Best Annotation Tools on Web Pages


Photo from made-in-china.com

Highlighter တွေရဲ့ သဘောတရားကို ကျွန်တော်သိခဲ့တာ စက်မှုတက္ကသိုလ် တတိယနှစ်လောက်က ဖြစ်မယ်ထင်ပါတယ် - လေ့လာမှု အားနည်းတာရယ် - အရာရာတိုင်းကို မပြောင်းလဲပဲ တစ်သမတ်တည်း လည်ပတ်နေတဲ့ လူမှုပတ်ဝန်းကျင်မှာ အသားကျပြီး ရုန်းမထွက်ချင်တော့ပဲ ပျော်ဝင်နေမိတာကြောင့်လည်း ပါပါလိမ့်မယ် - ကျွန်တော်တို့ ငယ်ငယ် ကျောင်းသား ကျောင်းသူ ဘဝတည်းက စာတွေဖတ်ခဲ့ကြတယ်/ကျက်ခဲ့ကြတယ်။ ခုချိန်ထိလည်း ဖတ်သင့်တာဖတ်/ကျက်သင့်တာ ကျက်နေရဆဲပဲ - ခု ဒီအသက်ဒီအရွယ်ကြီး ရောက်တော့မှ ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာတွေ ပြန်စဉ်းစားကြည့်မိတော့ အနှစ်သာရနည်းနည်းနဲ့ အပေါ်ယံ အကာတွေ လွှမ်းခြုံထားတဲ့ စာမျိုးတွေ ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာတွေမှာ တော်တော်များများ ပါဝင်နေပါလားဆိုတာ ပြန်သတိထားမိတယ်။ အဲလို အရောရောအနှောနှော ကြားမှာ ကြီးပြင်းခဲ့တဲ့ ကျွန်တော့်အတွက် ငယ်ငယ်တည်းကနေ ခု ဒီအသက်ဒီအရွယ်ထိ ဖတ်ခဲ့ဖူးတဲ့စာတွေ မနည်းမနောရှိပေမယ့် ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာတွေထဲက ဘယ်စာအုပ်ဟာ ဘာအကြောင်းအရာကို အဓိက ဖော်ပြချင်တာလဲ - ဘယ် ဆောင်းပါးဟာ ဘာရသကို ပေးစွမ်းချင်တာလဲ - ဘယ် နည်းပညာစာအုပ်က ဘယ်ပညာရပ်ကို လက်ဆင့်ကမ်း ချင်တာလဲ - ဘယ်စာပိုဒ်ထဲမှာ ဘယ်ဖော်ပြချက်တွေ ပါဝင်နေလဲ ဆိုတာမျိုး ကျွန်တော် ပြန်စဉ်းစား ကြည့်မိတော့ ကျွန်တော် ဘာတစ်ခုကိုမှ ရေရေရာရာ မမှတ်မိတော့ဘူး - မင်း ဒီစာအုပ်ကြားဖူးလား - ဟုတ်ကြားဖူးတယ် - မင်းဒီစာအုပ် ဖတ်ဖူးလား - ဟုတ်ကဲ့ ဖတ်ဖူးပါတယ် - ဒါဆို မင်းအဲ့စာအုပ်ထဲက စာအုပ်က ပေးတဲ့ ရသပိုင်းဆိုင်ရာ / ပညာရပ်ပိုင်းဆိုင်ရာ / အတွေးအခေါ်ပိုင်းဆိုင်ရာ အဓိကအကျဆုံး အကြောင်းအရာတွေကို မင်းမှတ်မိသလောက် ပြောပြစမ်းဆို ကျွန်တော် မပြောပြတတ်တော့ဘူး - ဟိုစာအုပ်က ဟိုအကြောင်းရေးသလိုလို - ဒီစာအုပ်က ဒီအကြောင်းပြောသလိုလို - ခေါင်းထဲမှာ အားလုံး ရောထွေးသွားတယ် - ဘာကြောင့်လဲ - ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့တွေဟာ - စာအုပ်တစ်အုပ် / စာရေးသူ တစ်ယောက်က ပေးတဲ့ ပညာရပ်ဆိုင်ရာ / အတွေးအခေါ်ပိုင်းဆိုင်ရာ / ဖော်ပြချက် အနှစ်သာရတွေကို စာအုပ်ကနေ ဖော်ထုတ် မမှတ်ယူတတ်ခဲ့ လို့ပါပဲ - 



Photo from en.wikipedia.org


ဒါ ဘယ်လောက် အရေးကြီးလို့လဲ လို့မေးလာရင် ကျွန်တော်ဖြေမိမှာ - သိပ်ကို အရေးကြီးပါတယ် ဆိုတဲ့ စကားပါ။ စာအုပ်တစ်အုပ် / စာပိုဒ်တစ်ပိုဒ် / စာကြောင်းတစ်ကြောင်းက ပေးတဲ့ ရသကို ကျွန်တော်တို့ ဖော်ထုတ် မမှတ်သားတတ်ခဲ့လို့ မလိုအပ်တာတွေကို ဆုပ်ကိုင်မိပြီး လိုအပ်တာတွေ မေ့လျော့ပျောက်ရှကျန်ခဲ့ပါရောလား - ဆုံးရံှုးမှုပေါင်း မြောက်များစွာ တစ်ပွေ့တစ်ပိုက် ဆုပ်ကိုင် ထားမိချိန် နောက်ပိုင်းမှာ ကျွန်တော် ဒီ Highlighter ဆိုတာနဲ့ စပြီး ရင်းနှီးခဲ့တယ်။ အသုံးပြုလိုက်ရင် စာရွက်တစ်ရွက်ရဲ့ မျက်နှာပြင်တွေ စုတ်ပေ ညစ်ထေးသွားမှာပေါ့ ဆိုတဲ့ အတွေးနဲ့ မျက်ကွယ် ပြုမိခဲ့တဲ့ ကျွန်တော် - ကျွန်တော့်ဘဝ စာမျက်နှာ တော်တော်များများ စုတ်ပြေညစ်ထေးပြီးတော့မှ စာရွက်တစ်ရွက်ရဲ့ မျက်နှာပြင် စုတ်ပေညစ်ထေးမှုဆိုတာ ဘဝတစ်ခုရဲ့ စာမျက်နှာ စုတ်ပေညစ်ထေး သွားမှုထက် စာရင် အများကြီး ခံသာပါလား ဆိုတာ ကျွန်တော် သိခဲ့တော့တယ်။


ခုလက်ရှိချိန်မှာတော့ ကျွန်တော်ဟာ Highlighter pen ကို ကိုယ်နဲ့ မကွာ ဆောင်ထားတတ်ခဲ့ပြီ - အလုပ်စားပွဲပေါ် - စာကြည့်စားပွဲပေါ် - ကိုယ်နဲ့ မကွာ ပါသွားတတ်တဲ့ မှတ်စုစာအုပ်ရဲ့ အတွင်းဘက် အဖုံးကပ်ထူ တစ်ခုပေါ် - စသဖြင့် ကျွန်တော့် အနီးအနားမှာ ရှိနေတတ်ခဲ့ပြီ။ ဒါပေမယ့် ခု ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ၂၁ ရာစုဆိုတာ စာအုပ်ကို လက်ထဲကိုင်ပြီး Highlighter နဲ့ အရေးကြီးတာတွေ လိုက်တားနေယုံ တစ်ခုတည်းနဲ့ လုံလောက်တဲ့ ခေတ် မဟုတ်တော့ဘူး - စာအုပ်တွေ အစား - Ebooks ဆိုတာတွေ ပေါ်လာပြီ - ကမ္ဘာ့တစ်နှံ့တစ်လွှားက နည်းပညာ ပြောင်းလဲမှု ဆိုတာတွေကို အချိန်နဲ့ တစ်ပြေးညီ မှတ်တမ်းတင် ဖော်ပြပေးနေတဲ့ Webpage ဆိုတာတွေ ပေါ်လာပြီ - ခုလို ပြောင်းလဲလာတဲ့ နည်းပညာခေတ်မှာ Highlighter ကိုင်ပြီး စာကြောင်းတွေ လိုက်ရွေးထုတ်လို့ မရတော့ဘူး - စာအုပ်တစ်အုပ်ကိုင်ပြီး ဘောပင်နဲ့ Note လိုက်မှတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး - 

တစ်ဟုန်ထိုး ပြောင်းလဲနေတဲ့ နည်းပညာရေစီးကြောင်းမှာ ရှေ့ဆုံးကနေ ထိုးဖောက်မသွားနိုင်ရင်တောင် ကျွန်တော်တို့ အလိုက်သင့် မျောပါသွားနိုင်ဖို့အတွက် ဟိုးငယ်စဉ်တုန်းက Highlighter တစ်ချောင်း ကိုင်ပြီး Note ထုတ် ဖတ်မှတ်ခဲ့စဉ် တုန်းကလို Web စာမျက်နှာတွေပေါ်မှာ ကျွန်တော်တို့ နေ့စဉ် ဖတ်မှတ်လေ့လာခဲ့တဲ့ အကြောင်းအရာတွေထဲက အရေးအပါဆုံး အချက်အလက်တွေကို မျဉ်းတား မှတ်သားတတ်ဖို့ လိုလာပါပြီ။ 

အရင်ကတော့ ကျွန်တော်တို့အတွက် အဓိက လိုအပ်တဲ့ အကြောင်းအရာတွေကို လိုင်းတား မှတ်သားခဲ့တာ စာရွက်ပေါ်မှာပါ - ဒါပေမယ့် ခု လိုင်းတားရမှာ Digital စာလုံးတွေ အနေနဲ့ Web စာမျက်နှာတွေပေါ်မှာ စာစီထားတဲ့ စာကြောင်းတွေကို Highlight လုပ်ရမှာဖြစ်ပါတယ်။ ဒါတင်မက ကိုယ် အဓိက အချက်တွေ အနေနဲ့ မှတ်သားထားတာလေးတွေကို သူငယ်ချင်း အသိမိတ်ဆွေ တွေကိုလည်း Share လုပ်ပြီး သိလိုက်စေချင်သေးတယ်။ ဒီလိုဆို ကိုယ်ဖတ်မိတဲ့ အကြောင်းအရာထဲက အဓိက အချက်လေးတွေ ဆွဲထုတ်ပြီး သိမ်းထားနိုင်ဖို့နဲ့ Share လုပ်ဆောင်နိုင်ဖို့ Options နှစ်မျိုးလုံးကို ဝန်ဆောင်မှု ပေးတဲ့ နေရာ တစ်ခုခုကို သိဖို့ လိုလာပါပြီ -  ဒါတင်မက Web ပေါ်မှာ တည်ရှိနေတဲ့ စာတွေကို Highlight လုပ်ပေးနိုင်မယ့် Highlighter pen တစ်ချောင်းလည်း ရှိနေဖို့ လိုအပ်လာပါပြီ။ ဒီအခက်အခဲတွေကို ကိုယ့် ကွန်ပြူတာထဲမှာ ဘာ Software မှ အပိုဆောင်းတင်စရာ မလိုပဲ ပြေလည်စေမယ့် နေရာကတော့ Awesome Highlighter ပဲ ဖြစ်ပါတယ်။



Awesome Highlighter ကို သွားပြီး Webpage တစ်ခုကို ဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ mouse cursor လေးဟာ အလိုလို နေရင်း အပေါ်မှာ မြင်တွေ့နေရတဲ့ အတိုင်း Highlighter pen တစ်ချောင်းအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ရမှာဆိုလို့ ကိုယ် အဓိက လိုချင်တဲ့ စာကြောင်းလေးတွေကို ပုံမှန် လုပ်ဆောင်နေကျ အတိုင်း Select လုပ်ယုံပါ - အဲလို လုပ်ဆောင်လိုက်ရင် ကိုယ် ရွေးချယ်လိုက်တဲ့ စာကြောင်းတွေဟာ အလိုလို Highlight လုပ်ဆောင်ပြီးသား ဖြစ်သွားပါလိမ့် မယ်။ တကယ်လို့ အရောက်မကြိုက်ရင်လည်း တစ်ခြား အရောင်ပြောင်းရွေးလို့ ရပါတယ်။ ဒါတင်မက ကိုယ် Highlight လုပ်ထားတဲ့ စာမျက်နှာမှာ မိမိစိတ်ကြိုက် ထည့်သွင်းချင်တဲ့ Notes စာသားတွေကိုလည်း အထက်ဖော်ပြပါ အတိုင်း ထည့်သွင်း နိုင်ပါသေးတယ်။ ဥပမာကြည့်ရန်


နောက်တစ်ခု မိတ်ဆက်ပေးချင်တာကတော့ BounceApp ပါ – သူကတော့ Web page တစ်ခုလုံးကို screenshots လုပ်ပြီး အဲ့ဒီ့ screenshots ကိုမှ built-in tools တွေနဲ့ ကိုယ့်ရဲ့ မှတ်ချက်တွေ ထည့်သွင်းပေးနိုင်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။



ကျွန်တော်တို့လုပ်ဆောင်ရမှာ ကိုယ် ဝန်းဝိုက်ဖော်ပြချင်တဲ့ စာကြောင်းတွေကို အနားသတ်မျဉ်း ဆွဲပေးပြီး ကိုယ့် မှတ်ချက် ထည့်သွင်းပေး ယုံပါပဲ။ ဒီလိုလုပ်ဆောင်ထားခြင်း အားဖြင့် Web page ရဲ့ ဘယ်နေရာမှာ ဘာအကြောင်းအရာ ရှိတယ် ဆိုတာ ကျွန်တော်တို့ အလွယ်တကူ ပြန်လည် ရှာဖွေရရှိနိုင်ပါတယ်။ ဥပမာကြည့်ရန် BounceApps ရဲ့ မကောင်းတဲ့ အချက်တွေက မြန်မာလို ရေးသားထားတဲ့ စာမျက်နှာတွေနဲ့ အဆင်မပြေတာ - Image format ဖြစ်လို့ ကိုယ် Shared လုပ်ထားတဲ့ စာမျက်နှာကို တစ်ခြားသူ တစ်ယောက် ဝင်ရောက် ဖြည့်စွက် ပြင်ဆင်ပိုင်ခွင့် မရှိတာ ဆိုတာမျိုးတွေ ရှိလာပါတယ်။


နောက်ဆုံး တစ်ခု အနေနဲ့ စမ်းသပ်ကြည့်သင့်တာကတော့ WebKlipper ပါ။ အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ Awesome Highlighter တို့ WebKlipper တို့လိုပဲ သူလည်း ကိုယ်ရွေးထုတ်ချင်တဲ့ စာကြောင်းတွေကို Highlights လုပ်နိုင်သလို ကြိုက်ရာ Web စာမျက်နှာတွေပေါ်မှာ Notes တွေလည်း ရေးသားနိုင်ပါတယ်။ တစ်ခု ထူးခြားသွားတာလေး တစ်ချက်က WebKlipper မှာ ဒီလုပ်ငန်းစဉ်တွေကို  keyboard shortcuts အကူအညီနဲ့ လုပ်ဆောင်နိုင်တာပါ။ ဒါ့ကြောင့်  keyboard shortcuts အသုံးပြုလိုသူများ အတွက် ပိုပြီး အဆင်ပြေစေလိမ့်မယ်လို့ ယူဆမိပါတယ်။


WebKlipper ရဲ့ ထူးခြားချက် နောက်တစ်ခုက ကိုယ် Highlights ပေးပြီး မှတ်သားထားတဲ့ အကြောင်းအရာကို အခြားလူ တစ်ယောက်ဆီ ဝေမျှတဲ့ အခါ တစ်ခြားသူကလည်း သူကြိုက်နှစ်သက်ရာ အကြောင်းအရာကို ထပ်မံပေါင်းစပ်ပြီး Highlights မှတ်သားနိုင်တာပါ - ဒါဟာ ကောင်းတဲ့ အမြင်နဲ့ ကြည့်ရင် ကောင်းတယ်ဆိုပေမယ့် တစ်ချို့ကလည်း မကောင်းဘူးလို့တော့ ထင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူညီကြတာမို့ ဘာက အမှန်ဆိုတာကိုတော့ ကျွန်တော်လည်း မပြောပြတတ်ပါဘူး -

Web Pages တွေပေါ်မှာ Highlights မှတ်သားတာနဲ့ ပတ်သတ်ပြီး ကျွန်တော် ဖော်ပြချင်တာကတော့ ဒီလောက်ပါပဲ -

မိသားစု အားလုံး ကိုယ့်ဘဝအတွက် အမှန်တကယ် လိုအပ်သည်များကိုသာ ရွေးချယ် ထုတ်နှုတ် ရယူနိုင်ပါစေ -

KznT.

Letters To My Daughter ( 3 )

အင်တာနက်ထဲ လည်ပြီ ပတ်ပြီ စာတွေဖတ်ပြီ - ဒီလိုဆို သမီးမှာ သူငယ်ချင်းတွေ ရလာတော့မယ်။ သူငယ်ချင်းတွေဆို အနွံတာ ခံပြီး အမြဲ ကူညီပေးချင်တတ်တဲ့ ဖေ့သမီးလေးက အွန်လိုင်းပေါ်က သူငယ်ချင်းတွေ တစ်ခုခုလိုအပ်လို့ ( စာအုပ်တွေ ဖြစ်စေ - Software တြွေဖစ်စေ - သီချင်းတွေ ၊ ဗွီဒီယိုတွေ ဖြစ်စေ ) ဝေမျှဖို့ တောင်းခံလာရင် သမီးမဖြစ်မနေ သိထားဖို့ နောက်တစ်ခု လိုအပ်လာပြီ - အဲတာကတော့ လက်ခံသူနဲ့ ဝေမျှသူကြားမှာ ပေါင်းကူးတံတား အဖြစ် ဆောင်ရွက်ပေးနေတဲ့ Uploading Sites တွေပဲ သမီး - ကပ်စေးနဲပြီး အသုံးနဲ့ အဖြုန်းကို ခွဲခြား သိတတ်တဲ့ သမီးက တော်ရုံနဲ့တော့ Uploading Sites တွေက Premium account ကို ဝယ်မှာ မဟုတ်ဘူး ဆိုတာလည်း ဖေဖေသိတယ်။ ဒီလိုဆို သမီးနဲ့ သမီးရဲ့ သူငယ်ချင်းတွေ ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်နေတဲ့ ဖိုင်တွေ လေလိှုင်းပေါ်ကနေ တစ်ဆင့် ဝေမျှနိုင်ဖို့ ဖေဖေရေးထားဖူးတဲ့ Multiple File-Hosting Sites များအကြောင်း ဆိုတာကို သမီး ဖတ်ထားရတော့မယ်။




ဒီတစ်ခုတည်းတင် ဘယ်ဟုတ်ပါ့မလဲ - File Sharing နဲ့ ပတ်သတ်ရင် နောက်ထပ် သမီး မဖြစ်မနေ ဖတ်ရဦးမယ့် တစ်ခြား အကြောင်းတွေ ဖေဖေ ရေးထားတာ ရှိသေးတယ်။ အဲတာတွေကတော့ လျင်မြန်လွယ်ကူသော Sharing နည်းစနစ်အင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်းအလွယ်ကူဆုံး File Sharing နည်းပညာအား အသုံးချခြင်း ဆိုတာတွေလည်း သမီး ဖတ်ထားသင့်သေးတယ်။

တစ်ခါတစ်လေမှာ သမီးရဲ့ သူငယ်ချင်းက သမီးဆီကို Documents တွေ - Images တွေ ဒါမှမဟုတ် Video clips တွေ ပို့ပေးလာကြပြီး သမီးစက်ထဲ ရောက်တော့ သူတို့ ပေးတဲ့ဖိုင်တွေက ဖွင့်လို့ မရဖြစ်နေတာမျိုး သမီး ကြုံရလိမ့်ဦးမယ်။ အဲလို ဖြစ်ရင် သမီး စိတ်မပူနဲ့ - ဒါက သူတို့ မှားတာလည်း မဟုတ်ဘူး - သမီးမှားတာလည်း မဟုတ်ဘူး - ခုလို ဖြစ်နေတာ သမီးစက်ထဲမှာ သက်ဆိုင်ရာ ဖိုင်အမျိုးအစားတွေကို မှန်မှန်ကန်ကန် ဖွင့်ပေးနိုင်တ့ဲ Software တစ်ခု မရှိလို့ပဲ - အဲလို ဖြစ်နေရင် အလွယ်ကူဆုံး ပြင်ဆင်နိုင်တာ online-convert.com ပဲ သမီး -


နောက် သူ့လိုပဲ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ပုံချင်းတူတဲ့ zamzar.com - convertfiles.com နဲ့ တစ်ခြား ဆိုဒ်တွေလည်း အများကြီးကို ရှိသေးတယ် သမီးရေ - ဒီ Free online file converter တွေရဲ့ လုပ်ဆောင်ချက်က ဖိုင်တစ်ခုခု သမီးထည့်လိုက်ရင် Audio ဆို Audio အလျှောက် - Image ဆို Image အလျှောက် - Document ဆို Document အလျှောက် သမီးလိုချင်တဲ့ တစ်ခြား သမီးစက်ထဲမှာ ရှိတဲ့ Software ရဲ့ Format ကို ထုတ်ယူလို့ ရတာပဲ -

သြော် အဲတာနဲ့ စကားစပ်မိတုန်း သမီးကို တစ်ခါတည်း မေးကြည့်ရဦးမယ် - တစ်ခါတစ်လေလေများ Applications တွေ စက်ထဲ Install လုပ် သုံးနေရတာ စိတ်မပျက်မိဘူးလား ?? အဲလိုများ စိတ်ထဲ ဖြစ်လာရင် သမီး သဘောကျတဲ့ Software လေးတွေကို Install လုပ်စရာ မလိုပဲ Portable သုံးလို့ ရသေးတယ် သမီးရဲ့ - အဲ့အတွက်တော့ Portable Software တွေကို တစ်ခုချင်း လိုက်ရှာနေစရာ မလိုပဲ လူကြိုက်များ လူသုံးများတဲ့ Applications တွေအားလုံးကို Portable အဖြစ် စုစည်းပေးထားတဲ့ အသင့်သုံး Portable Apps Suites များ ဆိုတာ ရှိသေးတယ် သမီးရေ - သေချာတာပေါ့ သမီးဖတ်ကို ဖတ်ရလိမ့်ဦးမယ်။ ဖေဖေက တစ်ချိန်လုံး စာဖတ်ခိုင်းနေတာပဲလို့ သမီးကတော့ ပြောတော့မယ်။ ဒါပေါ့ - သမီးက အများကြီး သိချင်တာကိုး - အများကြီး သိချင်တဲ့ သူဆိုတာ ဘယ်တော့မှ သူများကို အမြဲတမ်း အားကိုးလို့ မရဘူး သမီး - ကိုယ်ကိုယ်တိုင်က စာများများဖတ်မှ ကိုယ်သိချင်သလောက်ကို ပြည့်ပြည့်ဝဝ သိနိုင်လိမ့်မယ် - သိချင်စိတ်တော့ ရှိပါရဲ့ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အားမကိုးပဲ သူများကိုပဲ သမီး အားကိုးနေမယ် ဆိုရင် သူများပေးသလောက်ပဲ ငါ့သမီးလေး ရနေမှာပေါ့ - ဒါ့ကြောင့် ဖေဖေကတော့ သမီးတစ်ခုခု မေးလာရင် စာတွေပဲ ဖတ်ခိုင်းနေရဦးမှာပဲ -

ချစ်သမီးသို့ ပေးစာများ အမှတ် ( ၄ ) ဆက်ရန် -

KznT.

DVD-R, DVD-RW, DVD+R, DVD+RW

Originally Posted by tainlwar 
မိသားစုများ ခင်ဗျာ....Burn ပီးသား DVD အခွေကို ပြန်ဖျက်လို့ရမလား မသိဘူး...ကျွန်တော်က ကွန်ပျုတာ ဗဟုသုတ တွေကိုလေ့လာနေဆဲ မို့ မသိလို့ ကူညီပေးကြပါဦး...ရမယ်ဆိုရင်လဲလုပ်နည်း လေးကိုအသေးစိတ်ရှင်းပြပေးပါလား ခင်ဗျာ....

Originally Posted by ငြိမ်းချမ်း 
မရလောက်ဘူးလို့ထင်တယ်ဗျ... burnပီးသားခွေကိုသာ ထပ်ပြီးburn လို့ရတာ... ကျွန်တော်လည်းအဲဒါကို ရရင် သိချင်နေပါတယ်.. သိတဲ့သူတွရှိရင်တော ့ဝင်ဖြေကြပါလိမ့်မယ်..
ဖော်ပြထားတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး မဖြစ်မနေ သိထားသင့်တဲ့ အကြောင်းအရာ တစ်ချို့ ရှိပါတယ်။ Burn ပီးသား DVD အခွေကို ပြန်ဖျက်လို့ ရသလား ဆိုတဲ့ မေးခွန်းက တကယ်တော့ မပြည့်စုံသေးပါဘူး - ဘာကြောင့်လည်းဆို ကျွန်တော်တို့ DVD လို့ ပြောလိုက်တာနဲ့ အရင်ဆုံး Format နှစ်မျိုးရှိတာ သိထားရပါလိမ့်မယ်။ အ့ဲဒီ Format နှစ်မျိုးက "Minus" ("-") Formats လို့ ခေါ်တဲ့ ( DVD-R, DVD-RW ) ဆိုတာရယ် "Plus" ("+") Formats လို့ ခေါ်တဲ့ ( DVD+R, DVD+RW ) ဆိုတဲ့ နှစ်မျိုးဖြစ်ပါတယ်။ ဒီ +R တို့ -R တို့ +RW တို့ -RW တို့ဆိုတာ Data တွေကို ဘယ်လိုခန့်ခွဲနိုင်မယ် ဆိုတာကို အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။




Photo from online.tenadigitalmarket.com

နားလည်လွယ်အောင် ပြောရရင် "Minus" ("-") Formats ဆိုကြပါစို့ - သူ့မှာ DVD-R နဲ့ DVD-RW ရှိတယ်။ အဲမှာ DVD-R ဆိုတာ write-once format ကို ဆိုလိုပါတယ်။ ပြောချင်တာက အဲ့အခွေက Data တွေ တစ်ကြိမ်တစ်ခါ ရိုက်တာကိုပဲ ခွင့်ပြုတယ် - တစ်ခါရိုက်လိုက်ပြီးတာနဲ့ အဲ့ဒီ့ DVD မှာ နောက်ဘယ်တော့မှ Data ထပ် Burn လို့ မရတော့ဘူး - ရိုက်ထားတဲ့ အတိုင်းပဲ တစ်သက်လုံး သိမ်းသွားပေတော့ ဆိုတဲ့ သဘောဖြစ်ပါတယ်။ သူနဲ့ ကွာခြားသွားတဲ့ DVD-RW ဆိုတာကကျတော့ Data တွေကို တစ်ကြိမ်ထက်မက ရိုက်နိုင်တယ် အကြိမ်ပေါင်းမြောက်များစွာ ရိုက်နိုင်တယ် - ရိုက်ပြီးသားလည်း ပြန်ဖျက် ပြန်ရိုက်လို့ ရတယ် - ဒါကို ဆိုလိုတာ ဖြစ်ပါတယ်။ ခဏခဏ ပြန်ရိုက်လို့ ရတယ် ဆိုပေမယ့်လည်း တန်ဆေးလွန်ဘေး ဆိုသလိုမျိုး ခဏခဏ ရိုက်လိုက် ဖျက်လိုက် လုပ်လို့တော့ မကောင်းပါဘူး - သူလည်း ပစ္စည်းပဲမို့ ပျက်တာကတော့ ပျက်နိုင်တာပါပဲ -


Photo from memorex.com

နောက်တစ်ခုက "Plus" ("+") Formats လို့ ခေါ်တဲ့ ( DVD+R, DVD+RW ) အကြောင်း - သူ့အကြောင်းကို ပြောမယ်ဆို နည်းနည်းတော့ လက်ပေါက်ကပ်ပါတယ်။ DVD+R ဆိုတာ DVD-R လိုမျိုးပဲ ( 4.7GB ) data storage capacity ရှိပြီး write-once format ပဲ လုပ်နိုင်တဲ့ DVD ဖြစ်တာချင်း တူပေမယ့် သူ့မှာ DVD players တော်တော်များများနဲ့ တွဲဖက် အသုံးပြုနိုင်စေဖို့ ပြင်ဆင်ထား ပါတယ်။ နောက် DVD+RW မှာကတော့ DVD-RW နဲ့ မတူတော့ပဲ စွမ်းဆောင်ရည်လေးတွေ ဒီ့ထက် နည်းနည်းပိုလာပါတယ်။ ဆိုလိုတာ DVD+RW ခွေနဲ့ ရိုက်ရင် Data တွေကို ပိုမြန်မြန် ရိုက်လို့ ရမယ်။ နောက် Disk ထဲမှာ ထည့်မယ့် Data တွေကို အလွယ်တကူ ပြင်ဆင်နိုင်ဖို့ Desktop ပေါ်ကနေ ဖိုင်တွေ drag-and-drop လုပ်လို့ ရမယ် - internal linking ကောင်းမယ် ( internal linking ဆိုတာ Technical အရ ပြောတာပါ - အရေးသိပ်မကြီးပါဘူး ) - အဲလို ကျွန်တော် ဖော်ပြပြီးခဲ့တဲ့ အားသာချက် အားနည်းချက်တွေကြောင့် ( DVD-R, DVD-RW ) တွေက ( DVD+R, DVD+RW ) ထက်စာရင် ဈေးကွက်မှာ ဈေးပိုသက်သာတာ တွေ့ရပါလိမ့်မယ်။ ( DVD+R, DVD+RW ) တွေကတော့ ဈေးနည်းနည်းပိုကြီးတတ်ပါတယ်။

ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆို ဘယ် DVD က ခဏခဏ ဖျက်လို့ ရတယ် - ဘယ်ဟာကတော့ ဖျက်လို့ မရဘူး - DVD ချင်းတူပေမယ့် ဘာတွေက ဘယ်လိုကွာခြားတယ် ဆိုတာ နားလည်နိုင်လိမ့်မယ် ထင်ပါတယ်။

KznT.

Letters To My Daughter ( 2 )

တစ်နေ့နဲ့ တစ်နေ့ အင်တာနက်ထဲမှာ Websites တွေ လည်တာ ပတ်တာလည်း များပြီ - ဟိုနေရာမှာလည်း Account လုပ်လာ - ဒီနေရာမှာ Account လုပ်လာ - ဒီလိုဆို မကြာခင်မှာ သမီး Passwords တွေကို မှတ်မိဖို့ အခက်အခဲ ရှိလာလိမ့်မယ်။ အဲ့အတွက်တော့ Site တစ်ခုမှာ တစ်မျိုးစီပြောင်းပြီး ပေးလာခဲ့တဲ့ သမီးရဲ့ passwords တွေကို KeePass ကနေ တာဝန်ကျေကျေနဲ့ မှတ်သားပေးပါလိမ့်မယ်။ KeePass လို့ ပြောလိုက်လို့ Password တွေ မှတ်ထားဖို့ရာ ဒီတစ်ခုတည်းလား ဆိုပြီး သမီးမေးလိမ့်ဦးမယ်။ သူနဲ့ သဘောတရားတူပြီး လုပ်ဆောင်ချက်လေးတွေ မဆိုစလောက်ပဲ လွဲတဲ့ တစ်ခြား Software တွေလည်း ရှိသေးတယ် သမီး - အဲတာကိုတော့ ဖေဖေရေးခဲ့တဲ့ Passwords များ လုံခြုံရေး သတိပြုနိုင်ကြစေရန် ဆိုတဲ့ စာထဲမှာ ဖော်ပြခဲ့ဖူးတယ်။ နောက်ပြီး Password နဲ့ ပတ်သတ်လာရင် မှတ်ရခက်တဲ့ ခက်ခက်ခဲခဲ Password ပေးဖို့ အမြဲ အပျင်းကြီးတတ်တဲ့ သမီးလေးက Account လုပ်တိုင်း လွယ်လွယ်ကူကူ Password တွေ ပေးတတ်တာ ဖေဖေ သတိထားမိတယ်။ ဘာမှ မဖြစ်သေးခင်မှာ ဘာမှ မဖြစ်ပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ ပေါ့ဆမှုကြောင့် ခန့်မှန်းရ အင်မတန်လွယ်တဲ့ သမီးရဲ့ Passwords တွေကို သူများတွေ အလွယ်တကူ သိသွားပြီး သမီး တန်ဖိုးထားတဲ့ အရာတွေ ဆုံးရံှုးရလိမ့်မယ်။ အဲလို မဖြစ်အောင် Password တွေကို ဘယ်လို ပေးမလဲ - ကိုယ်ပေးတဲ့ Password တွေ ကြံ့ခိုင်မှု ရှိအောင် ဘယ်လို စစ်ဆေးမလဲ ဆိုတာ သင့် Password မည်မျှ ကြံ့ခိုင်ပါသနည်း ?? ဆိုပြီး သမီးအတွက် ဖေဖေရေးထားပေးတယ်။


အင်တာနက်ထဲ ရောက်ပြီဆိုရင် သမီး ဟို ဆိုဒ်ဝင် ဒီ ဆိုဒ်ထွက်နဲ့ စာတွေဖတ်ရင်း - သိချင်တာလေးတွေ လေ့လာရင်း Blog ဆိုတဲ့ ကိုယ်တိုင်ရေး Personal Web စာမျက်နှာတွေအကြောင်းကိုလည်း သတိထားမိ လာလိမ့်ဦးမယ်။ အဲလို သတိထားမိလာတဲ့ တစ်နေ့မှာ Blog တစ်ခု ဘယ်လို တည်ဆောက်ရတယ် ဆိုတာ သမီး သိချင်လာလိမ့်မယ်။ Personal Blog တစ်ခုကို Limit ကန့်သတ်ချက် မရှိ Free ဝန်ဆောင်မှု ပေးတဲ့ Blog Services တွေ တော်တော်များများရှိပြီး - သူတို့တွေ တစ်ခုနဲ့ တစ်ခု ဘယ်လို အားသာချက် အားနည်းချက်တွေ ရှိတယ် ဆိုတာ ဒီနေရာမှာ သမီး ဖတ်ကြည့်နိုင်ပါတယ်။ သူတို့တွေ အားလုံးထဲမှာ ဖေဖေ Blog ရေးခဲ့တဲ့ ကာလတစ်လျှောက် စိတ်ချမ်းသာဖို့ အကောင်းဆုံးနဲ့ အဆင်အပြေဆုံး Free ဝန်ဆောင်မှုပေးခဲ့တာ Blogger ပဲ ဆိုတာတော့ သမီးသိအောင် ညွှန်းလိုက်ချင်ပါသေးတယ်။ Blog တစ်ခု ဘယ်လို တည်ဆောက်ရတယ် ဆိုတာ ( MM versions ) Computer ebooks collection ထဲမှာ အသေးစိတ် ဖော်ပြထားတဲ့ စာအုပ်တွေ ဖေဖေထည့်ထားပေးတယ်။ ခုဒီနေရာမှာတော့ Blog တစ်ခုကို ဘယ်လိုတည်ဆောက်တယ် ဆိုတာထက် Blog Post တစ်ခုကို ဖန်တီးတဲ့ နေရာမှာ ဘယ်နေရာမှာ Blog Post တစ်ခုကို အရင်ဆုံး ပုံစံချပြီး သိမ်းထားသင့်မယ် ဆိုတာ ပြောပြချင်တယ်။ Blog Post တစ်ခုကို အကြမ်းထည် ဖန်တီးတဲ့ နေရာမှာ ဖေဖေတို့ လုပ်ဆောင်နေကျ စက်ထဲမှာ ရှိနေတဲ့ Microsoft Office မှာ အကြမ်းရေးပြီးမှ Blog Post ထဲကို Paste လုပ်ပြီး Publish ပေးလို့ ရသလို - Blogger ထဲမှာပဲ တစ်ခါတည်း တန်းရေးပြီး Publish ပေးလို့လည်းရတယ်။ ဒါပေမယ့် အဲတာတွေ အားလုံးထက် ကောင်းတဲ့ နောက်နည်းလမ်း တစ်ခုက Google Docs ကို သုံးပြီး Blogger ကို တိုက်ရိုက် Post တင်တဲ့ နည်းပဲ။ Google Docs ရဲ့ အသုံးဝင်ပုံ အကြောင်းကို အသုံးဝင် Google Docs Features များအကြောင်း ဆိုပြီး ရေးထားခဲ့ဖူးတယ်။ သမီး Blog ရေးဖို့ စိတ်ဝင်စားတဲ့ တစ်နေ့ ဖတ်ကြည့်စေချင်တယ်။


အင်တာနက်ထဲမှာ လှည့်ပတ်လေ့လာပြီ ဆိုရင် မဖြစ်မနေ သတိထားရမယ့် အချက်တစ်ချက်လည်း ရှိသေးတယ် သမီး - အဲတာကတော့ သမီးလည်း ကြားဖူးနားဝ ရှိနေတဲ့ viruses, spyware, scareware, trojans, နဲ့ worms တွေ ရဲ့ အန္တရာယ်ပဲ။ Virus တွေရဲ့ အန္တရာယ် နဲ့ Antivirus တွေရဲ့ တိုက်ဖျက်နိုင်စွမ်းကို ဖေဖေ အကြမ်းဖျဉ်းသုံးသပ်နိုင်အောင် ရေးထားတဲ့ Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ ဆိုတဲ့ အကြောင်းကိုတော့ သမီးလေး ဖတ်ထားမှ ဖြစ်လိမ့်မယ်။ ဒါမှ ဘာတွေက ဘယ်လို အန္တရာယ်ရှိပြီး သူတို့ကို ဘယ်လို ကာကွယ်ရမယ် ဆိုတာ အကြမ်းဖျဉ်း သမီး သိထားနိုင်လိမ့်မယ်။ အဆော့အရမ်း သန်တဲ့ ဖေဖေ့သမီးလေးက အင်တာနက်ထဲရောက်ရင်လည်း ဂိမ်းတွေ ဆော့ဦးမှာ သေချာတယ် - ဒီလိုဆိုရင်တော့ ငွေကုန် ကြေးကျနည်းပြီး မိန်းကလေးတွေ တော်တော်များများ နှစ်သက်ကြတဲ့ Facebook က ဂိမ်းလေးတွေ အကြောင်း သမီးသိထားမှ ဖြစ်ဦးမယ်။



အဲ့အတွက် Top 20 Facebook Games ဆိုတာကို သမီး ဖတ်ကြည့်သင့်တယ်။ ဒါမှ ဘယ်ဂိမ်းလေးတွေ သမီးဆော့ဖို့ ပိုအဆင်ပြေမယ် ဆိုတာ အကြမ်းဖျဉ်း သိပြီးသား ဖြစ်သွားလိမ့်မယ်။ ဂိမ်းဆော့တာတော့ ဟုတ်ပြီ - ဒါပေမယ့် ဂိမ်းလေးလည်း ဆော့ရင်း ကုသိုလ်လည်းရ ပညာလည်းကျန်မယ့် တစ်ခြား ဂိမ်းတစ်ခုလည်း ဖေဖေက ညွှန်လိုက်ချင်သေးတယ်။ ဘယ်ဂိမ်းလေးလဲ ဆိုတာတော့ သမီး Donation + Game = FreeRice ကို ဖတ်ရလိမ့်မယ်။ တစ်ခြား အာလာဒင် တို့ Mario တို့ သမီးဆော့ချင်သေးတယ် ဆိုရင် ဂိမ်းသေးသေးတွေ သမီးဆော့နိုင်ဖို့ ဂိမ်း ဆော့ရအောင် ဆိုပြီး ဖေဖေရေးထားတာ ရှိသေးတယ်။ သီချင်းဆိုရင် ငယ်ငယ် မွေးကင်းစလေးတည်းက ဝူးဝူးဝါးဝါးနဲ့ လိုက်ဆိုတတ်တဲ့ သမီးက ခုလည်း သီချင်းတွေ နားထောင်ဖို့ အင်တာနက်ထဲမှာ လိုက်ရှာဖြစ်မှာ မလွဲဘူး - ဒါဆို အဆင်ပြေပြေနဲ့ သမီးလိုချင်တ့ဲ သီချင်းတွေ ရှာတွေ့နိုင်ဖို့ အင်တာနက်အတွင်း သီချင်း ရှာဖြွေခင်း ဆိုတာကိုလည်း သမီး ဖတ်ရလိမ့်ဦးမယ်။ ကြုံလို့ တစ်လက်စတည်း ပြောရရင် အင်တာနက် ထဲမှာ သီချင်းပဲ ရှာရှာ - Applications တွေပဲ ရှာရှာ အလွယ်တကူနဲ့ လိုချင်တာကို အမြန်ဆုံးရှာလို့ တွေ့နိုင်တာ Torrent Sites တွေမှာပဲ ဆိုတာ သမီးကို သိစေချင်သေးတယ်။ ဒါ့ကြောင့် Torrent တွေရဲ့ အလုပ်လုပ်ပုံနဲ့ သူရဲ့ သဘောတရား တစ်ချို့ သမီး သိနားလည်ထားဖို့ လိုသေးတယ်။ အဲတာကိုနားလည်ဖို့တော့ Torrent ဘာလဲ Torrent ဘယ်လဲ ?? ဆိုတာ သမီး ဖတ်ထားဖို့လိုလိမ့်မယ်။ ဆက်စပ်ပြီး သတိပေးလိုက်ချင်တာ Torrent Sites တွေမှာ တစ်ချို့ Sites တွေက Applications တွေ Download ချလိုက်ရင် ဖေဖေ အပေါ်မှာ ပြောထားခဲ့ပြီးတဲ့ viruses, spyware, scareware, trojans ဆိုတာတွေ မနည်းမနော ပါလာတတ်သေးတယ်။ ဒါကြောင့် အလကားရတာပဲ ဆိုပြီး Torrent Sites တွေက ပေးထားသမျှကို ယုံမှတ်မှားပြီး သမီးရဲ့ စက်မှာ Install မလုပ်စေချင်ဘူး - ကိုယ် ဒေါင်းလုပ်ချလိုက်တဲ့ Applications တွေ မှာ Virus ပါလာမလာ ဆိုတာ သမီးစက်ထဲမှာ Install လုပ်ထားတဲ့ Antivirus နဲ့ Scan ဖတ်ပြီး စစ်ဆေးလို့ ရသလို Jotti's malware scan နောက် Virustotal စတဲ့ Online Antivirus Scanner တွေနဲ့လည်း သမီး စစ်ကြည့်လို့ ရသေးတယ်။

တစ်ခါတစ်လေ အင်တာနက်ထဲမှာ ဟိုဒီလျှောက်သွားပြီး မှတ်ထားချင်တာလေးတွေ Note ထုတ်ထားချင်စိတ် ပေါ်တဲ့ အခါ တွေ့ကရာ နေရာမှာ ဟိုတစ်စ ဒီတစ်စ မှတ်တာထက် One Note ကိုသုံးပြီး ဖေဖေက မှတ်စေချင်တယ်။ ဒီအကြောင်းကိုတော့ ဖေဖေ အများကြီး ရှင်းပြဖို့ မလိုဘူး - OneNote သုံးပြီး မှတ်စု ရေးကြရအောင် ဆိုတဲ့ အကြောင်းကို သမီး ဖတ်ပြီးတဲ့ အခါ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို သမီး နားလည်သွားပါလိမ့်မယ်။ Online တက်ပြီ ဆိုမှတော့ ငါ့သမီးလေး Chat တက်ဦးမှာပေါ့ - ဒီလိုဆိုရင် သမီး အမြဲသုံးနေကျ Gtalk အတွက် သိထားသင့်တာလေးတွေလည်း Useful Tips for Gtalk Users ဆိုပြီး ဖေဖေရေးထားပေးတာ ရှိသေးတယ်။

ချစ်သမီးသို့ ပေးစာ အမှတ် ( ၃ ) ဆက်ရန် -

KznT.

Letters To My Daughter ( 1 )

ကျွန်တော် ဖိုရမ်မှာ စာတွေ တော်တော်များများ ရေးခဲ့ဖူးပါပြီ။ ရေးခဲ့သမျှတွေထဲမှာ တစ်ချို့ အားလုံး ဖတ်ဖြစ်ကြတာတွေလည်း ရှိမယ် - အားလုံး မဖတ်ဖြစ်ကြပဲ အမှုမဲ့ အမှတ်မဲ့ ကျော်သွားခဲ့ကြတာတွေ လည်း ရှိမယ်။ ဒါတွေ အားလုံးကို ခြုံငုံပြီး ကျွန်တော် ရေးခဲ့သမျှ ထဲက အားလုံးအတွက် အကျိုးရှိ လောက်မယ်လို့ ယူဆမိတဲ့ ဆွေးနွေးချက် တစ်ချို့နဲ့ ကျွန်တော် သိရှိခဲ့သမျှ အင်တာနက်ထဲက သိရှိမှတ်သား ထားသင့်တဲ့ ကောင်းနိုးရာရာ အချက်အလက်အသစ် တစ်ချို့ကို ဝေမျှနိုင်ဖို့ ချစ်သမီးသို့ ပေးစာများ ဆိုတဲ့ ခေါင်းစဉ်နဲ့ လေ့လာ မှတ်သားထားချက် တစ်ချို့ကို သမီးတစ်ယောက်ဆီ ရေးသားထားတဲ့ ပေးစာတစ်စောင်လိုမျိုး ရေးသားဝေမျှ ဖြစ်လိုက်ပါတယ်။ လေ့လာမှတ်သားရင်း ဗဟုသုတများ ဆထက်တစ်ပိုး တိုးပွားနိုင်ကြပါစေ။



ချစ်သမီးသို့ ပေးစာ အမှတ် ( ၁ )

ဖေဖေ ချစ်ရတဲ့ သမီးငယ်ရေ -


Photo from www.nateloucks.com

ဖေဖေ ဝယ်ပေးလိုက်တဲ့ Notebook ကို သမီးလေး သဘောကျလိမ့်မယ် ထင်ပါတယ်။ သမီးက ကွန်ပြူတာနဲ့ ပတ်သတ်ပြီး သိပ်မစိမ်းပေမယ့် အင်တာနက်ပိုင်း ဆိုင်ရာ နဲ့ Apps ရွေးချယ်မှု ပိုင်းဆိုင်ရာမှာ အတွေ့အကြုံ နည်းနေသေးလို့ ဖေဖေ့အနေနဲ့ ဖေဖေ သိထားခဲ့တာတွေထဲက အနှစ်ချုပ်ပြီး သမီး နားလည်လွယ်အောင် ပြောပြလိုက်ချင်တယ်။ ဖေ့သမီးလေးက သမီးမေမေလို တတ်သိနားလည်လွယ်တာ မို့လို့ ခု ဖေဖေ ဖော်ပြတဲ့ အကြောင်းအရာ တစ်ချို့ကို ဖတ်ခဲ့ပြီးရင် အင်တာနက်နဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အခြေခံ အကြောင်းအရာ တစ်ချို့ကို တီးမိခေါက်မိ ဖြစ်သွားလိမ့်မယ်လို့ ဖေဖေ မျှော်လင့်မိပါတယ်။

အရင်ဆုံး သမီးလက်ထဲကို Notebook ရောက်ပြီ ဆိုရင် အရင်ဆုံး PC Decrapifier ကို စက်ထဲမှာ သွင်းစေချင်တယ်။ ဘာလို့လဲ ဆိုတော့ စက်တစ်လုံးကို ဝယ်လိုက်ပြီ ဆိုရင် အဲ့ဒီ့စက်ထဲမှာ များသောအားဖြင့် မလိုလားအပ်တဲ့ trial programs တွေ ပါလာလေ့ ရှိတတ်တယ် - အခု ဖေဖေ ညွှန်လိုက်တဲ့ PC Decrapifier ဆိုတာ အဲ့ဒီ့ ကွန်ပြူတာ တစ်လုံးကို စဝယ်လိုက်ကတည်းက စက်ထဲမှာ ထည့်သွင်းပါဝင်လာတတ်တဲ့ trial programs တွေကို စစ်ဆေးပြီး Remove လုပ်ပေးပါလိမ့်မယ်။ မလိုအပ်တဲ့ Software တွေကို Uninstall လုပ်ပြီးတဲ့ နောက်မှာ ဘယ် Applications တွေကို အဓိက install လုပ်ဆောင်ဖို့ လိုမယ် ဆိုတာလည်း သမီးလေး သိထားဖို့ လိုသေးတယ်။ အဲ့အတွက် သမီး 2010 2011 Ultimate Software Guide for Windows Users ဆိုတာကို ဖတ်ပြီး လိုအပ်မယ့် Applications တွေကို စက်နဲ့ မကွာ ဆောင်ထားဖို့ မှာချင်တယ်။ သမီးက Notebook လေးရရင် အင်တာနက် ကလည်း သုံးဦးမှာ ဆိုတော့ Browser ရှိဖို့လည်း လိုသေးတယ်။ ပုံမှန်အနေနဲ့ ကတော့ Windows တစ်ခု တင်လိုက်ရင် Internet Explorer ဆိုတဲ့ Browser က စက်ထဲမှာ နဂိုတည်းက ပါလာပြီးသားပါ - ဒါပေမယ့် သူက Websites တွေကို Browse လုပ်တဲ့နေရာမှာ တစ်ခြား Browser တွေနဲ့ ယှဉ်လိုက်ရင် မသိမသာလေး နှေးနေတတ်တယ်။ ဒါတင်မကဘူး တစ်ခြား Browser တွေမှာ Browser တွေနဲ့ အတူ ယှဉ်တွဲပြီး အသုံးချလို့ ရတဲ့ Add-ons ဆိုတာ မနည်းမနော ရှိပြီး IE မှာတော့ တော်တော်လေး နည်းနေသေးတယ် - လိုရင်းကို အတိုချုံးရရင် အဲတာတွေကြောင့်မို့ အင်တာနက် ထဲမှာ လှည့်ပတ်လေ့လာ ကြည့်ရှုနိုင်ဖို့ဆို သမီးစက်ထဲမှာ Mozilla Firefox သွင်းထားစေချင်တယ် – တစ်ခြား Browsers တွေ အင်တာနက်ထဲမှာ အများအပြား ရှိသေးပေမယ့် လတ်တလော အခြေအနေမှာ Firefox က မြန်မာ Font နဲ့ ပတ်သတ်ပြီးလည်း လျောလျောလျူလျူ အဆင်ပြေနေလို့ ဖေဖေက အဲတာကို ရွေးဖို့ပဲ အကြံပေးလိုက်တာပါ။ နောက်တစ်ချက်က Browser တစ်ခု သုံးပြီ ဆိုရင် Browser မှာပါတဲ့ Browser bookmarks ဆိုတာကို သုံးတာထက် ဖြစ်နိုင်မယ် ဆိုရင် Google bookmarks တို့ Delicious add-on တို့ကို သုံးပြီး ကိုယ်နှစ်သက်တဲ့ websites တွေရဲ့ addresses တွေကို သိမ်းစေချင်တယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဖေဖေ အကောင်းဆုံး Bookmark Management Tools များ ဆိုပြီး သပ်သပ်ရေးထားဖူးတယ်။ သမီး အားတဲ့ တစ်နေ့ ဖတ်ကြည့်ပေါ့။ နောက်ပြီး Browser တစ်ခု ကို သုံးတော့မယ်ဆို Browser ရဲ့ Start page တွေက အရေးကြီးတယ်။ အဲ့အတွက်တော့ သမီး Browsers များနှင့် Start pages ဆိုတာကို ဖတ်ထားသင့်တယ်။ နောက်ပြီး Mozilla Firefox ကို သုံးတဲ့ သမီးရဲ့ Notebook မှာ Browsing area ကို ကျယ်ကျယ်လွင့်လွင့် မြင်နိုင်အောင် ဘယ်လိုဖန်တီးယူနိုင်မယ် ဆိုတာ Firefox 3^ + Stylish ဆိုပြီး ဖေဖေ ရေးထားပေးသေးတယ်။ သမီး Notebook သေးသေးလေးမှာ စာဖတ်ရတာ ကျဉ်းကျပ်သလို စိတ်ထဲ ခံစားလာရရင် သမီး ဒီအကြောင်းအရာကို ဖတ်ကြည့်ဖို့တော့ လိုလိမ့်မယ်။

နောက် တစ်ခုက Email accounts လုပ်တဲ့ အချိန်မှာ ဘယ်တော့မှ တစ်ခုတည်း မလုပ်စေချင်ဘူး - ကိုယ်ရေးကိုယ်တာ သုံးတဲ့ Email account နဲ့ သူငယ်ချင်း အပေါင်းအသင်း - Websites တွေမှာ သုံးဖို့ အတွက် ဆိုပြီး အနည်းဆုံး Emails နှစ်ခုတော့ Gmail.com မှာ လုပ်ထားစေချင်တယ်။ အရမ်းရင်းနှီးတဲ့ သူငယ်ချင်း - ကိုယ့်မိသားစု - ချစ်သူ အဲလို လူမျိုးတွေကို Primary Email Address မှာ Add ထားပေါ့ - Online က ရင်းနှီးတဲ့သူ နောက် မိတ်ဆွေ အပေါင်းအသင်း သိပ်မရင်းနှီးတဲ့ သူတွေကိုတော့ Secondary Email Address မှာ Add ထားပေါ့ - Mail ဆိုတာမျိုးက Gmail တစ်ခုတည်း Account လုပ်လို့ ရတာတော့ မဟုတ်ဘူးပေါ့လေ - တစ်ခြား Yahoo တို့ Hotmail တို့ AOL တို့ အများကြီး ရှိသေးတာပေါ့ - ဒါပေမယ့် Gmail ကတော့ ဖေဖေ သုံးဖူးသမျှထဲမှာ လတ်တလော အဆင်အပြေဆုံးလို့ ထင်မိတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီမို့လို့ - ဘယ်ဟာက အကောင်းဆုံးပါလို့တော့ မဆိုလိုချင်ပါဘူး - Google ကို ညွှန်းပြီ ဆိုမှတော့ ဖေဖေရေးထားတဲ့ Google ၏ ပြောင်းလဲမှုများ အကြောင်း ကိုလည်း သမီးသိထားသင့်သေးတယ်။ ဒါကို ဖတ်ထားမှ Google က အရင်တုန်းကနဲ့ ခုနဲ့ ဘာတွေ ကွာလာသလဲ - ဘာတွေ ပြောင်းလဲ ထူးခြားကောင်းမွန်လာသလဲ ဆိုတာ သမီးသိနိုင်လိမ့်မယ်။ နောက်တစ်ခုက တကယ်လို့ Websites တွေ အင်တာနက်ထဲမှာ လျှောက်ကြည့်ရင်း နဲ့ Site တစ်ခုခုကို သဘောကျသွားတဲ့ အခါ အဲ့ ဆိုဒ်မှာ ဖော်ပြထားတဲ့ စာအုပ် ဒါမှမဟုတ် Software - သီချင်း ဆိုတာမျိုးတွေ Download ချနိုင်ဖို့ သူတို့က သူတို့ Site မှာ Member ဖြစ်မှ Download ချခွင့်ပေးမယ် ဆိုတာမျိုးတွေလည်း သမီးလေး ကြုံလာရလိမ့်မယ်။ အဲလို အခြေအနေမှာ မဖြစ်မနေ သူ့ Site မှာ Account လုပ်ဖို့ လိုလာပါလေရော - အဲလို ကျဉ်းထဲ ကျပ်ထဲ ရောက်လာရင် တော်ယုံ Site ဆို ဘယ်တော့မှ ကိုယ် သုံးနေကျ ကိုယ့်အတွက် အရေးပါတဲ့ Primary Email Address ကို ပေးပြီး Account မလုပ်ပါနဲ့ - Secondary Email Address ကို ပေးချင်ပေး - အဲလိုမှ မဟုတ်ရင် အကောင်းဆုံး နည်းတစ်ခု အနေနဲ့ ၁၀ မိနစ်ခံ Mail တစ်ခုကို 10MinuteMail.com မှာ အလကား ယူပြီး ပေးလို့ ရပါတယ်။ တကယ်လို့ အဲ့ဆိုဒ်ကနေ Registration Confirmation ပို့လာရင်တောင် အဲလို မေးမျိုးက ၁၀ မိနစ်အတွင်း ကိုယ့် 10MinuteMail.com က Inbox ထဲကို ဝင်လာတတ်တာမို့လို့ အဲဒီ ၁၀ မိနစ်ခံ Mail ရဲ့ Inbox ထဲကနေ Confirm လုပ်လို့ ရပါတယ်။ ၁၀ မိနစ်ခံ Mail ဆိုတာ သမီး နားလည်လွယ်အောင် ပြောရရင် အဲလိုကပ်တီးကပ်ဖဲ့ နိုင်တဲ့ Sites တွေ - Email Account တစ်ခုပေးလိုက်ရင် Spam အများအပြား ပို့တတ်တဲ့ ဆိုဒ်တွေ - ကိုယ့် Email Account ကို ရောင်းစားတတ်တဲ့ ဆိုဒ်တွေရဲ့ ရန်က ကာကွယ်ပေးဖို့ ၁၀ မိနစ်ပဲ ခံတဲ့ Temporary Email Accounts တွေ ထုတ်ပေးတဲ့ နေရာပေါ့ - ၁၀ မိနစ်ပြည့်ပြီးတာနဲ့ အဲ့ဒီ့ Temporary Email Accounts တွေကလည်း အလိုလို ပျက်သွားတာမျိုးကို ခေါ်တယ် - သူ့ကို သုံးခြင်း အားဖြင့် ကိုယ့်ရဲ့ Primary Email Address ရော - Secondary Email Address ရော သူများလက်ထဲ မရောက်တဲ့ အပြင် ကိုယ့် Mail လိပ်စာကို ကာကွယ်ပြီးသားလည်း ဖြစ်သွားလိမ့်မယ် သမီး -

ချစ်သမီးသို့ ပေးစာ အမှတ် ( ၂ ) ဆက်ရန် -

KznT.

Google Translate's Conversation Mode

Google Translate အကြောင်းကိုတော့ အကျယ်ချဲ့ပြီး မိတ်ဆက်ပေးဖို့ လိုမယ် မထင်ပါဘူး - Google နဲ့ ရင်းနှီးသူတိုင်း အင်္ဂလိပ်စာ ဘာသာရပ်တစ်ခုတည်းသာမက တစ်ခြား နိုင်ငံခြား ဘာသာရပ် တစ်ခုနဲ့ ဆက်စပ်ပတ်သတ်ပြီး လုပ်ကိုင်လှုပ်ရှား နေရသူတိုင်း/သင်ကြားလေ့လာ နေရသူတိုင်း လူတိုင်းနီးပါး မဖြစ်မနေ အားကိုးကြရတာ ဒီ Google Translate ပါပဲ။ Google Translate ရဲ့ စွမ်းဆောင်ရည်ဟာ အပြည့်စုံကြီး ကောင်းမွန်လှပါတယ်လို့ မဆိုသာပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကိုတော့ ကျွန်တော်တို့ အသိမှတ်ပြုရပါလိမ့်မယ်။ ဆိုကြပါစို့ ကျွန်တော်တို့ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်ပဲ တစ်ခြား ဘာသာရပ် တစ်မျိုးနဲ့ ရေးသားထားတဲ့ Webpages တွေကို ကိုယ်ကျွမ်းကျင်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ လေ့လာလိုတဲ့ အခါမှာ ( ကိုယ်ကျွမ်းကျင်တဲ့ အင်္ဂလိပ်ဘာသာစကား လို့ ဘာကြောင့်သုံးရသလဲဆို Google Translate က မြန်မာလို မရလို့ပါ ) စာကြောင်းတစ်ကြောင်းချင်း - ဒါမှမဟုတ် - စာပိုဒ်တစ်ပိုဒ်ချင်းကို ဘာသာပြန်လို့ ရသလို - Webpages တစ်ခုလုံးကိုလည်း URL ရိုက်ထည့်ပြီး မြန်မာစာ ပြီးတဲ့နောက်မှာ ကျွန်တော်တို့ အကျွမ်းကျင်ဆုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားဆီ ပြောင်းလဲယူလို့ ရပါတယ်။ ကျွန်တော်ခုပြောချင်တာ Google Translate ရဲ့ ကောင်းကွက်တွေကို အမွှန်းတင်ချင်တာ မဟုတ်ပါဘူး - Google Translate ရဲ့ ပြောင်းလဲမှု တစ်ချို့ကို မိတ်ဆက်ပေးချင်လို့ Google Translate ကို ကနဦး မိတ်ဆက်ပေးနေရခြင်း ဖြစ်ပါတယ်။



Google Translate ဟာ အပေါ်မှာ ဖော်ပြထားခဲ့ပြီးသလို စာကြောင်းတစ်ကြောင်းချင်း - စာပိုဒ်တစ်ပိုဒ်ချင်းကစလို့ - Webpages တစ်ခုလုံးကိုလည်း URL ရိုက်ထည့်ပြီး ဘာသာပြန်လို့ ရတယ် ဆိုတာတွေကြောင့် အရမ်း အသုံးတည့်ပါတယ်လို့ ဘယ်လောက် ပဲဆိုဆို တကယ်တမ်း လူတစ်ယောက်နဲ့ တစ်ယောက်ကြား Conversation လုပ်ပြီ ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေ နိုင်တော့ပါဘူး - ဆိုလိုတာ ဘာသာစကား တစ်မျိုးစီပြောကြတဲ့ လူနှစ်ယောက် တွေ့ကြတယ်။ တစ်ယောက်က အင်္ဂလိပ်လို မေးတယ် - တစ်ယောက်က ဂျာမန်လို ပြောတယ်။ ဂျာမန်လူက အင်္ဂလိပ်လို မတတ်ဘူး - အင်္ဂလိပ်လူက ဂျာမန်လို နားမလည်ဘူး - ဒီလိုဆို ဘယ့်နှယ် လုပ်ကြမလဲ - Google Translate ကလည်း ဒီနေရာမှာ ဝင်ပြီး ကြားခံ ဘာသာပြန်တစ်ယောက် အနေနဲ့ စကားပြော မပေးနိုင်ဘူး - စတဲ့ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲ ကို ပြေလည်စေဖို့ Google Translate က ခုကြိုးစားနေပါပြီ။ အရင်က သူ မဖန်တီးပေးနိုင်ခဲ့တဲ့ ဘာသာစကား မတူညီသူ နှစ်ဦး ကြားက စကားပြန်တာဝန်ကို မကြာမှီမှာ သူ ယူပါတော့မယ်။ ဆိုလိုတာ သူ စကားပြန် လုပ်ပေးပါတော့မယ်။ သူ့ရဲ့ လုပ်ငန်းတာဝန်က တစ်ဖက်ကလူက ဘာသာစကား တစ်မျိုးနဲ့ ပြောလိုက်တာကို တစ်ခြားတစ်ဖက်က နားထောင်သူဆီ ကြားနာသူ နားလည်စေမယ့် ဘာသာစကားကို ပြန်ပြောင်း ပြောဆိုပေးတဲ့ လုပ်ငန်းတာဝန်ကို ထမ်းဆောင်တာပါ။ ဒါကို သူတို့က Google Translate ရဲ့ Conversation Mode လို့ ခေါ်ကြပါတယ်။


Google Translate Application ရဲ့ စွမ်းဆောင်ချက်ဟာ ဘာသာစကားတစ်မျိုးကို စာရိုက်ပြီးပဲ ဖြစ်ဖြစ် - ပါးစပ်ကနေ ပြောပြီး ဖြစ်ဖြစ် - ဘာသာစကားတစ်မျိုးတည်းကနေ အခြားဘာသာ စကား အမျိုးပေါင်း ၅၀ ထဲက ကြိုက်ရာတစ်မျိုးဆီ ပြောင်းလဲ ပြန်ဆိုလို့ ရပါသတဲ့ - မယုံနိုင်စရာပါပဲ - ဒါပေမယ့် ဒါကိုပဲ Google Translate က လက်တွေ့ သက်သေ ပြခဲ့ပါတယ်။ လက်တွေ့ သက်သေပြ တင်ဆက်ခဲ့သူ နှစ်ယောက်ကတော့ Google ရဲ့ Product Management Director - Hugo Barra နဲ့ - Kyle ပါ။ အဲ့ထဲမှာ Hugo Barra က Berlin မြို့ကို ရောက်လာတဲ့ Tourist တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး Kyle ကတော့ Berlin မြို့မှာ ရှိနေတဲ့ ဖိနပ်ရောင်းဆိုင် တစ်ဆိုင်က အရောင်းတာဝန်ခံ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူတို့ နှစ်ယောက်မှာ Hugo Barra က အင်္ဂလိပ်လို ပြောတတ်တယ် - ဂျာမန်လို မသိဘူး - Kyle က ဂျာမန်လိုပဲသိတယ် - အင်္ဂလိပ်စကား နားမလည်ဘူး - ဒီလူနှစ်ယောက်ကို Google Translate ရဲ့ Conversation Mode ကနေ ဘယ်လို အကူအညီပေးခဲ့သလဲ - ဒါလေးကို အောက်ဖော်ပြပါ ဗွီဒီယိုထဲမှာ ကြည့်ရှု ခံစားကြရမှာ ဖြစ်ပါတယ်။  ဒီ Video လေးဟာ Google Translate ရဲ့ ပြောင်းလဲမှုအကြောင်း တစ်ခုတည်းကို အဓိကထား တင်ဆက်သွားကြတာ မဟုတ်ပါဘူး - သူ့လိုမျိုးပဲ နောက်ထပ် နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့ Cloud Computing Innovation - နောက် Product Marketing Manager - Brittany Bohnet ရဲ့ TV မှာမှ Internet Browser ပါဝင်လာပြီး သာမန် ကျွန်တော်တို့ ကြည့်နေကျ TV တွေထက် ပိုမိုအသုံးဝင် ထူးခြားလာတဲ့ Google TV အကြောင်း ဆိုတာတွေပါ တစ်ဆက်တစ်စပ်တည်း လေ့လာကြရမှာ ဖြစ်ပါတယ်။


Google Translate ရဲ့ Conversation Mode ဟာ မကြာခင်လပိုင်း အတွင်းမှာ အတည်ပြု ထွက်ရှိလာတော့မှာ ဖြစ်ပြီး တစ်ခြား Languages တွေကိုလည်း အနှေးနဲ့ အမြန် Support လုပ်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ တင်ပြသွားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတည်းက ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတဲ့ ဒီလို Conversation နည်းပညာဟာ ခုချိန်မှာ တကယ်ကို ကျွန်တော်တို့ ရှေ့မှောက်ဆီ ရောက်ရှိလို့လာခဲ့ပါပြီ။ အစပျိုး ကနဦးကာလမှာ ချွင်းချက် - အားနည်းချက်တွေ ရှိနေနိုင်မှာ သေချာပေမယ့် ကနဦး ခြေလှမ်းအစပျိုးမှုကနေ နောင်တစ်ချိန်မှာ ဒီ့ထက်ပိုမိုတိုးတက် မြင့်မားတဲ့နည်းပညာလမ်းကြောင်းဆီ ချဉ်းကပ်သွားနိုင်လိမ့် မယ် ဆိုတာလည်း မြေကြီးလက်ခပ်မလွဲပါဘူး -

ဟုတ်ပါပြီ - Google Translate ရဲ့ Conversation Mode ဒီ့ထက်ဒီ့ထက် အဆင့်မြှင့်တင် ကောင်းမွန်လာနိုင်မယ့် တစ်နေ့ ကျွန်တော်တို့ မိသားစုတွေ Android phone တစ်လုံးကိုင်လို့ ကမ္ဘာအနှံ့ ခရီးတစ်ပတ်လောက် တူတူ ခရီးတူတူ ထွက်လိုက်ကြပါစို့ - :)

KznT.

How to Maintain Your Hard Disk Drive

ကွန်ပြူတာ တစ်လုံးမှာ ကျွန်တော် စိတ်အဝင်စားမိဆုံး အစိတ်အပိုင်း တစ်ခုကို ပြပါဆိုရင် Hard Disk လို့ ခေါ်တဲ့ နေ့စဉ် သုံးစွဲနေကျ ကျွန်တော်တို့ရဲ့ Data တွေ သိမ်းဆည်းပေးထားတဲ့ နေရာတစ်ခုကို ညွှန်ပြချင်ပါတယ်။ ကွန်ပြူတာကို စသုံးခဲ့စဉ် တည်းက ဒီ Hard Disk အကြောင်းကို လက်လှမ်းမှီသမျှ ဖတ်ခဲ့လေ့လာခဲ့တာ ခုထိလည်း လေ့လာလို့ မကုန်နိုင်သေးဘူး - ဖတ်လို့လည်း မဆုံးနိုင်သေးဘူး - Hard Disk အကြောင်းလို့ ဆိုလိုက်တော့ ခေါင်းစဉ်က အရမ်းကို ကျယ်ပြန့်သွားပါတယ် - တကယ်တော့ ကျွန်တော် အဲလောက်ကြီးထိလည်း ကျယ်ကျယ်ပြန့်ပြန့် မလေ့လာနိုင်ပါဘူး - Hard Disk အကြောင်းဆိုတဲ့ ခေါင်းစဉ်အောက်ကမှ ကျွန်တော် စိတ်ဝင်စားတာ Hard Disk Failure လို့ ခေါ်တဲ့ Hard Disk တစ်ခု ပျက်စီးရခြင်း Data ဆုံးရံှုးရခြင်းရဲ့ အဓိက ဇစ်မြစ် အခြေခံ အကြောင်းတရား တွေကိုပါ။

ဘာကြောင့် ဒီအကြောင်းတရားကို ပိုစိတ်ဝင်စားပြီး လေ့လာဖြစ်ခဲ့သလဲဆိုရင် ကျွန်တော် ကွန်ပြူတာနဲ့ အတူ နှစ်အတော် များများ ဖြတ်သန်း ခဲ့ပြီးတဲ့ နောက်မှာ ကျွန်တော် အပါအဝင် ကျွန်တော့် အသိမိတ်ဆွေ - အပေါင်းအသင်း သူငယ်ချင်း - မိသားစု စသဖြင့် ကွန်ပြူတာနဲ့ လည်ပတ်လှုပ်ရှားနေကြတဲ့ သူတိုင်းနီးပါး အမြဲလိုလို ရင်ဆိုင်ကြရတာ Hard Disk Failure လို့ ခေါ်တဲ့ Hard Disk တစ်ခု ပျက်စီးရခြင်း Data ဆုံးရံှုးရခြင်း ဆိုတဲ့ အကြောင်းတရားကြောင့်ပါပဲ။ အဲလို Hard Disk Failure ဆိုတာ ဖြစ်ရင် ကျွန်တော်တို့အားလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရတယ်။ တစ်ချို့က Hard Disk ထဲမှာ စီးပွားရေးလုပ်ငန်း ဆိုင်ရာ ပျောက်ဆုံးပျက်စီးလို့ မရတဲ့ Data တွေ သိမ်းဆည်းကြတယ် - တစ်ချို့ကျတော့ လူအများနဲ့ တွဲဖက် လုပ်ကိုင်နေရတဲ့ သတင်းအချက်အလက် မှတ်တမ်းတွေ - နောက်ဆုံး ကွန်ပြူတာကို ဖျော်ဖြေရေးလောက် သုံးတဲ့ သူဆိုရင်တောင် အထဲမှာ စိတ်ကြိုက် ရွေးချယ် စုဆောင်းထားတဲ့ သီချင်းလေးတွေ - VCD လေးတွေ ဆိုတာ ရှိကြမှာပဲ - ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ကွန်ပြူတာ သုံးသုံး Hard Disk Failure ဖြစ်ပြီ ဆိုရင် အားလုံး ဆုံးရံှုးကြရတာပါပဲ - Hard Disk Failure ဖြစ်ရင် Recovery ပြန်လုပ်လို့ ရတယ် - ပြန်လုပ်ပေးတဲ့ Services တွေ ရှိတယ် ဆိုပေမယ့် ကိုယ်လိုချင်တဲ့ Data တွေ အားလုံး ပြန်ရနိုင်မယ် မရနိုင်ဘူးဆိုတာကတော့ ကိုယ့် Hard Disk က ဘယ်လောက်ကြီးထိ ထိခိုက်ပျက်စီး သွားလဲ ဆိုတာပေါ် မူတည်ပြီး မသေချာနိုင်ပါဘူး - ဒါ့ကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်တယ် ဆိုတဲ့ စကားအတိုင်း - Hard Disk ပျက်ရင် ဘာလုပ်မလဲ ဆိုတာထက် Hard Disk မပျက်ခင် ကတည်းက ကိုယ့် Data တွေ မဆုံးရံှုးရအောင် ဘယ်လို ကာကွယ်မှု လုပ်မလဲ - ဘယ်လို ပြင်ဆင်မှုတွေ ထားမလဲ ဒါကို ကျွန်တော် သိသလောက်လေး နည်းနည်း လက်ဆင့်ကမ်းချင်မိပါတယ်။


မိမိ Hard Drive ရှိ ပြဿနာများအား ခန့်မှန်းစစ်ဆေးခြင်း

ကာကွယ်ရေးနဲ့ ကုသရေး မလုပ်ဆောင်ခင်မှာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Hard Drive က လက်တလော အခြေအနေမှာ ဘယ်လို အနေအထားမျိုး ရှိနေသလဲ - ဆိုလိုတာ Normal ပဲလား - ထူးထူးခြားခြား လက္ခဏာ ရပ်တွေ ပြနေလား - ဒါတွေကို ကျွန်တော်တို့ အရင်ဆုံး လေ့လာထားဖို့ ပိုအရေးကြီးပါတယ်။ ဒီလို သိထားမှ အခြေအနေ တော်တော်ဆိုးနေပြီလား - ပြင်ဆင်လို့ ရနိုင်သေးလား - အစားထိုးသင့်ပြီလားဆိုတာ ကို ကျွန်တော်တို့ ဆုံးဖြတ်နိုင်ဖို့ အထောက်အကူ ရမှာပါ။

အဆင့် ( ၁ ) - Hard Disk Errors များအား စစ်ဆေးခြင်း

အခုနောက်ပိုင်း လူတော်တော်များများလည်း အတည်ပြု အသုံးပြုနေကြပြီ ဖြစ်တဲ့ Windows တော်တော်များများမှာ Chkdsk.exe လို့ခေါ်တဲ့ Utility တစ်ခု ပါဝင်ပါတယ်။ သူက ဘာကောင်းလဲ ဆိုရင် ကိုယ့် Hard Disk ပေါ်မှာ ရှိနေတဲ့ Bad Sectors တွေကို စစ်ဆေးပေးတာပါ။ Bad Sectors လို့ ကျွန်တော်သုံးလိုက်တော့ စပြီးလေ့လာသူ တစ်ယောက်အတွက် နားလည်ရ နဲနဲ ခက်ခဲသွားနိုင်ပါတယ်။ Bad Sectors အကြောင်းရေးချင်တာ မဟုတ်လို့ ဒီနေရာမှာ အကုန်လုံး အသေးစိတ် မဖော်ပြနိုင်ပေမယ့် နားလည်လွယ်အောင် ပြောရရင် Bad Sectors ဆိုတာ Hard Disk မျက်နှာပြင်ပေါ်က OS ကနေပြီး Access လုပ်လို့ မရတော့တဲ့ Sector ( အစိတ်အပိုင်း ဧရိယာ ) တွေကို ဆိုလိုပါတယ်။ 



Hard Drive ပေါ်မှာ Bad Sectors တွေတည်ရှိလာရင် ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာရပ်တွေကတော့ - ကိုယ့် Hard Disk က အလုပ်လုပ်တာ နှေးလာမယ် - ဆိုလိုတာ Windows အတက်မှာ ဖြစ်ဖြစ် - Applications တစ်ခုခု ခေါ်သုံးရာမှာ ဖြစ်ဖြစ် စက်မှာ ဆင်ထားတဲ့ Hardware Performance နဲ့ မညီလောက်အောင်ကို နှေးကွေး လေးလံလာမယ် - အဲတာကို ကိုယ်က မသိပဲ ပေသုံးရင် နောက်ဆို Shortcut တစ်ခုခု ခေါ်သုံးလိုက်တာနဲ့ စက်ကြီးက Hang သွားပြီး Restart တွေ ဘာတွေ ကျသွားမယ် - Restart ကျပြီး ပြန်တက်ချိန်မှာ စက်က တော်ယုံနဲ့ Windows တက်မလာတော့ဘူး - Boot Screen မှာပဲ ကလည်ကလည်နဲ့ လည်လိုက် Restart ပြန်ကျလိုက် - ဒါမှမဟုတ် Boot Screen မှာပဲ လည်ပြီး အထဲကို မဝင်တော့ဘူး - ကံကောင်းပြီး အထဲ ရောက်သွားပြန်ရင်လည်း စက်က Hang နေပြီး ဘာမှချက်ချင်း အလုပ်မလုပ်နိုင်ပဲ တော်တော်ကြာကြာ စောင့်နေရတာမျိုးတွေ ဖြစ်လာမယ်။ ဒါမှမဟုတ် အဲ့ထက် ဆိုးသွားရင် Hard Disk ကိုလုံးဝ Detect မလုပ်တော့တာမျိုးတွေ ဖြစ်လာမယ်။ Boot ထဲကို ဝင်ကြည့်ရင် ကိုယ့် HD ကိုလည်း မတွေ့ရတော့ဘူး - ဒါတွေက Bad Sectors တွေ ကိုယ့် Hard Drive ပေါ်မှာ တည်ရှိတာ များလာရင် ဖြစ်ပေါ်လေ့ ရှိတဲ့ ပြဿနာ ရပ်တွေပါ - ဒီလိုဖြစ်ရင် HD မကောင်းတာပါလို့ ကျိန်းသေပေါက်ပြောလို့ ရတာမျိုး မဟုတ်ပေမယ့် ခု ဖော်ပြခဲ့တာတွေက Bad Sectors တွေတည်ရှိလာရင် ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာရပ်တွေထဲက တစ်ချို့ တစ်ဝက်ပါပဲ။

အခု ကိုယ့်ကွန်ပြူတာ အခြေအနေကို ကိုယ်ပြန်သုံးသပ်ကြည့်ပါ - ကျွန်တော် ဖော်ပြခဲ့တဲ့ အခြေအနေတွေထဲက တစ်ခုမဟုတ် တစ်ခုနဲ့ ညိှကောင်းလည်း ညိှနေနိုင်မယ် - မညှိသေးတဲ့ သူတွေလည်း ရှိကောင်းရှိမယ် - ဒါပေမယ့် ညှိသည်ဖြစ်စေ  - မညှိသည် ဖြစ်စေ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက် တာမို့လို့ Chkdsk ကို လုပ်ဆောင်ထားသင့်ပါပြီ။  Chkdsk  ကို Command Line ကနေ ဘယ်လို လုပ်ဆောင်နိုင်မယ်ဆိုတာ ဒီနေရာမှာ အသေးစိတ် လေ့လာကြည့်နိုင်ပြီး အဲ့ထက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကတော့ Windows Explorer ကိုဖွင့် Windows Partitions အပါအဝင် ကိုယ်အများဆုံး Data အထုတ်အသွင်း လုပ်လေ့ရှိတဲ့ Hard Disk Partition တစ်ခုခုကို Right click ထောက် - အဲနောက်မှာမှ Properties ကိုသွား -  အောက်ဖော်ပြပါအတိုင်း ပေါ်လာရင် Tools tab ကိုဝင် Error checking အောက်က “Check Now” button ကိုနှိပ် -


ဒီလိုဆို အောက်ဖော်ပြပါအတိုင်း နောက် Box တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့မှာ “Scan for and attempt recovery of bad sectors” ကို ရွေးပေးပြီး Start ကို နှိပ်လိုက်ပါ။ ဒီလိုဆို ကျွန်တော်တို့ Check Disk လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပါလိမ့်မယ်။


တစ်ခု သိထားရမှာက Windows Partitions ကို Check Disk လုပ်ဆောင်တဲ့ အချိန်မှာ Windows ထဲမှာ လုပ်ဆောင်လို့ ရမှာ မဟုတ်ပဲ နောက်တစ်ကြိမ် ကိုယ့်စက်ကို Restart ပေးတဲ့ အချိန်ကျမှ Check Disk လုပ်ငန်းစဉ်ကို Windows ကနေ လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်။ အဲ့လို လုပ်ဆောင်သွားမယ် ဆိုတာကို သူက အောက်ဖော်ပြပါအတိုင်း အသိပေးပါလိမ့်မယ်။



အဆင့် ( ၂ ) - မိမိ Hard Disk ၏ သံစဉ်များအား လေ့လာခြင်း

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျွန်တော် ဖိုရမ်မှာ ကို LaMike အကူအညီတောင်းခဲ့ဖူးလို့ ဒီနေရာမှာ တစ်ခါဝင်ရောက် အကြံပြုခဲ့ဖူးပါတယ်။ ခု ဒီနေရာမှာလည်း အဲ့မှာ ဖော်ပြခဲ့ဖူးတဲ့ အကြောင်းအရာ တစ်ချို့ကို  ပြန်လည်ပေါင်းစည်း တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီပြဿနာက ဘယ်လိုမျိုးလဲ ဆိုရင် တစ်ခါတစ်လေမှာ ကွန်ပြူတာ သုံးနေရင်းနဲ့ CPU ပုံးထဲကနေ ထူးထူးဆန်းဆန်း အသံတွေ ကြားခဲ့ရဖူးပါလား - ဘယ်လိုထူးဆန်းတဲ့ အသံတွေလဲ ဆိုတာ ဒီနေရာကနေ download ချပြီး နားထောင်ကြည့် နိုင်ပါတယ်။ တကယ်လို့ Download ချပြီး နားမထောင်ချင်ဘူး ဆိုရင်လည်း ဒီနေရာမှာ Hard Drive ကနေ ထွက်လာတတ်တဲ့ အသံပုံစံတူတွေကို နားထောင်နိုင်ပြီး အဲ့ထဲက ဘယ်အသံက ဘာဖြစ်နေတယ်ဆိုတာ ယေဘုယျ အားဖြင့် သုံးသပ်ပေးတဲ့ Site တစ်ခု ရှိပါသေးတယ်။ လုပ်ဆောင်နည်းကတော့ သူပြထားတဲ့ Buttons လေးတွေကို Mouse နဲ့ အောက်ဖော်ပြပါအတိုင်း ပွတ်ရွှေ့လိုက်ယုံပါပဲ -





အဲလို လုပ်လိုက်ရင် buttons တစ်ခုချင်းဆီရဲ့ သက်ဆိုင်ရာ အသံတွေကို သူထုတ်ပြပြီး ဘာ့ကြောင့် ဖြစ်နိုင်ချေရှိတယ်ဆိုတာကိုပါ သူက ဖော်ပြပါလိမ့်မယ်။ နောက်ထပ် Hard Drive က ထူးထူးဆန်းဆန်း အသံတွေနဲ့ ပြစ်ချက်တွေကို လေ့လာဖို့ ကောင်းတဲ့ နေရာတစ်ခုက Data Cent ပါ။ အဲ့ဒီမှာ Hard Drive Manufactures အသီးသီးက ( Western Digital - Seagate - Maxtor - Samsung - Hitachi/IBM - Toshiba - Fujitsu - Quantum ) ထုတ်လုပ်လိုက်တဲ့ Hard Drive အမျိုးမျိုးမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဆူညံသံတွေနဲ့ ပတ်သတ်ပြီး Data Recovery လုပ်နိုင်ဖို့ ဘာသံက ဘာဖြစ်တယ်ဆိုတာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားတဲ့ အချက်အလက်တွေ ရှိပါတယ်။ ခုလိုမျိုး Hard Drive က ထူးထူးဆန်းဆန်း အသံတွေ ကြားနေရပြီ ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာရပ်တော့ မဟုတ်ပါဘူး - ဖြစ်နိုင်ချေ ရှိတာ အနှေးနဲ့ အမြန် Hard Drive Fail ဖြစ်တော့မယ်ဆိုတာ ကျွန်တော်တို့ကို တစ်ဖက်လှည့်နဲ့ အသိပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကံသေကံမ ဖြစ်ကို ဖြစ်လိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး - ကျွန်တော်ကြုံခဲ့ဖူးသလောက် အဲလို အသံ ကြားနေရပေမယ့် လနဲ့ ချီပြီး အသုံးခံနေသေးတဲ့ Hard Drive တွေလည်း တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကျိန်းသေ တွက်ချက်ထားနိုင်တာမျိုး မဟုတ်လို့ ကျွန်တော့် အနေနဲ့ အကောင်းဆုံး အကြံပေးချင်တာက Data Backup လုပ်ထားဖို့ပါ။ Backup လုပ်ငန်းစဉ်နဲ့သိပ် မရင်းနှီးဘူး ဆိုရင် External Hard Drive တစ်ခုခုကို ဝယ်ယူ/ဌားပြီး ကိုယ့်အတွက် မဖြစ်မနေ အရေးကြီးတဲ့ Data တွေကို ပြောင်းပြီး သိမ်းထားလိုက်ပါ။ အကောင်းဆုံးကတော့ Hard Drive အသစ်တစ်ခု လဲလှယ် အသုံးပြုနိုင်ရင် အကောင်းဆုံးပါပဲ။ အရေးကြီးတဲ့ Data တွေကို Backup လုပ်ဖို့ နဲ့ ပတ်သတ်ပြီး သူများဆီက Hard Drive ဌားမှပဲ အဆင်ပြေတော့မှာလားလို့ မေးစရာ ရှိပါတယ်။ အဲလိုလည်း မဟုတ်ပါဘူး - အရေးကြီးတဲ့ Data တွေကို ကြိုတင် Backup လုပ်ဆောင်ထားနိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ အမြောက်အများရှိပါတယ်။ ကျွန်တော် ဖော်ပြခဲ့ပြီးတဲ့ အင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်း ဆိုတဲ့ ခေါင်းစဉ် - လွယ်ကူလေ့လာ Backup နည်းပညာ နဲ့ Windows 7 တွင် Step by Step Backup ပြုလုပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးတွေကို လေ့လာကြည့်ရင် ကွဲပြားသွားတဲ့ Backup လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ ဘယ်လို Backup Plan ထားရမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။

အဆင့် ( ၃ ) - ထိန်းသိမ်းမှု မလွန်ကဲပါစေနှင့်

Hard Disk ကို ဂရုစိုက်ရမယ် ဆိုတာ သိပြီ - အခု ဒီစာကို မဖတ်ဖူးခင်တည်းကလည်း Hard Disk ဆိုတာ ဂရုတစိုက် အသုံးပြုရမှန်းကောင်းမှန်း တော်တော်များများ သိနားလည်ကြပါတယ်။ ဒါပေမယ့် တစ်ချို့တစ်ချို့ သူတွေက  လိုအပ်တာထက် ပိုလွန်တဲ့ ဂရုစိုက်မှုမျိုးကို ပြုမူတတ်ကြပါတယ်။ ဒါကလည်း မကောင်းပါဘူး - တန်ဆေး လွန်ဘေး ဆိုသလို Hard Disk တစ်ခုမှာ ဖြစ်ပေါ်လေ့ ရှိတဲ့ Errors တွေနဲ့ ပတ်သတ်ပြီး သိနားလည်ထားပြီးလို့/တစ်ချို့လည်း အတွေ့အကြုံရှိလို့ စိုးရိမ်စိတ်နဲ့ ဂရုစိုက်ကြတဲ့ နေရာမှာ လိုအပ်တာထပ် ပိုမိုတဲ့ ဂရုစိုက်မှုမျိုးက Hard Disk တစ်ခုကို ဂရုတစိုက် အသုံးပြုပါတယ်လို့ သတ်မှတ်လို့ မရသလို နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ Hard Drive တစ်ခုရဲ့ Performance ကိုပါ ကျဆင်းစေပါတယ်။ ဆိုလိုချင်တာ Hard Drive တစ်ခုကို ဂရုတစိုက် အသုံးပြုတယ် အမည်ခံပြီး Utility ပေါင်း မြောက်များစွာနဲ့ ခဏခဏ တစ်မျိုးပြီး တစ်မျိုးပြောင်းပြီး သန့်ရှင်းရေး လုပ်တာမျိုး မလုပ်ပါနဲ့ - လူကြိုက်များ/ဈေးကြီး ပေးရတိုင်း ကိုယ့်စက်နဲ့ သင့်တော်တဲ့ Software ကောင်း မဟုတ်ဘူး ဆိုတာကိုလည်း စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားဖို့ လိုပါတယ်။ ပုံမှန် အသုံးပြုသင့်တာ Free လည်းရပြီး စွမ်းဆောင်ရည်လည်း ပြည့်ဝတဲ့ CCleaner တို့ Defraggler တို့ ဆိုတာလည်း ရှိပါတယ်။ သူတို့တွေက ပေါ့လည်း ပေါ့ပါးသလို အမှန်တကယ်လည်း လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ နောက်တစ်ခုက Free Hard Disk Monitoring Utility တစ်ခုဖြစ်တဲ့  Disk Checkup ပါ။ သူကလည်း Hard Disk မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေကို ဖော်ပြနိုင်ပါတယ်။ သူက ဘာတွေကို စစ်ဆေးပေးလဲ ဆိုရင် ကိုယ့် Hard Disk ရဲ့ Temperature - နောက် read နဲ့ write error rate စတာတွေကို စစ်ဆေးပေးပါတယ်။ အဲ့လို စစ်ဆေးပြီးတဲ့နောက်မှာ သူစံသတ်မှတ် တိုင်းတာထားတဲ့ တန်ဖိုးတွေက အန္တရာယ်ရှိတဲ့ အနေအထား/ အခြေအနေ တစ်ခုကို ပြောင်းလဲလာပြီ ဆိုတာနဲ့ ကျွန်တော်တို့ကို သတိပေးပါလိမ့်မယ်။ အဲလို အသိပေးခြင်း အားဖြင့် ဖြစ်လာနိုင်တဲ့/ကျရောက်လာနိုင်တဲ့ Hisk Failure ဆိုတဲ့ အန္တရာယ်ကို ကျွန်တော်တို့ အထိုက်လျောက် ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ Disk Checkup ဟာ Personal Use အတွက် Free ပေးထားပြီး Company license ကတော့ US$15.00 per license ဖြစ်ပါတယ်။

အဆင့် ( ၄ ) - မှတ်သားထားသင့်သော အကြောင်းအရာများ

Hard Drive ကာကွယ်ရေးနဲ့ ပတ်သတ်ပြီး ဒီလောက်နဲ့ ပြည့်စုံပြီလား ဆိုရင်တော့ ဒီလောက်လေးနဲ့ ဘယ်လိုမှ မပြည့်စုံသေးတာ သေချာပါတယ်။ ဖြစ်နိုင်ရင်တော့ ကျမ်းတစ်စောင်လိုကို ရေးချင်ပါသေးတယ် - ဒါပေမယ့် အဲ့လောက်ကြီးထိလည်း ကျွန်တော် မစွမ်းနိုင်သေးပါဘူး - ဒါကြောင့် မှတ်သားထားသင့်သော အကြောင်းအရာများကို ထပ်ဖြည့်ပြီး ဒီအကြောင်းအရာကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ အကြောင်းကတော့ SeaTools ဆိုတဲ့  Hard Drive စစ်ဆေးရေး Free diagnostic tool တစ်ခု နဲ့ တစ်ခြား အကြောင်းအရာ တစ်ချို့ပါ။ ဒီ Tool လေးတွေဟာ Seagate ကနေ ထုတ်ထားတာ ဖြစ်ပြီး Seagate မဟုတ်တဲ့ တစ်ခြား Disk Drives တွေအတွက်လည်း အသုံးပြုလို့ ရပါတယ်။ အသုံးပြုဖို့ အတွက်ကတော့ ကျွန်တော် ဖော်ပြပေးထားတဲ့ Link ကနေ သွားရောက်ပြီး Bootable CD ပြုလုပ်နိုင်ဖို့ SeaTools for DOS ကနေ ISO image ကို ရယူရပါမယ်။ အဲ့နောက်မှာ ISO image ကို အခွေရိုက်ပြီး Drive ကနေ Boot တက်လိုက်ပါ။ အဲ့နောက်မှာ License agreement တွေကို Accept ပေးပြီး Full scan လုပ်ပါ။ တကယ်လို့ ကိုယ့် Hard Drive မှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေတာ တွေ့ပြီ ဆိုရင် Operation အဆုံးမှာ ဖြစ်စေ - Disk Scan ကို ရပ်လိုက်တဲ့ အချိန်မှာ ဖြစ်စေ ဖော်ပြပေးပါလိမ့်မယ်။

သူ့လိုပဲ တစ်ခြား Computer vendors တွေ / Hard Disk manufactures ( Samsung, Hitachi, Toshiba (Fujitsu), Western Digital, Lenovo, Dell, စသဖြင့် ) တွေကလည်း သူ့ Hard Drives Brand တွေ အတွက် Diagnostic tools တွေ ထုတ်ပေးပါ သေးတယ်။ တကယ်လို့များ ကိုယ့်ကွန်ပြူတာမှာ မကြာခဏ ဆိုသလို System Hangs တာမျိုး - Boot တက်ဖို့ ခက်နေတာမျိုး တွေ ဖြစ်လာရင် ဒီ ဖော်ပြပါ Tools တွေကို သုံးပြီး ခုဖြစ်နေတဲ့ ပြဿနာဟာ Hard Drive နဲ့ ပတ်သတ် ဆက်စပ်နေလား ဆိုတာ စစ်ဆေးနိုင်ပါတယ်။ တစ်ခု သတိပြုရမှာက ကျွန်တော် ခုဖော်ပြခဲ့တဲ့ ဖော်ပြချက်တွေဟာ စစ်ဆေးရေး သက်သက်သာ ဖြစ်ပါတယ်။ ကိုယ့် Hard Drive ထဲက Data တွေ လုံခြုံဖို့ ဆိုတာ အကောင်းဆုံးကတော့ Regular Backups လုပ်ဆောင်ထားတဲ့ နည်းထက် ပိုပြီး ကောင်းတာ မရှိနိုင်ပါဘူး။ 

Data ပျက်စီး ဆုံးရံှုးမှု ကင်းစွာနဲ့ အေးချမ်းသာယာသော အနာဂတ်များ ပိုင်ဆိုင်နိုင်ကြပါစေ -

KznT.

Related Posts