Best Annotation Tools on Web Pages

Leave a Comment

Photo from made-in-china.com

Highlighter တွေရဲ့ သဘောတရားကို ကျွန်တော်သိခဲ့တာ စက်မှုတက္ကသိုလ် တတိယနှစ်လောက်က ဖြစ်မယ်ထင်ပါတယ် - လေ့လာမှု အားနည်းတာရယ် - အရာရာတိုင်းကို မပြောင်းလဲပဲ တစ်သမတ်တည်း လည်ပတ်နေတဲ့ လူမှုပတ်ဝန်းကျင်မှာ အသားကျပြီး ရုန်းမထွက်ချင်တော့ပဲ ပျော်ဝင်နေမိတာကြောင့်လည်း ပါပါလိမ့်မယ် - ကျွန်တော်တို့ ငယ်ငယ် ကျောင်းသား ကျောင်းသူ ဘဝတည်းက စာတွေဖတ်ခဲ့ကြတယ်/ကျက်ခဲ့ကြတယ်။ ခုချိန်ထိလည်း ဖတ်သင့်တာဖတ်/ကျက်သင့်တာ ကျက်နေရဆဲပဲ - ခု ဒီအသက်ဒီအရွယ်ကြီး ရောက်တော့မှ ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာတွေ ပြန်စဉ်းစားကြည့်မိတော့ အနှစ်သာရနည်းနည်းနဲ့ အပေါ်ယံ အကာတွေ လွှမ်းခြုံထားတဲ့ စာမျိုးတွေ ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာတွေမှာ တော်တော်များများ ပါဝင်နေပါလားဆိုတာ ပြန်သတိထားမိတယ်။ အဲလို အရောရောအနှောနှော ကြားမှာ ကြီးပြင်းခဲ့တဲ့ ကျွန်တော့်အတွက် ငယ်ငယ်တည်းကနေ ခု ဒီအသက်ဒီအရွယ်ထိ ဖတ်ခဲ့ဖူးတဲ့စာတွေ မနည်းမနောရှိပေမယ့် ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာတွေထဲက ဘယ်စာအုပ်ဟာ ဘာအကြောင်းအရာကို အဓိက ဖော်ပြချင်တာလဲ - ဘယ် ဆောင်းပါးဟာ ဘာရသကို ပေးစွမ်းချင်တာလဲ - ဘယ် နည်းပညာစာအုပ်က ဘယ်ပညာရပ်ကို လက်ဆင့်ကမ်း ချင်တာလဲ - ဘယ်စာပိုဒ်ထဲမှာ ဘယ်ဖော်ပြချက်တွေ ပါဝင်နေလဲ ဆိုတာမျိုး ကျွန်တော် ပြန်စဉ်းစား ကြည့်မိတော့ ကျွန်တော် ဘာတစ်ခုကိုမှ ရေရေရာရာ မမှတ်မိတော့ဘူး - မင်း ဒီစာအုပ်ကြားဖူးလား - ဟုတ်ကြားဖူးတယ် - မင်းဒီစာအုပ် ဖတ်ဖူးလား - ဟုတ်ကဲ့ ဖတ်ဖူးပါတယ် - ဒါဆို မင်းအဲ့စာအုပ်ထဲက စာအုပ်က ပေးတဲ့ ရသပိုင်းဆိုင်ရာ / ပညာရပ်ပိုင်းဆိုင်ရာ / အတွေးအခေါ်ပိုင်းဆိုင်ရာ အဓိကအကျဆုံး အကြောင်းအရာတွေကို မင်းမှတ်မိသလောက် ပြောပြစမ်းဆို ကျွန်တော် မပြောပြတတ်တော့ဘူး - ဟိုစာအုပ်က ဟိုအကြောင်းရေးသလိုလို - ဒီစာအုပ်က ဒီအကြောင်းပြောသလိုလို - ခေါင်းထဲမှာ အားလုံး ရောထွေးသွားတယ် - ဘာကြောင့်လဲ - ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့တွေဟာ - စာအုပ်တစ်အုပ် / စာရေးသူ တစ်ယောက်က ပေးတဲ့ ပညာရပ်ဆိုင်ရာ / အတွေးအခေါ်ပိုင်းဆိုင်ရာ / ဖော်ပြချက် အနှစ်သာရတွေကို စာအုပ်ကနေ ဖော်ထုတ် မမှတ်ယူတတ်ခဲ့ လို့ပါပဲ - 



Photo from en.wikipedia.org


ဒါ ဘယ်လောက် အရေးကြီးလို့လဲ လို့မေးလာရင် ကျွန်တော်ဖြေမိမှာ - သိပ်ကို အရေးကြီးပါတယ် ဆိုတဲ့ စကားပါ။ စာအုပ်တစ်အုပ် / စာပိုဒ်တစ်ပိုဒ် / စာကြောင်းတစ်ကြောင်းက ပေးတဲ့ ရသကို ကျွန်တော်တို့ ဖော်ထုတ် မမှတ်သားတတ်ခဲ့လို့ မလိုအပ်တာတွေကို ဆုပ်ကိုင်မိပြီး လိုအပ်တာတွေ မေ့လျော့ပျောက်ရှကျန်ခဲ့ပါရောလား - ဆုံးရံှုးမှုပေါင်း မြောက်များစွာ တစ်ပွေ့တစ်ပိုက် ဆုပ်ကိုင် ထားမိချိန် နောက်ပိုင်းမှာ ကျွန်တော် ဒီ Highlighter ဆိုတာနဲ့ စပြီး ရင်းနှီးခဲ့တယ်။ အသုံးပြုလိုက်ရင် စာရွက်တစ်ရွက်ရဲ့ မျက်နှာပြင်တွေ စုတ်ပေ ညစ်ထေးသွားမှာပေါ့ ဆိုတဲ့ အတွေးနဲ့ မျက်ကွယ် ပြုမိခဲ့တဲ့ ကျွန်တော် - ကျွန်တော့်ဘဝ စာမျက်နှာ တော်တော်များများ စုတ်ပြေညစ်ထေးပြီးတော့မှ စာရွက်တစ်ရွက်ရဲ့ မျက်နှာပြင် စုတ်ပေညစ်ထေးမှုဆိုတာ ဘဝတစ်ခုရဲ့ စာမျက်နှာ စုတ်ပေညစ်ထေး သွားမှုထက် စာရင် အများကြီး ခံသာပါလား ဆိုတာ ကျွန်တော် သိခဲ့တော့တယ်။


ခုလက်ရှိချိန်မှာတော့ ကျွန်တော်ဟာ Highlighter pen ကို ကိုယ်နဲ့ မကွာ ဆောင်ထားတတ်ခဲ့ပြီ - အလုပ်စားပွဲပေါ် - စာကြည့်စားပွဲပေါ် - ကိုယ်နဲ့ မကွာ ပါသွားတတ်တဲ့ မှတ်စုစာအုပ်ရဲ့ အတွင်းဘက် အဖုံးကပ်ထူ တစ်ခုပေါ် - စသဖြင့် ကျွန်တော့် အနီးအနားမှာ ရှိနေတတ်ခဲ့ပြီ။ ဒါပေမယ့် ခု ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ၂၁ ရာစုဆိုတာ စာအုပ်ကို လက်ထဲကိုင်ပြီး Highlighter နဲ့ အရေးကြီးတာတွေ လိုက်တားနေယုံ တစ်ခုတည်းနဲ့ လုံလောက်တဲ့ ခေတ် မဟုတ်တော့ဘူး - စာအုပ်တွေ အစား - Ebooks ဆိုတာတွေ ပေါ်လာပြီ - ကမ္ဘာ့တစ်နှံ့တစ်လွှားက နည်းပညာ ပြောင်းလဲမှု ဆိုတာတွေကို အချိန်နဲ့ တစ်ပြေးညီ မှတ်တမ်းတင် ဖော်ပြပေးနေတဲ့ Webpage ဆိုတာတွေ ပေါ်လာပြီ - ခုလို ပြောင်းလဲလာတဲ့ နည်းပညာခေတ်မှာ Highlighter ကိုင်ပြီး စာကြောင်းတွေ လိုက်ရွေးထုတ်လို့ မရတော့ဘူး - စာအုပ်တစ်အုပ်ကိုင်ပြီး ဘောပင်နဲ့ Note လိုက်မှတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး - 

တစ်ဟုန်ထိုး ပြောင်းလဲနေတဲ့ နည်းပညာရေစီးကြောင်းမှာ ရှေ့ဆုံးကနေ ထိုးဖောက်မသွားနိုင်ရင်တောင် ကျွန်တော်တို့ အလိုက်သင့် မျောပါသွားနိုင်ဖို့အတွက် ဟိုးငယ်စဉ်တုန်းက Highlighter တစ်ချောင်း ကိုင်ပြီး Note ထုတ် ဖတ်မှတ်ခဲ့စဉ် တုန်းကလို Web စာမျက်နှာတွေပေါ်မှာ ကျွန်တော်တို့ နေ့စဉ် ဖတ်မှတ်လေ့လာခဲ့တဲ့ အကြောင်းအရာတွေထဲက အရေးအပါဆုံး အချက်အလက်တွေကို မျဉ်းတား မှတ်သားတတ်ဖို့ လိုလာပါပြီ။ 

အရင်ကတော့ ကျွန်တော်တို့အတွက် အဓိက လိုအပ်တဲ့ အကြောင်းအရာတွေကို လိုင်းတား မှတ်သားခဲ့တာ စာရွက်ပေါ်မှာပါ - ဒါပေမယ့် ခု လိုင်းတားရမှာ Digital စာလုံးတွေ အနေနဲ့ Web စာမျက်နှာတွေပေါ်မှာ စာစီထားတဲ့ စာကြောင်းတွေကို Highlight လုပ်ရမှာဖြစ်ပါတယ်။ ဒါတင်မက ကိုယ် အဓိက အချက်တွေ အနေနဲ့ မှတ်သားထားတာလေးတွေကို သူငယ်ချင်း အသိမိတ်ဆွေ တွေကိုလည်း Share လုပ်ပြီး သိလိုက်စေချင်သေးတယ်။ ဒီလိုဆို ကိုယ်ဖတ်မိတဲ့ အကြောင်းအရာထဲက အဓိက အချက်လေးတွေ ဆွဲထုတ်ပြီး သိမ်းထားနိုင်ဖို့နဲ့ Share လုပ်ဆောင်နိုင်ဖို့ Options နှစ်မျိုးလုံးကို ဝန်ဆောင်မှု ပေးတဲ့ နေရာ တစ်ခုခုကို သိဖို့ လိုလာပါပြီ -  ဒါတင်မက Web ပေါ်မှာ တည်ရှိနေတဲ့ စာတွေကို Highlight လုပ်ပေးနိုင်မယ့် Highlighter pen တစ်ချောင်းလည်း ရှိနေဖို့ လိုအပ်လာပါပြီ။ ဒီအခက်အခဲတွေကို ကိုယ့် ကွန်ပြူတာထဲမှာ ဘာ Software မှ အပိုဆောင်းတင်စရာ မလိုပဲ ပြေလည်စေမယ့် နေရာကတော့ Awesome Highlighter ပဲ ဖြစ်ပါတယ်။



Awesome Highlighter ကို သွားပြီး Webpage တစ်ခုကို ဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ mouse cursor လေးဟာ အလိုလို နေရင်း အပေါ်မှာ မြင်တွေ့နေရတဲ့ အတိုင်း Highlighter pen တစ်ချောင်းအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ရမှာဆိုလို့ ကိုယ် အဓိက လိုချင်တဲ့ စာကြောင်းလေးတွေကို ပုံမှန် လုပ်ဆောင်နေကျ အတိုင်း Select လုပ်ယုံပါ - အဲလို လုပ်ဆောင်လိုက်ရင် ကိုယ် ရွေးချယ်လိုက်တဲ့ စာကြောင်းတွေဟာ အလိုလို Highlight လုပ်ဆောင်ပြီးသား ဖြစ်သွားပါလိမ့် မယ်။ တကယ်လို့ အရောက်မကြိုက်ရင်လည်း တစ်ခြား အရောင်ပြောင်းရွေးလို့ ရပါတယ်။ ဒါတင်မက ကိုယ် Highlight လုပ်ထားတဲ့ စာမျက်နှာမှာ မိမိစိတ်ကြိုက် ထည့်သွင်းချင်တဲ့ Notes စာသားတွေကိုလည်း အထက်ဖော်ပြပါ အတိုင်း ထည့်သွင်း နိုင်ပါသေးတယ်။ ဥပမာကြည့်ရန်


နောက်တစ်ခု မိတ်ဆက်ပေးချင်တာကတော့ BounceApp ပါ – သူကတော့ Web page တစ်ခုလုံးကို screenshots လုပ်ပြီး အဲ့ဒီ့ screenshots ကိုမှ built-in tools တွေနဲ့ ကိုယ့်ရဲ့ မှတ်ချက်တွေ ထည့်သွင်းပေးနိုင်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။



ကျွန်တော်တို့လုပ်ဆောင်ရမှာ ကိုယ် ဝန်းဝိုက်ဖော်ပြချင်တဲ့ စာကြောင်းတွေကို အနားသတ်မျဉ်း ဆွဲပေးပြီး ကိုယ့် မှတ်ချက် ထည့်သွင်းပေး ယုံပါပဲ။ ဒီလိုလုပ်ဆောင်ထားခြင်း အားဖြင့် Web page ရဲ့ ဘယ်နေရာမှာ ဘာအကြောင်းအရာ ရှိတယ် ဆိုတာ ကျွန်တော်တို့ အလွယ်တကူ ပြန်လည် ရှာဖွေရရှိနိုင်ပါတယ်။ ဥပမာကြည့်ရန် BounceApps ရဲ့ မကောင်းတဲ့ အချက်တွေက မြန်မာလို ရေးသားထားတဲ့ စာမျက်နှာတွေနဲ့ အဆင်မပြေတာ - Image format ဖြစ်လို့ ကိုယ် Shared လုပ်ထားတဲ့ စာမျက်နှာကို တစ်ခြားသူ တစ်ယောက် ဝင်ရောက် ဖြည့်စွက် ပြင်ဆင်ပိုင်ခွင့် မရှိတာ ဆိုတာမျိုးတွေ ရှိလာပါတယ်။


နောက်ဆုံး တစ်ခု အနေနဲ့ စမ်းသပ်ကြည့်သင့်တာကတော့ WebKlipper ပါ။ အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ Awesome Highlighter တို့ WebKlipper တို့လိုပဲ သူလည်း ကိုယ်ရွေးထုတ်ချင်တဲ့ စာကြောင်းတွေကို Highlights လုပ်နိုင်သလို ကြိုက်ရာ Web စာမျက်နှာတွေပေါ်မှာ Notes တွေလည်း ရေးသားနိုင်ပါတယ်။ တစ်ခု ထူးခြားသွားတာလေး တစ်ချက်က WebKlipper မှာ ဒီလုပ်ငန်းစဉ်တွေကို  keyboard shortcuts အကူအညီနဲ့ လုပ်ဆောင်နိုင်တာပါ။ ဒါ့ကြောင့်  keyboard shortcuts အသုံးပြုလိုသူများ အတွက် ပိုပြီး အဆင်ပြေစေလိမ့်မယ်လို့ ယူဆမိပါတယ်။


WebKlipper ရဲ့ ထူးခြားချက် နောက်တစ်ခုက ကိုယ် Highlights ပေးပြီး မှတ်သားထားတဲ့ အကြောင်းအရာကို အခြားလူ တစ်ယောက်ဆီ ဝေမျှတဲ့ အခါ တစ်ခြားသူကလည်း သူကြိုက်နှစ်သက်ရာ အကြောင်းအရာကို ထပ်မံပေါင်းစပ်ပြီး Highlights မှတ်သားနိုင်တာပါ - ဒါဟာ ကောင်းတဲ့ အမြင်နဲ့ ကြည့်ရင် ကောင်းတယ်ဆိုပေမယ့် တစ်ချို့ကလည်း မကောင်းဘူးလို့တော့ ထင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူညီကြတာမို့ ဘာက အမှန်ဆိုတာကိုတော့ ကျွန်တော်လည်း မပြောပြတတ်ပါဘူး -

Web Pages တွေပေါ်မှာ Highlights မှတ်သားတာနဲ့ ပတ်သတ်ပြီး ကျွန်တော် ဖော်ပြချင်တာကတော့ ဒီလောက်ပါပဲ -

မိသားစု အားလုံး ကိုယ့်ဘဝအတွက် အမှန်တကယ် လိုအပ်သည်များကိုသာ ရွေးချယ် ထုတ်နှုတ် ရယူနိုင်ပါစေ -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts