birds ကို Chrome app တစ်ခု အနေနဲ့ Google Chrome ထဲမှာ ထည့်ထားလို့ ရပါတယ်။ Google Chrome - Chrome နဲ့ ပြောပြောနေလို့ ဒီ Angry Birds ကို Google Chrome တစ်ခုတည်းမှာပဲ ဆော့လို့ ရတာ မဟုတ်ပါဘူး - IE - Mozilla နဲ့ တစ်ခြား Browser တွေမှာပါ chrome.angrybirds.com ကနေ တစ်ဆင့် စိတ်ကြိုက် ဆော့နိုင်ပါတယ်။


ကမ္ဘာမကျေဌက်နှင့် အဆာမပြေဝက်

အရင်ပထမရေးထားတဲ့ ပို့စ်မှာကတည်းက ဌက်နဲ့ဝက် ဘာလို့ ဒီလောက် ကမ္ဘာမကျေ ဖြစ်နေကြလဲ ဆိုတာ တစ်ခါ ပြောထားခဲ့ဖူးတယ်။ ခု ဒီ့ထက်ပိုပြီး ဖြစ်ကြောင်းရယ်မှ ကုန်စင် နားလည်ချင်တယ်ဆိုရင် နောက်မှာ ဖော်ပြထားတဲ့ Video clip လေးကို တစ်ချက်ကြည့်ကြည့်ပါ။ ဌက်တွေ ဘာလို့ဒီလောက်တောင် ဒေါသထွက်နေကြတယ် ဆိုတာ ပိုသဘောပေါက်သွားလိမ့်မယ်။


LVL ခိုးနည်း နိဿရည်း


Angry Birds မှာ lvl တစ်ခုကို 3 Stars ရဖို့ တစ်ချို့အဆင့်တွေမှာ တော်တော်လေး ခက်တာ ဆော့ဖူးသူတိုင်း သိကြလိမ့်မယ်။ အဲ့အတွက်တော့ မပူနဲ့ - lvl အားလုံး 3 stars ရအောင်ခိုးနည်း ရှိတယ်  အထူးသဖြင့်တော့ lvl ကျော်ပြီး ဆော့ကြည့်ချင်သူတွေအတွက် ပိုအဆင်ပြေတာပေါ့။


လုပ်ရမယ့်နည်းက Game ကိုဖွင့်ထားပြီး အောက်မှာ Quote နဲ့ ပြထားတဲ့ စာကြောင်းကို Browser address bar မှာ Copy > Paste လုပ်ယုံပဲ။

Quote:
javascript: var i = 0; while (i<=69) { localStorage.setItem('level_star_'+i,'3'); i++; } window.location.reload();
နဂိုအတိုင်း ပြန်ဖြစ်ချင်ရင် ဒီအောက်က စာကြောင်းကို ပြန် Copy > Paste လုပ်။

Quote:
javascript: var i = 1; while (i<=69) { localStorage.setItem('level_star_'+i,'-1'); i++; } window.location.reload();
ဒီနည်းက မနေ့က Wesbos မှာ စာဖတ်ရင်းနဲ့ သိလာတာ။ Thanks to Wesbos who found this hack.

ပြောစရာလည်း ကုန်ပြီ - ဆော့ဖို့ပဲ ကျန်တော့တယ်။ Bye!

KznT.

Related Posts