How to Maintain Your Hard Disk Drive

Leave a Comment
ကွန်ပြူတာ တစ်လုံးမှာ ကျွန်တော် စိတ်အဝင်စားမိဆုံး အစိတ်အပိုင်း တစ်ခုကို ပြပါဆိုရင် Hard Disk လို့ ခေါ်တဲ့ နေ့စဉ် သုံးစွဲနေကျ ကျွန်တော်တို့ရဲ့ Data တွေ သိမ်းဆည်းပေးထားတဲ့ နေရာတစ်ခုကို ညွှန်ပြချင်ပါတယ်။ ကွန်ပြူတာကို စသုံးခဲ့စဉ် တည်းက ဒီ Hard Disk အကြောင်းကို လက်လှမ်းမှီသမျှ ဖတ်ခဲ့လေ့လာခဲ့တာ ခုထိလည်း လေ့လာလို့ မကုန်နိုင်သေးဘူး - ဖတ်လို့လည်း မဆုံးနိုင်သေးဘူး - Hard Disk အကြောင်းလို့ ဆိုလိုက်တော့ ခေါင်းစဉ်က အရမ်းကို ကျယ်ပြန့်သွားပါတယ် - တကယ်တော့ ကျွန်တော် အဲလောက်ကြီးထိလည်း ကျယ်ကျယ်ပြန့်ပြန့် မလေ့လာနိုင်ပါဘူး - Hard Disk အကြောင်းဆိုတဲ့ ခေါင်းစဉ်အောက်ကမှ ကျွန်တော် စိတ်ဝင်စားတာ Hard Disk Failure လို့ ခေါ်တဲ့ Hard Disk တစ်ခု ပျက်စီးရခြင်း Data ဆုံးရံှုးရခြင်းရဲ့ အဓိက ဇစ်မြစ် အခြေခံ အကြောင်းတရား တွေကိုပါ။

ဘာကြောင့် ဒီအကြောင်းတရားကို ပိုစိတ်ဝင်စားပြီး လေ့လာဖြစ်ခဲ့သလဲဆိုရင် ကျွန်တော် ကွန်ပြူတာနဲ့ အတူ နှစ်အတော် များများ ဖြတ်သန်း ခဲ့ပြီးတဲ့ နောက်မှာ ကျွန်တော် အပါအဝင် ကျွန်တော့် အသိမိတ်ဆွေ - အပေါင်းအသင်း သူငယ်ချင်း - မိသားစု စသဖြင့် ကွန်ပြူတာနဲ့ လည်ပတ်လှုပ်ရှားနေကြတဲ့ သူတိုင်းနီးပါး အမြဲလိုလို ရင်ဆိုင်ကြရတာ Hard Disk Failure လို့ ခေါ်တဲ့ Hard Disk တစ်ခု ပျက်စီးရခြင်း Data ဆုံးရံှုးရခြင်း ဆိုတဲ့ အကြောင်းတရားကြောင့်ပါပဲ။ အဲလို Hard Disk Failure ဆိုတာ ဖြစ်ရင် ကျွန်တော်တို့အားလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရတယ်။ တစ်ချို့က Hard Disk ထဲမှာ စီးပွားရေးလုပ်ငန်း ဆိုင်ရာ ပျောက်ဆုံးပျက်စီးလို့ မရတဲ့ Data တွေ သိမ်းဆည်းကြတယ် - တစ်ချို့ကျတော့ လူအများနဲ့ တွဲဖက် လုပ်ကိုင်နေရတဲ့ သတင်းအချက်အလက် မှတ်တမ်းတွေ - နောက်ဆုံး ကွန်ပြူတာကို ဖျော်ဖြေရေးလောက် သုံးတဲ့ သူဆိုရင်တောင် အထဲမှာ စိတ်ကြိုက် ရွေးချယ် စုဆောင်းထားတဲ့ သီချင်းလေးတွေ - VCD လေးတွေ ဆိုတာ ရှိကြမှာပဲ - ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ကွန်ပြူတာ သုံးသုံး Hard Disk Failure ဖြစ်ပြီ ဆိုရင် အားလုံး ဆုံးရံှုးကြရတာပါပဲ - Hard Disk Failure ဖြစ်ရင် Recovery ပြန်လုပ်လို့ ရတယ် - ပြန်လုပ်ပေးတဲ့ Services တွေ ရှိတယ် ဆိုပေမယ့် ကိုယ်လိုချင်တဲ့ Data တွေ အားလုံး ပြန်ရနိုင်မယ် မရနိုင်ဘူးဆိုတာကတော့ ကိုယ့် Hard Disk က ဘယ်လောက်ကြီးထိ ထိခိုက်ပျက်စီး သွားလဲ ဆိုတာပေါ် မူတည်ပြီး မသေချာနိုင်ပါဘူး - ဒါ့ကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်တယ် ဆိုတဲ့ စကားအတိုင်း - Hard Disk ပျက်ရင် ဘာလုပ်မလဲ ဆိုတာထက် Hard Disk မပျက်ခင် ကတည်းက ကိုယ့် Data တွေ မဆုံးရံှုးရအောင် ဘယ်လို ကာကွယ်မှု လုပ်မလဲ - ဘယ်လို ပြင်ဆင်မှုတွေ ထားမလဲ ဒါကို ကျွန်တော် သိသလောက်လေး နည်းနည်း လက်ဆင့်ကမ်းချင်မိပါတယ်။


မိမိ Hard Drive ရှိ ပြဿနာများအား ခန့်မှန်းစစ်ဆေးခြင်း

ကာကွယ်ရေးနဲ့ ကုသရေး မလုပ်ဆောင်ခင်မှာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Hard Drive က လက်တလော အခြေအနေမှာ ဘယ်လို အနေအထားမျိုး ရှိနေသလဲ - ဆိုလိုတာ Normal ပဲလား - ထူးထူးခြားခြား လက္ခဏာ ရပ်တွေ ပြနေလား - ဒါတွေကို ကျွန်တော်တို့ အရင်ဆုံး လေ့လာထားဖို့ ပိုအရေးကြီးပါတယ်။ ဒီလို သိထားမှ အခြေအနေ တော်တော်ဆိုးနေပြီလား - ပြင်ဆင်လို့ ရနိုင်သေးလား - အစားထိုးသင့်ပြီလားဆိုတာ ကို ကျွန်တော်တို့ ဆုံးဖြတ်နိုင်ဖို့ အထောက်အကူ ရမှာပါ။

အဆင့် ( ၁ ) - Hard Disk Errors များအား စစ်ဆေးခြင်း

အခုနောက်ပိုင်း လူတော်တော်များများလည်း အတည်ပြု အသုံးပြုနေကြပြီ ဖြစ်တဲ့ Windows တော်တော်များများမှာ Chkdsk.exe လို့ခေါ်တဲ့ Utility တစ်ခု ပါဝင်ပါတယ်။ သူက ဘာကောင်းလဲ ဆိုရင် ကိုယ့် Hard Disk ပေါ်မှာ ရှိနေတဲ့ Bad Sectors တွေကို စစ်ဆေးပေးတာပါ။ Bad Sectors လို့ ကျွန်တော်သုံးလိုက်တော့ စပြီးလေ့လာသူ တစ်ယောက်အတွက် နားလည်ရ နဲနဲ ခက်ခဲသွားနိုင်ပါတယ်။ Bad Sectors အကြောင်းရေးချင်တာ မဟုတ်လို့ ဒီနေရာမှာ အကုန်လုံး အသေးစိတ် မဖော်ပြနိုင်ပေမယ့် နားလည်လွယ်အောင် ပြောရရင် Bad Sectors ဆိုတာ Hard Disk မျက်နှာပြင်ပေါ်က OS ကနေပြီး Access လုပ်လို့ မရတော့တဲ့ Sector ( အစိတ်အပိုင်း ဧရိယာ ) တွေကို ဆိုလိုပါတယ်။ 



Hard Drive ပေါ်မှာ Bad Sectors တွေတည်ရှိလာရင် ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာရပ်တွေကတော့ - ကိုယ့် Hard Disk က အလုပ်လုပ်တာ နှေးလာမယ် - ဆိုလိုတာ Windows အတက်မှာ ဖြစ်ဖြစ် - Applications တစ်ခုခု ခေါ်သုံးရာမှာ ဖြစ်ဖြစ် စက်မှာ ဆင်ထားတဲ့ Hardware Performance နဲ့ မညီလောက်အောင်ကို နှေးကွေး လေးလံလာမယ် - အဲတာကို ကိုယ်က မသိပဲ ပေသုံးရင် နောက်ဆို Shortcut တစ်ခုခု ခေါ်သုံးလိုက်တာနဲ့ စက်ကြီးက Hang သွားပြီး Restart တွေ ဘာတွေ ကျသွားမယ် - Restart ကျပြီး ပြန်တက်ချိန်မှာ စက်က တော်ယုံနဲ့ Windows တက်မလာတော့ဘူး - Boot Screen မှာပဲ ကလည်ကလည်နဲ့ လည်လိုက် Restart ပြန်ကျလိုက် - ဒါမှမဟုတ် Boot Screen မှာပဲ လည်ပြီး အထဲကို မဝင်တော့ဘူး - ကံကောင်းပြီး အထဲ ရောက်သွားပြန်ရင်လည်း စက်က Hang နေပြီး ဘာမှချက်ချင်း အလုပ်မလုပ်နိုင်ပဲ တော်တော်ကြာကြာ စောင့်နေရတာမျိုးတွေ ဖြစ်လာမယ်။ ဒါမှမဟုတ် အဲ့ထက် ဆိုးသွားရင် Hard Disk ကိုလုံးဝ Detect မလုပ်တော့တာမျိုးတွေ ဖြစ်လာမယ်။ Boot ထဲကို ဝင်ကြည့်ရင် ကိုယ့် HD ကိုလည်း မတွေ့ရတော့ဘူး - ဒါတွေက Bad Sectors တွေ ကိုယ့် Hard Drive ပေါ်မှာ တည်ရှိတာ များလာရင် ဖြစ်ပေါ်လေ့ ရှိတဲ့ ပြဿနာ ရပ်တွေပါ - ဒီလိုဖြစ်ရင် HD မကောင်းတာပါလို့ ကျိန်းသေပေါက်ပြောလို့ ရတာမျိုး မဟုတ်ပေမယ့် ခု ဖော်ပြခဲ့တာတွေက Bad Sectors တွေတည်ရှိလာရင် ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာရပ်တွေထဲက တစ်ချို့ တစ်ဝက်ပါပဲ။

အခု ကိုယ့်ကွန်ပြူတာ အခြေအနေကို ကိုယ်ပြန်သုံးသပ်ကြည့်ပါ - ကျွန်တော် ဖော်ပြခဲ့တဲ့ အခြေအနေတွေထဲက တစ်ခုမဟုတ် တစ်ခုနဲ့ ညိှကောင်းလည်း ညိှနေနိုင်မယ် - မညှိသေးတဲ့ သူတွေလည်း ရှိကောင်းရှိမယ် - ဒါပေမယ့် ညှိသည်ဖြစ်စေ  - မညှိသည် ဖြစ်စေ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက် တာမို့လို့ Chkdsk ကို လုပ်ဆောင်ထားသင့်ပါပြီ။  Chkdsk  ကို Command Line ကနေ ဘယ်လို လုပ်ဆောင်နိုင်မယ်ဆိုတာ ဒီနေရာမှာ အသေးစိတ် လေ့လာကြည့်နိုင်ပြီး အဲ့ထက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကတော့ Windows Explorer ကိုဖွင့် Windows Partitions အပါအဝင် ကိုယ်အများဆုံး Data အထုတ်အသွင်း လုပ်လေ့ရှိတဲ့ Hard Disk Partition တစ်ခုခုကို Right click ထောက် - အဲနောက်မှာမှ Properties ကိုသွား -  အောက်ဖော်ပြပါအတိုင်း ပေါ်လာရင် Tools tab ကိုဝင် Error checking အောက်က “Check Now” button ကိုနှိပ် -


ဒီလိုဆို အောက်ဖော်ပြပါအတိုင်း နောက် Box တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့မှာ “Scan for and attempt recovery of bad sectors” ကို ရွေးပေးပြီး Start ကို နှိပ်လိုက်ပါ။ ဒီလိုဆို ကျွန်တော်တို့ Check Disk လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပါလိမ့်မယ်။


တစ်ခု သိထားရမှာက Windows Partitions ကို Check Disk လုပ်ဆောင်တဲ့ အချိန်မှာ Windows ထဲမှာ လုပ်ဆောင်လို့ ရမှာ မဟုတ်ပဲ နောက်တစ်ကြိမ် ကိုယ့်စက်ကို Restart ပေးတဲ့ အချိန်ကျမှ Check Disk လုပ်ငန်းစဉ်ကို Windows ကနေ လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်။ အဲ့လို လုပ်ဆောင်သွားမယ် ဆိုတာကို သူက အောက်ဖော်ပြပါအတိုင်း အသိပေးပါလိမ့်မယ်။



အဆင့် ( ၂ ) - မိမိ Hard Disk ၏ သံစဉ်များအား လေ့လာခြင်း

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျွန်တော် ဖိုရမ်မှာ ကို LaMike အကူအညီတောင်းခဲ့ဖူးလို့ ဒီနေရာမှာ တစ်ခါဝင်ရောက် အကြံပြုခဲ့ဖူးပါတယ်။ ခု ဒီနေရာမှာလည်း အဲ့မှာ ဖော်ပြခဲ့ဖူးတဲ့ အကြောင်းအရာ တစ်ချို့ကို  ပြန်လည်ပေါင်းစည်း တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီပြဿနာက ဘယ်လိုမျိုးလဲ ဆိုရင် တစ်ခါတစ်လေမှာ ကွန်ပြူတာ သုံးနေရင်းနဲ့ CPU ပုံးထဲကနေ ထူးထူးဆန်းဆန်း အသံတွေ ကြားခဲ့ရဖူးပါလား - ဘယ်လိုထူးဆန်းတဲ့ အသံတွေလဲ ဆိုတာ ဒီနေရာကနေ download ချပြီး နားထောင်ကြည့် နိုင်ပါတယ်။ တကယ်လို့ Download ချပြီး နားမထောင်ချင်ဘူး ဆိုရင်လည်း ဒီနေရာမှာ Hard Drive ကနေ ထွက်လာတတ်တဲ့ အသံပုံစံတူတွေကို နားထောင်နိုင်ပြီး အဲ့ထဲက ဘယ်အသံက ဘာဖြစ်နေတယ်ဆိုတာ ယေဘုယျ အားဖြင့် သုံးသပ်ပေးတဲ့ Site တစ်ခု ရှိပါသေးတယ်။ လုပ်ဆောင်နည်းကတော့ သူပြထားတဲ့ Buttons လေးတွေကို Mouse နဲ့ အောက်ဖော်ပြပါအတိုင်း ပွတ်ရွှေ့လိုက်ယုံပါပဲ -





အဲလို လုပ်လိုက်ရင် buttons တစ်ခုချင်းဆီရဲ့ သက်ဆိုင်ရာ အသံတွေကို သူထုတ်ပြပြီး ဘာ့ကြောင့် ဖြစ်နိုင်ချေရှိတယ်ဆိုတာကိုပါ သူက ဖော်ပြပါလိမ့်မယ်။ နောက်ထပ် Hard Drive က ထူးထူးဆန်းဆန်း အသံတွေနဲ့ ပြစ်ချက်တွေကို လေ့လာဖို့ ကောင်းတဲ့ နေရာတစ်ခုက Data Cent ပါ။ အဲ့ဒီမှာ Hard Drive Manufactures အသီးသီးက ( Western Digital - Seagate - Maxtor - Samsung - Hitachi/IBM - Toshiba - Fujitsu - Quantum ) ထုတ်လုပ်လိုက်တဲ့ Hard Drive အမျိုးမျိုးမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဆူညံသံတွေနဲ့ ပတ်သတ်ပြီး Data Recovery လုပ်နိုင်ဖို့ ဘာသံက ဘာဖြစ်တယ်ဆိုတာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားတဲ့ အချက်အလက်တွေ ရှိပါတယ်။ ခုလိုမျိုး Hard Drive က ထူးထူးဆန်းဆန်း အသံတွေ ကြားနေရပြီ ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာရပ်တော့ မဟုတ်ပါဘူး - ဖြစ်နိုင်ချေ ရှိတာ အနှေးနဲ့ အမြန် Hard Drive Fail ဖြစ်တော့မယ်ဆိုတာ ကျွန်တော်တို့ကို တစ်ဖက်လှည့်နဲ့ အသိပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကံသေကံမ ဖြစ်ကို ဖြစ်လိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး - ကျွန်တော်ကြုံခဲ့ဖူးသလောက် အဲလို အသံ ကြားနေရပေမယ့် လနဲ့ ချီပြီး အသုံးခံနေသေးတဲ့ Hard Drive တွေလည်း တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကျိန်းသေ တွက်ချက်ထားနိုင်တာမျိုး မဟုတ်လို့ ကျွန်တော့် အနေနဲ့ အကောင်းဆုံး အကြံပေးချင်တာက Data Backup လုပ်ထားဖို့ပါ။ Backup လုပ်ငန်းစဉ်နဲ့သိပ် မရင်းနှီးဘူး ဆိုရင် External Hard Drive တစ်ခုခုကို ဝယ်ယူ/ဌားပြီး ကိုယ့်အတွက် မဖြစ်မနေ အရေးကြီးတဲ့ Data တွေကို ပြောင်းပြီး သိမ်းထားလိုက်ပါ။ အကောင်းဆုံးကတော့ Hard Drive အသစ်တစ်ခု လဲလှယ် အသုံးပြုနိုင်ရင် အကောင်းဆုံးပါပဲ။ အရေးကြီးတဲ့ Data တွေကို Backup လုပ်ဖို့ နဲ့ ပတ်သတ်ပြီး သူများဆီက Hard Drive ဌားမှပဲ အဆင်ပြေတော့မှာလားလို့ မေးစရာ ရှိပါတယ်။ အဲလိုလည်း မဟုတ်ပါဘူး - အရေးကြီးတဲ့ Data တွေကို ကြိုတင် Backup လုပ်ဆောင်ထားနိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ အမြောက်အများရှိပါတယ်။ ကျွန်တော် ဖော်ပြခဲ့ပြီးတဲ့ အင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်း ဆိုတဲ့ ခေါင်းစဉ် - လွယ်ကူလေ့လာ Backup နည်းပညာ နဲ့ Windows 7 တွင် Step by Step Backup ပြုလုပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးတွေကို လေ့လာကြည့်ရင် ကွဲပြားသွားတဲ့ Backup လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ ဘယ်လို Backup Plan ထားရမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။

အဆင့် ( ၃ ) - ထိန်းသိမ်းမှု မလွန်ကဲပါစေနှင့်

Hard Disk ကို ဂရုစိုက်ရမယ် ဆိုတာ သိပြီ - အခု ဒီစာကို မဖတ်ဖူးခင်တည်းကလည်း Hard Disk ဆိုတာ ဂရုတစိုက် အသုံးပြုရမှန်းကောင်းမှန်း တော်တော်များများ သိနားလည်ကြပါတယ်။ ဒါပေမယ့် တစ်ချို့တစ်ချို့ သူတွေက  လိုအပ်တာထက် ပိုလွန်တဲ့ ဂရုစိုက်မှုမျိုးကို ပြုမူတတ်ကြပါတယ်။ ဒါကလည်း မကောင်းပါဘူး - တန်ဆေး လွန်ဘေး ဆိုသလို Hard Disk တစ်ခုမှာ ဖြစ်ပေါ်လေ့ ရှိတဲ့ Errors တွေနဲ့ ပတ်သတ်ပြီး သိနားလည်ထားပြီးလို့/တစ်ချို့လည်း အတွေ့အကြုံရှိလို့ စိုးရိမ်စိတ်နဲ့ ဂရုစိုက်ကြတဲ့ နေရာမှာ လိုအပ်တာထပ် ပိုမိုတဲ့ ဂရုစိုက်မှုမျိုးက Hard Disk တစ်ခုကို ဂရုတစိုက် အသုံးပြုပါတယ်လို့ သတ်မှတ်လို့ မရသလို နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ Hard Drive တစ်ခုရဲ့ Performance ကိုပါ ကျဆင်းစေပါတယ်။ ဆိုလိုချင်တာ Hard Drive တစ်ခုကို ဂရုတစိုက် အသုံးပြုတယ် အမည်ခံပြီး Utility ပေါင်း မြောက်များစွာနဲ့ ခဏခဏ တစ်မျိုးပြီး တစ်မျိုးပြောင်းပြီး သန့်ရှင်းရေး လုပ်တာမျိုး မလုပ်ပါနဲ့ - လူကြိုက်များ/ဈေးကြီး ပေးရတိုင်း ကိုယ့်စက်နဲ့ သင့်တော်တဲ့ Software ကောင်း မဟုတ်ဘူး ဆိုတာကိုလည်း စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားဖို့ လိုပါတယ်။ ပုံမှန် အသုံးပြုသင့်တာ Free လည်းရပြီး စွမ်းဆောင်ရည်လည်း ပြည့်ဝတဲ့ CCleaner တို့ Defraggler တို့ ဆိုတာလည်း ရှိပါတယ်။ သူတို့တွေက ပေါ့လည်း ပေါ့ပါးသလို အမှန်တကယ်လည်း လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ နောက်တစ်ခုက Free Hard Disk Monitoring Utility တစ်ခုဖြစ်တဲ့  Disk Checkup ပါ။ သူကလည်း Hard Disk မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေကို ဖော်ပြနိုင်ပါတယ်။ သူက ဘာတွေကို စစ်ဆေးပေးလဲ ဆိုရင် ကိုယ့် Hard Disk ရဲ့ Temperature - နောက် read နဲ့ write error rate စတာတွေကို စစ်ဆေးပေးပါတယ်။ အဲ့လို စစ်ဆေးပြီးတဲ့နောက်မှာ သူစံသတ်မှတ် တိုင်းတာထားတဲ့ တန်ဖိုးတွေက အန္တရာယ်ရှိတဲ့ အနေအထား/ အခြေအနေ တစ်ခုကို ပြောင်းလဲလာပြီ ဆိုတာနဲ့ ကျွန်တော်တို့ကို သတိပေးပါလိမ့်မယ်။ အဲလို အသိပေးခြင်း အားဖြင့် ဖြစ်လာနိုင်တဲ့/ကျရောက်လာနိုင်တဲ့ Hisk Failure ဆိုတဲ့ အန္တရာယ်ကို ကျွန်တော်တို့ အထိုက်လျောက် ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ Disk Checkup ဟာ Personal Use အတွက် Free ပေးထားပြီး Company license ကတော့ US$15.00 per license ဖြစ်ပါတယ်။

အဆင့် ( ၄ ) - မှတ်သားထားသင့်သော အကြောင်းအရာများ

Hard Drive ကာကွယ်ရေးနဲ့ ပတ်သတ်ပြီး ဒီလောက်နဲ့ ပြည့်စုံပြီလား ဆိုရင်တော့ ဒီလောက်လေးနဲ့ ဘယ်လိုမှ မပြည့်စုံသေးတာ သေချာပါတယ်။ ဖြစ်နိုင်ရင်တော့ ကျမ်းတစ်စောင်လိုကို ရေးချင်ပါသေးတယ် - ဒါပေမယ့် အဲ့လောက်ကြီးထိလည်း ကျွန်တော် မစွမ်းနိုင်သေးပါဘူး - ဒါကြောင့် မှတ်သားထားသင့်သော အကြောင်းအရာများကို ထပ်ဖြည့်ပြီး ဒီအကြောင်းအရာကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ အကြောင်းကတော့ SeaTools ဆိုတဲ့  Hard Drive စစ်ဆေးရေး Free diagnostic tool တစ်ခု နဲ့ တစ်ခြား အကြောင်းအရာ တစ်ချို့ပါ။ ဒီ Tool လေးတွေဟာ Seagate ကနေ ထုတ်ထားတာ ဖြစ်ပြီး Seagate မဟုတ်တဲ့ တစ်ခြား Disk Drives တွေအတွက်လည်း အသုံးပြုလို့ ရပါတယ်။ အသုံးပြုဖို့ အတွက်ကတော့ ကျွန်တော် ဖော်ပြပေးထားတဲ့ Link ကနေ သွားရောက်ပြီး Bootable CD ပြုလုပ်နိုင်ဖို့ SeaTools for DOS ကနေ ISO image ကို ရယူရပါမယ်။ အဲ့နောက်မှာ ISO image ကို အခွေရိုက်ပြီး Drive ကနေ Boot တက်လိုက်ပါ။ အဲ့နောက်မှာ License agreement တွေကို Accept ပေးပြီး Full scan လုပ်ပါ။ တကယ်လို့ ကိုယ့် Hard Drive မှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေတာ တွေ့ပြီ ဆိုရင် Operation အဆုံးမှာ ဖြစ်စေ - Disk Scan ကို ရပ်လိုက်တဲ့ အချိန်မှာ ဖြစ်စေ ဖော်ပြပေးပါလိမ့်မယ်။

သူ့လိုပဲ တစ်ခြား Computer vendors တွေ / Hard Disk manufactures ( Samsung, Hitachi, Toshiba (Fujitsu), Western Digital, Lenovo, Dell, စသဖြင့် ) တွေကလည်း သူ့ Hard Drives Brand တွေ အတွက် Diagnostic tools တွေ ထုတ်ပေးပါ သေးတယ်။ တကယ်လို့များ ကိုယ့်ကွန်ပြူတာမှာ မကြာခဏ ဆိုသလို System Hangs တာမျိုး - Boot တက်ဖို့ ခက်နေတာမျိုး တွေ ဖြစ်လာရင် ဒီ ဖော်ပြပါ Tools တွေကို သုံးပြီး ခုဖြစ်နေတဲ့ ပြဿနာဟာ Hard Drive နဲ့ ပတ်သတ် ဆက်စပ်နေလား ဆိုတာ စစ်ဆေးနိုင်ပါတယ်။ တစ်ခု သတိပြုရမှာက ကျွန်တော် ခုဖော်ပြခဲ့တဲ့ ဖော်ပြချက်တွေဟာ စစ်ဆေးရေး သက်သက်သာ ဖြစ်ပါတယ်။ ကိုယ့် Hard Drive ထဲက Data တွေ လုံခြုံဖို့ ဆိုတာ အကောင်းဆုံးကတော့ Regular Backups လုပ်ဆောင်ထားတဲ့ နည်းထက် ပိုပြီး ကောင်းတာ မရှိနိုင်ပါဘူး။ 

Data ပျက်စီး ဆုံးရံှုးမှု ကင်းစွာနဲ့ အေးချမ်းသာယာသော အနာဂတ်များ ပိုင်ဆိုင်နိုင်ကြပါစေ -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts