LOKANITI

Leave a Comment
ခုရက်ပိုင်းမှာ မိသားစုဝင်တစ်ချို့ မကြာခဏဆိုသလို စကားဝိုင်းမှာ စကားများကြတာ တွေ့လာရတယ် - မောင်နှမသားချင်း မစာနာ မဖွယ်မရာ စကားတွေ ပြောတယ် - တစ်ယောက်နဲ့ တစ်ယောက် သွေးတိုးစမ်းတဲ့ အသုံးအနှုန်းတွေ ပြောပြီး ရန်စကားတွေနဲ့ ဖိုရမ်ကို အကျည်းတန်အောင် လုပ်နေကြတယ် - မိသားစုဖိုရမ်တည်ထောင် ရခြင်း ရည်ရွယ်ချက်ဟာ အသိမိတ်ဆွေပေါများပြီး မြန်မာနိုင်ငံသူ နိုင်ငံသားချင်းချင်း မိသားစုဝင်တွေလို နွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ ကူညီဖေးမကြစေချင်လို့ မြန်မာမိသားစုဆိုတဲ့ နာမည်နဲ့ အသက်သွင်းထားတာပါ - ဒါကို ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်နေကြသလဲ - ရန်စကားတွေ ပြောနေကြသလဲ - ပညာတတ်တွေ မဟုတ်ကြဘူးလား - ပညာတတ်ဆိုတာ ဘွဲ့ရမှ ပညာတတ်လို့ ကျုပ်ကတော့ မသတ်မှတ်ဘူး - တစ်ချို့ သေစာရှင်စာပဲ တတ်ပေမယ့် လူမှုဆက်ဆံရေးကို ညက်နေအောင် ကျွမ်းကျင်ကြတဲ့ သူတွေ အများကြီး ကျုပ်တွေ့ခဲ့ဖူးတယ် - ဘွဲ့တွေ သုံးလေးခု ယူပြီး လူမှုဆက်ဆံရေးကို မူလတန်းအဆင့် ကလေးလောက်တောင် မကျွမ်းကျင်တဲ့ ပညာတတ်အမည်ခံ လူတွေလည်း အများကြီး ကြုံခဲ့ရဖူးတယ် - မိသားစုဝင်တွေ သေစာရှင်စာမကဘူး တတ်ပါတယ် - ကွန်ပြူတာကိုင်ပြီး အွန်လိုင်းတောင် တက်လာကြပြီပဲ -

ဖိုရမ်ဆိုတာ Online ဆိုတဲ့ လေထုထဲက ရပ်တည်မှု တစ်ခု - တစ်ယောက်နဲ့ တစ်ယောက် မမြင်ရဘူး - ဘယ်သူဘယ်ကမှန်း တော်ယုံ မသိနိုင်ဘူး - ဒါကို အခွင့်ကောင်းယူပြီး အကြောက်တရား အရှက်တရားမရှိ လုပ်ချင်ရာလုပ်ကြတယ် - ဘယ်ကမှန်း ဘယ်သူဘယ်ဝါမှန်း တစ်ယောက်နဲ့ တစ်ယောက် မသိအောင် လုပ်လို့ရမယ် လိမ်လို့ ရမယ် ဆိုပြီး ထင်နေကြပေမယ့် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်းက ကိုယ့်စိတ်သဏ္ဍန်မှာ နောက်ကနေ အရိပ်လိုလိုက်နေတယ် ဆိုတာကို မမေ့ပါနဲ့ - ဒီနေ့ လူတစ်ယောက်နဲ့ စကားများခဲ့ရလို့ ကိုယ့်ဘက်က အပီအပြင် အသာစီးနဲ့ အနိုင်ပိုင်းပြီး ဆဲလိုက်ဆိုလိုက် ရပြီထား - ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ - အဲ့ဒီ့ အောင်မြင်မှုဟာ ဂုဏ်ယူစရာလား - ဝမ်းမြောက်စရာလား - ဘဝတစ်သက်တာ ကြည်နူးစရာလား - လူတစ်ယောက်ရဲ့ ကျရံှုးမှုကို ကျေကျေနပ်နပ်ခံစားပြီး ပြုံးပျော်တတ်တဲ့သူတွေ / စကားနိုင်လုပြော အနိုင်ရတာကို ပျော်ရွှင်နေတဲ့သူတွေ / ငါ့စကား နွားရ ပြောချင်ရာပြောသူတွေ / စကားတစ်ခွန်းကို မပြောခင်မှာ စဉ်းစားဆင်ခြင်နိုင်ဖို့ သတိမမူပဲ ကိုယ့်စကား အသားစီးရဖို့ ဦးတည်ချက်ထားပြီး ကြိုးစားချင်တဲ့ သူတွေအတွက် လူ့ပတ်ဝန်းကျင်ဆိုတာ ဘယ်တော့မှ သာယာနာပျော်ဖို့ ကောင်းလာမှာ မဟုတ်ဘူး - သူမှားတယ် ငါမှန်တယ်ဆိုတဲ့ အယူစွဲတွေသုံးပြီး ကိုယ့်ခံယူချက်နောက်ကို တစ်ဖက်လူပါလာဖို့ စကားအရာနဲ့ အသာစီးအနိုင်ယူနိုင်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့ - ကိုယ့်လုပ်ရပ်က မှန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ရင် ကိုယ်မှန်ကြောင်းကို ကိုယ့်စိတ်ဓာတ် လုပ်ရပ်နဲ့ သက်သေပြပါ - တစ်ချိန်မှာ သူ့မာနကြောင့် သူ့ကိုယ်သူ မှားတယ်ဆိုတာ ဝန်မခံချင်ရင်တောင် ကိုယ့်လုပ်ရပ်က မှန်တယ်ဆိုတာ သူ့အတွင်းစိတ်က လက်ခံသွားပါလိမ့်မယ် - ခုကျတော့ အဓိက အားပြိုင်ရမယ့် ခံယူချက်နဲ့ အားပြိုင်မှုက ပျောက်ပြီး သူမှားတယ် ကိုယ်မှန်တယ်နဲ့ စကားနိုင်လုနေကြတယ် - လက်ဖဝါးတစ်ခုကို ထောင်ပြီး ဟိုဘက်ဒီဘက် ကြည့်နေကြရင်တော့ လက်ဖမိုးက လက်ဖမိုးပဲ ဖြစ်ပြီး လက်ဖဝါးက လက်ဖဝါးပဲ ဖြစ်နေမှာပါပဲ - လက်ဖမိုးဟာ ဘယ်တော့မှ လက်ဖဝါး ဖြစ်မလာနိုင်ဘူး -

မှားတယ် မှန်တယ်ဆိုတာကို ပိုင်းဖြတ်နိုင်ဖို့ တစ်ခြားလူတစ်ယောက်ရဲ့ အကူအညီကို မယူပါနဲ့ - ဘေးကကြည့်တဲ့ အမြင်ဟာ ကိုယ့်စိတ်ကို ပြန်ကြည့်ပြီး မြင်တာလောက် ဘယ်တော့မှ အသုံးမတည့်ဘူး - ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်ပြီး မြင်နိုင်ဖို့ မိသားစုဝင်များ လောကနီတိကို နားလည်ကြဖို့ လိုပါတယ် - 
လောကနီတိဆိုတာ လောကမှာ နေထိုင်တဲ့ သူတစ်ယောက်အနေနဲ့ ကြီးပွားတိုးတက်အောင် ဘယ်လို နေထိုင်ကျင့်ကြံရမယ် ဆိုတာ ဆုံးမလမ်းညွှန်ထားတဲ့ လမ်းညွှန်ချက် - အောက်မှာ ဖော်ပြထားတဲ့ လောကနီတိထဲက လမ်းညွှန်ချက်တစ်ချို့ကို လေ့လာကြည့်ပါ - ကိုယ့်လုပ်ရပ်တွေနဲ့ လွဲနေသလား - ထပ်တူကျသလား ပိုင်းဖြတ်ကြည့်ပါ။

၃၇။ စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခံ့ထည်တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ကြိတ်စက်သို့သို့ ရောက်သော်လည်း ချိုသော အရသာကို မစွန့်။
ပညာရှိ သူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။
ပြဿနာမဖြစ်ခင်တည်းက ရှောင်ထွက်သွားလို့ ရှုံးနိမ့်သွားတာ မဟုတ်ဘူး - ရန်စကားပြောတာ သိနေလျက်နဲ့ သီးခံလိုက်တာ ကိုယ်ညံ့တာ မဟုတ်ဘူး - ကိုယ့်အနေနဲ့ သူတော်ကောင်းတရားကို ကျင့်သုံးလိုက်တာ။ ဒါကို နားလည်ပါ။

၄၃။ ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။
သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏။
ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏။
သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏။
လူတိုင်း ဒေါသထွက်ဖူးကြတာပဲ - သည်းမခံနိုင်ဖြစ်ဖူးကြတာပဲ - ဒါပေမယ့် ကိုယ့်ဒေါသကို ကိုယ်မထိန်းနိုင်ရင်တော့ သူယုတ်မာပဲ - ကိုယ့်လုပ်ရပ်က မှန်တာ သေချာရင် လုပ်ရပ်မမှန်ဘူးလို့ ကိုယ်ထင်နေတဲ့ သူထက် ကိုယ်ကပိုပြီး ဒေါသထိန်းနိုင်ရမှာပေါ့။

၄၄။ အမိအဘတို့၏ အဆုံးအမကို မရမူ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်း၏။
အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာ ယဉ်ကျေး၏။
မြန်မာမှု အသိုင်းအဝိုင်းမှာ လူကြီးသူမတိုင်း ကိုယ်နှုတ်အမူအရာ လိမ္မာယဉ်ကျေးအောင် သွန်သင်ကြတဲ့ သူချည်းပဲ - မိဘမဲ့ ကလေးကျောင်းက မိဘမရှိတဲ့ ကလေးတွေတောင် ဘယ်လို ကိုယ်အမူအရာတွေက ရိုင်းစိုင်းသလဲ / ဘယ်လို နှုတ်အမူအရာတွေက ယဉ်ကျေးသလဲ ဆိုတာ ကောင်းကောင်းနားလည် ကြတယ် - ကိုယ်တွေက မိဘမဲ့တွေမှ မဟုတ်ကြတာ ဒီ့ထက်ပိုပြီး ကိုယ်နှုတ် အမူအရာ လိမ္မာ ယဉ်ကျေးရမှာပေါ့။

၄၆။ သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲခြင်းကိုပြုလို၏။
ကိုယ့်ရဲ့ လုပ်ရပ်က မှန်နေတယ် - မှတ်ကျောက်တင် ခံနိုင်တယ်ဆိုတာ သေချာရင် စကားအရာနဲ့ ခွန်းတုံ့မခံ ပြန်ပြောပြီး ဖြေရှင်းဖို့ မကြိုးစားပါနဲ့ - ခပ်တိတ်တိတ်သာ နှုတ်ဆိတ်နေလိုက်ပါ - အဲ့အချိန်မှာ ကိုယ့်ဘက်က တိတ်သွားတာကို လူကြောက်လို့ ခေါင်းစဉ်တပ်ပြီး အောင်နိုင်သူ တစ်ယောက်လို သူ့ကိုယ်သူ အမွှန်းတင်လာတာ တွေ့ရလိမ့်မယ် - အဲ့တာ သူယုတ်မာပဲ - ပညာရှိ တစ်ယောက်ဟာ စကားအရာနဲ့ အောင်နိုင်မှုထက် / တစ်ဖက်လူရဲ့ အတွင်းစိတ်သဏ္ဍန်ကို အောင်နိုင်မှု ရဖို့ကိုပဲ ဦးတည် လုပ်ဆောင် တတ်ကြပါတယ်။

၄၈။ အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏။
သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏။
ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏။
သူ့ဘက်က ထွက်နေတဲ့ ဒေါသကို ကိုယ့်ဘက်က ထွက်နေတဲ့ ဒေါသနဲ့ ပေါင်းပြီး နောက်ဒေါသ တစ်ဆင့် ရှိရာဆီ တက်လှမ်းကြရင် နောက်ဒေါသတစ်ဆင့် ထပ်တိုးဖို့ပဲ ရှိတော့မှာပေါ့ - ပြဿနာတစ်ခု ကို ပြေလည်ဖို့ ကြိုးစားတဲ့အခါ ဒေါသမပါဖို့ သတိပြုကြပါ - ဒေါသမပါမှ ကိုယ်နှုတ် အမူအရာလည်း သိမ်မွေ့ယဉ်ကျေးပြီး လိုရာခရီးကို ရှေ့ဆက်နိုင်ပါလိမ့်မယ်။

၅၈။ သူယုတ်မာအား ချစ်ခြင်း၊
သူတော်ကောင်းအား မနှစ်သက်ခြင်း၊
သူယုတ်မာတို့၏ တရား၌ နှစ်လိုခြင်း၊
ဤသည်တို့ကား ပျက်စီးမည့် အကြောင်းတည်း။
ဒါတွေ အားလုံးကို မိသားစုဝင်များ မလိုက်နာနိုင်ရင်တော့ လောကမှာ ဆန်ကုန်မြေလေးပဲ ဖြစ်မှာပဲ - လူ့အဖွဲ့အစည်းထဲမှာနေရင် လူမှုပတ်ဝန်းကျင်ဆိုတာကို သိရတယ် - ပေါင်းသင်းဆက်ဆံရေးကို နားလည်ရတယ် - လောကနီတိကို ခေါင်းထဲထည့်ထားရမယ် - ဒါမှ ကျုပ်တို့တွေ ရှေ့လျှောက် တူတူ လက်တွဲသွားလို့ ရမှာပေါ့ - ဒါကိုမှ နားမလည်ကြရင် ဖိုရမ်ကနေ ဘန်းတာတို့ ဘာတို့ ဖြစ်လာမယ် - ဖိုရမ်က ဘန်းတာ ဘာမှမဖြစ်ဘူး - ဒီဖိုရမ်က ဘန်းရင် နောက်ဖိုရမ် တစ်ခု သွားလို့ ရတယ် - ဖိုရမ်တွေများ ပေါလွန်းလို့လို့ ထင်စရာရှိတယ် - ဒါပေမယ့် သိထားရမှာ ဖိုရမ်တစ်ခုက ဘန်းရင် နောက်ဖိုရမ်တစ်ခု သွားလို့ ရတာ သေချာပေမယ့် - ဖိုရမ်တစ်ခုကနေ ဘန်းခံလိုက်ရတယ်ဆိုတာ လူ့ပတ်ဝန်းကျင် တစ်ခုကနေ ကိုယ့်ကိုယ် စွန့်ပစ်ခံလိုက်ရတာပဲ - လူတြွေကားမှာ နေပြီး လူမှုဆက်ဆံရေး နားမလည်တဲ့သူ - လောကနီတိကို မလိုက်နာတဲ့သူ တစ်ယောက်အဖြစ် သတ်မှတ်ပြီး လူအသိုင်းအဝိုင်းကနေ စွန့်ပစ် ခံလိုက်ရတာလောက် လောကမှာ ရှက်ဖို့ကောင်းတဲ့ အရာ ဘယ်အရာမှ မရှိဘူး - ဒါကို နားလည်ကြပါ။

အဆုံးသတ်ရရင် ဘန်းတယ်ဆိုတဲ့ အလုပ်ကို ဖိုရမ်က ဘယ်ကြီးကြပ် အုပ်ချုပ်သူကမှ မလုပ်ချင်ကြဘူး - အားလုံးကို ကိုယ့်မိသားစုတွေလိုပဲ ချစ်တယ် ခင်တယ် လေးစားတယ် - အားလုံးကို ကူညီချင်တယ် - စောင့်ရှောက်ချင်တယ် - ဒီစိတ်ကြောင့်ပဲ ဖိုရမ်ဆိုတာ ဖြစ်လာတယ် - ဒီခံယူချက်ကို နားလည်ကြပါ - ကိုယ့်ကြောင့် တစ်ဖက်သား စိတ်ဒုက္ခရောက်အောင် မပြုမူကြပါနဲ့ မရိုင်းစိုင်းကြပါနဲ့ - လောကနီတိကျမ်းကို အကျယ်ဖတ်ရှုချင်သူများ ဒီနေရာမှာ ဖတ်ပါ - Download လိုချင်သူများ ဒီနေရာမှာ Download ယူပါ - လေ့လာပါ - မှတ်သားပါ - လူတော် လူကောင်းမှန်ရင် လူတော် လူကောင်းတစ်ယောက်လို ကျင့်ကြံပြုမူ နေထိုင် ပြောဆိုပါ - ပြောမှသိ - ထိမှနာ - သာမှနေ - သေမှခင်ဆိုတဲ့ ပုံစံမျိုးနဲ့ မပျော်မွေ့ကြဖို့ အဆုံးသတ် မှာလိုက်ပါရစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts