Never Give Up !

Leave a Comment
အရင်တုန်းက ကိုလည်း ငယ့်လိုပဲ သိပ် စိတ်ညစ်ခဲ့ရဖူးတယ် - ကိုကလေ ဘယ်တော့မှ တည်မြဲတဲ့ နေရာမှာ မနေရတဲ့ သူ - အကြောင်းက ဖေဖေ ဝန်ထမ်းဖြစ်နေလို့ - ကို့ကို မွေးတော့ ရန်ကုန် - ကြီးတော့ မန္တလေး - အရွယ်ရောက်တော့ ရန်ကုန် ပြန်ပြောင်း - လူလတ်ပိုင်းမှာ ကျိုင်းတုံ - အခြေတည်တိုင်း အပြောင်းအလဲ တစ်ခု အမြဲ ဖြစ်တဲ့ ဝန်ထမ်းမိသားစု ဘဝကို တော်တော် မုန်းမိတယ် - ငယ်ငယ်တုန်းကတော့ ကလေးအတွေးပေါ့ - တစ်နေရာကနေ တစ်နေရာ ပြောင်းရင် ကိုယ့်အပေါင်းအသင်းတွေနဲ့ ခွဲရမှာ စိတ်ညစ်တယ် - ကိုယ်တက်နေကျ ကျောင်း - ပေါင်းနေကျ သူငယ်ချင်းတွေ မတွေ့ရတော့ဘူး ဆိုတဲ့ အသိကလည်း လူကို အထီးကျန်စေတယ် -

အဲ့တုန်းက ကို လေးတန်းအောင် - ငါးတန်းတက်ရမယ့် နှစ် -
မန္တလေး မဟာအောင်မြေ မြို့နယ်မှာ ရှိတယ် - အထက ( ၂၄ ) တဲ့ - ကို အဲ့ဒီ့ကျောင်းကို သိပ်ချစ်တာ - ဘာလို့လည်း ဆိုတော့ မိုးတွင်းဆို ခဏခဏ ရေမြှုပ်ပြီး ကျောင်းခဏခဏ ပိတ်ရလို့ - အဲတာလည်း ငယ်ငယ်တုန်းက ကလေး အတွေးပါပဲ - ကျောင်းမှာ သူငယ်ချင်းတွေ ကို့မှာ အများကြီး ရှိတယ် - အဲ့နှစ်က ထူးထူးခြားခြား ကို လေးတန်းစာမေးပွဲ အတန်းတင် ဖြေတော့  တစ်ကျောင်းလုံး တတိယဆု ရတယ် - ကလေးပဲ ဆုရတယ် ဆိုတော့ ပျော်တာပေါ့ - နောက်ပြီး အဲတာက ပထမဆုံး ရဖူးတဲ့ ဆုလေ - ဒါပေမယ့် ကို ကံမကောင်းခဲ့ပါဘူး - အဲ့တုန်းက ဆု တက်မယူခဲ့ရဘူး - ကိုတို့ ရန်ကုန် ပြောင်းခဲ့ရတယ်လေ - ကိုယ့်ကို သိပ်ခင်တဲ့ သူငယ်ချင်းတွေ - ကိုယ် သိပ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ခွဲရတဲ့ အပြင် ကိုယ်သိပ်တက်ချင်တဲ့ ဆုပေးပွဲလည်း မတက်ခဲ့ရဘူး -



ရန်ကုန်ဟာ ကိုယ့်အတွေးမှာ သိပ်ထည်ဝါမယ် ထင်ထားပေမယ့် - ကိုယ်နေခဲ့ရတဲ့ နေရာက ၁၉၉၅ ခုနှစ် ဒဂုံမြို့သစ်တောင်ပိုင်း အခြေအနေမှာပါ - ကိုယ်တို့ ပြောင်းခဲ့ကြတာ မိုးတွင်းကြီး - အိမ်ရှေ့ကို ထွက်ရင် ရေက ဒူးခေါင်းလောက် မြှုပ်တယ် - ကျွတ်တွယ်တယ် - လမ်းမတွေက ဘာကတ္တရာ လမ်းမှ မရှိသေးဘူး - မြေနီလမ်းဆိုတဲ့ အဆင့်ထက် နိမ့်တဲ့ ဂဝံလမ်းတွေပဲ - ကားမောင်းလို့ မရသလို စက်ဘီး စီးလို့တောင် မရဘူး -- လမ်းလျှောက်ရင်တောင် မိုးတွင်းဆို ခဏခဏ ချော်တယ် - ခဲတွေက တစ်ခုနဲ့ တစ်ခု အနိမ့်အမြင့် မညီဘူးလေ - တက်ရတဲ့ ကျောင်းကလည်း မြို့တည်ခါစဆိုတော့ တော်တော်လေးကို ယိုယွင်းတယ် - အထက ( ၂ ) ဒဂုံမြို့သစ်တောင်ပိုင်း - ခုတော့လည်း စည်ပင်နေပြီပေါ့ -

ဒီလိုပါပဲ - ဘဝဆိုတာ - ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတယ် - လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်နေကြရတယ် - ထူးခြားတာလေး တစ်ခုက ဖြစ်သင့်တာ လုပ်သင့်တာတွေဟာ စလုပ်နေရတဲ့ ကာလမှာ အရမ်း စိတ်ပျက်ဖို့ ကောင်းပေမယ့် နောက်ပိုင်း ကျော်လွန်သွားတ့ဲ အချိန်တစ်ခု ကျရင်တော့ အဲ့တုန်းက အဖြစ်အပျက်တွေဟာ ဟာသ တစ်ခုလိုပါပဲ - ငယ်လည်း အခု အခြေအနေသစ် တစ်ခုကို စပြီး ရင်ဆိုင်ရပြီ - အနည်းနဲ့ အများတော့ စိတ်ပျက်မိမှာ အမှန်ပဲ - ဒါပေမယ့် ဒါက အစမို့ပါ ငယ် - ငယ့် စိတ်ထဲမှာ ဖြစ်ချင်တာက ခုရင်ဆိုင်နေရတဲ့ အခြေအနေ တစ်ခုမဟုတ်ပဲ တစ်ခြားတစ်ခု ဖြစ်ချင် ဖြစ်မယ် - ငယ် ဖြစ်သင့်တယ်လို့ ထင်တာ ဒါ မဟုတ်ပဲ တစ်ခြား တစ်ခု ဖြစ်ကောင်းဖြစ်နေမယ် - ဒါပေမယ့် အဲတာလေးကို ခဏမေ့ထားပြီး လက်တွေ့ ဖြတ်သန်းနေရတဲ့ ကာလတစ်ခုကို အမှန်အတိုင်း ရှုမြင်လိုက်ပါ - အလုပ်သင့်ဆုံး အရာတွေ လုပ်ကြည့်ပါ - ဖြစ်သင့်တဲ့ အရာတွေ ဖြစ်လာစေဖို့ မလုပ်ချင်တဲ့ အရာတွေကနေ ဖြေးဖြေးချင်း တည်ဆောက်ယူပါ -

အရင်တုန်းက လူသားတွေဟာ လောကကြီးကနေ ကိုယ်လိုချင်တာကို လက်ဖြန့်တောင်းယူလို့ ရသတဲ့ - ဒါပေမယ့် လူဆိုတဲ့ သတ္တဝါက အရမ်းကို လိုလားချက်များလွန်းတယ် - လိုတာ မရ - ရတာ မလိုချင်နဲ့ - အဲလို လူသားတွေရဲ့ တောင်းဆိုမှုတွေ ခဏခဏ ကြားရဖန် များလာတော့ လောကကြီးကလည်း လူသားတွေကို လိုလားချက် တစ်ခုရဲ့တန်ဖိုးဟာ လွယ်လွယ် ကူကူနဲ့ မရနိုင်ပဲ တန်ဖိုးကြီးကြောင်း နားလည်နိုင်အောင် စည်းမျဉ်းတစ်ခု ပြဌာန်းလိုက်တယ် - သူ ထုတ်တဲ့ စည်းမျဉ်းကတော့ -

လိုချင်တာ တစ်ခု ရချင်ရင် မလိုချင်တာ တစ်ခု အရင်ပေးရမယ် ဆိုတဲ့ စည်းမျဉ်းပဲ



Photo from crispy-apples.tumblr.com

အမြဲတမ်း လိုချင်တာတွေချည်းပဲ ရနေတဲ့ သူတွေက အဲ့ဒီ့ စည်းမျဉ်းလဲ ထွက်ရော ဘယ်လိုမှ အသားမကျနိုင်တော့ဘူး - ငါက ဒါလိုချင်တာကို ဒါပဲပေး - မပေးဘူးလား မင်းမပေးရင် ငါ့ဘာသာ လုပ်ချင်တာ လုပ်ပစ်မှာ ဆိုပြီး လူတော်တော်များများက လိုချင်တာလည်း မရရော သူ့တို့ ထင်ရာ မြင်ရာတွေကို ကောင်းသည် ဆိုးသည် မစဉ်းစားတော့ပဲ စလုပ်ခဲ့ကြတယ် - နောက်ပိုင်း အဲလို လူတွေက ဘာဖြစ်သွားလဲ ဆိုတော့ - လူဆိုး လူမိုက်တွေ - သူခိုင်း ဓားပြတွေ ဖြစ်သွားကြသတဲ့ - လောကကြီးက သတ်မှတ် ထားတဲ့ စည်းမျဉ်းအတိုင်း လိုချင်တာ တစ်ခုကို ရဖို့ မလိုချင်တာ တစ်ခုကို အရင်ပေးရမယ် ဆိုလည်း ပေးမယ် ဆိုတဲ့ သီးခံစိတ်နဲ့ လုံ့လ ရှိတဲ့ သူတွေကတော့ ကိုယ် ဘယ်လောက်မှ မပေးရသေးခင် ကိုယ်လိုချင်တာ ရအောင် လောကကြီးက ဖန်ဆင်းပေးပြီး လူကောင်း လူတော်တွေ ဖြစ်လာကြတယ် ငယ် - အဲတာကြောင့် ငယ် လိုချင်တာတွေ ဖြစ်ချင်တာတွေ ရဖို့ လောလောဆယ်မှာ သီးခံစိတ်နဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေးဖြေးချင်း ရင်ဆိုင်ကြည့်ပါ -

တစ်ချိန်မှာ အကောင်းဆုံးတွေကို ငယ် ရရှိလာပါလိမ့်မယ် -

ချစ်ခြင်းအားဖြင့်
ကို။
October 18 2010

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts