11Dreams with Unicode

ဒီနေ့ 11Dreams ကို Unicode ပြောင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ် - စာလိုက်ဖတ် ဟိုပြင်ဒီပြင်နဲ့ နှစ်နာရီလောက် ကြာတော့ Unicode ကို ပြောင်းထားတဲ့ Blog တစ်ခု ထပ်ရတယ် -


စိတ်ထဲရှိတာ ပြောရရင်တော့ လိုလိုလားလားနဲ့ Unicode ကို အရမ်းပြောင်းချင်နေလို့ ခုလိုပြောင်းလိုက်တာ မဟုတ်ဘူး- စာရေးချင်လို့ စာရေးတာ - သိပ်ဝါသနာ ပါနေလို့ - မရေးရမနေနိုင်လို့ - ဒီစာရေးတဲ့ အလုပ်ကနေ ပိုက်ဆံရနေလို့ - ရေးနေတာမျိုးလည်း မဟုတ်ဘူး - ဖောင့်ထွင်တဲ့သူ မဟုတ်သလို - မြန်မာစာ အက္ခရာနဲ့ ရေးထုံးရေးနည်း ကို လေ့လာနေတဲ့ သူတစ်ယောက်လည်း မဟုတ်ဘူး - ဘယ်ဖောင့်က ဘယ်လိုကောင်းပါတယ် ဆိုတဲ့ စကားထက် လူလူချင်း ဆက်ဆံတဲ့ နေရာမှာ လတ်တလော ဘာကအဆင်ပြေနေသလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ် - တစ်ခုကို ပြောင်းလဲဖို့ဆို အဆင့်လိုက် လုပ်ဆောင်နည်းတွေ လူပြိန်းနားလည်အောင် ရှင်းပြထားတာမျိုးပဲ ဖတ်ချင်တယ် - ခုတော့ ဒီ Unicode ပြောင်းထားတဲ့ Blog တစ်ခု ဖြစ်လာဖို့ နှစ်နာရီလောက် အချိန်ပေးပြီး ဟိုဝင်ဒီထွက်နဲ့ စာလိုက်ဖတ်နေရတယ် - ဒါတောင် ကိုယ်တွေက ဘလော့သားနဲနဲဝနေပြီး အရိပ်ပြရင် အကောင်ရဲ့ အစွန်းလေးလောက် မြင်တတ်လို့ အဆင်ပြေသွားတာ - စာသိပ်များများ မဖတ်ချင်တဲ့သူ ဘလော့ ပြင်ဆင်ရေးနဲ့ သိပ်အကျွမ်းမဝင်သေးမယ့် သူတစ်ယောက်ဆိုရင်တော့ တော်တော်လေးကို ရွာလည်လိမ့်ဦးမယ် - 

Unicode ကို အောင်မြင်စေချင်ပါတယ် - ဒါပေမယ့် လိုအပ်ချက်တွေ ဒီ့ထက်ပိုပြီး ပြည့်စုံစေချင်သေးတယ် - နားလည်တဲ့သူတွေ အနေနဲ့လည်း FAQs တွေကို ဒီ့ထက်ပိုပြီး ဖြည့်ဆည်းကြစေချင်သေးတယ်။

KznT.

Japan We Are With You.

ဂျပန်နိုင်ငံမှာ ဟိုတစ်နေ့က ဖြစ်သွားတဲ့ ဆူနာမီနဲ့ ငလျင်အကြောင်းကြားရတော့ လူတိုင်းရဲ့ စိတ်ထဲမှာ ဂရုနာသက်မိကြတယ် - သဘာဝဘေးအန္တရာယ်ဆိုတာ ဖြစ်လာရင် ဒုက္ခသည်ဆိုတာ အလိုလို ရှိလာတာပဲ - ဒါကို လူတိုင်းသိတော့ ခုလို ခိုကိုးရာမဲ့ အိမ်ခြေရာခြေမဲ့ပြီး ဒုက္ခရောက်နေတဲ့ သူတွေ အတွက် ဘယ်လိုကူညီရမလဲ ဆိုတာ လူတိုင်းတွေးမိကြတယ်


ကျွန်တော်တို့ ဘယ်လို ကူညီနိုင်ပါမလဲ ??

ကျွန်တော်တို့တွေ ဂျပန်နိုင်ငံမှာ နေထိုင်နေတာ မဟုတ်ပဲ မိုင်ပေါင်း ထောင်နဲ့ချီဝေးကွာမယ့် နေရာမှာ ရှိနေကြမယ် ဆိုရင်တောင် ဂျပန် ဒုက္ခသည်တွေကို ကူညီနိုင်မယ့် နည်းလမ်းတွေ ခုချိန်မှာ ရှိနေပါပြီ - နိုင်ငံအလိုက်ကလည်း ကူညီရေးအသင်းအဖွဲ့တွေနဲ့ ဆောင်ရွက်နေသလို ကမ္ဘာသိ အဖွဲ့အစည်း တွေကနေလည်း စက္ကန့်မလပ် အကူအညီပေးနိုင်ဖို့ ကြိုးစားနေကြပါပြီ - ဘာတွေ ဘယ်လိုပဲ သူပိုင် ငါပိုင် သူ့ပစ္စည်း ကိုယ့်ပစ္စည်းနဲ့ ခွဲခြား နေခဲ့ကြပေမယ့် ကိုယ်နေထိုင်တဲ့ မြေပေါ်မှာ သဘာဝဘေး အန္တရာယ်တစ်ခုခု ကျရောက်လာပြီဆိုရင် သဘာဝတရားက သူပိုင် ငါပိုင်ရယ်လို့ ဘယ်တော့မှ မစာနာပါဘူး - အားလုံးဖျက်ဆီးခံလိုက်ရတာပဲ -




ခု သူတို့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်နေကြပြီ - နေရာအသီးသီးမှာ ပိတ်မိနေကြတဲ့ ဒုက္ခသည်တွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေကြပြီ - နှစ်နဲ့ချီပြီး တည်ဆောက်ခဲ့ရတဲ့ ပြည့်စုံမှုကို နာရီပိုင်းအတွင်း အကောင်းပကတိအတိုင်း ပြန်ဖြစ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး - ကယ်ဆယ်ရေး - ကျန်းမာရေး - စားသောက်ရေး - နေထိုင်ရေး - စီးပွားရေး - လမ်းပန်းဆက်သွယ်မှု ကဏ္ဍအားလုံးကို အချိန်တိုအတွင်း ပြည့်စုံစေဖို့ တစ်နိုင်ငံတည်းရဲ့ ရပ်တည်မှုနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး - အဲ့လို အခြေအနေမှာ ဒီကမ္ဘာကြီးပေါ်မှာ အတူတကွ နေထိုင်ကြတဲ့ ကျွန်တော်တို့ အားလုံးရဲ့ အကူအညီ အထောက်အပံ့တွေ လိုလာတယ်။ ဒီလို အခြေအနေမျိုး ကျွန်တော်တို့ နိုင်ငံမှာလည်း တစ်ချိန်က ဖြစ်ခဲ့ဖူးတယ် - လူအမြောက်အများလည်း သေကျေခဲ့ရဖူးတယ် - ဒီအခြေအနေမျိုး တစ်ခြားနိုင်ငံတစ်ခုမှာ ခု ဖြစ်လာပြီ - အဲ့အတွက် ကျွန်တော်တို့ မေတ္တာတရားနဲ့ စောင့်ရှောက်မှု ပေးကြရအောင်။ သူတို့ ဘဝကို နိုင်သလောက် အတိုင်းအတာနဲ့ ပံ့ပိုးမှုပြုကြရအောင် -


ပံ့ပိုးနိုင်မည့် နေရာများ

ခုအောက်မှာ ဖော်ပြသွားမယ့် နေရာတွေဟာ ဂျပန်နိုင်ငံ ဒုက္ခသည်တွေအတွက် တိုက်ရိုက် ထောက်ပံ့ကူညီမှု ပေးနေတဲ့ အဖွဲ့အစည်း အမြောက်အများထဲက အနည်းအကျဉ်း ဖြစ်ပါတယ် - မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေတဲ့ မိသားစုဝင်တွေ အနေနဲ့ ကူညီဖို့ မဖြစ်နိုင်ပေမယ့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်သလောက်ပမာဏလေးနဲ့ ကူညီဖို့ အဆင်ပြေကြမှာပါ -

The Red Crossဒီနေရာကနေ သွားပြီး အနည်းဆုံး 10$ နဲ့အထက် လှူဒါန်းနိုင်ပါတယ်။ ဖုန်းကနေ လှူမယ်ဆိုရင်တော့ Text Message မှာ REDCROSS လို့ ရိုက်ပြီး 90999 ကိုပို့ပါ - အဲ့ကနေ $10 လှူလို့ ရပါတယ်။ ( အဲ့လိုပို့လိုက်ရင် Confirm message ပြန်ဝင်လာပြီး အဲ့ကနေ တစ်ဆင့် YES ပေးလိုက်ရင် ရပါပြီ )

Shelterbox: သူက UK-based organization ပါ - သူ့ကို တည်ထောင်ထားရတဲ့ ရည်ရွယ်ချက်က ဆူနာမီနဲ့ မြေငလျင်ဒဏ် သက်ရောက်ခံရတဲ့ နိုင်ငံတွေ အတွက် ထောက်ပံ့ ကူညီမှု လုပ်ဆောင်ပေးနိုင်စေဖို့ပါ - Online ကနေလည်း လှူလို့ ရပါတယ်။ Shelterbox ကနေ ဒုက္ခသည်တွေအတွက် လိုအပ်မယ့် အရေးပေါ်သုံး ပစ္စည်းတွေ - သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ပစ္စည်းတွေ ထောက်ပံ့ပေးပါတယ်။ Online donation ကိုဒီနေရာကနေ လုပ်ဆောင်ပါ။

International Medical Corps: သူ့ ဝက်ဘ်ဆိုဒ်မှာ ဒုက္ခသည်တွေအတွက် ကိုယ်လှူဒါန်းချင်တဲ့ ပမာဏကို ရိုက်သွင်းပြီး လှူဒါန်းနိုင်ပါတယ်။ဒီနေရာကနေ သွားပါ။

GlobalGiving.org: International Medical Corps လိုမျိုးပဲ Japan Earthquake နဲ့ Tsunami ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေရာကနေ လှူဒါန်းပေးပါ။

Convoy of Hope: ဒီအဖွဲ့အစည်းကနေပြီး ဒုက္ခသည်တွေကို လှူဒါန်းချင်တယ်ဆိုရင် နည်းလမ်းနှစ်မျိုးနဲ့ လှူဒါန်းလို့ ရပါတယ် -ဒီနေရာကနေသွားပြီး Online ကနေလှူလို့ ရသလို REDCROSS လိုပဲ ဖုန်းကနေတစ်ဆင့် Text message နဲ့ TSUNAMI လို့ရိုက်ပြီး 50555 ကိုပို့ပါ ( အဲ့လိုပို့လိုက်ရင် Confirm message ပြန်ဝင်လာပြီး အဲ့ကနေတဆင့် YES ပေးလိုက်ရင် ရပါပြီ )

Salvation Army: Online ကနေ လှူဒါန်းချင်သူများ ဒီနေရာကနေ လှူဒါန်းနိုင်သလို - ဖုန်းကနေတစ်ဆင့် လှူဒါန်းချင်မယ် ဆိုရင်လည်း JAPAN ( ဒါမှမဟုတ် ) QUAKE လို့ Text message ရိုက်ပြီး 80888 ကိုပို့ပါ - အဲ့ကနေ $10 လှူဒါန်းနိုင်ပါတယ်။

Red Cross in Japan - ဂျပန်နိုင်ငံမှာ နေထိုင်သူ မြန်မာနိုင်ငံသားများ ဂျပန်ယန်းနဲ့ လှူဒါန်းချင်မယ်ဆိုရင် Google Checkout ကနေ ဒီနေရာမှာလှူဒါန်းလို့ ရပါတယ်။ ($20 ကိုအနည်းဆုံး ဂျပန်ယန်း 1600 ရှိပါတယ်) - ယန်း ၁၀၀ ကနေ စပြီး လှူဒါန်းနိုင်ပါတယ်။

Japan Earthquake Tsunami Children Emergency Fund : အွန်လိုင်းမှာ တော်တော်များများ Facebook games တွေဆော့ကြတယ် - အဲ့ထဲက FrontierVille, FarmVille နဲ့ CityVille ဆော့ကြတဲ့သူတွေ အနေနဲ့လည်း ဂျပန်က မြေငလျင်ဒဏ်ခံ ဒုက္ခသည်တွေအတွက် သက်ဆိုင်ရာ ကိုယ်ဆော့တဲ့ ဂိမ်းအသီးသီးက items တစ်ခုခုကို ဝယ်သုံးခြင်း အားဖြင့် ဒုက္ခသည်တွေကို ကူညီနိုင်ပါတယ်။ တကယ်လို့ အဲ့ဂိမ်းတွေ မဆော့ဘူး ဆိုရင်လည်း ဒီနေရာကနေ လှူဒါန်းနိုင်ပါတယ်။


Photos via Time.com, Boston Bigpicture

KznT.

How To Ask Smart Questions ( When You Ask - 2 )

ဒီ မေးမြန်းမှု အတတ်ပညာက အမုန်းခံပြီး ရေးနေရတာပါ - လူတိုင်းက မေးရင်သာ အဖြေလိုချင်တာ ဘယ်လိုအချက်တွေ လိုက်နာပြီး မေးပါလို့ အမေးခံရတဲ့သူက ပြောရင်ကျ သဘောမကျ ချင်ကြဘူး - မြန်မာလူမျိုးက ကိုယ့်ထမင်း ကိုယ်စားပြီး အမုန်းခံရတာမျိုး မလိုချင်ကြတော့ စိတ်ကသာ မကြိုက်တာ ပြန်တော့ မပြောတတ်ကြဘူး ( နောက်ကွယ်မှာ ပြောတာမျိုး တော့ လုပ်တတ်ကြတယ် ) အဲ့လို မပြောတာတွေ များလာတော့ မေးတဲ့သူက ဘယ်လိုမေးရမှန်း မသိဘူး - မသိတော့ ဒီအတိုင်းပဲ ထပ်ခါ ထပ်ခါမေး - နောက်ဆုံးကျတော့ မေးသာမေးပြီး အဖြေပြန်မရတဲ့ အခြေအနေမျိုးတွေ အများကြီး ဖြစ်ဖြစ်လာတယ်

အမေးသာရှိပြီး အဖြေပြန်မရတာ ကျွန်တော်တို့ မြန်မာဖိုရမ်တွေမှာမှ မဟုတ်ဘူး - နိုင်ငံခြားဖိုရမ်တွေ - Discussion groups တွေမှာလည်း အများကြီး ရှိတယ် - အဓိကက

( ၁ ) မေးမြန်းသင့်တဲ့ အကြောင်းအရာ
( ၂ ) မေးမြန်းသင့်တဲ့ နေရာနဲ့
( ၃ ) မေးခွန်း မေးမြန်းပုံ မေးမြန်းနည်း ကို မေးမြန်းမယ့်သူတွေ နားမလည်ကြတာ

    ဒီ အချက် သုံးခုထဲက မေးသင့်တဲ့ အကြောင်းအရာတွေ - မေးမြန်းသင့်တဲ့ နေရာဆိုတဲ့ ကန့်သတ်ချက် တွေ အကြောင်းကို ကျွန်တော် ဖော်ပြခဲ့ပြီးပါပြီ - ခု နောက်ဆုံး ဖော်ပြချင်တာ မေးခွန်းမေးမြန်းပုံ မေးမြန်းနည်း ကို မေးမြန်းသူဘက်က မကြည့်ပဲ ဖြေကြားသူဘက်က မေးခွန်းပေါ် ရှုမြင်တဲ့ အမြင် ပုံစံမျိုးနဲ့ ဖော်ပြပေးသွားပါ့မယ်။ 



    ဖြေကြားသူများ မည်သည့် မေးခွန်းမျိုး ရှောင်တတ်ကြသနည်း။ 

    ဖော်ပြချက် မပြည့်စုံသော - ရည်ရွယ်ချက် မတိကျသော မေးခွန်းများအား ဖြေကြားသူများ ရှောင်တတ်ပါသည်။ - Forums တွေမှာ မေးမြန်းတာမျိုး ဖြစ်စေ - Discussion groups တွေမှာ ဆွေးနွေးချင်တာမျိုး ဖြစ်စေ - ရည်ရွယ်ချက် မတိကျတဲ့ ဖော်ပြချက် မပြည့်စုံတဲ့ မေးမြန်းမှုမျိုးတွေကို ဖြေကြားသူတွေ ရှောင်တတ်ကြပါတယ်။ ဒါ့ကြောင့် ဖော်ပြချက် ပြည့်ပြည့်စုံစုံနဲ့ တိကျတဲ့ မေးခွန်းဖြစ်အောင် Stupid နဲ့ Smart မေးမြန်းပုံ အဆင့်ဆင့်ကို နိှုင်းယှဉ်ပြလိုက်ပါတယ်။ 

    Stupid - ကူညီပါဦး - ကျွန်တော့် လက်ပတော့က အခြွေကည့်ရင်းနဲ့ ဘာဖြစ်သွားမှန်း မသိဘူး - ဘယ်လိုလုပ်ရမယ်ဆိုတာ ဖြစ်နိုင်မယ်ဆို အမြန်ဆုံး ကူညီပေးပါ။ 

    Smart - ကျွန်တော့် လက်ပတော့ အမျိုးအစားက SAMAUNG ..??... ပါ - Windows ..??.. / Linux Distros ..??.. တင်ထားပါတယ် - 32/64 bit Operating system ပါ - RAM က .??.. GB ပါ - VGA အမျိုးအစားက ?? ... , ..??. GB ပါ - ဖြစ်တာက ..??.. စက်က Hang ပြီး ဘာမှဆက်လုပ်လို့ မရပဲ စာတက်လာပါတယ် - အရင်က အားလုံး ကောင်းပါတယ်။ မနက်က Update ပေးပြီး / Software ?? တစ်ခုတင်လိုက်မိပါတယ် - ဒီ ပြဿနာ အတွက် ကျွန်တော် ဘယ်လိုနည်းမျိုးနဲ့ ပြေလည်နိုင်မယ် ဆိုတာ သိပါရစေ။ 

    Smarter - ကျွန်တော့် လက်ပတော့ အမျိုးအစားက SAMAUNG .??... ပါ - Windows ..??.. / Linux ..??.. တင်ထားပါတယ် - 32/64 bit ..??.. Operating system ပါ - RAM က ..??.. GB ပါ - VGA အမျိုးအစားက ..??.. , ..??. GB ပါ - ဖြစ်တာက ..??.. စက်က Hang ပြီး ဘာမှဆက်လုပ်လို့ မရပဲ စာတက်လာပါတယ် - တက်လာတဲ့ စာက " ....... " ပါ - Screenshots ကို အောက်မှာ ကြည့်ပါ - အရင်က အားလုံး ကောင်းပါတယ်။ မနက်က Windows Update ပေးပြီး / Software ?? တစ်ခု တင်လိုက်မိပါတယ်။ ဆိုင်မဆိုင် ကျွန်တော် မသိပေမယ့် ကျွန်တော် System Restore လုပ်ဖို့ ကြိုးစားကြည့်တာလည်း Windows ထဲကနေ Restore လုပ်လို့ မရဖြစ်နေပါတယ် - တစ်ခြား နည်းလမ်းလည်း ကျွန်တော် မသိတော့ဘူး ဖြစ်နေပါတယ်။ ဒီ ပြဿနာ အတွက် ကျွန်တော် ဘယ်လိုနည်းမျိုးနဲ့ ပြေလည်နိုင်လောက်မယ် / တစ်ခြား ဘယ်နေရာတွေမှာ လေ့လာနိုင်မယ်ဆိုတာ အကြံဉာဏ်လေးများ သိပါရစေ။  
    အရေးတကြီးနှင့် အရေးပေါ် ဆိုသော မေးမြန်းချက်များအား ဖြေကြားသူများ ရှောင်တတ်ပါသည် - မေးခွန်းမေးမြန်းတဲ့ နေရာမှာ အရမ်းအရေးကြီးနေလို့ပါ - အရေးပေါ် ဖြစ်နေလို့ပါ ဆိုတာမျိုး တတ်နိုင်ရင် မဖော်ပြပါနဲ့ - ဘာကြောင့်လဲဆိုရင် အရေးကြီး အရေးပေါ် ဆိုတဲ့ ဖော်ပြချက်ဟာ ဖြေကြားသူကို ပြည့်စုံမယ့် အဖြေတစ်ခု ဖြေကြားပေးနိုင်ဖို့ လုံလောက်မယ့် ပြင်ဆင်မှု ဦးစားမပေးနိုင်တော့ဘူး ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ် - ကိုယ့် အခက်အခဲ မဟုတ်တဲ့ ပြဿနာရပ် တစ်ခုကို မျက်စိရှေ့မှာ ဘာမှ မတွေ့မြင်ရပဲ ချက်ချင်းကြီး ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ ဆိုတာ တော်ယုံမဖြစ်နိုင်ပါဘူး - အဲ့လို အခြေအနေမှာ စိတ်ထဲ ထင်မိတာကို ချက်ချင်း Reply ပြန်လိုက်ပြန်ရင်လည်း ဖြေလိုက်တာပဲ အဖတ်တင်ပြီး ဖြစ်တဲ့ပြဿနာ မပြေလည်မှာ စိုးတာကြောင့် ဖြေကြားဖို့ ရှောင်တတ်ကြပါတယ်။   

    Private E-mails ပေးပို့ မေးမြန်းမှုများသည် ဖြေကြားသူအား အခက်တွေ့ စေပါသည် - မိမိနဲ့ ခင်မင်ရာ ခင်မင်ကြောင်း ရင်းနှီးနေတဲ့ သူတစ်ယောက်ဆီ ကိုယ့် အခက်အခဲအတွက် Private E-mails ပေးပို့ မေးမြန်းခြင်းမျိုးဟာ မေးမြန်းတဲ့ အကြောင်းအရာပေါ် မူတည်ပြီး ဖြေကြားပေးမယ့်သူအပေါ် အကျပ်တွေ့စေပါတယ် - လူတိုင်း လူတိုင်းမှာ သူနားလည် အားသန်တဲ့ အကြောင်းအရာ ကိုယ်စီ ရှိတတ်ကြပေမယ့် - လူတိုင်းဟာ ပြဿနာရပ်တိုင်းကို ပြေလည်အောင် ဖြေရှင်းပေးနိုင်တဲ့ စွမ်းရည် မရှိကြပါဘူး - ဒါတင်မက ကိုယ်က ဒီတစ်ခါလေးပဲ Private E-mail နဲ့ အကူအညီတောင်းဖူးသေးတာလို့ ယူဆနေပေမယ့် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ကိုယ်လို တစ်ကြိမ်တစ်ခါတည်း အကူအညီတောင်းဖူးပါတယ်ဆိုတဲ့ E-mails မျိုးတွေ ဖြေကြားသူ ဘက်မှာ ဘယ်နစောင်လောက် ရှိနှင့်နေမလဲ ဆိုတာ ငဲ့ကွက် စဉ်းစားသင့်ပါတယ်။ လူတစ်ဦးတစ်ယောက် ရဲ့ ကိုယ်ပိုင်အချိန်ကို Respect ပေးပါ။ Private E-mails ပေးပို့ မေးမြန်းတာမျိုးထက် လူအများ ဝိုင်းဝန်း ဖြေကြားပေးနိုင်အောင် အမေးအဖြေကဏ္ဍ အောက်မှာပဲ Public မေးမြန်းမှုမျိုးပဲ လုပ်ဆောင်ပေးကြဖို့ အကြံပြုလိုပါတယ်။  

    ယဉ်ကျေး ညက်ညောမှု မရှိသော ပြန်ကြားချက်နှင့် မေးမြန်းမှုများအား ဖြေကြားသူများ ရှောင်တတ်ကြပါသည် - ဖိုရမ်မှာ မေးမြန်းမှု တစ်ခု တက်လာခဲ့ရင် မိသားစုဝင်တော်တော်များများ ဖြေကြားပေးနိုင်ဖို့ ကြိုးစားတတ်ကြပါတယ် - တစ်ချို့လည်း တတ်သလောက် နားလည်သလောက် ဝင်ပြောကြတယ် - တစ်ချို့လည်း အသေးစိတ် - တစ်ချို့လည်း အပေါ်ယံ - တစ်ချို့လည်း သာမန်ကာလျှံကာ - ဘယ်လို Reply ပဲ ပြန်ရသည် ဖြစ်စေ - မေးမြန်းသူ အနေနဲ့ ကိုယ့်ပြဿနာကို ပြေလည်နိုင်စေဖို့ ကူညီဖြေကြားပေးသူတွေကို ခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ် - ဝိုင်းဝန်းဖြေရှင်းပေးတာ ကျေးဇူးပါ ဆိုတဲ့ ကျေးဇူးတင်စကားမျိုး Reply မှာ အဦးဆုံး ပြောကြားပေးပြီးမှ ကိုယ့်ပြဿနာ ရဲ့ လိုအပ်ချက်တွေနဲ့ ပြေလည်မှု အဆင့်ဆင့်ကို ဆက်လက်ဆွေးနွေးသင့်ပါတယ် - အဲ့လို Reply ပြန်ရခြင်း အားဖြင့် ဝင်ရောက် အဖြေရှာပေးသူအတွက်လည်း ကိုယ်ဖြေကြားပေးလိုက်တဲ့ ပြဿနာရဲ့ ပြေလည်မှု အဆင့်ကို သိရလို့ ကျေနပ်မှု ဖြစ်စေသလို - အကယ်၍ မပြေလည်ခဲ့သေးဘူး ဆိုရင်လည်း ဘာတွေ ဖြည့်စွက်ဖို့ လိုဦးမယ်ဆိုတာ ကူညီဖေးမလိုစိတ် ဖြစ်ပေါ်စေတဲ့ အပြင် - ဘေးကရပ်ကြည့် နေသူတွေ အနေနဲ့ပါ ကိုယ်သိထားတဲ့ အလျှောက် ဝင်ရောက် ကူညီလိုစိတ် ဖြစ်ပေါ်စေပါလိမ့်မယ်။ သူ့ရဲ့ ပြောင်းပြန် အနေနဲ့ Reply ပြန်လိုက်ပေမယ့် အဆင်ပြေမှန်း မပြေမှန်း ဘာမှ မသိရတဲ့ မေးမြန်းချက်မျိုးတွေ - ကျေးဇူးတင်စကား ပြောဖို့ကျ စကားမဟပဲ ကိုယ့်ဘက်က အဆင်မပြေတာတွေ -ခင်ဗျားပြောတဲ့ အတိုင်း လုပ်လိုက်တာ ဘယ်လိုတွေတော့ ဖြစ်ကုန်ပြီ ဆိုတဲ့ အပြစ်တင်စကားမျိုး ပြောတဲ့ ပြန်ကြားချက်မျိုးတွေဟာ ဖြေကြားသူအတွက် စိတ်ကွက်စေသလို - အခြားဖြေကြားပေးမယ့် သူတွေကိုပါ လက်ရှောင်သွားစေနိုင်ပါတယ်။  

    ဘာတစ်ခုမသိသည့် မေးမြန်းချက်မျိုးအား ဘာမှမသိသကဲ့သို့ ဖြေကြားသူများ ရှောင်တတ်ကြပါသည် - မေးခွန်းဆိုတာ မေးတိုင်း မကောင်းပါဘူး - Differential equations တွေရဲ့ ဖြေရှင်းပုံကို နားမလည်ပဲ Biological process တွေ - Technical process တွေ - Bridge design တွေအကြောင်း နားလည်နိုင်ဖို့ မကြိုးစားချင်ပါနဲ့ မသိချင်ပါနဲ့ - ဆိုလိုတာ ကကြီး ခခွေး မရေးတတ်ပဲ စာစီမကုံးချင်ပါနဲ့ - အဆင့်မြင့်မြင့် သိချင်တဲ့အခါ အခြေခံ နားလည်ရမယ့် အချက်တွေကို ပြည့်ပြည့်စုံစုံ နားလည်ပြီးသား ဖြစ်ဖို့ မိမိကိုယ်ကိုယ် အရင်တည်ဆောက်ပါ။

      ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆိုရင် မေးမြန်းမှု အတတ်ပညာရဲ့ နက်နဲပုံနဲ့ မေးမြန်းသင့်မယ့် နည်းလမ်းတွေကို မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လေ့လာပါ - မေးမြန်းပါ - သို့ပေမယ့် မေးမြန်းသင့်တဲ့ အကြောင်းအရာ - မေးမြန်းသင့်တဲ့ နေရာနဲ့ မေးမြန်းပုံ မေးမြန်းနည်းကိုတော့ အစဉ်သဖြင့် ဂရုပြုကြဖို့ တိုက်တွန်းအကြံပြု လိုက်ပါရစေ။

      KznT.

      15+ Useful Google Chrome Extensions

      ဒီအကြောင်းရေးဖြစ်ဖို့ လွန်ခဲ့တဲ့ တစ်လကျော်တည်းက စပြီး ပြင်ဆင်ခဲ့တယ် - ရေးဖို့ စိတ်ကူးထားတာ Google Chrome ရဲ့ ဇာတ်ပို့ဇာတ်ရံတွေလို့ ပြောလို့ ရတဲ့ Chrome Extensions တွေအကြောင်း - Chrome Extensions ဆိုတဲ့ အသုံးအနှုန်းကို စိမ်းနေသူတွေ အတွက် အကျဉ်းချုံး မိတ်ဆက်ရရင် Chrome Extensions ဆိုတာ ကျွန်တော်တို့ အရင်က Mozilla Firefox မှာ အမြဲသုံးနေကျ Add-ons တွေရဲ့ သဘောနဲ့ တူပါတယ်။ ဆိုလိုတာ ဒီ Chrome Extensions / Firefox add-ons ဆိုတာတွေကို သုံးခြင်းအားဖြင့် Browsers တွေမှာ Default အနေနဲ့ မပါဝင်တဲ့ Features တွေ Functions တွေကို ကျွန်တော်တို့ ပိုသုံးနိုင်လာပါတယ်။

      ဘယ် Chrome Extensions တွေက ကောင်းသလဲ ??

      တစ်ခုခု သုံးရတော့မယ်ဆိုရင် ဘယ်ဟာက ပိုကောင်းလဲဆိုတဲ့ အမေးမျိုး လူတိုင်း မေးချင်ကြတယ် - Google Chrome Extensions တွေနဲ့ ပတ်သတ်ပြီး ဘယ်ဟာက အကောင်းဆုံးပါလို့ ပြောဖို့ ခက်ပါတယ် - လူတစ်ယောက်နဲ့ တစ်ယောက်က Browser ကို သုံးစွဲပုံခြင်း မတူကြဘူး - တစ်ချို့က ဖျော်ဖြေရေးနဲ့ Websites တွေမှာ စာလေးနည်းနည်းပါးပါး ဖတ်ယုံလောက်အတွက်ပဲ သုံးတယ် - တစ်ချို့က ဖျော်ဖြေရေးနဲ့ စာဖတ်ယုံတင် မက - Blog ရေးတာ - Share လုပ်တာ - တစ်ခြား တိုလီမုတ်စ တွေ မျိုးစုံသုံးတာ စသဖြင့် မျိုးစုံ ရှိကြတယ်။ အဲ့တော့ Google Chrome Extensions ဆိုတာလည်း ကိုယ်က Browser ကို ဘယ်လိုသုံးမှာလဲ ဆိုတာပေါ် မူတည်ပြီး အသုံးပြုသင့်တဲ့ Extensions တွေရဲ့ အမျိုးအစားတွေက ကွဲပြားသွားပါတယ်။

      အကောင်းဆုံး နှင့် အကြိုက်ဆုံး၏ ကွာခြားချက်

      ကျွန်တော်က Google Chrome ကို Default browser အဖြစ်နဲ့ သုံးတာဆိုတော့ တစ်ခုခု သုံးရတာ ကသိကအောက် ဖြစ်လာပြီဆို Google Chrome Extensions တွေ ကြိုက်သလောက် Install လုပ်လို့ ရတဲ့ ဒီနေရာကို သွားပြီး ကိုယ့်အတွက် သုံးလို့ အဆင်ပြေမယ့် Chrome Extensions လေးတွေ လိုက်စမ်းလေ့ရှိတယ်။ တစ်ခုတင်လိုက် တစ်ခုချလိုက်နဲ့ အဲ့ထဲက Most Popular တို့ Top Rated တို့ စာရင်းဝင်တဲ့ Chrome Extensions တွေ တော်တော်များများ ကျွန်တော် မစမ်းဖူးတာ မရှိတော့သလောက်ပဲ  တစ်ခြား Blog တွေကနေ Best Chrome Extensions ဆိုပြီး ရေးထားတာ တွေ့ရင်လည်း ကိုယ့်အတွက် အသုံးတည့်တယ်ဆိုပြီး အမြဲလိုလို ဖတ်ဖြစ်တော့ အဲ့မှာ ဘာကွာခြားချက် သွားတွေ့ရလဲ ဆိုရင် Websites တစ်ခုမှာ ဒါကိုသုံးသင့်တဲ့ Best Chrome Extensions စာရင်းထဲ ထည့်ထားရင်တောင် တစ်ခြားဆိုဒ်တစ်ခုမှာကျတော့ အသုံးတည့်တဲ့ စာရင်းထဲ မသွင်းတာ တွေ့လာရတယ် - အဲ့တာကြောင့် ဒီပို့စ်ကို ရေးဖို့ ခေါင်းစဉ်ရွေးတဲ့ နေရာမှာ "အကောင်းဆုံး" ဆိုတဲ့ စာလုံးကို မသုံးပဲ "အကြိုက်ဆုံး" ဆိုတဲ့ စာလုံးကို ပြောင်းသုံးခဲ့တယ် - မြန်မာစကားက အသုံးအနှုန်းမတူရင် ရည်ရွယ်ချက် လွဲတယ် - အကောင်းဆုံးဆိုတာ ရွေးချယ်ဖို့ အမြောက်အများရှိတ့ဲ ထဲက အရွေးချယ်သင့်ဆုံးကို ဆိုလိုတာ - အကြိုက်ဆုံး ဆိုတာ အားလုံးထဲက ကိုယ် အနှစ်သက်ဆုံးတွေကို ရည်ညွှန်းချင်တာ - ဒီရည်ရွယ်ချက်လေးကို မိသားစုဝင်တွေ အောက်မှာ ဖော်ပြမယ့် အကြိုက်ဆုံး Chrome Extensions တွေအကြောင်း မဖော်ပြခင် သိထားစေချင်ပါတယ်။

      အကြိုက်ဆုံး Chrome Extensions များ

      ခု ဒီ ခေါင်းစဉ်အောက်မှာ ဖော်ပြသွားမယ့် Chrome Extensions တွေဟာ ကျွန်တော့်အတွက် အသုံးအဝင်ဆုံးနဲ့ မိသားစုဝင်တွေ အတွက်လည်း အတိုင်းအတာ တစ်ခုအထိ အသုံးဝင်ကောင်း ဝင်နိုင်မယ့် Chrome Extensions တွေ ဖြစ်ပါလိမ့်မယ်။

      AdBlock - မရှက်တမ်း ဝန်ခံရရင် ကွန်ပြူတာစသုံးခဲ့ပြီး တော်တော်ကြာတဲ့ အချိန်ထိ AdBlock ဆိုတာကို ဘာမှန်း မသိခဲ့ဘူး - ခုတော့ AdBlock ရဲ့ မရှိမဖြစ် အရေးပါပုံကို သိလာခဲ့ပြီ - AdBlock ဆိုတာ Web စာမျက်နှာတွေပေါ်က Ads လို့ ခေါ်တဲ့ ကြော်ငြာ အစိတ်အပိုင်းတွေကို ကိုယ် Web စာမျက်နှာတွေ ကြည့်တဲ့ အချိန်မှာ ပါမလာအောင် အလိုလျှောက် Block ပေးပါတယ်။ တကယ်လို့ ကိုယ့် Browser မှာ AdBlock ရှိမနေရင် Ads များတဲ့ Websites တစ်ခုခုကို loading ဆွဲတဲ့ အချိန်မှာ Browser က Websites မှာ ရှိနေတဲ့ Content တွေကိုသာ မက ဒီ ကြော်ငြာကဏ္ဍတွေကို Loading ဆွဲနေရတော့ Connection သိပ်မကောင်းတဲ့ နိုင်ငံတွေမှာဆို တော်ယုံနဲ့ Webpages က တက်မလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတင်မက တစ်ချို့ Ads တွေဟာ ကြော်ငြာ အမည်ခံပြီး Malware ဖြန့်ဖြူးတဲ့ ပင်မရင်းမြစ်တွေ ဖြစ်နေတတ်တော့ အဲ့လို Ads မျိုးကို ဘုမသိ ဘမသိနဲ့ ဖြစ်ဖြစ် စိတ်ဝင်စားလို့ ဖြစ်ဖြစ် အယောင်ယောင် အနနနဲ့ နှိပ်မိရာကနေ စက်ထဲ Virus ဝင်လာတတ်ပါတယ်။


      Google Mail Checker Plus - ကိုယ့် Gmail Account ထဲကို Mail ဝင်လာပြီ ဆိုရင် တော်ယုံ Account ထဲ ဝင်မကြည့်ပဲ ဖြစ်ဖြစ် - Gtalk ဖွင့်မထားပဲနဲ့ ဖြစ်ဖြစ် သိနိုင်ဖို့ မလွယ်ဘူး - အဲ့တာတွေကို အဆင်ပြေအောင် Google Mail Checker Plus ကဖန်တီး ပေးထားပါတယ် -


      Feedly - Feedly ဆိုတာ အင်တာနက်ထဲမှာ ဘလော့တကာ ပတ်ပြီး စာဖတ်တတ်သူတွေအတွက် အသုံးပြုသင့်တဲ့ RSS Reader တစ်မျိုးပါ - သူ့အကြောင်း တစ်စိတ်တစ်ဒေသကိုတာ့ ဒီနေရာမှာ ရှင်းခဲ့ပြီးသားမို့လို့ ထပ်ပြီး အထူးအထွေ ရှင်းဖို့ လိုမယ် မထင်တော့ပါဘူး - FeedSquaresဆိုပြီး Extension တစ်ခု ရှိသေးတယ် - အဲ့တာလည်း RSS reader တစ်မျိုးပါပဲ - ဒါပေမယ့် ကျွန်တော့်စိတ်ထဲတော့ FeedSquares က စတိုင်လ် အသားပေးလွန်းအားကြီးတယ် - အရမ်းလန်လွန်းပြီး စာကျ သိပ်ဖတ်လို့ မကောင်းသလိုပဲ။


      Google bookmarks - သူက Google bookmarks သုံးတဲ့ သူတွေအတွက် Google Chrome မှာ အသုံးပြုနိုင်မယ့် Extensions တစ်မျိုးပါ - သူ့လိုမျိုးပဲ တစ်ခြား အမျိုးအစားကွဲ သုံးလေး ခု ရှိတယ် - ဥပမာ ပြရရင် Yet Another Google Bookmarks - ဒါပေမယ့် ကျွန်တော်ကတော့ jimmy.liang ရဲ့ Google bookmarks extensions ကို ပိုသဘောကျမိတယ်။ Bookmarks တွေ ဘာကြောင့်ကျွန်တော်တို့ သုံးနေကြလဲ ဆိုတာ သိချင်သေးရင် အရင်က အကောင်းဆုံး Bookmark Management Tools များ ဆိုပြီး ရေးခဲ့တာ ရှိတယ်။ လေ့လာကြည့်ပါ။


      goo.gl URL Shortener - ဒီကတော့ အရမ်းရှည်တဲ့ URL တွေကို ချုံ့ဖို့အတွက် Extension တစ်မျိုးပါ - ဘာကြောင့် URL ချုံ့ကြရတာလဲ ဆိုတာ သိချင်ရင် Websites များ၏ URLs များအား အတိုချုံးခြင်းဆိုပြီး ရေးခဲ့တာ ရှိပါတယ်။ လေ့လာကြည့်ပါ။ သူနဲ့ သဘောတရားတူတဲ့ နောက် Extension တစ်မျိုး ရှိပါသေးတယ် - အဲတာကတော့ bit.ly ပါ။


      LastPass - LastPass ကိုတော့ တော်တော်များများ သိပ်သုံးကြဦးမယ် မထင်ဘူး - LastPass ဆိုတာ Free ပေးထားတဲ့ Password manager နဲ့ Form filler ပါ - LastPass မှာ ကိုယ် Create လုပ်ထားတဲ့ Account ကို Login ဝင်ထားလိုက်တာနဲ့ နောက်ပိုင်း ကိုယ်သွားတဲ့ Websites တွေမှာ Username တွေ Passwords တွေ ခဏခဏ ဖြည့်ဖို့ မလိုတော့ဘူး - ကိုယ် မှတ်ခိုင်းထားတဲ့ အတိုင်း သူက အလိုလျောက် Login ဝင်ပေးသွားတယ် - Username နဲ့ Password ခဏခဏ ရိုက်ရမှာ ပျင်းတဲ့ ကျွန်တော့်လို လူမျိုးတွေ အတွက်တော့ LastPass က သိပ်ကို အဆင်ပြေတယ်။


      Screen Capture (by Google) - သူကတော့ Google ကနေ ထုတ်ထားတဲ့ Screen Capture extension - ဘာဆော့ဖ်ဝဲလ်မှ တင်ဖို့ မလိုဘူး - ဘာကီးတွေ Crack တွေမှလည်း မလိုဘူး - Extension တစ်ခု ရှိယုံနဲ့ လိုချင်တာ တော်တော်များများ လုပ်လို့ ရတယ်။ Screen Capture နဲ့ ပတ်သတ်ပြီး မြန်မြန်ဆန်ဆန် သုံးချင်တယ် ဆိုရင်တော့ Software တွေအစား ခုလို Extension လေးတွေ သုံးလိုက်တာ ကောင်းတယ် - သူ့လို သဘောတရားတူတဲ့ တစ်ခြား Extensions တွေလည်း ရှိသေးတယ် - ဥပမာ - Awesome Screenshot - နှစ်ခုလုံး သုံးလို့ ကောင်းကြပါတယ်။ Screen capture တွေ ဘာကြောင့် သုံးကြရလဲ ဆိုတာ Screen Capturing Tools များအကြောင်း ဆိုပြီး ရေးခဲ့တာ ရှိပါတယ်။ လိုအပ်မယ်ဆို လေ့လာနိုင်ပါတယ်။


      Google Dictionary (by Google) - အင်္ဂလိပ်စာကို လူမျိုးခြား တစ်ယောက်အနေနဲ့ ဖတ်ရင် Dictionary တော့ လူတိုင်းနီးပါး လိုပါတယ် - အဲ့အတွက် ဒီ Google Dictionary Extension ကို သုံးစေချင်တယ် - English - English ဆိုပေမယ့် နောက်ပိုင်း ကျင့်သားရသွားရင် အများကြီး အသုံးတည့်သွားပါလိမ့်မယ်။


      Apture Highlights - Apture Highlights ဟာ ကျွန်တော် သုံးဖူးသမျှ Dictionary ဆန်ဆန် Extensions တွေ အားလုံးထဲမှာ အကောင်းဆုံးလို့ တောင်ထင်မိတယ်။ ဘာလို့လည်းဆို ဒီ Extension တစ်ခုတည်းနဲ့ ကိုယ်နားမလည်တဲ့ / ဒီ့ထက်ပိုပြီး ပြည့်ပြည့်စုံစုံသိလိုတဲ့ စကားလုံး တစ်လုံးရဲ့ အဓိပ္ပါယ်ကို Wiki အပါအဝင် နေရာပေါင်းစုံကနေပြီး တစ်ခါတည်း စုပြပေးနိုင်တယ်။ ဆက်စပ်နေတဲ့ Videos တွေ ဓာတ်ပုံတွေ ရှိမယ် ဆိုရင်လည်း တစ်ခါတည်း Tab ပြောင်းပြီး ကြည့်လို့ ရတယ် - အောက်မှာ ပြထားတဲ့ အတိုင်းပါ။ သူ့လို ပုံစံမျိုးပဲ Wiki သီးသန့် Extensions တွေ ရှိပါသေးတယ် - ဥပမာ - Wikipedia - Wikipedia နဲ့ ပတ်သတ်ပြီး ဝီကီပိဒိယ အကြောင်း တစ်စေ့တစ်စောင်း ဆိုပြီး ရေးထားတာ ရှိပါသေးတယ်။


      Fast YouTube Search - Youtube ဆိုတာကတော့ ဖျော်ဖြေရေးကနေ စပြီး ပညာရေး - သတင်း - အတင်း အကုန် တစ်နေရာတည်းကနေ ကြည့်နိုင်တဲ့ နေရာပါ - အရင်တုန်းကတော့ သီချင်းဆို မမောနိုင်မပန်းနိုင် ဒေါင်းလုပ်ချပြီး နားထောင်ခဲ့တာ နောက်ပိုင်း Youtube အကြောင်း ကောင်းကောင်း သိသွားတော့ ဘာသီချင်းမှ တော်ယုံ ဒေါင်းလုပ်ချပြီး နားမထောင်ဖြစ်တော့ဘူး - တစ်ခုခု သိချင်လား Youtube - တစ်ခုခု နားထောင်ချင်လား Youtube နဲ့ သီချင်းဆို အဲ့မှာပဲ လိုတာရှာပြီး နားထောင်ဖြစ်တော့တယ်။ အဲ့လို ရှာတဲ့ဖွေတဲ့နေရာမှာ Youtube ကို သွားပြီး Search box ကနေ ရှာတာထက် ခု Extension လေးကို သုံးပြီး ရှာတော့ ပိုပြီး ရှာရလည်း မြန်သလို သုံးရလည်း ပိုလွယ်သွားပါတယ်။ Youtube နဲ့ ပတ်သတ်ပြီး Youtube ချစ်သူများ အတွက် မသိမဖြစ် ဆိုပြီး ရေးထားတာ ရှိပါတယ် - အသေးသုံးလေးတွေ သိလိုသူများ ဖတ်ကြည့်ပါ။


      VerticalTabs - တစ်ချို့က အင်တာနက်ထဲ ဟိုဒီလျှောက်ကြည့်ရင် Browser မှာ tabs တွေ ဗြောင်းဆန်အောင် ဖွင့်ပြီးကြည့်တတ် ကြတယ် - ကျွန်တော့်လို လူပေါ့  - ဘာဖြစ်လဲဆို အဲ့လို tabs တွေ ၁၅ ခု - အခု ၂၀ လောက် ဖြစ်လာတော့ ပြဿနာက တက်လာရော - tab တစ်ခုပေါ် တစ်ခု ထပ်ပြီး ဘယ်ဟာက ဘာ tab မှန်း မသိတော့ဘူး - တစ်ခုတစ်လေ ပိတ်ချင်တဲ့ tab က တစ်ခု ပိတ်မိတဲ့ tab ကတစ်ခု အဲ့လိုလည်း ခဏခဏ ဖြစ်တယ် - အဲ့လို မဖြစ်ရအောင် tab များများဖွင့်ပြီး Websites ကြည့်တတ်သူတွေ အတွက် ဒီ Extension က အသုံးတည့်ပါတယ်။ သူနဲ့ သဘောတရားချင်း တူတဲ့ တစ်ခြား Extensions တွေလည်း ရှိသေးတယ် - ဥပမာ - TooManyTabs for Chrome


      iReader - ဒီလို Extensions မျိုးတွေနဲ့ ပတ်သတ်ပြီး အင်တာနက်နှင့် ကျန်းမာရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလို Extensions မျိုးတွေ သုံးသင့်လဲ ဆိုတာ အဲ့ဒီပို့စ်ကို ဖတ်ကြည့်ပေးပါ။ သူနဲ့ သဘောတရားခြင်းတူတဲ့ တစ်ခြား Extensions တွေ ရှိပါသေးတယ် - ဥပမာ - EasyReader


      Proxy Switchy! - တစ်ခါတစ်လေကျရင် ဖြစ်တတ်တယ် - တစ်ချို့ Websites တွေက နိုင်ငံအလိုက် နေရာအလိုက် ဘန်းထားတာမျိုးတွေ - အဲ့လို အခြေအနေမှာ ကိုယ်ကြည့်ချင်တာ ကြည့်မရဖြစ်နေရင် ဒီလို Extensions မျိုးတွေက အသုံးတည့်ပါတယ်။ သူနဲ့ သဘောတရားတူတဲ့ တစ်ခြား Extensions တွေလည်း ရှိပါသေးတယ်။ ဥပမာ - 1-Click Web Proxy 


      Google Shortcuts - Google fun သမားတွေ အတွက် အသုံးအတည့်ဆုံး Extension ပါ - Shortcut တစ်ခုတည်းကနေ Google ရဲ့ နေရာပေါင်းစုံ သွားလို့ ရတယ်။ သူနဲ့ သဘောတရားတူတဲ့ တစ်ခြား Extensions တွေလည်း ရှိပါသေးတယ်။ ဥပမာ - ( 1 ) My Shortcuts -( 2 ) One Number 


      Google Chrome Themes - Mozilla Firefox မှာ Themes တွေ စိတ်ကြိုက် ပြောင်းလို့ ရသလိုမျိုး Google Chrome မှာလည်း Themes မျိုးစုံ စိတ်ကြိုက် ပြောင်းလို့ ရပါတယ်။


      Minimalist Gmail - ဒီ Extension ကတော့ ကလိချင်တဲ့သူတွေ အတွက် သဘောကျစရာပါ။ Gmail ရဲ့ အတွင်း ဒီဇိုင်းကို ပြောင်းချင်သလို ပြောင်း လုပ်ချင်သလို လုပ်လို့ ရတယ် - ဘာတွေလုပ်လို့ ရပါတယ်လို့ ပြောဖို့ မလွယ်လောက်အောင်ကို အကုန် လုပ်လို့ ရတယ်။ ပြောရင်ပိုတယ် ထင်မယ် စမ်းသုံးကြည့်ပါ။


      RemindMe - လူတိုင်းမေ့တတ်ကြတာပဲ - တစ်ခုခု လုပ်စရာရှိတယ် - မေ့တတ်တယ် - တစ်ခုခု သွားစရာရှိတယ် - မေ့တတ်တယ် - အဲ့လို မဖြစ်ရအောင် လုပ်ချင်တဲ့ အချိန် - သွားရမယ့် အချိန်မှာ အချိန်နဲ့ တစ်ပြေးညီ ကိုယ့်ကို အသိပေးနိုင်စေဖို့ ဒီ Extension က စွမ်းဆောင်ပေးနိုင်ပါတယ်။


      ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆိုရင် သုံးသင့်မယ့် Google Chrome Extensions တွေ အကြောင်းကို မိသားစုဝင်များ တီးမိခေါက်မိ ရှိနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ခုဖော်ပြထားတဲ့ Extensions တွေဟာ အကောင်းဆုံးတွေလို့ မဆိုလိုပါဘူး - ကျွန်တော် အကြိုက်ဆုံး Chrome Extensions များသာ ဖြစ်ပါတယ်။ တစ်ခြား မိမိနဲ့ သင့်လျှော်ရာ သင့်လျှော်ရာ အသုံးတည့်မယ့် Chrome Extensions တွေကိုမူရင်းမျှဝေပေးနေတဲ့နေရာ ကနေ ရှာယူ အသုံးပြုကြဖို့ အကြံပြုလိုက်ပါရစေ။

      KznT.

      The Feature-rich Internet Explorer 9 RC

      Internet Explorer 9 အကြောင်းကို 26-03-2010, 05:21 AM တုန်းက Platform Preview မိတ်ဆက် အဖြစ်တဲ့ တစ်ခါ - 23-09-2010 09:57 PM တုန်းက Beta မိတ်ဆက် အဖြစ်နဲ့ အဖြစ်နဲ့တစ်ခါ ရေးဖြစ်ခဲ့တယ်။ ခု စာရေးတဲ့ အချိန်ကနေ ပြန်တွက်ရင် လွန်ခဲ့တဲ့ ၁၁ လ ၁၂ ရက် ၉ နာရီ ၅၂ မိနစ်နဲ့ ၁၂ စက္ကန့် အကွာကပေါ့ - ( ဘယ်ရမလဲ WolframAlpha နဲ့ကို တွက်ထားတာ )


      Internet Explorer 9 ၏ အောင်မြင်မှုများ

      အရင်လ ( ဖေဖော်ဝါရီ ၁၀ ရက်နေ့ ) က Internet Explorer 9 Release Candidate ဆိုပြီး Microsoft ကနေ Version အသစ်ထပ်ထုတ်တယ် - ထုတ်ပြီး ခု ဘယ်လောက်မှ မကြာသေးဘူး IE 9 Release Candidate ကို ကမ္ဘာတစ်ဝှမ်းက ဒေါင်းလုပ်ချတဲ့သူပေါင်း ၁၁ မီလီယံ ကျော်သွားပြီ - အရင် IE9 Beta ထုတ်တုန်းက ဒေါင်းလုပ်ချခဲ့ကြတဲ့ အရေအတွက်ရယ် ခု IE 9 Release Candidate ထွက်တဲ့ အချိန်မှာ ဒေါင်းလုပ်ချတဲ့ အရည်အတွက်ရယ် နှစ်ခု ပေါင်းရင် ၃၆ မီလီယံ တောင် ကျော်ခဲ့ပြီလို့ သိရတယ် - ပြောရရင် ဒီအောင်မြင်မှုဟာ သာမန် အောင်မြင်မှုတစ်ခုတော့ မဟုတ်ဘူး - ကိုယ်တိုင်က Google Chrome fun ဖြစ်နေလို့သာ Internet Explorer ကို သိပ်မသုံးဖြစ်ပေမယ့် ကမ္ဘာတစ်ဝှမ်းက ဒီ IE ကို ဘာကြောင့် ဒီလောက် အားပေးနေကြလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတယ် - အဲ့တာကြောင့် Internet Explorer 9 ထုတ်ဖို့ဆိုပြီး စစမ်းသပ်တဲ့ ကာလ Platform Preview အဆင့်တည်းက ကိုယ်ကိုယ်တိုင် သုံးကြည့်ပြီး သိခဲ့တာလေးတွေ ဖိုရမ်မှာ ပုံမှန် ရေးဖြစ်ခဲ့တယ် - စစချင်း Internet Explorer 9 Platform Preview နောက် Internet Explorer 9 Beta - ခု Internet Explorer 9 Release Candidate အကြောင်း ရေးဖို့ ဖြစ်လာပြီ - အားလုံးကလည်း Firefox fun ဖြစ်နေလို့လား မသိဘူး - Internet Explorer 9 အကြောင်း စာတက်ရင် ဘယ်သူမှ စိတ်ဝင်တစား ဖတ်တာ မတွေ့ရဘူး - ဒါပေမယ့် ကျွန်တော်ကလည်း သိလာတာတွေဆို ပြောပြချင်စိတ်က ရှိနေတော့ အားမပေးလည်း ရေးနေတာပဲ

      Internet Explorer 9 Release Candidate ရှိ ပြောင်းလဲမှုများ

      အခုလည်း Version တစ်ခု တက်သွားပြီ ဆိုတော့ Internet Explorer 9 Release Candidate မှာ ဘာလို ပြောင်းလဲမှုတွေ ရှိလာသလဲ - ဘယ်လို features တွေ တိုးပြီး ပါလာမလဲ ဆိုတာ သိရအောင် စမ်းသုံးဖြစ်ခဲ့တယ် - Release Candidate ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်အောင် အရင် Platform Preview နဲ့ ဘာမှ မဆိုင်တော့ပဲ တော်တော်ကြီး အဆင့်မြင့်လာတာ တွေ့ရတယ် - ပြောရရင် သဘောကျသွားတယ် ပေါ့ဗျာ - အဲ့တော့ Internet Explorer 9 RC မှာ ဘာလို ပြောင်းလဲမှုတွေ ရှိလာသလဲ - ဘယ်လို features တွေ တိုးပြီး ပါလာမလဲ ဆိုတာ လူတိုင်း သိချင်ကြလိမ့်မယ် - အရင် BETA မှာတည်းက ပါတဲ့ Features တွေ အားလုံး အရင်လိုပဲ ပြန်ပါပါတယ် - အဲ့တာကိုတော့ အပေါ်က Internet Explorer 9 Beta မှာ ရေးခဲ့ပြီးသားမို့ ဒီမှာ ပြန်မဖော်ပြတော့ဘူး - Internet Explorer 9 RC မှာ ပါလာတဲ့ New features နဲ့ Improvements တွေ အကြောင်းကို သီးသန့် ဖတ်ချင်မယ် ဆိုရင် ဒီနေရာမှာ Internet Explorer 9 Release Candidate – New Features Summary ဆိုတဲ့ စာအုပ်ရှိပါတယ်။ Microsoft ကနေ အနှစ်ချုပ်ကို ပြည့်ပြည့်စုံစုံ ရေးထားပေးပါတယ်။ သူ့ကို Download ချပြီး ဖတ်လို့ ရပါတယ်။ တကယ်လို့ စာအုပ်နဲ့ မဖတ်ချင်ပဲ သူ့ရဲ့ ထူးခြားချက်ကို ပုံလေးတွေနဲ့ ကြည့်ချင်ရင် ဒီနေရာမှာ ကြည့်လို့ ရပါတယ်။ တစ်ခြား Browsers တွေ ( Firefox 4.0 Beta 11, Chrome 9.0 Beta) နဲ့ Internet Explorer 9 ရဲ့ စွမ်းဆောင်ရည်တွေကို စမ်းစစ်ကြည့်တဲ့ အခါမှာ Results က ဘယ်လိုထွက်တယ် ဆိုတာ ဒီနေရာမှာ ကြည့်ကြည့်ပါ။ ကျွန်တော် Google Chrome သမားတောင် Internet Explorer ကို ချက်ချင်းပြောင်းရမလို ဖြစ်နေပြီ - တကယ်လို့ Internet Explorer 9 Release Candidate ရဲ့ Product Guide ကိုမှ ပြည့်ပြည့်စုံစုံ ဖတ်ချင်မယ် ဆိုရင် ဒီအောက်မှာ ဖော်ပြထားတဲ့ Links တွေကနေ ဒေါင်းလုပ်ချပြီး လေ့လာနိုင်ပါတယ်။ ဒီ Product guide စာအုပ်ထဲမှာ Internet Explorer 9 နဲ့ ပတ်သတ်ပြီး ဘယ်လို အသုံးဝင် ထိပ်တမ်း features တွေပါဝင်တယ် - ဘာတွေ ပြင်ဆင်ထားတယ် ဆိုတာ End users, Developers နဲ့ IT professionals သမားတွေ အလွယ်တကူ လေ့လာနိုင်အောင် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

      Internet Explorer 9 Release Candidate အား အသုံးပြုခြင်း


      ဒီလောက်ထိ ညွှန်းလာပြီးပြီ ဆိုတော့ တစ်ချို့လည်း စမ်းသုံးချင်ကြတဲ့သူတွေ ရှိကောင်း ရှိမယ်။ Internet Explorer 9 RC ကို သုံးချင်ရင် လုပ်ရ ကိုင်ရတာ မခက်ပါဘူး - ပုံမှန် Software တစ်ခု install လုပ်သလိုပဲ Download ချပြီး Install လုပ်သုံးယုံပါပဲ - Download ကိုတော့ ဒီနေရာကနေ ယူနိုင်ပါတယ်။ Filehippo ကနေလည်း ယူနိုင်ပါတယ်။ အင်တာနက် ကောင်းမယ် ဆိုရင်တော့ ဒီနေရာကနေ Download ယူပြီး Internet Connection နဲ့ တိုက်ရိုက်Install လုပ်နိုင်ပါတယ်။ တစ်ခုရှိတာ Windows XP သမားတွေ Internet Explorer 9 ကို Windows XP သမားတွေ သုံးလို့ မရပါဘူး - Windows XP သမားတွေက သုံးချင်ရင် Internet Explorer 8 ပဲ သုံးလို့ ရပါမယ်။ Internet Explorer 9 RC ကို သုံးချင်ရင် ကိုယ်သုံးနေတဲ့ Windows က အနည်းဆုံး Windows 7 (x86 or x64) နဲ့ Windows Vista SP2 (x86 or x64) ဖြစ်ဖို့ လိုပါတယ်။ ဒါကို မမေ့ပါနဲ့။ သက်ဆိုင်ရာ ဖိုင်ကို Download ချပြီးရင် install လုပ်ပါ။ Restart တောင်းကောင်း တောင်းပါလိမ့်မယ်။ Restart ပေးပြီး ပြန်တက်လာရင် စသုံးလို့ ရပါပြီ။

      Internet Explorer 9 Release Candidate နှင့် ပြဿနာရပ်များ

      Internet Explorer 9 Release Candidate ကို စသုံးပြီ ဆိုရင် တစ်ခြားတော့ ထူးထူးခြားခြား ပြဿနာ မရှိပါဘူး - ဒါပေမယ့် ခေါင်းခြောက်စေမယ့် ပြဿနာ တစ်ခုတော့ ရှိပါတယ်။ အဲ့တာက သူ့ကို တင်တင်ပြီးချင်း Restart ပေးပြီး ပြန်တက်လာရင် Google talk သုံးတဲ့ သူတွေ Chat box မှာ အရင် မြန်မာလို အဆင်ပြေပြေ တွေ့နေရာကနေ ကကျိုးကကြောင်ပုံစံတွေ စမြင်ရပါလိမ့်မယ်။ အဲ့ပြဿနာကို ဘာကြောင့် အဲ့လို ဖြစ်မှန်းမသိလို့ အင်တာနက်ထဲ အချိန်တော်တော်ကြာအောင် စာလိုက်ဖတ်ခဲ့ ရသေးတယ်။ ခုတော့ အဲ့အတွက် စိတ်မပူပါနဲ့ အဖြေရှိနေပါပြီ။ အောက်ဖော်ပြပါအတိုင်း Internet Explorer 9 RC ရဲ့ ညာဘက် အပေါ်ထောင့်မှာ ရှိနေတဲ့ Tools icon ကနေပြီး Internet options ကို ဝင်လိုက်ပါ။


      အဲ့ကနေပြီး General tab အောက်က Appearance အောက်မှာ ရှိတဲ့ Fonts button ကို နှိပ်ပြီး တက်လာတဲ့ box မှာ Zawgyi-One ကို ရွေးပေးပြီး OK ပေးလိုက်ပါ။ ဒါဆို အားလုံး ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်။


      Internet Explorer အား Uninstall လုပ်ဆောင်ခြင်း

      ဘယ်ဟာတွေ ဘယ်လောက်ကောင်းပါတယ် ပြောပြော Release Candidate ဆိုတာ Stable မဟုတ်သေးတာကြောင့် တစ်ခြား ပြဿနာလေးတွေ အနည်းနဲ့ အများ ရှိနေပါသေးတယ် - အရမ်း ပြည့်စုံပါတယ်လို့တော့ မဆိုနိုင်သေးပါဘူး - ဒါ့ကြောင့် စမ်းသပ်သုံးစွဲပြီးကာမှ နဂို Internet Explorer 8 ကိုပဲ ပြန်လိုချင်သူတွေ အတွက် Internet Explorer 9 Release Candidate ကို Uninstall လုပ်ဆောင်နိုင်အောင် အဆင့်တစ်ချို့ တစ်ပါတည်း ဖော်ပြလိုက်ပါတယ်။

      အရင်ဆုံး Windows Vista မှာ ဆိုရင် Control Panel\Programs\Programs and Features ကို သွားပြီး View installed updates ကို ဝင်ပါ။ ( Windows 7 လည်း အဲ့နေရာပဲ ဖြစ်ပါလိမ့်မယ်။ )



      Installed Updates စာမျက်နှာကို ရောက်ရင် အောက်ဖော်ပြပါအတိုင်း Windows Internet Explorer 9 Release Candidate ဆိုတ့ဲ Update ကို ရှာပြီး Uninstall ပေးပါ။ Uninstall ပေးပြီးရင် သူက Restart တောင်းပါလိမ့်မယ်။


      Restart ပြန်တက်လာရင် နဂိုအတိုင်း Internet Explorer 8 ပဲ ပြန်ဖြစ်နေပါလိမ့်မယ်။

      Internet Explorer 9 browser အား Windows 7 တွင် Slipstream လုပ်ဆောင်ခြင်း

      တစ်ချို့ကျတော့လည်း Internet Explorer 9 က Features တွေ အရမ်းကောင်းတယ် ဆိုပြီး ကိုယ့်မှာ ရှိတဲ့ Windows 7 ခွေထဲကို Windows တင်တည်းက ပါလာအောင် တစ်ခါတည်း Slipstream လုပ်ချင်ကြတဲ့ သူတွေလည်း ရှိလိမ့်မယ်။ အဲ့အတွက် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတဲ့ နည်းလမ်းကို ဒီနေရာမှာ ဖတ်ပါ။

      မူလရင်းမြစ်များ

      ကျွန်တော် အရင်တုန်းက စာတစ်ပုဒ်ရေးရင် ဘယ်တွေကနေ ဖတ်ခဲ့တယ်ဆိုတာ မဖော်ပြဖြစ်ခဲ့ဘူး - ခုနောက်ပိုင်းကနေ စပြီး စာတစ်ပုဒ်ရေးပြီးတိုင်းမှာ ဘယ်တွေကနေ ဖတ်ခဲ့တယ် ဆိုတာကို မိသားစုဝင်များ ဆက်စပ်လေ့လာနိုင်အောင် ပူးတွဲဖော်ပြပေးသွားပါ့မယ်။ ဒီအောက်မှာ ဖော်ပြထားတဲ့ Links တွေကတော့ ခုရေးနေတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်လာဖို့ ကျွန်တော် ဖတ်ခဲ့တဲ့ စာမျက်နှာတွေပါ - အရင်းအမြစ်ကိုမှ လေ့လာချင်သူများ လေ့လာနိုင်အောင် ပူးတွဲဖော်ပြလိုက်ပါတယ်။
      1. http://www.msfn.org/_/software/ie9-r...plorer-sh-r305
      2. http://www.microsoft.com/downloads/e...3-01b715e17a00
      3. http://ie.microsoft.com/testdrive/
      4. http://en.wikipedia.org/wiki/Internet_Explorer_9
      5. http://www.intowindows.com/download-...ase-candidate/
      6. http://www.intowindows.com/download-...product-guide/
      7. http://www.intowindows.com/how-to-un...tform-preview/
      8. http://windows.microsoft.com/en-US/i.../ie-9/features
      9. http://windows.microsoft.com/en-US/i...mpare-browsers
      10. http://windows.microsoft.com/en-US/i...wide-languages
      11. http://www.filehippo.com/download_internet_explorer/
      12. http://www.windowsvalley.com/downloa...ne-installers/
      13. http://www.intowindows.com/how-to-sl...windows-7-iso/
      14. http://www.beautyoftheweb.com/#/productguide
      15. http://windows.microsoft.com/en-US/i...ts/ie-9/videos
      KznT.

      LOKANITI

      ခုရက်ပိုင်းမှာ မိသားစုဝင်တစ်ချို့ မကြာခဏဆိုသလို စကားဝိုင်းမှာ စကားများကြတာ တွေ့လာရတယ် - မောင်နှမသားချင်း မစာနာ မဖွယ်မရာ စကားတွေ ပြောတယ် - တစ်ယောက်နဲ့ တစ်ယောက် သွေးတိုးစမ်းတဲ့ အသုံးအနှုန်းတွေ ပြောပြီး ရန်စကားတွေနဲ့ ဖိုရမ်ကို အကျည်းတန်အောင် လုပ်နေကြတယ် - မိသားစုဖိုရမ်တည်ထောင် ရခြင်း ရည်ရွယ်ချက်ဟာ အသိမိတ်ဆွေပေါများပြီး မြန်မာနိုင်ငံသူ နိုင်ငံသားချင်းချင်း မိသားစုဝင်တွေလို နွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ ကူညီဖေးမကြစေချင်လို့ မြန်မာမိသားစုဆိုတဲ့ နာမည်နဲ့ အသက်သွင်းထားတာပါ - ဒါကို ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်နေကြသလဲ - ရန်စကားတွေ ပြောနေကြသလဲ - ပညာတတ်တွေ မဟုတ်ကြဘူးလား - ပညာတတ်ဆိုတာ ဘွဲ့ရမှ ပညာတတ်လို့ ကျုပ်ကတော့ မသတ်မှတ်ဘူး - တစ်ချို့ သေစာရှင်စာပဲ တတ်ပေမယ့် လူမှုဆက်ဆံရေးကို ညက်နေအောင် ကျွမ်းကျင်ကြတဲ့ သူတွေ အများကြီး ကျုပ်တွေ့ခဲ့ဖူးတယ် - ဘွဲ့တွေ သုံးလေးခု ယူပြီး လူမှုဆက်ဆံရေးကို မူလတန်းအဆင့် ကလေးလောက်တောင် မကျွမ်းကျင်တဲ့ ပညာတတ်အမည်ခံ လူတွေလည်း အများကြီး ကြုံခဲ့ရဖူးတယ် - မိသားစုဝင်တွေ သေစာရှင်စာမကဘူး တတ်ပါတယ် - ကွန်ပြူတာကိုင်ပြီး အွန်လိုင်းတောင် တက်လာကြပြီပဲ -

      ဖိုရမ်ဆိုတာ Online ဆိုတဲ့ လေထုထဲက ရပ်တည်မှု တစ်ခု - တစ်ယောက်နဲ့ တစ်ယောက် မမြင်ရဘူး - ဘယ်သူဘယ်ကမှန်း တော်ယုံ မသိနိုင်ဘူး - ဒါကို အခွင့်ကောင်းယူပြီး အကြောက်တရား အရှက်တရားမရှိ လုပ်ချင်ရာလုပ်ကြတယ် - ဘယ်ကမှန်း ဘယ်သူဘယ်ဝါမှန်း တစ်ယောက်နဲ့ တစ်ယောက် မသိအောင် လုပ်လို့ရမယ် လိမ်လို့ ရမယ် ဆိုပြီး ထင်နေကြပေမယ့် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်းက ကိုယ့်စိတ်သဏ္ဍန်မှာ နောက်ကနေ အရိပ်လိုလိုက်နေတယ် ဆိုတာကို မမေ့ပါနဲ့ - ဒီနေ့ လူတစ်ယောက်နဲ့ စကားများခဲ့ရလို့ ကိုယ့်ဘက်က အပီအပြင် အသာစီးနဲ့ အနိုင်ပိုင်းပြီး ဆဲလိုက်ဆိုလိုက် ရပြီထား - ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ - အဲ့ဒီ့ အောင်မြင်မှုဟာ ဂုဏ်ယူစရာလား - ဝမ်းမြောက်စရာလား - ဘဝတစ်သက်တာ ကြည်နူးစရာလား - လူတစ်ယောက်ရဲ့ ကျရံှုးမှုကို ကျေကျေနပ်နပ်ခံစားပြီး ပြုံးပျော်တတ်တဲ့သူတွေ / စကားနိုင်လုပြော အနိုင်ရတာကို ပျော်ရွှင်နေတဲ့သူတွေ / ငါ့စကား နွားရ ပြောချင်ရာပြောသူတွေ / စကားတစ်ခွန်းကို မပြောခင်မှာ စဉ်းစားဆင်ခြင်နိုင်ဖို့ သတိမမူပဲ ကိုယ့်စကား အသားစီးရဖို့ ဦးတည်ချက်ထားပြီး ကြိုးစားချင်တဲ့ သူတွေအတွက် လူ့ပတ်ဝန်းကျင်ဆိုတာ ဘယ်တော့မှ သာယာနာပျော်ဖို့ ကောင်းလာမှာ မဟုတ်ဘူး - သူမှားတယ် ငါမှန်တယ်ဆိုတဲ့ အယူစွဲတွေသုံးပြီး ကိုယ့်ခံယူချက်နောက်ကို တစ်ဖက်လူပါလာဖို့ စကားအရာနဲ့ အသာစီးအနိုင်ယူနိုင်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့ - ကိုယ့်လုပ်ရပ်က မှန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ရင် ကိုယ်မှန်ကြောင်းကို ကိုယ့်စိတ်ဓာတ် လုပ်ရပ်နဲ့ သက်သေပြပါ - တစ်ချိန်မှာ သူ့မာနကြောင့် သူ့ကိုယ်သူ မှားတယ်ဆိုတာ ဝန်မခံချင်ရင်တောင် ကိုယ့်လုပ်ရပ်က မှန်တယ်ဆိုတာ သူ့အတွင်းစိတ်က လက်ခံသွားပါလိမ့်မယ် - ခုကျတော့ အဓိက အားပြိုင်ရမယ့် ခံယူချက်နဲ့ အားပြိုင်မှုက ပျောက်ပြီး သူမှားတယ် ကိုယ်မှန်တယ်နဲ့ စကားနိုင်လုနေကြတယ် - လက်ဖဝါးတစ်ခုကို ထောင်ပြီး ဟိုဘက်ဒီဘက် ကြည့်နေကြရင်တော့ လက်ဖမိုးက လက်ဖမိုးပဲ ဖြစ်ပြီး လက်ဖဝါးက လက်ဖဝါးပဲ ဖြစ်နေမှာပါပဲ - လက်ဖမိုးဟာ ဘယ်တော့မှ လက်ဖဝါး ဖြစ်မလာနိုင်ဘူး -

      မှားတယ် မှန်တယ်ဆိုတာကို ပိုင်းဖြတ်နိုင်ဖို့ တစ်ခြားလူတစ်ယောက်ရဲ့ အကူအညီကို မယူပါနဲ့ - ဘေးကကြည့်တဲ့ အမြင်ဟာ ကိုယ့်စိတ်ကို ပြန်ကြည့်ပြီး မြင်တာလောက် ဘယ်တော့မှ အသုံးမတည့်ဘူး - ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်ပြီး မြင်နိုင်ဖို့ မိသားစုဝင်များ လောကနီတိကို နားလည်ကြဖို့ လိုပါတယ် - 
      လောကနီတိဆိုတာ လောကမှာ နေထိုင်တဲ့ သူတစ်ယောက်အနေနဲ့ ကြီးပွားတိုးတက်အောင် ဘယ်လို နေထိုင်ကျင့်ကြံရမယ် ဆိုတာ ဆုံးမလမ်းညွှန်ထားတဲ့ လမ်းညွှန်ချက် - အောက်မှာ ဖော်ပြထားတဲ့ လောကနီတိထဲက လမ်းညွှန်ချက်တစ်ချို့ကို လေ့လာကြည့်ပါ - ကိုယ့်လုပ်ရပ်တွေနဲ့ လွဲနေသလား - ထပ်တူကျသလား ပိုင်းဖြတ်ကြည့်ပါ။

      ၃၇။ စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့်။
      ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခံ့ထည်တင့်တယ်ခြင်းကို မစွန့်။
      ကြံသည် ကြိတ်စက်သို့သို့ ရောက်သော်လည်း ချိုသော အရသာကို မစွန့်။
      ပညာရှိ သူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။
      ပြဿနာမဖြစ်ခင်တည်းက ရှောင်ထွက်သွားလို့ ရှုံးနိမ့်သွားတာ မဟုတ်ဘူး - ရန်စကားပြောတာ သိနေလျက်နဲ့ သီးခံလိုက်တာ ကိုယ်ညံ့တာ မဟုတ်ဘူး - ကိုယ့်အနေနဲ့ သူတော်ကောင်းတရားကို ကျင့်သုံးလိုက်တာ။ ဒါကို နားလည်ပါ။

      ၄၃။ ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။
      သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏။
      ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏။
      သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏။
      လူတိုင်း ဒေါသထွက်ဖူးကြတာပဲ - သည်းမခံနိုင်ဖြစ်ဖူးကြတာပဲ - ဒါပေမယ့် ကိုယ့်ဒေါသကို ကိုယ်မထိန်းနိုင်ရင်တော့ သူယုတ်မာပဲ - ကိုယ့်လုပ်ရပ်က မှန်တာ သေချာရင် လုပ်ရပ်မမှန်ဘူးလို့ ကိုယ်ထင်နေတဲ့ သူထက် ကိုယ်ကပိုပြီး ဒေါသထိန်းနိုင်ရမှာပေါ့။

      ၄၄။ အမိအဘတို့၏ အဆုံးအမကို မရမူ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်း၏။
      အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာ ယဉ်ကျေး၏။
      မြန်မာမှု အသိုင်းအဝိုင်းမှာ လူကြီးသူမတိုင်း ကိုယ်နှုတ်အမူအရာ လိမ္မာယဉ်ကျေးအောင် သွန်သင်ကြတဲ့ သူချည်းပဲ - မိဘမဲ့ ကလေးကျောင်းက မိဘမရှိတဲ့ ကလေးတွေတောင် ဘယ်လို ကိုယ်အမူအရာတွေက ရိုင်းစိုင်းသလဲ / ဘယ်လို နှုတ်အမူအရာတွေက ယဉ်ကျေးသလဲ ဆိုတာ ကောင်းကောင်းနားလည် ကြတယ် - ကိုယ်တွေက မိဘမဲ့တွေမှ မဟုတ်ကြတာ ဒီ့ထက်ပိုပြီး ကိုယ်နှုတ် အမူအရာ လိမ္မာ ယဉ်ကျေးရမှာပေါ့။

      ၄၆။ သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲခြင်းကိုပြုလို၏။
      ကိုယ့်ရဲ့ လုပ်ရပ်က မှန်နေတယ် - မှတ်ကျောက်တင် ခံနိုင်တယ်ဆိုတာ သေချာရင် စကားအရာနဲ့ ခွန်းတုံ့မခံ ပြန်ပြောပြီး ဖြေရှင်းဖို့ မကြိုးစားပါနဲ့ - ခပ်တိတ်တိတ်သာ နှုတ်ဆိတ်နေလိုက်ပါ - အဲ့အချိန်မှာ ကိုယ့်ဘက်က တိတ်သွားတာကို လူကြောက်လို့ ခေါင်းစဉ်တပ်ပြီး အောင်နိုင်သူ တစ်ယောက်လို သူ့ကိုယ်သူ အမွှန်းတင်လာတာ တွေ့ရလိမ့်မယ် - အဲ့တာ သူယုတ်မာပဲ - ပညာရှိ တစ်ယောက်ဟာ စကားအရာနဲ့ အောင်နိုင်မှုထက် / တစ်ဖက်လူရဲ့ အတွင်းစိတ်သဏ္ဍန်ကို အောင်နိုင်မှု ရဖို့ကိုပဲ ဦးတည် လုပ်ဆောင် တတ်ကြပါတယ်။

      ၄၈။ အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏။
      သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏။
      ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏။
      သူ့ဘက်က ထွက်နေတဲ့ ဒေါသကို ကိုယ့်ဘက်က ထွက်နေတဲ့ ဒေါသနဲ့ ပေါင်းပြီး နောက်ဒေါသ တစ်ဆင့် ရှိရာဆီ တက်လှမ်းကြရင် နောက်ဒေါသတစ်ဆင့် ထပ်တိုးဖို့ပဲ ရှိတော့မှာပေါ့ - ပြဿနာတစ်ခု ကို ပြေလည်ဖို့ ကြိုးစားတဲ့အခါ ဒေါသမပါဖို့ သတိပြုကြပါ - ဒေါသမပါမှ ကိုယ်နှုတ် အမူအရာလည်း သိမ်မွေ့ယဉ်ကျေးပြီး လိုရာခရီးကို ရှေ့ဆက်နိုင်ပါလိမ့်မယ်။

      ၅၈။ သူယုတ်မာအား ချစ်ခြင်း၊
      သူတော်ကောင်းအား မနှစ်သက်ခြင်း၊
      သူယုတ်မာတို့၏ တရား၌ နှစ်လိုခြင်း၊
      ဤသည်တို့ကား ပျက်စီးမည့် အကြောင်းတည်း။
      ဒါတွေ အားလုံးကို မိသားစုဝင်များ မလိုက်နာနိုင်ရင်တော့ လောကမှာ ဆန်ကုန်မြေလေးပဲ ဖြစ်မှာပဲ - လူ့အဖွဲ့အစည်းထဲမှာနေရင် လူမှုပတ်ဝန်းကျင်ဆိုတာကို သိရတယ် - ပေါင်းသင်းဆက်ဆံရေးကို နားလည်ရတယ် - လောကနီတိကို ခေါင်းထဲထည့်ထားရမယ် - ဒါမှ ကျုပ်တို့တွေ ရှေ့လျှောက် တူတူ လက်တွဲသွားလို့ ရမှာပေါ့ - ဒါကိုမှ နားမလည်ကြရင် ဖိုရမ်ကနေ ဘန်းတာတို့ ဘာတို့ ဖြစ်လာမယ် - ဖိုရမ်က ဘန်းတာ ဘာမှမဖြစ်ဘူး - ဒီဖိုရမ်က ဘန်းရင် နောက်ဖိုရမ် တစ်ခု သွားလို့ ရတယ် - ဖိုရမ်တွေများ ပေါလွန်းလို့လို့ ထင်စရာရှိတယ် - ဒါပေမယ့် သိထားရမှာ ဖိုရမ်တစ်ခုက ဘန်းရင် နောက်ဖိုရမ်တစ်ခု သွားလို့ ရတာ သေချာပေမယ့် - ဖိုရမ်တစ်ခုကနေ ဘန်းခံလိုက်ရတယ်ဆိုတာ လူ့ပတ်ဝန်းကျင် တစ်ခုကနေ ကိုယ့်ကိုယ် စွန့်ပစ်ခံလိုက်ရတာပဲ - လူတြွေကားမှာ နေပြီး လူမှုဆက်ဆံရေး နားမလည်တဲ့သူ - လောကနီတိကို မလိုက်နာတဲ့သူ တစ်ယောက်အဖြစ် သတ်မှတ်ပြီး လူအသိုင်းအဝိုင်းကနေ စွန့်ပစ် ခံလိုက်ရတာလောက် လောကမှာ ရှက်ဖို့ကောင်းတဲ့ အရာ ဘယ်အရာမှ မရှိဘူး - ဒါကို နားလည်ကြပါ။

      အဆုံးသတ်ရရင် ဘန်းတယ်ဆိုတဲ့ အလုပ်ကို ဖိုရမ်က ဘယ်ကြီးကြပ် အုပ်ချုပ်သူကမှ မလုပ်ချင်ကြဘူး - အားလုံးကို ကိုယ့်မိသားစုတွေလိုပဲ ချစ်တယ် ခင်တယ် လေးစားတယ် - အားလုံးကို ကူညီချင်တယ် - စောင့်ရှောက်ချင်တယ် - ဒီစိတ်ကြောင့်ပဲ ဖိုရမ်ဆိုတာ ဖြစ်လာတယ် - ဒီခံယူချက်ကို နားလည်ကြပါ - ကိုယ့်ကြောင့် တစ်ဖက်သား စိတ်ဒုက္ခရောက်အောင် မပြုမူကြပါနဲ့ မရိုင်းစိုင်းကြပါနဲ့ - လောကနီတိကျမ်းကို အကျယ်ဖတ်ရှုချင်သူများ ဒီနေရာမှာ ဖတ်ပါ - Download လိုချင်သူများ ဒီနေရာမှာ Download ယူပါ - လေ့လာပါ - မှတ်သားပါ - လူတော် လူကောင်းမှန်ရင် လူတော် လူကောင်းတစ်ယောက်လို ကျင့်ကြံပြုမူ နေထိုင် ပြောဆိုပါ - ပြောမှသိ - ထိမှနာ - သာမှနေ - သေမှခင်ဆိုတဲ့ ပုံစံမျိုးနဲ့ မပျော်မွေ့ကြဖို့ အဆုံးသတ် မှာလိုက်ပါရစေ။

      KznT.

      How To Ask Smart Questions ( When You Ask - 1 )


      အထက်မှာ ဖော်ပြခဲ့ပြီးတဲ့ မေးခွန်းမမေးမီ သိရှိသင့်တဲ့ အချက်တွေ ကို လေ့လာခဲ့ပြီးပြီ ဆိုရင် မေးခွန်းမေးတဲ့ အခါမှာ ဂရုပြုသင့်တဲ့ အကြောင်းအရာတွေကို ဆက်လက်ဖော်ပြသွားပါ့မယ်။

      မေးမြန်းရမည့် နေရာအား သေချာစွာ ရွေးချယ်ပါ။ - ဒီအချက်က သိပ်ကို အရေးကြီးပါတယ် - မေးခွန်းမေးမြန်းတဲ့ နေရာမှာ မေးမြန်းသင့်တဲ့ နေရာမှာ မမေးမြန်းပဲ မမေးမြန်းသင့်တဲ့ နေရာမှာ မေးမြန်းမယ် ဆိုရင် လူ့စိတ်သဘာဝရအရ တိုက်ရိုက်ဖွင့်မပြောကြဘူး ဆိုရင်တောင် ကိုယ်မေးလိုက်တဲ့ မေးခွန်းကို တစ်ဘက်လူက မသိကျိုးကျွံပြုတာမျိုး/ကိုယ်နားလည်ချင်တဲ့ အကြောင်းအရာကို Reply ပြန်မရတာမျိုး ဖြစ်သွားတတ်ပါတယ် - ဒီအခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ အတွက် ကျွန်တော်တို့ ဖိုရမ်ထိန်းသိမ်းသူများဘက်က မေးမြန်းလာတဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ ကဏ္ဍ အသီးသီးအောက် ရောက်ရှိအောင် ရွှေ့ပြောင်းပေးနေတာမျိုး ရှိပါတယ် - ဒါပေမယ့် တတ်နိုင်မယ်ဆိုရင် မေးခွန်းစတင် မေးမြန်းမယ် ဆိုကတည်းက ကိုယ်မေးရမယ့် နေရာကို သတိပြု ရွေးချယ်ကြတာ အကောင်းဆုံးပါပဲ - ကိုယ့်အခက်အခဲ/ပြဿနာရပ် အသီးသီးကို ဘယ်ကဏ္ဍတွေမှာ ဝင်ရောက်မေးမြန်းနိုင်မလဲ ဆိုတာ သိချင်မယ်ဆိုရင် မည်သည့်နေရာမှ စတင်လေ့လာရမည်နည်း။ ဆိုတဲ့ အကြောင်းကို ဖတ်ရှု့လေ့လာပြီး ဆုံးဖြတ်နိုင်ပါတယ်။

      မမေးမြန်းသင့်သော နေရာများအား ရှောင်ကျဉ်ပါ။ - မေးခွန်းမေးမြန်း တော့မယ် ဆိုရင် မေးမြန်းသင့်တဲ့ နေရာတွေကို ရွေးချယ်တတ်ဖို့ လိုသလို မမေးမြန်းသင့်တဲ့ နေရာတွေကို ရှောင်ရှားတတ်ဖို့လည်း လိုပါတယ် - မိသားစုဝင်များ မှတ်သားထားသင့်တဲ့ ဖိုရမ်တစ်ခုရဲ့ မမေးမြန်းသင့်တဲ့ နေရာတွေကို အောက်မှာ စုစည်းဖော်ပြလိုက်ပါတယ်။

      - ဖိုရမ်တွင်းရှိ လူသိနည်း/ လူစိတ်ဝင်စားမှုနည်း/ အသက်မဝင်တော့သော Topic များအောက်၌ မေးခွန်းဝင်ရောက် မေးမြန်းခြင်း။

      - အခြေခံကျသော မေးခွန်းများအား ( Gtalk နဲ့ Gmail ဘာကွာလဲ ?? ) အကြောင်းအရာကြီးများ ရေးသားနေသောနေရာ အောက်၌ ( သို့တည်းမဟုတ် ) ခေါင်းစဉ်ကြီးများ အပြန်အလှန် ဆွေးနွေးနေသော နေရာများအောက်၌ ကြားဖြတ်ဝင်ရောက် မေးမြန်းခြင်း။

      - မေးခွန်းတစ်မျိုးတည်းအား ဖိုရမ်၏ နေရာပေါင်းစုံ၌ ထပ်ခါတစ်လဲလဲ ဝင်ရောက်မေးမြန်းခြင်း။

      - မိမိနှင့် ပုဂ္ဂိုလ်ရေးရာ ရင်းနှီးမှု မရှိသောသူ ( သို့မဟုတ် ) မိမိ၏ ပြဿနာအား ဖြေကြားပေးရန် ဝတ္တရား မရှိသူအား စာချွန်လွှာ/E-mails များ ပေးပို့မေးမြန်းခြင်း။

        အထက်ဖော်ပြပါ လုပ်ဆောင်ချက်မျိုးတွေဟာ လူအများစုနဲ့ လည်ပတ်ရပ်တည်နေတဲ့ ဖိုရမ်တွေမှာ ကိုယ့်ရဲ့အပြုအမူကြောင့် ဖိုရမ်ဝင်ရောက်နေသူ လူတစ်ဖက်သား စိတ်ကသိကအောက် မဖြစ်ရအောင် သတိထားရှောင်ကျဉ်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

        ချက်ချင်းလက်ငင်း သိလိုသော အကြောင်းအရာများအတွက် မိမိကိုယ်ကိုယ် အားကိုးပါ - ဘယ်နားမေး ရမှန်းလည်း ချက်ချင်း မဆုံးဖြတ်နိုင်ဘူး - မေးခွန်းကိုလည်း အမြန်ဆုံး သိချင်နေပြီ ဆိုတဲ့ စိတ်မျိုး ဖြစ်နေရင် ဖိုရမ်မှာ မေးဖို့ ကြိုးစားတာထက် အပေါ်မှာ ဖော်ပြခဲ့ပြီးသလို မိမိမေးမြန်းလိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး Web ပေါ်မှာ ဖြေဆိုပြီးသား ရှိမရှိ အရင်ဦးဆုံး ရှာဖြွေကည့်ပါ။ Google မှာ မေးမြန်းခြင်းဆိုတာ ဖိုရမ်တစ်ခုမှာ ကမကထပြုနေတဲ့ ဖြေကြားပေးသူတွေကိုယ်တိုင် အားကိုး အားထား ပြုနေရတာ ဖြစ်ပါတယ် - ဘယ်သူတစ်ဦးတစ်ယောက်မှ လူပေါင်းစုံ - ဘက်ပေါင်းစုံ -ကဏ္ဍပေါင်းစုံကနေ မေးမြန်းလာတဲ့ အကြောင်းအရာတိုင်းကို ဖြေကြားပေးနိုင်စွမ်း မရှိကြသေးပါဘူး - သူတို့တွေလည်း Search Engines ( Google ... ) ကို အားကိုးနေကြရတာ ဖြစ်ပါတယ် - ဒါကို သတိပြုမိဖို့ လိုပါတယ် - မိမိရဲ့ ပင်ကိုယ်အစွမ်းအစကို မိမိဘာသာအားကိုးပြီး ရှာယူမယ် ဆိုရင် ကိုယ်လိုလားတဲ့ အကြောင်းအရာတွေဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ အားကိုးစရာမလိုပဲ အင်တာနက်ရှိနေတဲ့ ကိုယ့်လက်တကမ်းမှာ လှမ်းယူ ထိတွေ့နိုင်တယ်ဆိုတာ သတိထားမိလာပါလိမ့်မယ်။ Google နဲ့ ရှာဖွေရာမှာ အသုံးပြုသင့်တဲ့ Google Search Operators တွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ တကယ်လို့မှ Google Search Operators တွေလေ့လာရမှာ စိတ်မဝင်စားသေးဘူး ဆိုရင်လည်း အခြေခံ အနေနဲ့ -

        - Software, E-books, Videos, OS, နိုင်ငံခြားသီချင်းတွေ ရှာဖွေနိုင်ဖို့ - ဒီနေရာမှာ ဖတ်ပါ။

        - မြန်မာသီချင်းတွေ ရှာဖွေဖို့ ဒေါင်းလုပ်ချနိုင်ဖို့ - ဒီနေရာမှာ ဖတ်ပါ။

        - ဘယ်လိုလုပ်ဆောင်ရမလဲ လုပ်ဆောင်နည်းတွေကို သိချင်ရင် Google Search မှာ ရှာဖွေတဲ့အခါ - How To ကို အမြဲသုံးပါ - ( ဥပမာ - Windows 7 ဘယ်လိုတင်ရမှန်း မသိဘူး - ဒါဆို how to install windows 7, Facebook ဘယ်လိုသုံးရမှန်း မသိဘူး - ဒါဆို how to use facebook, Windows 7 နဲ့ Ubuntu Dual boot တင်ချင်တယ် ဘယ်လိုတင်ရမှန်း မသိဘူး - ဒါဆို how to dual boot windows 7 and ubuntu .. စသဖြင့် )

        - ဒီ့ထက်မှ နည်းနည်း အသေးစိတ်ပြီး Step by Step ကိုယ်က သိချင်တာ ဆိုရင် ကိုယ်သိချင်တဲ့ Process အမျိုးအစားပေါ် မူတည်ပြီး မေးချင်တဲ့ အကြောင်းအရာရှေ့မှာ Step by Step ဆိုတာလေး ထည့်မေးပါ - ( ဥပမာ Windows 7 installation လုပ်ဆောင်ပုံ အဆင့်ဆင့် ကို သိချင်တယ် ဆိုရင် - step by step windows 7 installation guide ဆိုတာမျိုး - Ubuntu 10.10 ရဲ့ installation လုပ်ဆောင်ပုံ အဆင့်ဆင့် ကို သိချင်တယ် ဆိုရင် step by step ubuntu 10.10 installation guide ဆိုတာမျိုး Google မှာမေးမြန်းလိုက်ပါ )

        - တကယ်လို့ ကိုယ်က အခေါ်အဝေါ်တစ်ခုခုရဲ့ အဓိပ္ပါယ်ကို မသိဘူး အသုံးချပုံကို မသိဘူး ဆိုရင် Google မှာဖြစ်စေ - Wikipedia မှာဖြစ်စေ လူသိများတဲ့ အကြောင်းအရာဆို 90% လောက်ထိ ရှာဖွေတွေ့ရှိနိုင်ပါတယ် - ( ဥပမာ RAM ဘာမှန်း မသိဘူး ဆိုကြပါစို့ ဒါဆို Google မှာ တစ်ခြားရှေ့ဆက်နောက်ဆက် ဘာစာလုံးမှ ဆက်မသုံးပဲ ရိုးရိုးလေး RAM လို့သာ ရိုက်ပြီး Enter ခေါက်လိုက်ပါ - ခုလိုမျိုး တွေ့ရပါလိမ့်မယ် - အဲ့မှာဖော်ပြထားတဲ့ Links တွေကနေပြီး နောက်ဆက်တွဲ အကျယ်သိချင်သေးမယ် ဆိုရင် en.wikipedia.org ဆိုတဲ့ URL ကို Target ထားပြီးလိုက်ပါ - ဒါဆို ကိုယ်သိချင်တဲ့ အကြောင်းအရာရဲ့ အကြမ်းဖျဉ်းကို ချက်ချင်းသိနိုင်ပါတယ် ) - တကယ်လို့ ကိုယ်သိချင်တာ Software တစ်ခုနဲ့ ပတ်သတ်ပြီး အခြေခံ အသုံးချနည်း မသိတာမျိုး - Install လုပ်ဆောင်နည်း မသိတာမျိုး ဖြစ်နေရင်တော့ Google မှာ ရှာဖွေတာထက် သက်ဆိုင်ရာ Software ဖြန့်ဖြူးတဲ့ မူရင်း Website က FAQs (Frequently Asked Questions) တွေ - Help ကဏ္ဍ တွေမှာ မိမိရဲ့ ပြဿနာကို သွားရောက် ရှာဖွေသင့်ပါတယ်။

          ဒါတွေက အခြေခံ အသုံးတွေပါ - ဒီအခြေခံလေးတွေ သိထားယုံနဲ့တင် ပြဿနာရဲ့ ၅၀% လောက်ကို Google ကနေပြီး ဖြေရှင်းပေးနိုင်တာ သတိထားမိပါလိမ့်မယ် -

          အများစုအား ဦးတည်မေးမြန်းပါ - ကိုယ်မေးမြန်းလိုတဲ့ အကြောင်းအရာကို ရင်းနှီးသူ တစ်ယောက်တည်းကိုပဲ နာမည်တပ် မေးမြန်းခြင်းမျိုးထက် ဖိုရမ်တစ်ခုရဲ့ ရပ်တည်ပုံအတိုင်း ကိုယ့်မေးမြန်းချက်ကို လူအများက ပါဝင်ဆွေးနွေးနိုင်လာအောင် မေးမြန်းတာမျိုးက ပိုပြီး သင့်တော်ပါ တယ် - ဘာကြောင့်လည်းဆိုရင် တစ်ဦးတစ်ယောက်တည်းကို ဦးတည်မေးမြန်းခြင်းအားဖြင့် အခြား မိသားစုဝင် တစ်ယောက်အနေနဲ့ ဒီမေးမြန်းတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ကိုယ်က သိရှိထားမယ် ဆိုရင်တောင် ဝင်ရောက်ဖြေကြားပေးဖို့ တွန့်ဆုတ်စေပါတယ် - ဒါ့အပြင် ကိုယ်ဦးတည် မေးမြန်းသူက အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဖြေကြားဖို့ မအားလပ်နိုင် ဖြစ်နေတဲ့ အခြေအနေမျိုး ရောက်ရှိနေမယ် ဆိုရင်လည်း နှစ်ဦးနှစ်ဖက် အားတုံ့အားနာ အခြေအနေမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

          KznT.

          Related Posts