Easy Way Of Learning Ubuntu Command Line

Linux အကြောင်း မရေးတာကြာပြီ - အရင်ရေးပြီးသားတွေတောင် မပြီးသေးတာတွေလည်း ရှိပါသေးတယ် - ဒါပေမယ့် စိတ်မပါသေးတာကို ဖြစ်ညှစ်ရေးတာထက် စိတ်ဝင်စားတာလေး လေ့လာတွေ့ရှိ ထားတာလေးကို အရင်ရေးတော့ စာဖတ်သူ အတွက်ရော - ကိုယ့်အတွက်ပါ အကျိုးရှိနိုင်မယ်လို့ ယူဆမိတဲ့ အတွက် ဒီ Linux မှာ အရေးပါတဲ့ Command Line အကြောင်း လေး အစပျိုးဖြစ်လိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Linux geek တစ်ယောက်နီးပါး ဖြစ်လာဖို့ စိတ်ကူးယဉ်မိတယ် - ဒါပေမယ့် Command Line နဲ့ မယဉ်ပါးဘူး - Command Line ကို ဘယ်လိုသုံးရကောင်းမှန်းလည်း မသိဘူး - ဒီလို ဖြစ်နေပါသလား ?? ဒါဘာကြောင့်လဲဆို ကျွန်တော်တို့တွေ Command Line ကိုလေ့လာဖို့ အတွက် လွယ်ကူတဲ့ နည်းလမ်းတစ်ခုရှိပါလား ဆိုတာ မသိနိုင်ခဲ့သေးလို့ပါ။ ယုံချင်လည်း ယုံမယ် - ယုံချင်မှလည်း ယုံမယ် - တကယ်တမ်းတော့ Command Line ကို အသုံးပြုရတယ် ဆိုတာ GUI tools ကို သုံးရတာထက် ပိုပြီး လွယ်ကူပါတယ်။ ဒါ့တင်မက စိတ်ဝင်စားတယ်ဆို ကျွန်တော်တို့နဲ့ အကျွမ်းဝင်လှတဲ့ Google Apps ကိုတောင် Command Line ကနေ အသုံးပြုလို့ ရနေပါပြီ -



ဒါပေမယ့် Command Line ဆိုတာ ဘယ်လောက်ပဲ လွယ်ပါတယ် လို့ဆိုဆို ပုံမှန်လမ်းရိုးကြီး အတိုင်း စတင်လေ့လာမယ့် သူတစ်ယောက်အတွက် ခက်ခဲမယ် ဆိုတာလည်း အမှန်ပါပဲ - ဒီအခက်အခဲကို အထိုက်လျောက် ဖြေရှင်းနိုင်ဖို့ အတွက် နည်းလမ်း ကောင်းတစ်ခု အကြံပြုကြည့်ချင်ပါတယ်။ အဲတာကတော့ CLIcompanion ဆိုတဲ့ Program တစ်ခုပါပဲ။ အဲ့ဒီ Program က ဘာကောင်းလဲဆို ကျွန်တော်တို့အတွက် လေ့လာဖို့ ခက်ခဲနေတဲ့ Command Line ကို လေ့လာတဲ့ နေရာမှာ ပုံမှန်လေ့လာ ရတာထက် ပိုပြီး လွယ်ကူအောင် ဖန်တီးပေးလိုက်ပါတယ်။ ဒီ Program နဲ့ ပတ်သတ်ပြီး Ubuntu သမားတွေ မဖြစ်မနေ လေ့လာသင့်တဲ့ ဆိုဒ်ကောင်း တစ်ခုဖြစ်တဲ့ OMG! Ubuntu! ကလည်း ဒီ Program ဟာ Ubuntu command line ကို လေ့လာမယ့် သူတွေ အတွက် အလွယ်တကူ လေ့လာသင်ယူနိုင်အောင် ဘယ်လို ပြင်ဆင်ပေးထားတယ် ဆိုတာ ဖော်ပြပေးထားပါတယ်။


ဒီ Program ကို သုံးမယ် ဆိုရင် ကျွန်တော်တို့ ပုံမှန် သုံးနေကျ standard command line အစား CLIcompanion ကို ဖွင့်သုံးယုံပါပဲ - အဲလိုစဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ ဘယ်လို စသုံးနိုင်မယ် ဆိုတာကို အသုံးပြုရလွယ်ကူစေမယ့် အညွှန်းတွေနဲ့ ဖော်ပြပေးပါလိမ့်မယ်။ တကယ်လို့ ကိုယ်က Command line tricks အသစ်တွေကို လေ့လာချင်သေးတယ် ဆိုရင်လည်း Linux command line နဲ့ ပတ်သတ်ပြီး အသုံးဝင်တဲ့ Sites တွေဆီက ဖော်ပြချက်တွေကို ကူးယူပြီး ပေါင်းထည့်ထားနိုင်ပါသေးတယ်။ Linux command line နဲ့ ပတ်သတ်ပြီး အသုံးဝင်တဲ့ Sites တွေကို နောက်ဆက်တွဲ ဖော်ပြပေးသွားပါ့မယ်။ လောလောဆယ်မှာ ဒီ Program ကို Ubuntu users တွေ အသုံးပြုနေတယ် ဆိုတဲ့ အနေနဲ့ပဲ အမှတ်ထားပြီး ရှေ့ဆက်သွားပါ့မယ်။

အသုံးပြုနည်း

ကျွန်တော်တို့ Program ကို စဖွင့်တာနဲ့ Default အားဖြင့် အသုံးများ/အသုံးတည့်တဲ့ Commands တွေကို အရင်ဆုံး စတွေ့ရမှာပါ။ သူဖော်ပြထားတဲ့ List ကို ဟိုဒီ လျှောက်ကြည့်ရင် ဘယ် Command line ကိုသုံးပြီး ဘာလုပ်နိုင်မယ် ဆိုတာ ကျွန်တော်တို့ အကြမ်းဖျဉ်း နားလည်နိုင်ပါတယ်။




အောက်မှာ ဖော်ပြထားတဲ့ ပုံကို ကြည့်ကြည့်ပါ - မြင်ရတဲ့ အတိုင်း အသင့်ယူသုံးနိုင်တဲ့ built-in command line တွေကိုလည်း တွေ့ရပါလိမ့်မယ်။ သူဖော်ပြထားတဲ့ အတိုင်း Commands ကို ကိုယ့်ဘာသာ ကြည့်ရိုက်လို့လည်း ရသလို - တကယ်လို့ အပျင်းကြီးတယ်/နားလည်ပြီးသား - အလွတ်ရပြီးသား ဖြစ်နေတယ် ဆိုရင်လည်း GUI အနေနဲ့ပဲ Command ကို သုံးလို့ ရပါတယ်။ Command ပေါ်ကို Right-click ထောက်ပြီး ကိုယ် လုပ်ဆောင်ချင်တာကို ရွေးချယ်လိုက်ပါ။




နောက်ပြီး ကျွန်တော်တို့တွေ Command တစ်ခုခုကို တစ်ခါ ဖွင့်လိုက်တာနဲ့ အထက်ဖော်ပြပါအတိုင်း ဘာလုပ်မှာလဲ ဆိုတာမျိုးကို သူက မေးပါလိမ့်ဦးမယ်။ အဲ့မှာ ကျွန်တော်တို့ စဉ်းစားရပြီ - ရွေးချယ်စရာတွေ ပါလာပြီ - ဘယ်ကောင်ကို ရွေးလိုက်ရင် ဘာဖြစ်မလဲ ဒါလေးတွေကို ကျွန်တော်တို့ တစ်ဆက်တစ်စပ်တည်း လေ့လာသွားနိုင်ပါတယ်။ ဒါမျိုးတွေက Beginner တစ်ယောက် အတွက်တော့ တကယ်ကို အသုံးဝင်လှပါတယ်။ တကယ်လို့ လေ့လာရင်း လေ့လာရင်း Command line ရဲ့ အသုံးချနည်းလေးတွေ သိလာပြီဆို Programs လေးတွေလည်း ထပ်ပေါင်းဖြည့်ချင်လာပါလိမ့်မယ်။ ဒီလိုဆိုလည်း မခက်ပါဘူး -

စိတ်ကြိုက် Command များ ဖြည့်သွင်းခြင်း

Ubuntu မှာ ကိုယ့်စိတ်ကြိုက် Software လေးတွေ ထပ်ဖြည့်ရတာ လွယ်ပါတယ်။ File > Add Command ကို ခေါ်လိုက်ရင် အောက်ဖော်ပြပါ အတိုင်း Window တစ်ခုကို တွေ့ရပါလိမ့်မယ်။ 



Command အပါအဝင် လိုအပ်တဲ့ တစ်ခြား အချက်အလက်ဘေးတွေ ဖြည့်သွင်းပြီး Description နေရာမှာ နားလည်လွယ်နိုင်မယ့် Command နဲ့ ပတ်သတ်တဲ့ ဖော်ပြချက်လေး ဖြည့်သွင်းပေးပါ။ ဒါ့အပြင် Command နဲ့ တွဲပြီး ရှင်သန်လာမယ့် input နေရာမှာ လည်း ဘာရိုက်ရမယ် ဆိုတာ သိသာစေမယ့် ဖော်ပြချက်မျိုး ရေးသားပေးပါ။ ဒီလိုလုပ်ဆောင်ထားမှ နောက် တစ်ကြိမ် ဒီ Command ကို အသုံးပြုတဲ့ အချိန်မှာ ဘာကြောင့်သုံးတယ် - ဘာအတွက် သုံးတယ် ဆိုတာကို နှစ်ခါပြန် စဉ်းစားစရာ မလိုပဲ နားလည် လွယ်နိုင်မှာ ဖြစ်ပါတယ်။ ဖော်ပြပါ အတိုင်း Command တစ်ခုကို Create လုပ်ပြီးတဲ့ အခါ ဒါကို ကျွန်တော်တို့ စသုံးနိုင်ပါပြီ။ ကိုယ်ဖန်တီးထားတဲ့ Command ကို စဖွင့်လိုက်တဲ့ အချိန်မှာ အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မယ်။




ဖော်ပြချက်အတိုင်း တွေ့ရတော့ ငါ packages နာမည် ရိုက်ရမှာပါလား - ငါ install လုပ်ချင်တာ ဘာများလဲ ဆိုတာ အလွယ်တကူ နားလည် သိရှိနိုင်ပြီး သုံးရတာလည်း ပိုပြီး မြန်ဆန်လာပါလိမ့်မယ်။ လောလောဆယ် အခြေအနေမှာ ဒီလို Custom Command ဖြည့်သွင်းပုံကို ဖတ်ပြီး ငါက Command နဲ့ ပတ်သတ်ပြီး ဘာမှမှ မသိသေးတာ ဘယ်လိုလုပ်ဖြည့်တတ်ပါ့မလဲ လို့ စိတ်ထဲ ခံစားရကောင်းလည်း ခံစားရပါလိမ့်မယ်။ မပူပါနဲ့ - သူဖော်ပြထားတဲ့ Default commands တွေကိုသာ ဘယ်ကောင်က ဘယ်လိုသုံးတယ် ဆိုတာ အရင် သိရှိနိုင်ဖို့ လေ့လာကြည့်လိုက်ပါ။ နောက်ပိုင်းမှာ ဒီ့ထက်ပိုပြီး နားလည်လာပါလိမ့်မယ်။

CLIcompanion အားရယူခြင်း

ဖော်ပြချက်တွေကို ဖတ်ရှုပြီးလို့ CLIcompanion ကို လိုချင်နေပြီ ဆိုရင် CLIcompanion ရဲ့ LaunchPad page ကို သွားလိုက်ပါ။ အဲဒီမှာ install လုပ်ဆောင်ရ လွယ်ကူတဲ့ DEB file ကို ရယူနိုင်ပါတယ်။ တကယ်လို့ Terminal ထဲကနေ install လုပ်ချင်တယ် ဆိုရင် အရင်ဆုံး Applications -> Accessories --> Terminal ကိုသွားပြီး အောက်ဖော်ပြပါ Command line နဲ့ CLI Companion PPA ကို အရင် ပေါင်းထည့်လိုက်ပါ။


sudo add-apt-repository ppa:clicompanion-devs/clicompanion-nightlies


CLI Companion PPA ကို ပေါင်းထည့်ပြီးသွားရင် နောက်တစ်ဆင့် အနေနဲ့ အောက်ဖော်ပြပါ Command ကို အသုံးပြုပြီး CLI Companion ကို install လုပ်ဆောင်လိုက်ပါ။


sudo apt-get update; sudo apt-get install clicompanion


တစ်ခုရှိတာ ဒီ program က Ubuntu users တွေ အတွက်ပဲ အသုံးပြုရ လွယ်ကူစေဖို့ အဓိက ရည်ရွယ်ချက် ထားတာ ဖြစ်ပြီး Fedora တို့ SUSE တို့ စသဖြင့် တစ်ခြား Distros သမားတွေအတွက် ဘာမှ ဖော်ပြထားချက် မရှိသေးပါဘူး - အခု ဖော်ပြခဲ့သလောက်ဆို CLIcompanion ရဲ့ အသုံးပြုပုံ အသုံးဝင်ပုံ တစ်ချို့ကို နားလည်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ နောက်တစ်ဆင့် အနေနဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း Linux command line နဲ့ ပတ်သတ်ပြီး အသုံးဝင်တဲ့ Sites တွေ အကြောင်း အကျဉ်းချုံး မိတ်ဆက်ပေးချင်ပါသေးတယ်။

လေ့လာသင့်သော Websites များ


LinuxCommand - LinuxCommand ဟာ Command Line ကို စတင်လေ့လာသူ တစ်ယောက် အတွက် ဘယ်လို အသုံးပြုနိုင်မယ် ဆိုတာ ဖြည်းဖြည်းချင်း သင်ပြပေးပါတယ်။
O’Reilly’s Linux Command Directory - သူကတော့ Reference guide သဘောမျိုး အသုံးဝင်မယ့် Site တစ်ခုပါ။ သူ့စာမျက်နှာမှာ ဆိုရင် built-in commands တွေတင်မက တစ်ခြား  Linux distributions အားလုံးအတွက်လည်း အသုံးဝင်မယ့် အရာတွေ ဖော်ပြပေးထားပါတယ်။ ဒါ့ကြောင့် Beginner သာမက advanced users တွေအတွက်ပါ လေ့လာနိုင်သလောက် အသုံးဝင်ပါတယ်။
The Linux Cookbook - သူကတော့ လေ့လာရင် လေ့လာနိုင်သလောက် နက်နက်ရိှုင်းရိှုင်း ဖော်ပြထားတဲ့ နေရာပါ။
Commandlinefu - သူကတော့ Command line နဲ့ ပတ်သတ်လာရင် ဟင်းလေးအိုးကြီး တစ်အိုးလိုပါပဲ။ ဒါပေမယ့် စတင်လေ့လာသူ တစ်ယောက် အတွက်တော့ လေ့လာဖို့ အခက်အခဲ ရှိနိုင်ပါတယ်။
ss64.com - သူကတော့ Database and Operating Systems နဲ့ ပတ်သတ်တဲ့ Command line reference ပါ။
IBM - သူကတော့ LPIC ( Linux Professional Institute Certification ) အတွက် ပြင်ဆင်ထားတဲ့ tutorials ကောင်းတွေနဲ့ ပြည့်နေတဲ့ Site တစ်ခုပါ။

ဒီအကြောင်းအရာကို နည်းပညာအကြောင်းတွေ ရေးသားရာမှာ တောက်တိုမယ်ရာကနေ စပြီး ကြီးကြီးမားမားထိ စေတနာထား ဖော်ပြပေးနေတဲ့ Makeuseof.com ကနေဖတ်ရှုပြီး လိုအပ်နေတဲ့ အကြောင်းအရာတွေကို ပေါင်းစပ် ဝေမျှခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် အရင်တုန်းက ရေးခဲ့ပြီးတဲ့ အကြောင်းအရာတွေမှာ ကိုယ်ကိုယ်တိုင် ရေးခဲ့တာတွေလည်း ရှိသလို - တိုက်ရိုက်ဘာသာပြန် ဖော်ပြခဲ့တာတွေ - ဖတ်ပြီး ဖတ်ရှုနားလည်တာကို ကိုယ်နားလည်ထားတာတွေနဲ့ ပေါင်းစပ်ရေးသား ခဲ့တာတွေလည်း ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ တတ်နိုင်သမျှ ဖတ်ခဲ့တာတွေကို မျှဝေချင်ပေမယ့် ကျွန်တော် ထင်သလောက် အချိန်မပေးနိုင် ဖြစ်နေပါတယ်။ ဒါ့ကြောင့် နောက်ပိုင်း ရေးသားသွားမယ့် အကြောင်းအရာတွေမှာ အကြောင်းအရာနဲ့ ပတ်သတ်နေတဲ့ မူရင်း Website - နောက် ဆက်စပ်လေ့လာ နိုင်မယ့် Sites တွေကိုပါ ထည့်သွင်းဖော်ပြပေးသွားပါ့မယ်။ ဖော်ပြပေးမယ့် နေရာတွေကို သွားရောက်ပါ - လေ့လာကြည့်ပါ - လေ့လာမိတာတွေကိုလည်း နားလည်သလောက် တစ်ခြားသူအတွက် ဖိုရမ်မှာ ပြန်လည်ဝေမျှပေးကြပါ။ ဒီလို တစ်ယောက် တစ်လက် နဲ့ တစ်တပ်တစ်အား ကူကြရင် များမကြာခင်မှာ ကျွန်တော်တို့တွေ ဒီ့ထက်မြင့်မားတဲ့ စွမ်းရည်တစ်ခုကို ဆုပ်ကိုင် နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

အားလုံး လေ့လာနိုင်သလောက် မျှဝေနိုင်ကြပါစေ

KznT.

Did You Forget To Reply An Email ?

အရင်နှစ် Oct. 20th, 2009 ခုနှစ်တုန်းက Online ထီ ထိုးရင်း ကျွန်တော် ဒေါ်လာ ၃ သောင်းခွဲ ပေါက်ခဲ့ပါတယ်။ အဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဆုကြေး ထုတ်ယူနိုင်ဖို့ သတ်မှတ်ရက်အတွင်း အချိန်မှီ အကြောင်းပြန်ကြားပါဆိုပြီး ကျွန်တော့်ဆီ Mail တစ်စောင်ပါ ဝင်လာပါတယ်။ ကျွန်တော့်မှာ အံ့လည်း အံ့သြ - ဝမ်းလည်း ဝမ်းသာ ဖြစ်ပြီး ပျော်မဆုံး ရွှင်မဆုံးနဲ့ အသိတွေကို ညနေပိုင်း သတင်းကောင်း ပြောပြပြီး လိုက်ပြုစုလိုက်တာ ညရောက်တော့ ကျွန်တော်လည်း နဲနဲများသွားပြီး အိပ်ပျော်သွားတယ် - နောက်တစ်နေ့ မနက်ကျတော့ တစ်ခြား အရေးကြီး ကိစ္စတွေရယ် - ညက များထားတဲ့ အရှိန်ကလည်း မသေတော့ Mail ကိစ္စကို လုံးဝ သတိမရတော့ပဲ ဖြစ်သွားတာ သတိပြန်ရတဲ့ အချိန်ရောက်တော့ သတ်မှတ်ရက်ကို ကျော်ပြီး ဆုကြေးပိတ်သွားတဲ့ အချိန်မှ ပဲ ပြန်သတိရမိပါတော့တယ် - ဆုကြေးကိစ္စအတွက် ကျွန်တော် မေ့လျော့သွားလို့ပါ ဆိုတာ ပြေလည်အောင် ပြောပြီး ရယူနိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့ပေမယ့် သက်ဆိုင်ရာကနေ သတ်မှတ်ရက်အတွင်း အကြောင်းပြန်ကြားခြင်း မရှိတဲ့ ဆုကြေးငွေ ဖြစ်နေလို့ လက်ခံရယူလိုမှု မရှိ သတ်မှတ်ပြီး လူမှုရေး အသင်းအဖွဲ့တစ်ခုကို လှူလိုက်ပြီ ဖြစ်တဲ့ အကြောင်း ဝမ်းနည်းစွာနဲ့ ပြောကြားလာ ခဲ့ပါတယ်။ ကျွန်တော့် အတွက်တော့ ဝမ်းနည်းဖို့လည်း ခက် - ဝမ်းသာဖို့လည်း ခက်တဲ့ ဆုံးရံှုးမှု တစ်ခုပါပဲ။

တကယ်တော့ အထက်ဖော်ပြပါ ဖြစ်ရပ်က တကယ့် အဖြစ်အပျက် မဟုတ်ပါဘူး :D အောက်မှာ ဖော်ပြသွားမယ့် အကြောင်းအရာ အတွက် နားလည်လွယ်အောင် ကျွန်တော့် ဘာသာ လုပ်ဇာတ် တစ်ခု ဖန်တီး လိုက်တာပါ - အထက်မှာ ဖော်ပြခဲ့တဲ့ ဇာတ်လမ်းလိုမျိုး အဖြစ်အပျက်တွေက လူတိုင်း ကြုံဖူးကြတာ မဟုတ်ပေမယ့် ကြုံဖူးတဲ့ သူတွေလည်း ရှိကောင်း ရှိမှာပါ။ ဒီလို ပုံစံတူ ဖြစ်ရပ်မျိုး မဟုတ်တောင် ကိုယ့်ဆီ အကြောင်းကြားစာ ဝင်လာပေမယ့် စောသေးတယ် ဆိုပြီး ဂရုမထားမိလိုက်ရာကနေ လုံးဝမေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်တဲ့ အခြေအနေမျိုးတွေတော့ လူတိုင်းနီးပါး ဖြစ်ဖူးကြပါလိမ့်မယ် - ဒီလို ဖြစ်ရပ်မျိုး နဲ့ ပတ်သတ်ပြီး ပုံစံတူ သဘောတရားကို Gmail ပို့ချင်တဲ့ အချိန်ပို့ ဆိုတဲ့ အမည်နဲ့ အရင်က တစ်ခါ ကျွန်တော် ဖော်ပြခဲ့ဖူးပါပြီ - ခု ဖော်ပြမယ့်  Services တွေရဲ့ လုပ်ဆောင်ချက်ကို နားလည်လွယ်စေဖို့ အတိုချုံး ဖော်ပြရရင် ကျွန်တော် ဖော်ပြခဲ့သလိုမျိုး အချိန်မတိုင်မီ ရောက်ရှိလာပြီး မိမိကိုယ် မေ့လျော့စေတတ်မယ့် Mail တွေကို သတ်မှတ်ချိန် နဲ့ နီးကပ်လာပြီ ဆိုတော့မှ နောက်တစ်ကြိမ် ကိုယ့်ဆီ ပြန်ဝင်ပြီး အသိပေးအောင် ဖန်တီးပေးတဲ့ လုပ်ဆောက်ချက်မျိုးတွေ ဒီ Services တွေက လုပ်ဆောင်ပေးပါတယ်။ ဒါတစ်ခုတည်းတင် မဟုတ်ပါဘူး တစ်ခြား လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ အဲဒီ့ Services တွေကတော့ Laytr နဲ့ Deferred Sender ဆိုတာတွေပါ။


တစ်နေ့နဲ့ တစ်နေ့ ငါ ဒီနေ့ ဘာလုပ်စရာ ရှိလဲ - ဘယ် Mail တွေ ငါ အပြီး ပြန်ရမလဲ - ဘယ်စာတွေ မဖြစ်မနေ ပြန်ရမှာ မပြန်ရသေးလူးလဲ - ဘာတွေကတော့ လုပ်ဖို့ နောက်ကျနေပြီလဲ ဆိုတာ Email ကို အချိန်တိုင်း ဝင်စစ်ပြီး ရှာဖွေ နေရတာမျိုး တွေထက် စာရင် ဒီလို Services တွေ သုံးပြီး လိုအပ်ချိန်မှ အသိပေးခိုင်းတာမျိုးက နေ့စဉ်နေ့တိုင်း စာဝင်/စာထွက် နဲ့ ပတ်သတ်ပြီး စစ်ဆေး လုပ်ကိုင် နေရသူတွေ အတွက်တော့ တကယ်ကို အသုံးတည့်လှပါတယ်။

Laytr



Laytr ဆိုတာ ကျွန်တော် ဖော်ပြခဲ့ပြီးတဲ့ အတိုင်း ကိုယ်တိုင် သတ်မှတ်ပေးလိုက်တဲ့ အချိန်ကို မှတ်သားပြီး Emails တွေကို နောက်တစ်ကြိမ် ကိုယ့် Inbox ထဲကို Re-send ပြန်လုပ်ပေးတဲ့ လုပ်ငန်းတာဝန်ကို လုပ်ဆောင်ပါတယ်။ အဲလို အချိန်သတ်မှတ်ပေးတဲ့ နေရာမှာ ဘယ်လို ဖြစ်စေချင်တယ် ဆိုတာက ကျွန်တော်တို့ အပေါ်ပဲ မူတည်ပါတယ်။ ကိုယ်က နောက် တစ်နာရီလို့ပဲ သတ်မှတ် - သတ်မှတ် ၊ နောက် တစ်နှစ်ကြာမှ လို့ပဲ သတ်မှတ် - သတ်မှတ် မှတ်သားလက်ခံပြီး သတ်မှတ်ချိန်အတိုင်း Emails တွေကို သူက Re-send ပြန်လည် လုပ်ဆောင်ပေးမှာပါ။ Laytr က ခုလို မေ့လျော့ လွယ်တတ်တဲ့ Emails တွေကို နောက်တစ်ကြိမ် အသိပေးနိုင်ဖို့ Re-send ပြန်လည် လုပ်ဆောင်ပေးတဲ့ လုပ်ငန်းတစ်ခုတည်းကိုပဲ လုပ်ဆောင်တာ မဟုတ်ပါဘူး တစ်ခြား လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ Laytr ကို အသုံးပြုဖို့ အတွက်ဆို Free account တစ်ခုကို Sign up လုပ်ပြီး ဖြစ်စေ - Facebook account နဲ့ပဲဖြစ်စေ အလွယ်တကူ Sign up လုပ်စရာ မလိုပဲ အသုံးပြုနိုင်ပါတယ်။


Signed up တစ်ခါ လုပ်ဆောင်ပြီးသွားပြီ ဆိုတာနဲ့ Laytr ကနေ ဖန်တီးပေးထားတဲ့ keyword system ကိုသုံးပြီး ကိုယ့်အတွက် အရေးကြီးတဲ့ Emails တွေကို နောက်တစ်ကြိမ် ထပ်မံ စတင် အသိပေးခိုင်းလို့ ရပါပြီ။ ဥပမာ အနေနဲ့ ဆိုရရင် ဒီနေ့ ရောက်လာတဲ စာကို နောက်တစ်နေ့မှ ပြန်လည်ရယူချင်တယ် ဆိုကြပါစို့ - ဒီလိုဆို tomorrow@laytr.com ကို လိပ်မူပြီး ကိုယ် သတိပေးစေချင်တဲ့ စာကို ပို့လွှတ်လိုက်ပါ - တကယ်လို့ နောက်တစ်လနေမှ အသိပေးစေချင်တာမျိုး ဆိုရင်တော့ nextmonth@laytr.com လို့ လိပ်စာမှာ တပ်ပြီး ပို့လွှတ်လိုက်ပါ - ဒီလိုဆို သတ်မှတ်ပေးလိုက်တဲ့ အတိုင်း နောက်နေ့ဆို နောက်နေ့ - နောက်လဆို နောက်လမှ စာက နောက်တစ်ကြိမ် ကိုယ့်ရဲ့ Inbox ထဲကို ထပ်မံ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က နေ့စွဲ - အချိန် တိတိကျကျနဲက အသိပေးစေချင်တာမျိုး ဆိုရင်လည်း ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ - oct.20.1600@laytr.com ဆိုပြီး ပို့လွှတ်လိုက်ယုံပါပဲ - 



Laytr ရဲ့ အသုံးပြုပုံ keywords အသေးစိတ်ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ Laytr မှာ ပိုက်ဆံပေးသုံးရတဲ့ Paid နဲ့ အလကား သုံးတဲ့ free accounts ဆိုပြီး နှစ်မျိုးနှစ်စား ရှိပြီး ကွာခြားချက် အသေးစိတ်ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ဒါပေမယ့် အသိပေးဖို့ စေလွှတ်နိုင်တဲ့ Emails ပမာဏက ကန့်သတ်ချက် မရှိတာကြောင့် Laytr က တန်ဖိုးထားသင့်တဲ့ free service တစ်ခု ဆိုတာလည်း သေချာလှပါတယ်။

Deferred Sender



Laytr နဲ့ လုပ်ဆောင်ပုံချင်း ဆင်တူတဲ့ အခြား service တစ်ခုကတော့ Deferred Sender ပါ - သူကလည်း ကိုယ့်အတွက် မေ့လျော့လို့ မဖြစ်ပဲ နောက်တစ်ကြိမ် အသိပေးဖို့ လိုအပ်မယ့် Mails တွေကို အချိန်မှန် အသိပေးဖို့ စေခိုင်းနိုင်သလို - လတ်တလော မဟုတ်ပဲ နောက်နေ့ရက် တစ်ခုခုမှာမှ ပေးဖို့ချင်တဲ့ စာတွေကိုလည်း Schedule လုပ်ပြီး ပေးပို့ဖို့ ခိုင်းစေထား နိုင်ပါတယ်။  Deferred Sender ကလည်း Free account တစ်ခု Sign up လုပ်လိုက်တာနဲ့ စတင်အသုံးပြုလို့ ရတဲ့ Service ပါ။ ဖော်ပြပါအတိုင်း စာတွေကို နောက်တစ်ကြိမ် Inbox ထဲ ပြန်ဝင်လာပြီး အသိပေးစေလိုတာပဲ ဖြစ်စေ - နောက်အချိန်တစ်ခုမှာမှ Schedule လုပ်ပြီး ပို့လွှတ်စေချင်တဲ့ စာမျိုးတွေကို ဖြစ်စေ လုပ်ဆောင်နိုင်ဖို့ အတွက် ကျွန်တော်တို့တွေ deferred@ deferredsender.com ကို Email ပို့လွှတ်လိုက်ယုံပါပဲ။ အဲလို လိပ်မူပြီး Mail ပို့လွှတ်တဲ့နေရာမှာ အောက်ဖော်ပြပါအတိုင်း Body မှာ Email နဲ့ သတ်ဆိုင်တဲ့ အကြောင်းအရာ အသေးစိတ်ကို ပူးတွဲ ဖော်ပြရမှာ ဖြစ်ပါတယ်။


Message စတင်ရေးသားတဲ့ နေရာမှာ ကိုယ်ပို့လွှတ်ချင်တဲ့ Email address တွေကို အဦးဆုံး ဖော်ပြပြီး သူ့နောက်ကနေမှ ပို့လွှတ်ချင်တဲ့ အချိန်ကို နောက်ဆက်တွဲ ဖော်ပြရမှာ ဖြစ်ပါတယ်။ Email addresses တွေကို CC - BCC အနေနဲ့လည်း ပို့လွှတ်လို့ရပါတယ်။ ဥပမာ အနေနဲ့ နောက်တစ်နေ့ မနက် ၁၁ နာရီမှာ စာတစ်စောင်ကို ကိုယ့်ဆီ ပြန် အသိပေးစေချင်တာမျိုး ဖြစ်စေ - တစ်ယောက်ယောက်ဆီကို နောက်တစ်နေ့ မနက် ၁၁ နာရီမှ ပို့လွှတ်လိုတာ ဖြစ်စေ ဖြည့်သွင်းရမယ့် ပုံစံက အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။



Deferred Sender ရဲ့ ဒီစာမျက်နှာ ကို သွားရောက်ပြီး နောက်ထပ် အသုံးဝင်မယ့် နည်းလမ်းတွေနဲ့ ဘယ်လို Schedule လုပ်ပြီး စီမံနိုင်သေးမလဲ ဆိုတာကိုလည်း လေ့လာနိုင်ပါတယ်။ တစ်ခု သတိပေးလိုတာကတော့ Laytr ပဲ ဖြစ်စေ Deferred ပဲ ဖြစ်စေ ဘယ် Service ကိုပဲ အသုံးပြုသည် ဖြစ်စေ နောက်တစ်ကြိမ် အသိပေးစေဖို့ ( သို့တည်းမဟုတ် ) ပို့လွှတ်စေဖို့ Schedule ရေးဆွဲတဲ့ နေရာမှာ အချိန်ကို တိတိကျကျ ရေးသွင်းပေးဖို့ လိုပါတယ်။ မှားယွင်း လုပ်ဆောင်မိခဲ့ရင် ကျွန်တော်တို့ အတွက် တန်ဖိုးထားရမယ့် အကြောင်းအရာတွေ လက်လွှတ်ဆုံးရံှုးနိုင်ပါမယ် ဆိုတာကို အကြံပြု ဖော်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

KznT.

Never Give Up !

အရင်တုန်းက ကိုလည်း ငယ့်လိုပဲ သိပ် စိတ်ညစ်ခဲ့ရဖူးတယ် - ကိုကလေ ဘယ်တော့မှ တည်မြဲတဲ့ နေရာမှာ မနေရတဲ့ သူ - အကြောင်းက ဖေဖေ ဝန်ထမ်းဖြစ်နေလို့ - ကို့ကို မွေးတော့ ရန်ကုန် - ကြီးတော့ မန္တလေး - အရွယ်ရောက်တော့ ရန်ကုန် ပြန်ပြောင်း - လူလတ်ပိုင်းမှာ ကျိုင်းတုံ - အခြေတည်တိုင်း အပြောင်းအလဲ တစ်ခု အမြဲ ဖြစ်တဲ့ ဝန်ထမ်းမိသားစု ဘဝကို တော်တော် မုန်းမိတယ် - ငယ်ငယ်တုန်းကတော့ ကလေးအတွေးပေါ့ - တစ်နေရာကနေ တစ်နေရာ ပြောင်းရင် ကိုယ့်အပေါင်းအသင်းတွေနဲ့ ခွဲရမှာ စိတ်ညစ်တယ် - ကိုယ်တက်နေကျ ကျောင်း - ပေါင်းနေကျ သူငယ်ချင်းတွေ မတွေ့ရတော့ဘူး ဆိုတဲ့ အသိကလည်း လူကို အထီးကျန်စေတယ် -

အဲ့တုန်းက ကို လေးတန်းအောင် - ငါးတန်းတက်ရမယ့် နှစ် -
မန္တလေး မဟာအောင်မြေ မြို့နယ်မှာ ရှိတယ် - အထက ( ၂၄ ) တဲ့ - ကို အဲ့ဒီ့ကျောင်းကို သိပ်ချစ်တာ - ဘာလို့လည်း ဆိုတော့ မိုးတွင်းဆို ခဏခဏ ရေမြှုပ်ပြီး ကျောင်းခဏခဏ ပိတ်ရလို့ - အဲတာလည်း ငယ်ငယ်တုန်းက ကလေး အတွေးပါပဲ - ကျောင်းမှာ သူငယ်ချင်းတွေ ကို့မှာ အများကြီး ရှိတယ် - အဲ့နှစ်က ထူးထူးခြားခြား ကို လေးတန်းစာမေးပွဲ အတန်းတင် ဖြေတော့  တစ်ကျောင်းလုံး တတိယဆု ရတယ် - ကလေးပဲ ဆုရတယ် ဆိုတော့ ပျော်တာပေါ့ - နောက်ပြီး အဲတာက ပထမဆုံး ရဖူးတဲ့ ဆုလေ - ဒါပေမယ့် ကို ကံမကောင်းခဲ့ပါဘူး - အဲ့တုန်းက ဆု တက်မယူခဲ့ရဘူး - ကိုတို့ ရန်ကုန် ပြောင်းခဲ့ရတယ်လေ - ကိုယ့်ကို သိပ်ခင်တဲ့ သူငယ်ချင်းတွေ - ကိုယ် သိပ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ခွဲရတဲ့ အပြင် ကိုယ်သိပ်တက်ချင်တဲ့ ဆုပေးပွဲလည်း မတက်ခဲ့ရဘူး -



ရန်ကုန်ဟာ ကိုယ့်အတွေးမှာ သိပ်ထည်ဝါမယ် ထင်ထားပေမယ့် - ကိုယ်နေခဲ့ရတဲ့ နေရာက ၁၉၉၅ ခုနှစ် ဒဂုံမြို့သစ်တောင်ပိုင်း အခြေအနေမှာပါ - ကိုယ်တို့ ပြောင်းခဲ့ကြတာ မိုးတွင်းကြီး - အိမ်ရှေ့ကို ထွက်ရင် ရေက ဒူးခေါင်းလောက် မြှုပ်တယ် - ကျွတ်တွယ်တယ် - လမ်းမတွေက ဘာကတ္တရာ လမ်းမှ မရှိသေးဘူး - မြေနီလမ်းဆိုတဲ့ အဆင့်ထက် နိမ့်တဲ့ ဂဝံလမ်းတွေပဲ - ကားမောင်းလို့ မရသလို စက်ဘီး စီးလို့တောင် မရဘူး -- လမ်းလျှောက်ရင်တောင် မိုးတွင်းဆို ခဏခဏ ချော်တယ် - ခဲတွေက တစ်ခုနဲ့ တစ်ခု အနိမ့်အမြင့် မညီဘူးလေ - တက်ရတဲ့ ကျောင်းကလည်း မြို့တည်ခါစဆိုတော့ တော်တော်လေးကို ယိုယွင်းတယ် - အထက ( ၂ ) ဒဂုံမြို့သစ်တောင်ပိုင်း - ခုတော့လည်း စည်ပင်နေပြီပေါ့ -

ဒီလိုပါပဲ - ဘဝဆိုတာ - ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတယ် - လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်နေကြရတယ် - ထူးခြားတာလေး တစ်ခုက ဖြစ်သင့်တာ လုပ်သင့်တာတွေဟာ စလုပ်နေရတဲ့ ကာလမှာ အရမ်း စိတ်ပျက်ဖို့ ကောင်းပေမယ့် နောက်ပိုင်း ကျော်လွန်သွားတ့ဲ အချိန်တစ်ခု ကျရင်တော့ အဲ့တုန်းက အဖြစ်အပျက်တွေဟာ ဟာသ တစ်ခုလိုပါပဲ - ငယ်လည်း အခု အခြေအနေသစ် တစ်ခုကို စပြီး ရင်ဆိုင်ရပြီ - အနည်းနဲ့ အများတော့ စိတ်ပျက်မိမှာ အမှန်ပဲ - ဒါပေမယ့် ဒါက အစမို့ပါ ငယ် - ငယ့် စိတ်ထဲမှာ ဖြစ်ချင်တာက ခုရင်ဆိုင်နေရတဲ့ အခြေအနေ တစ်ခုမဟုတ်ပဲ တစ်ခြားတစ်ခု ဖြစ်ချင် ဖြစ်မယ် - ငယ် ဖြစ်သင့်တယ်လို့ ထင်တာ ဒါ မဟုတ်ပဲ တစ်ခြား တစ်ခု ဖြစ်ကောင်းဖြစ်နေမယ် - ဒါပေမယ့် အဲတာလေးကို ခဏမေ့ထားပြီး လက်တွေ့ ဖြတ်သန်းနေရတဲ့ ကာလတစ်ခုကို အမှန်အတိုင်း ရှုမြင်လိုက်ပါ - အလုပ်သင့်ဆုံး အရာတွေ လုပ်ကြည့်ပါ - ဖြစ်သင့်တဲ့ အရာတွေ ဖြစ်လာစေဖို့ မလုပ်ချင်တဲ့ အရာတွေကနေ ဖြေးဖြေးချင်း တည်ဆောက်ယူပါ -

အရင်တုန်းက လူသားတွေဟာ လောကကြီးကနေ ကိုယ်လိုချင်တာကို လက်ဖြန့်တောင်းယူလို့ ရသတဲ့ - ဒါပေမယ့် လူဆိုတဲ့ သတ္တဝါက အရမ်းကို လိုလားချက်များလွန်းတယ် - လိုတာ မရ - ရတာ မလိုချင်နဲ့ - အဲလို လူသားတွေရဲ့ တောင်းဆိုမှုတွေ ခဏခဏ ကြားရဖန် များလာတော့ လောကကြီးကလည်း လူသားတွေကို လိုလားချက် တစ်ခုရဲ့တန်ဖိုးဟာ လွယ်လွယ် ကူကူနဲ့ မရနိုင်ပဲ တန်ဖိုးကြီးကြောင်း နားလည်နိုင်အောင် စည်းမျဉ်းတစ်ခု ပြဌာန်းလိုက်တယ် - သူ ထုတ်တဲ့ စည်းမျဉ်းကတော့ -

လိုချင်တာ တစ်ခု ရချင်ရင် မလိုချင်တာ တစ်ခု အရင်ပေးရမယ် ဆိုတဲ့ စည်းမျဉ်းပဲ



Photo from crispy-apples.tumblr.com

အမြဲတမ်း လိုချင်တာတွေချည်းပဲ ရနေတဲ့ သူတွေက အဲ့ဒီ့ စည်းမျဉ်းလဲ ထွက်ရော ဘယ်လိုမှ အသားမကျနိုင်တော့ဘူး - ငါက ဒါလိုချင်တာကို ဒါပဲပေး - မပေးဘူးလား မင်းမပေးရင် ငါ့ဘာသာ လုပ်ချင်တာ လုပ်ပစ်မှာ ဆိုပြီး လူတော်တော်များများက လိုချင်တာလည်း မရရော သူ့တို့ ထင်ရာ မြင်ရာတွေကို ကောင်းသည် ဆိုးသည် မစဉ်းစားတော့ပဲ စလုပ်ခဲ့ကြတယ် - နောက်ပိုင်း အဲလို လူတွေက ဘာဖြစ်သွားလဲ ဆိုတော့ - လူဆိုး လူမိုက်တွေ - သူခိုင်း ဓားပြတွေ ဖြစ်သွားကြသတဲ့ - လောကကြီးက သတ်မှတ် ထားတဲ့ စည်းမျဉ်းအတိုင်း လိုချင်တာ တစ်ခုကို ရဖို့ မလိုချင်တာ တစ်ခုကို အရင်ပေးရမယ် ဆိုလည်း ပေးမယ် ဆိုတဲ့ သီးခံစိတ်နဲ့ လုံ့လ ရှိတဲ့ သူတွေကတော့ ကိုယ် ဘယ်လောက်မှ မပေးရသေးခင် ကိုယ်လိုချင်တာ ရအောင် လောကကြီးက ဖန်ဆင်းပေးပြီး လူကောင်း လူတော်တွေ ဖြစ်လာကြတယ် ငယ် - အဲတာကြောင့် ငယ် လိုချင်တာတွေ ဖြစ်ချင်တာတွေ ရဖို့ လောလောဆယ်မှာ သီးခံစိတ်နဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေးဖြေးချင်း ရင်ဆိုင်ကြည့်ပါ -

တစ်ချိန်မှာ အကောင်းဆုံးတွေကို ငယ် ရရှိလာပါလိမ့်မယ် -

ချစ်ခြင်းအားဖြင့်
ကို။
October 18 2010

Home

ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ်
ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ်
ကျူထရံတွေကာရံကာ ဓနိမိုး အိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်

ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ်
ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ်
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်




အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ

ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ

အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ထွန် ဝါချည်မျှင် ဖျင်တဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိပ်ချိန် ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်

ရင်ခွင်မှာ ရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍရီရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်

တစေ္ဆတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ တို့အိမ် ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်


တေးဆို - ဓီရာမိုရ်
သံစဉ် - ဓီရာမိုရ်
စာသား - နေထွန်း
အိမ် - ဓီရာမိုရ်

မှတ်ချက် ။ ဒီသီချင်းလေးဟာ "ဓီရာမိုရ်" ရဲ့ "ကျွန်တော်နဲ့ ဂီတ" စီးရီးခွေမှာပါဝင်ခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ တူရိယာပစ္စည်းများနဲ့ ခေတ်သစ်ဂီတကို ပေါင်းစပ်တီးခတ်ထားတဲ့ သီချင်းခွေလေးလည်း ဖြစ်ပါတယ်။ ဒီသီချင်းခွေလေးကို နား ထောင်ပြီးတဲ့အချိန်မှာ Globalization Age ဆိုတာကို နည်းနည်း နားလည်လာသလို ခံစားလိုက်ရပါတယ်။ ပြောရရင်... ဒီခွေလေး ဟာ မြန်မာ The Corrs (ဒါမှမဟုတ်) မြန်မာ Blackmore's Night ပေါ့ဗျာ...။ ရေးဖွဲ့ထားတဲ့ အကြောင်းအရာလေးတွေ ကလည်း ချစ်စရာကောင်းလောက်အောင် ရိုးရှင်းပါတယ်။ "အမေ၊ အဝေးကအိမ်၊ ငါတို့အိမ်၊ အိမ်" စတဲ့ သီချင်းခေါင်းစဉ်လေးများနဲ့ ရေးဖွဲ့ ထားတာကို တွေ့ရပါတယ်။ နားဆင်ကြည့်လိုက်ပါ။

ဒီသီချင်းရဲ့ အကြောင်းကို အသေးစိတ် ရှင်းလင်းပေးထားတဲ့ Yinmarbin Blog ကစာရေးသူကို အထူးပဲ ကျေးဇူးတင်မိပါတယ်။

KznT.

Sharing everything with your comments

Twitter တို့ Facebook တို့ ဆိုတဲ့ Social sites တွေကို ကျွန်တော်တို့ ဘာလို့ သဘောကျကြသလဲဆိုရင် ကိုယ့်စိတ်ထဲမှာ ပေါ်ပေါက်လာတဲ့ ခံစားချက်တွေကို ခဏချင်း မျှဝေလို့ရတာ - နောက်ပြီး ကိုယ်ရေးထားတဲ့ Blog က Posts တွေ တိုက်ရိုက် Publish လုပ်နိုင်တာ - ကြိုက်တဲ့ သီချင်းလေးတွေ Share လုပ်နိုင်တာ - တစ်ချိန်လည်း တစ်ပြိုင်နက်တည်းမှာ ကိုယ့်မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အင်တာနက်တည်းမှာ ဂိမ်းတူတူ ဆော့နေနိုင်တာ စတဲ့ အားသာချက်တွေကြောင့် ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ Sharing လုပ်ပြီး သုံးနိုင်တာတော့ ဟုတ်ပါပြီ - ဒါပေမယ့် ကိုယ်သိထားတဲ့ အကြောင်းအရာလေး တစ်ခုကို ကိုယ့် သူငယ်ချင်း တစ်ယောက်ယောက်ဆီ Sharing မပေးခင်မှာ ကိုယ်ပိုင်မှတ်ချက်လေးတွေ ထည့်ပြီး ပေးချင်ပြီ ဆို ဘယ့်နှယ် လုပ်ကြမလဲ ?? ဆိုကြပါစို့ - ကျွန်တော်က မြန်မာမိသားစု ဖိုရမ်ကို ရောက်တာ ကြာပြီ - ဖိုရမ်တစ်ခုက ပေးတဲ့ ကောင်းကျိုးလေး တွေလည်း သိပြီ - ဒီတော့ ကိုယ်ချစ်တဲ့ မြန်မာမိသားစုဖိုရမ် အကြောင်းကို သူငယ်ချင်း တစ်ယောက်ယောက်ကို မျှဝေပြီး ဖိတ်ခေါ်ချင်တယ် - သူက ဖိုရမ်ဆိုတာနဲ့ မရင်းနှီးဘူး - ဘယ်လိုသုံးရမယ် ဆိုတာလည်း မသိဘူး - ဘယ်နားမှာ ဘာရှိမှန်းလည်း နားမလည်ဘူး - ဒီလိုဆို ကျွန်တော်တို့ သူ အလွယ်တကူ သိနားလည်နိုင်အောင် အရိုးရှင်းဆုံး နည်းလမ်း - အမြန်ဆန်ဆုံး နည်းလမ်း - အလွယ်ကူဆုံး နည်းလမ်းနဲ့ ဘယ်လိုမျှဝေနိုင်မလဲ ??


ကောင်းပါပြီ - ခုလို အခက်အခဲ ရှိလာပြီ ဆိုရင် စိတ်ဝင်စားစရာ ကောင်းပြီး သိပ်အသုံးတည့်တဲ့ Web app တစ်ခု ရှိပါတယ်။ သူ့နာမည်ကတော့ Markup.io ပါ။ သူက ဘာကောင်းတာလဲ ဆိုရင် Webpage ပေါ်က အကြောင်းအရာကို တစ်စုံတစ်ယောက် ဆီ မျှဝေလိုတဲ့ အခါ ကိုယ်ပိုင် မှတ်ချက်/လမ်းညွှန်ချက် ဆိုတာမျိုးတွေ ပေါင်းစပ်ဝေမျှနိုင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ သူ့ကို သုံးပြီး ကြိုက်ရာ Web စာမျက်နှာပေါ်မှာ ကိုယ်လမ်းညွှန်ချင်တဲ့ စာသားလေးတွေ ဖြည့်သွင်းနိုင်မယ် - အရေးပါတဲ့ အပိုင်းလေးတွေကို မြင်သာထင်ရှားအောင် ကွင်းခတ်ဖော်ပြနိုင်မယ်။ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို မြှားထိုး သိသာစေမယ် - စသဖြင့် ကိုယ်ဝေမျှချင်တဲ့ အကြောင်းအရာကို တစ်ဖက်လူက ချက်ချင်း နားလည် သွားနိုင်အောင် ဖန်တီး ပေးနိုင်ပါတယ်။

ဘယ်လို လုပ်ဆောင်မယ် ဆိုတာကတော့ အောက်မှာ ဖော်ပြထားတဲ့ Demo လေးကို ကြည့်ကြည့်ပါ -


ကျွန်တော် တစ်ဆင့်ချင်းစီ ပုံရိုက်ပြီး ရေးလို့ ရပေမယ့် ခဏချင်းနဲ့ မြင်သာအောင် Screen recording လုပ်ပြီး ဖော်ပြပေး လိုက်တာပါ - လုပ်ဆောင်နည်း အကြမ်းဖျဉ်း ပြောရရင် Markup.io ဆီသွားပြီး markup.io button ကို browser ရဲ့ bookmarks toolbar နေရာမှာ Drag and Drop ဆွဲချထားလိုက်ပါမယ်။



နောက် ကိုယ် မှတ်ချက်/လမ်းညွှန်ချက် ရေးချင်တဲ့ Site ကို ရောက်ရင် bookmarks toolbar မှာ ရှိနေတဲ့ markup.io button ကို နှိပ် - ရေးသားချင်တဲ့ မှတ်ချက်တွေ - ကွင်းဝိုက် ဖော်ပြချင်တဲ့ နေရာတွေ - စသဖြင့် ပြင်ဆင်ရေးသားနိုင်ပါပြီ။ အားလုံးပြီးသွားရင် Publish ပေးပြီး ရလာတဲ့ Link ကို ကိုယ် မျှဝေလိုသူဆီ ပေးပို့လိုက်ယုံပါပဲ -


အသေးစိတ်ကို ဗွီဒီယိုမှာ ကြည့်နိုင်ပါတယ်။ တကယ်လို့ လုပ်ဆောင်နေရင်း အမှားတစ်ခု လုပ်မိခဲ့ရင်လည်း Ctrl+Z နဲ့ ပြင်ဆင်နိုင်ပါတယ်။ အားလုံး ပြင်ဆင်ပြီးသွားလို့ တစ်စုံတစ်ယောက်ဆီ Link မျှဝေတဲ့ အခါ တွေ့မြင်ရမယ့် ပုံစံကို ဥပမာ အနေနဲ့ ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

Markup.io ဟာ IE 6 ကလွဲရင် Browsers အားလုံးနဲ့ တွဲဖက် အသုံးပြုနိုင်ပြီး Download ချစရာလည်း မလို Install လုပ်ဖို့လည်း မလိုတဲ့ Web app တစ်ခုပါ။ Free လည်း Free ပါ - ကျွန်တော့် အမြင်တော့ အင်တာနက် ပေါ်ကနေ ကိုယ် ဖော်ပြချင်တဲ့ အကြောင်းအရာကို တစ်ယောက်ယောက် မြင်သာသိသာအောင် ဖော်ပြဝေမျှတဲ့ နေရာမှာ အသုံးဝင်တဲ့ Web app တစ်ခု အဖြစ် သုံးသပ်မိပါတယ်။ 

လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ -


KznT.

Myanmar

ကျုပ်တော့ ခင်ဗျားတို့ကို နည်းနည်းလေးမှ ကြည့်မရချင်ဘူး -

ခင်ဗျားတို့ကလေ ကိုယ့်လူမျိုး ကိုယ့်ဘာသာစကားကို နည်းနည်းလေးမှ မလေးစားကြဘူး - အထင်လည်း မကြီးကြဘူး - အထင်ကြီးရ ကောင်းမှန်းလည်း မသိကြဘူး - ခင်ဗျားတို့တွေ ကိုယ့်ဘာသာစကား မဟုတ်တဲ့ တစ်ခြား ဘာသာစကားကို သူတို့ နိုင်ငံသားလို ပြောနိုင် ရေးနိုင် ဆွေးနွေးနိုင်တာကို ကျုပ် လေးစားပါတယ် - ဂုဏ်ယူပါတယ် - အဲလိုဖြစ်အောင် အားထုတ်နိုင်ခဲ့တဲ့ ခင်ဗျားတို့ကို တကယ်လည်း ချီးကျူးပါတယ်။ ဒါပေမယ့် ခင်ဗျားတို့တွေ ကိုယ့်နိုင်ငံသား အချင်းချင်း ပညာရပ်ဆိုင်ရာ မျှဝေမှုတွေ လုပ်ဆောင်တဲ့ အခါ မလိုအပ်ပဲ အင်္ဂလိပ်လို မပြောကြစမ်းပါနဲ့ - ခင်ဗျားတို့တွေက မျှဝေတာတော့ မှန်ပါရဲ့ - ဒါပေမယ့် မင်းဘယ်လောက်တော် သလဲ - ငါ ဘယ်လောက်တတ်သလဲ ဆိုတာ အချင်းချင်း ယှဉ်နေကြသလိုပဲ - ဟိုတစ်လောက မြန်မာတွေ လုပ်ထားတယ်ဆိုတဲ့ နည်းပညာပိုင်းဆိုင်ရာ အမေးအဖြေ Website လေးတစ်ခု ဝင်ကြည့်မိလိုက်တယ် - မေးတဲ့သူက မြန်မာလို မသိလို့ မတတ်လို့ မေးထားတာကို အင်္ဂလိပ်လို ပြန်မှုတ်ပြီး ဖြေတဲ့သူက ရှိသေးတယ် - အင်္ဂလိပ်လို ပြန်ဖြေတာ ကျုပ် အပြစ်မပြော လိုပါဘူး - ဖြေချင်ဖြေပါ ဒါပေမယ့် မေးမြန်းသူ သိချင်တဲ့ ရလဒ်ပါအောင်တော့ အင်္ဂလိပ်လို ဖြေပေးပေါ့ - ခုတော့ မဟုတ်ဘူး - အဲဒီ့ အင်္ဂလိပ်လို ဖြေထားတဲ့ အဖြေမှာ တိကျတဲ့ ဖော်ပြချက် ပါလားလို့ ကြည့်လိုက်တော့လည်း မပါဘူး - မြန်မာချင်းချင်း မြန်မာလို မေးတာကို အင်္ဂလိပ်လို ဖြေယုံတင် မက မရေရာတာကို ယောင်ဝါးဝါး ဘိုလိုမှုတ်တော့ မေးတဲ့ သူအတွက် ဘာအကျိုးရှိလဲ - ခင်ဗျားမဖြေတာကမှ သူ့ဘာသာသူ ဘယ်သူမှလည်း မဖြေပေးပါလား ဆိုပြီး ကိုယ့်ဘာသာ လိုက်ရှာရင်းနဲ့ သူသိချင်တာလေး ရှာတွေ့ပြီး ပိုအကျိုးရှိကောင်း ရှိဦးမယ် - ခင်ဗျားတို့ သိပါတယ် - ခင်ဗျားတို့ နိုင်ငံသား - ကျုပ်တို့ လူမျိုးတွေ နည်းပညာရပ်ပိုင်း ဆိုင်ရာမှာ ဘယ်လောက်ထိ နိမ့်ကျနေသေးတယ် ဆိုတာ - တတ်သိနားလည်ပါတယ် ဆိုတဲ့ လူနည်းစုကို လက်ညိှုးထိုးမပြစမ်းပါနဲ့ - တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်လိုက်စမ်းပါ - ကွန်ပြူတာရဲ့ အခြေခံကိုတောင် မသိကြသေးတဲ့ သူတွေ လက်ညိှုးထိုး မလွဲအောင် ရှိနေပါသေးတယ် -



Photo from life.com

ခင်ဗျားတို့တွေ တတ်နိုင်ရင် လက်တစ်ဆုပ်စာ လူနည်းစုရဲ့ အထင်ကြီးတာကို မခံကြစမ်းပါနဲ့ဗျာ - ခင်ဗျားတို့ ဘေးမှာ နည်းပညာ ငတ်မွတ်နေတဲ့ ခင်ဗျားတို့ နိုင်ငံသား - ကျုပ်တို့ လူမျိုးတွေ မရေမတွက်နိုင်အောင် ရှိပါသေးတယ် - ကျေးဇူးပြုပြီး သူတို့ကို ခင်ဗျားတို့လို အရည်အချင်း ရှိလာအောင် တွဲခေါ်ကြစမ်းပါ - မြေတောင် မြှောက်ပေးကြစမ်းပါ - ကျုပ်ဖြင့် အားကို မရဘူး - မြန်မာဇာတ်ကား ကြည့်လိုက်တယ် - ကြီးပွားတဲ့ ချမ်းချမ်းသာသာ မင်းသားဆို ဘယ်က ပြန်လာလဲ စင်ကာပူ - ဘယ်မှာ ကျောင်းတက်လဲ လန်ဒန် - အဲတာ ခင်ဗျားတို့ အားကျရမှာ မဟုတ်ဘူး - ခင်ဗျားတို့ ကျုပ်တို့ ရှက်ရမှာ - ဖြစ်သင့်တာ ကိုယ့်နိုင်ငံ တွင်းမှာ ကိုယ်ပညာသင်ပြီး ကိုယ်တိုင်ကြီးပွားတိုးတက်လာတယ် ဆိုတာ ဖြစ်ရမှာ - ဘာလဲ ခင်ဗျားတို့ ဟိုလူ့ကြောင့်ပါ ဒီလူ့ကြောင့်ပါနဲ့ လက်ညှိုးလျှောက်ထိုးပြဦး မလို့လား - ခင်ဗျားတို့လိုသာ လက်ညိှုးထိုးပြကြကြေးဆို ပါလက်စတိုင်း နယ်မြေမှာ အစ္စရေးနိုင်ငံ ဆိုတာ ပေါ်လာစရာတောင် မရှိဘူး -


Photo from en.wikipedia.org

ခုတော့ မနေ့တစ်နေ့ကမှ နိုင်ငံခြား ရောက်လာပြီး မြန်မာချင်းတွေ့ရင်တောင် မြန်မာလို မနှုတ်ဆက်ချင်ရတဲ့ သူနဲ့ - သူများ နိုင်ငံသားတြွေကားမှာ မြန်မာချင်းချင်း ခေါ်ပြောရမှာပဲ မဝံ့ရဲသလိုနဲ့ - မြန်မာလို ပြောလိုက်ရင်ပဲ အောက်ကျနောက်ကျ ဖြစ်တော့မလိုနဲ့ - မြန်မာလိုပြောလည်း ဘာမှ မခက်ခဲတဲ့ အကြောင်းအရာကို ဟန်တစ်ခွဲသားကြီးလုပ်ပြီး တည်ဆောက်ပုံ မမှန်တဲ့ အင်္ဂလိပ်စကားနဲ့ ဘိုလိုမှုတ်နေတာ ခင်ဗျားတို့ မရှက်ပေမယ့် ကျုပ်တော့ ရှက်တယ် - ကျုပ်တစ်သက်မှာ အင်္ဂလိပ်စကားကို မွှတ်နေအောင် ပြောတတ်တဲ့ မြန်မာတွေ တွေ့ခဲ့ဖူးပါတယ် - သူတို့တွေများ မြန်မာချင်းတွေ့- တော်ယုံ အင်္ဂလိပ်စကား မသုံးပေါင်ဗျာ - ပါးစပ်က အင်္ဂလိပ်လို မတော်လို့ ထွက်သွားရင်တောင် အားနာပြီး ရှက်တတ်ကြတယ် - ခင်ဗျားတို့ကတော့ မဟုတ်ပါဘူး - မြန်မာချင်းချင်း ဘာမှမကြီးကျယ်တဲ့ အကြောင်းအရာကို တခမ်းတနားလုပ်ပြီး " မြန်မာလိုဆို ဘယ်စာလုံး သုံးပြီး ပြောရမှန်း မသိလို့ ဘိုလိုမှုတ်ရပါတယ် " တို့ " မြန်မာစကားကို မသုံးတာ ကြာလို့ ကောင်းကောင်း မပြောတတ်တော့ဘူး " တို့  ပြောတတ်ကြသေးတယ် - အံ့ရောပဲ - ခင်ဗျားတို့ အင်္ဂလိပ်စကား ကျွမ်းကျင်တာ ဖြစ်ဖြစ် - အင်္ဂလိပ်စကားပြော ကျွမ်းချင်တာ ဖြစ်ဖြစ် အင်္ဂလိပ်လို သုံးတာ ပြောတာ ကျုပ် လက်ခံပါတယ် - နားလည်ပေးနိုင်ပါတယ်။ အားလည်း အားပေးပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး " မြန်မာလိုဆို ဘယ်စာလုံး သုံးပြီး ပြောရမှန်း မသိလို့ ဘိုလိုမှုတ်ရပါတယ် " ဆိုတာမျိုးတော့ မပြောကြစမ်းပါနဲ့ဗျာ - ရှက်တတ်ရင် နေရာမှာတင် အရည်ပျော်ပြီး ပျောက်သွားသင့်တယ် - ကိုယ့်လူမျိုး ဘာသာစကားမဟုတ်တာကျ စကားလုံးမှန်အောင် သုံးတတ်ပြီး မြန်မာလူမျိုး မြန်မာစကားကို ဘယ်စာလုံးသုံးပြီး ပြောရမှန်း မသိတာ ခင်ဗျားက ဂုဏ်ယူစရာ ကောင်းတယ်လို့ ထင်နေတာ ကျုပ်ဖြင့် အံ့သြလို့ မဆုံးဘူး - မွေးကတည်းက နိုင်ငံခြား ရောက်လို့ မြန်မာစကား ကောင်းကောင်း မသုံးတတ်တာမျိုး - ငယ်ငယ်တည်းက နိုင်ငံခြားမှာ သွားနေရလို့ မြန်မာစကားနဲ့ အကျွမ်းတဝင် မဖြစ်တော့တဲ့ သူမျိုးတွေ ကျုပ်ကြုံဖူးပါတယ် - သူတို့တွေ မြန်မာစကား ရေလည်အောင် မပြောနိုင်တာ ကျုပ်လက်ခံလို့ ရပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကြည့်တော့ကျ ကျုပ်လိုပဲ A, B, C, D - က၊ခ၊ဂ ကို မြန်မာနိုင်ငံမှာ သင်လာပြီး - ပြီးတော့မှ နိုင်ငံခြား ထွက်လာ - နိုင်ငံခြားလည်း ရောက်ရော မြန်မာစာလုံး မသုံးတတ်တော့ပါဘူး လုပ်ချင်သေးတယ် - ခင်ဗျားတို့ကို Cat - ကြောင် ၊ Dog - ခွေး ဆိုတာ မြန်မာဆရာတွေ သင်ပေးလိုက်တာပါဗျာ - ခင်ဗျားတို့ သတိရကြစမ်းပါ - ကျုပ်တစ်ယောက် တွေ့ဖူးသေးတယ် - မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ အင်္ဂလိပ်စကား နိုင်ငံခြားလည်း ရောက်ရော " ဖွတ်ပဲ " - ဘာမှသုံးစားလို့ မရဘူးတဲ့ - ကျုပ်ဖြင့် အော်ရီပြီး မေးလိုက်ချင်တယ် - ခင်ဗျား A, B, C, D ဆိုတဲ့ စာလုံးတွေ စာရွက်ပေါ် ဆွဲတတ်အောင် ဘယ်လူမျိုး ဆရာမက သင်ပေးခဲ့တာလဲလို့ -


သြော် မြန်မာတွေ မြန်မာတွေ -
ခင်ဗျားတို့ကို မေးရင်တော့ မြန်မာပြည်ကို ချစ်လား - ချစ်၏
မြန်မာလူမျိုး ချစ်သလား - ချစ်၏

ဒါပေမယ့် ခင်ဗျားတို့ လုပ်ရပ်တွေကတော့ လက်ဖျားခါစရာပဲ - ကျုပ်ပြောပြမယ် - ခင်ဗျားတို့ မြန်မာလူမျိုး တစ်ယောက် ဖြစ်ပြီး ကိုယ့်လူမျိုး - ကိုယ့်ဘာသာစကား - ကိုယ့် ဘာသာသာသနာကို တန်ဖိုးမထားတတ် သေးသရွေ့ကတော့ ကျုပ်တို့ ခင်ဗျားတို့ မြန်မာတွေ နိုင်ငံတကာမှာ ဘယ်လောက်ပဲ ထင်ပေါ်အောင် လုပ်လုပ် - ဘယ်တော့မှ လူရာဝင်လာမှာ မဟုတ်ဘူး - ဘယ်သူမှလည်း ခင်ဗျားတို့ကို လူရာ သွင်းချင်မှာမဟုတ်ဘူး - ခင်ဗျား အရမ်းကြီး တော်နေလို့သာ လေးစားသယောင် ပြချင်ပြမယ် - ခင်ဗျား ဘာလူမျိုးလဲ ဆိုတာ လူပုံအလယ်မှာ ဖောက်သည်ချပြီး ပြောတဲ့ တစ်ချိန် - ခင်ဗျားရဲ့ အရှိန်အဝါက အလိုလျောက် နောက်ကို ရောက်သွားမှာပဲ - လိုအပ်နေတာ ခင်ဗျားတို့လို ရှေ့ရောက်နေတဲ့ မြန်မာတွေ ကျွမ်းကျင်နေတဲ့ ပညာရှင်တွေ ကိုယ့်လူမျိုးကို တွဲခေါ်ကြဖို့ပါ - ကိုယ့်လူမျိုး ကိုယ့်ဘာသာစကားရဲ့ ဂုဏ်ကိုမြှင့်တင် ကြဖို့ပါ - လုပ်စမ်းပါဗျာ - ခုလို အခြေအနေကြီးကို လက်မခံကြစမ်းပါနဲ့ - ရှေ့ထွက် မရပ်ချင်ရင်တောင် ကိုယ်ရပ်နေတဲ့ နေရာကို ကိုယ့်လူမျိုးတွေ ရောက်လာစေဖို့ လက်တွဲ ခေါ်ကြစမ်းပါ -

Mg Zin.

Improve your Learning Skills with Youtube Captions

ဘာသာစကား တစ်ခု တတ်မြောက် ကျွမ်းကျင်နိုင်ဖို့ ဆိုရင် သင်ကြားပို့ချသူ တစ်ယောက်တည်းရဲ့ စွမ်းရည်နဲ့ အောင်မြင်မှု မရရှိနိုင်ပါဘူး - သင်ယူသူ ဘက်ကလည်း တတ်မြောက် ကျွမ်းကျင်လိုစိတ်နဲ့ အပတ်တကုတ် ကြိုးစားရယူလိုစိတ် ဆိုတာမျိုးတွေ ပြည့်စုံနေဖို့လိုပါသေးတယ်။ ဒီအချက် သုံးချက်နဲ့ ပြည့်စုံရင်ရော ကိုယ် တတ်မြောက် ကျွမ်းကျင်လိုတဲ့ ဘာသာစကားကို အမှန်တကယ် တတ်မြောက်ကျွမ်းကျင်နိုင်ပြီလား - ကျိန်းသေတပ်အပ် ပြောလို့ မရနိုင်သေးပါဘူး - သူတို့နဲ့ ဆက်စပ် ပတ်သတ်နေတဲ့ သင်ကြားမှု နည်းစနစ်တွေ - သင်ထောက်ကူ ပစ္စည်းတွေနဲ့ လေ့လာမှုလမ်းကြောင်းတွေ စသဖြင့် ကြားခံ လိုအပ်ချက်တွေ ပြည့်စုံဖို့ လိုအပ်ပါသေးတယ်။ ဒီနည်းလမ်းတွေ နည်းစနစ်တွေ မရှိပဲ ဘာသာစကား တစ်ခုဟာ လေ့လာလို့ မရနိုင်ဘူး ဆိုတာမျိုး မဟုတ်ပေမယ့့် ပြည့်ပြည့်စုံစုံ နည်းစနစ် တကျနဲ့ လေ့လာနိုင်ရင် - အချိန်တိုအတွင်း မိမိ တတ်မြောက် ကျွမ်းကျင်လိုတဲ့ ဘာသာစကားကို အခက်အခဲ အနည်းဆုံးနဲ့ တတ်မြောက် ကျွမ်းကျင်နိုင်ဖို့ ပိုသေချာပါတယ်။

ဆိုကြပါစို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို မြန်မာစကားပြီးရင် အင်္ဂလိပ်စကားက မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ အရာတစ်ခု ဆိုတာ အားလုံးနားလည်ကြပါတယ်။ အင်္ဂလိပ်စကားဟာ ထင်သလောက် ခက်ခဲတာမျိုး မဟုတ်ပေမယ့် မိခင်ဘာသာစကားလောက်တော့ မလွယ်ကူပါဘူး - ကျွန်တော်တို့တွေ သူငယ်တန်းကနေ စလို့ ၁၀ တန်းထိ အင်္ဂလိပ်စာနဲ့ အဆက်ပြတ်သွားတယ် ဆိုတာမျိုး မရှိဘူး - နှစ်စဉ်နှစ်တိုင်း ပြဌာန်းချက် စာအုပ်ထဲမှာ အင်္ဂလိပ်လို လေ့လာရမယ့် ဘာသာရပ် တစ်ခု မဟုတ် တစ်ခုတော့ ပါနေမြဲပါပဲ - တက္ကသိုလ်ရောက်ခဲ့ပြန်တော့လည်း မလွတ်သွားခဲ့ပြန်ဘူး - အဲတော့ ကျွန်တော် ဆိုလိုချင်တာ ( ၁၀ ) စုနှစ် တစ်နှစ်ကျော် ကျွန်တော်တို့ ဒီ ဘာသာစကားကို သင်ခဲ့ရပေမယ့် ဘာကြောင့် မကျွမ်းကျင်ကြပါသလဲ အကြောင်းရင်းက -



- လေ့လာမှု အားနည်းလို့ ဖြစ်ပါတယ်။
- လိုချင်စိတ် ခေါင်းပါးလို့ ဖြစ်ပါတယ်။
- အလွယ်ကြိုက်လို့ ဖြစ်ပါတယ်။
- လတ်တလော မလိုအပ်ရင် ဘေးချိတ်ထားပြီး အရေးပေါ်လိုမှ ခေါ်ခေါ်သုံးခဲ့လို့ ဖြစ်ပါတယ်။

ကျွန်တော် အင်္ဂလိပ်စာ သင်တန်း ဖွင့်ချင်လို့ အစပျိုးနေတာ မဟုတ်ပါဘူး - ခု ကျွန်တော်တို့ အင်တာနက်ဆိုတာနဲ့ ထိတွေ့လာရပြီ - နည်းပညာဆိုတဲ့ ရပ်ဝန်းကို ခြေချမိကြပြီ - ကျွန်တော်တို့ သိထားရမှာ ကျွန်တော်တို့ ခု ဆွတ်ချူစားသုံးနေတဲ့ နည်းပညာ အသီးအပွင့်တွေဟာ ကျွန်တော်တို့ ကိုယ်တိုင် စိုက်ပျိုးထားတာ မဟုတ်ပါဘူး - တစ်ခြားသူ ပျိုးပြီး ကြီးထွားလာတဲ့ ပင်အို တစ်ခုက ကြွေကျလာတဲ့ အသီးအပွင့် တစ်ချို့ကို ဆွတ်ချူ စားသုံးနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒါကို ကျွန်တော်တို့က ဗိုက်ဝရင် ပြီးရော တင်းတိမ်နေရင် တစ်နေ့နေ့မှာ ဒုက္ခလှလှ တွေ့ပါလိမ့်မယ်။ တစ်နေ့နေ့မှာမှ မဟုတ်ပါဘူး - ခုလည်းတွေ့နေပါပြီ - ဥပမာ ဆိုကြပါစို့ ၁၉၈၂ ခုနှစ်မှာ သူတို့က AutoCAD ဆိုတဲ့ အပင်တစ်ပင် စိုက်လိုက်တယ် - အဲ့ကနေ AutoCAD Version 1.0 ဆိုပြီး အသီးတွေ သီးလာတယ် - အသီးမှန်း သိတော့ လူဆိုတာ မြည်းချင်စိတ် ပေါ်လာတယ် - အရသာရှိလား မရှိဘူးလား - အဆိပ်ပင်လား - အဆိပ်သီးလား - အရင်ဆုံး ခူးကြည့်တယ် - ဟိုစမ်းဒီစမ်း စမ်းသပ်ကြည့်တယ် - အဆိပ်မရှိလောက်ဘူး သိပြီ - ဒီတော့ စ, စားကြည့်တယ် - အရသာ ရှိမှန်း သိပြီ - ဒီတော့ ဆက်စားချင်လာတယ် - ထပ်ခူးတယ် ထပ်စားတယ် - စားလို့ဝပေမယ့် အရသာကို ကောင်းကောင်း မခွဲခြားတတ်သေးဘူး - ဒီအရသာကို ခွဲခြမ်း စိတ်ဖြာကြည့်မယ် ဒါကို ဥပမာ ယူပြီး နောက်သူ့ထက် သာတဲ့ အပင် စိုက်ဖို့စိတ်ကူးမယ်လည်း ကြံရော AutoCAD Version 1.0 တွေ သီးနေတဲ့ AutoCAD ပင်ကို သတ်ပစ်လိုက်တယ် - ပြီးတော့ သူတို့က နောက် AutoCAD တစ်ပင် ထပ်စိုက်တယ် - အဲကောင်က ကျတော့ AutoCAD Version 1.2 စသဖြင့် သီးတယ် - အဲလိုနဲ့ သီးလိုက် မြည်းလိုက် သတ်လိုက် နောက်တစ်ပင် ပြန်စိုက်လိုက်နဲ့ ပတ်ချာလည်နေလိုက်တာ ခု AutoCAD 2011 ဆိုတဲ့ သစ်ပင် စိုက်ထားပြီးပြီ - ကျွန်တော်တို့ ကတော့ ခုထက်ထိ အသီးခူးစားနေတုန်းပဲ - ဒီ အရသာကို သိပေမယ့် ဒီလို အရသာရှိအောင် ဘယ်လို ဖန်တီးထားလဲ ဆိုတာ မသိနိုင်သေးဘူး - ကိုယ်တိုင်လည်း မစိုက်ပျိုးနိုင်သေးဘူး -

ဒါဟာ မျက်မှောက်ခေတ် နည်းပညာပြိုင်ပွဲမှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ခုချိန်ထိ မယှဉ်ပြိုင်နိုင်သေးတဲ့ အဓိက သော့ချက်ပါပဲ - သူတို့ ချပြထားတဲ့ နည်းပညာကို သုံးပြီး သူတို့ကို ကျော်ဖြတ်နိုင်ဖို့ ဆိုတာ တကယ်တော့ တော်တော် မလွယ်ကူတဲ့ စိန်ခေါ်ချက် တစ်ရပ်ပါ - လောလောဆယ် အခြေအနေမှာ ကျော်ဖြတ်ဖို့ ဆိုတာကို အသာထားလို့ ကျွန်တော်တို့ အမှီလိုက်နိုင်အောင်ပဲ အရင် ကြိုးစားကြည့်ပါဦးမယ် - ဒီလိုဆို ကျွန်တော်တို့အတွက် အဓိက မဖြစ်မနေ လိုအပ်မှာ ဘာသာစကားပါ -


Photo from englishclub.com

ဘာသာစကား တစ်ခုမှာ -

  • Skill 1: Listening
  • Skill 2: Speaking
  • Skill 3: Reading
  • Skill 4: Writing

ဆိုတဲ့ 4 Language Skills ရှိတယ် ဆိုတာ အားလုံးလည်း သိထားပြီးပါပြီ။ ဒီလို 4 Language Skills ကို လေ့လာတဲ့ နေရာမှာ နေရာတစ်ခုတည်းကနေ တော်တော်များများ အထောက်အကူ ပြုနေတာ ကျွန်တော်တို့နဲ့ အကျွမ်းတဝင် ဖြစ်နေတဲ့ youtube.com ပါ။ ကျွန်တော် ဖိုရမ်မှာ ဖော်ပြခဲ့ဖူးတဲ့ တစ်ချို့ အကြောင်းအရာတွေမှာ ဆိုရင်လည်း Youtube မှာ ရှိနေတဲ့ ကောင်းနိုးရာရာ ဆွေးနွေးချက်လေးတွေ ပူးတွဲ ဖော်ပြထားတာ ရှိဖူးပါတယ်။ ဥပမာ အနေနဲ့ ပြရရင် Google ၏ ပြောင်းလဲမှုများ အကြောင်း အဲ့ဒီ အကြောင်းအရာအောက်မှာ ဆိုရင် ကျွန်တော် အကြောင်းအရာ အသစ်တစ်ခု ဖော်ပြတိုင်း ဆက်စပ်ကြည့်ရှုထားသင့်တဲ့ ဗွီဒီယိုလေးတွေ ပူးတွဲ ဖော်ပြခဲ့ပါတယ်။

ဒီနေရာမှာ တစ်ချို့ မိသားစုဝင်တွေ အတွက် အခက်အခဲ ရှိနိုင်တာ 4 Language Skills ထဲက Listening Skill ပါ - ကျွမ်းဝင်တဲ့ ဘာသာစကား ဖြစ်တာမှန်ပေမယ့် နားထောင်နေကျ မဟုတ်ရင် သိထားပြီးသား စကားလုံး ပြောနေတာတောင် ဘာပြောနေမှန်းမသိ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအခက်အခဲကို ပြေလည် စေဖို့အတွက် Google Instant ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော် ပူးတွဲ ဖော်ပြခဲ့တဲ့ အောက်ဖော်ပြပါ ဗွီဒီယိုကို ကြည့်ခဲ့တယ် ဆိုကြပါစို့ - စာတမ်းထိုးမပါဘူး - စကားလုံးတွေက ရိုးပေမယ့် နားထောင်နေကျ မဟုတ်တဲ့အခါ စစချင်း ဘာပြောမှန်းမသိ - စိတ်ထဲ သူပြောတာ နည်းနည်း မြန်နေသလို ထင်မိပြီး လည်တဲ့နေရာလည် - မလည်တဲ့ နေရာ မလည်နဲ့ - ဆိုလိုရင်းကို သဘောမပေါက်ပဲ ဖြစ်တတ်ပါတယ်။ ဒီလိုဆို ကျွန်တော်တို့ Listening Skill ကြောင့် နားမလည်နိုင် ဖြစ်နေတဲ့ အကြောင်းအရာကို Reading Skill အဖြစ် ပြောင်းယူလို့ ရပါတယ်။ ဆိုလိုချင်တာ အောက်ဖော်ပြပါ ဗွီဒီယိုထဲက Product Manager - Jonathan Effrat ပြောခဲ့တဲ့ အကြောင်းအရာတွေကို စာအဖြစ် ပြောင်းယူတဲ့ နည်းပါ။ ဒီလိုဆို သူပြောခဲ့တဲ့ အကြောင်းအရာတွေ Listening Skill အားနည်းမှုကြောင့် နားမလည်နိုင် ဖြစ်ခဲ့မယ် ဆိုရင်တောင် စကားပြောကို စာသားအဖြစ် ဖတ်ရှုရမှာ မို့ သူဘာပြောချင်တယ် ဆိုတာ စာဖတ်ရင်း သဘောပေါက် နားလည်သွားနိုင်ပါတယ်။


လုပ်ဆောင်နည်းကတော့ အောက်ဖော်ပြပါ URL ကို မှတ်သားထားပါ -

http://video.google.com/timedtext?lang=en&v=VIDEO_ID

အနီရောင်နဲ့ ဖော်ပြထားတဲ့ နေရာမှာ YouTube video မှာရှိတဲ့ ID နဲ့ အစားထိုး ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ YouTube video မှာရှိတဲ့ ID ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ထပ်နားလည်အောင် ရှင်းရရင် - အထက်ဖော်ပြပါ Product Manager - Jonathan Effrat ရဲ့ ဗွီဒီယိုဟာ http://www.youtube.com/watch?v=ElubRNRIUg4 မှာ တည်ရှိပါတယ်။ အဲ့မှာမှ ကျွန်တော် အနီရောင်နဲ့ ဖော်ပြထားတဲ့ ElubRNRIUg4 ဆိုတာ အဲ့ဒီ့ YouTube video ရဲ့ ID ပါပဲ။

အဲ့ဒီ့ ဗွီဒီယိုရဲ့ အဓိက အကျဆုံး Captions file ကို လိုချင်တယ် ဆိုရင် အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ http://video.google.com/timedtext?lang=en&v=VIDEO_ID က VIDEO_ID ဆိုတဲ့ နေရာမှာ ElubRNRIUg4 ကို အစားထိုး ဖြည့်သွင်းလိုက်ပါ။ ဒီလိုဆို အောက်ဖော်ပြပါအတိုင်း URL အသစ်တစ်ခု ဖြစ်သွားပါလိမ့်မယ်။

အထက်ဖော်ပြပါ URL ဟာ Product Manager - Jonathan Effrat ရဲ့ Captions file တည်ရှိရာ URL ဖြစ်ပါတယ်။ ဒါပေမယ့် အဲတာဟာ XML file အဆင့်ပဲ ရှိပါသေးတယ်။ သူ့မှာ စကားပြော စာသားမဟုတ်တဲ့ တစ်ခြား tags တွေလည်း ပါဝင်နေပြီး ကြည့်ရတာ မျက်စိလည်း တော်တော်နောက်ပါတယ်။ ကျွန်တော်တို့က ရည်ရွယ်ချက် အနှစ်သာရ ပါဝင်တဲ့ စကားပြောကိုပဲ ရယူချင်တာ မို့လို့ ဒီ tags တွေကို ဖျောက်ပစ်ဖို့ လိုပါတယ်။ လုပ်ဆောင်နည်းကတော့ ဖော်ပြပါ Captions file ရဲ့စာမျက်နှာမှာ Right click ထောက်ပြီး " View Page Source " ကို သွားပါ။


အထက်ဖော်ပြပါ အတိုင်း text တွေပါတဲ့ box တစ်ခု တက်လာခဲ့ရင် စာသား အားလုံးကို Copy ကူးပြီး ဒီနေရာ ကိုသွားပါ။ မြင်နေရတဲ့ ကွက်လပ်ထဲမှာ Copy ကူးလာတဲ့ စာသားအားလုံးကို Paste လုပ်ပြီး Go ကို နှိပ်ပါ။


ဒါဆို ကျွန်တော်တို့ Listening Skill ကြောင့် နားမလည်နိုင် ဖြစ်နေခဲ့တဲ့ အကြောင်းတရားတွေကို တိုက်ရိုက်ဖတ်ရှု နားလည် နိုင်ပါပြီ။

This year, the planet's digital content will blast through the zettabyte barrier. That is approximately equal to 1 million times the information stored in all the libraries in the US, but finding the right information should feel easy. It should feel like magic, and we're getting closer to that. At Google we innovate to make search faster and more relevant everyday. The new experience transforms search, delivering results instantly, in a way that has never been done before. Now, results appear automatically as you type with no need to hit enter or click the search button. As soon as you see what you need predicted in grey text, you can stop typing and just look down to find your results waiting.

ဘာသာစကား တစ်ခု လေ့လာသင်ယူတယ် ဆိုတာ တကယ်တော့ အနုပညာတစ်ခု တတ်မြောက်ဖို့ ဆည်းပူးရသလို ပါပဲ - စိတ်ရှည်ရမယ် - သည်းခံရမယ် - လိုချင်စိတ်ရှိရမယ် - လွယ်ကူမယ့် နည်းလမ်းကို ရှာဖွေနိုင်ရမယ် - ဒါဟာ ဘာသာစကား တစ်ခု လွယ်ကူ လျင်မြန်စွာ သင်ယူတတ်မြောက်နိုင်မယ့် လမ်းစပါပဲ 

KznT.

Related Posts