15+ Useful Google Chrome Extensions

Leave a Comment
ဒီအကြောင်းရေးဖြစ်ဖို့ လွန်ခဲ့တဲ့ တစ်လကျော်တည်းက စပြီး ပြင်ဆင်ခဲ့တယ် - ရေးဖို့ စိတ်ကူးထားတာ Google Chrome ရဲ့ ဇာတ်ပို့ဇာတ်ရံတွေလို့ ပြောလို့ ရတဲ့ Chrome Extensions တွေအကြောင်း - Chrome Extensions ဆိုတဲ့ အသုံးအနှုန်းကို စိမ်းနေသူတွေ အတွက် အကျဉ်းချုံး မိတ်ဆက်ရရင် Chrome Extensions ဆိုတာ ကျွန်တော်တို့ အရင်က Mozilla Firefox မှာ အမြဲသုံးနေကျ Add-ons တွေရဲ့ သဘောနဲ့ တူပါတယ်။ ဆိုလိုတာ ဒီ Chrome Extensions / Firefox add-ons ဆိုတာတွေကို သုံးခြင်းအားဖြင့် Browsers တွေမှာ Default အနေနဲ့ မပါဝင်တဲ့ Features တွေ Functions တွေကို ကျွန်တော်တို့ ပိုသုံးနိုင်လာပါတယ်။

ဘယ် Chrome Extensions တွေက ကောင်းသလဲ ??

တစ်ခုခု သုံးရတော့မယ်ဆိုရင် ဘယ်ဟာက ပိုကောင်းလဲဆိုတဲ့ အမေးမျိုး လူတိုင်း မေးချင်ကြတယ် - Google Chrome Extensions တွေနဲ့ ပတ်သတ်ပြီး ဘယ်ဟာက အကောင်းဆုံးပါလို့ ပြောဖို့ ခက်ပါတယ် - လူတစ်ယောက်နဲ့ တစ်ယောက်က Browser ကို သုံးစွဲပုံခြင်း မတူကြဘူး - တစ်ချို့က ဖျော်ဖြေရေးနဲ့ Websites တွေမှာ စာလေးနည်းနည်းပါးပါး ဖတ်ယုံလောက်အတွက်ပဲ သုံးတယ် - တစ်ချို့က ဖျော်ဖြေရေးနဲ့ စာဖတ်ယုံတင် မက - Blog ရေးတာ - Share လုပ်တာ - တစ်ခြား တိုလီမုတ်စ တွေ မျိုးစုံသုံးတာ စသဖြင့် မျိုးစုံ ရှိကြတယ်။ အဲ့တော့ Google Chrome Extensions ဆိုတာလည်း ကိုယ်က Browser ကို ဘယ်လိုသုံးမှာလဲ ဆိုတာပေါ် မူတည်ပြီး အသုံးပြုသင့်တဲ့ Extensions တွေရဲ့ အမျိုးအစားတွေက ကွဲပြားသွားပါတယ်။

အကောင်းဆုံး နှင့် အကြိုက်ဆုံး၏ ကွာခြားချက်

ကျွန်တော်က Google Chrome ကို Default browser အဖြစ်နဲ့ သုံးတာဆိုတော့ တစ်ခုခု သုံးရတာ ကသိကအောက် ဖြစ်လာပြီဆို Google Chrome Extensions တွေ ကြိုက်သလောက် Install လုပ်လို့ ရတဲ့ ဒီနေရာကို သွားပြီး ကိုယ့်အတွက် သုံးလို့ အဆင်ပြေမယ့် Chrome Extensions လေးတွေ လိုက်စမ်းလေ့ရှိတယ်။ တစ်ခုတင်လိုက် တစ်ခုချလိုက်နဲ့ အဲ့ထဲက Most Popular တို့ Top Rated တို့ စာရင်းဝင်တဲ့ Chrome Extensions တွေ တော်တော်များများ ကျွန်တော် မစမ်းဖူးတာ မရှိတော့သလောက်ပဲ  တစ်ခြား Blog တွေကနေ Best Chrome Extensions ဆိုပြီး ရေးထားတာ တွေ့ရင်လည်း ကိုယ့်အတွက် အသုံးတည့်တယ်ဆိုပြီး အမြဲလိုလို ဖတ်ဖြစ်တော့ အဲ့မှာ ဘာကွာခြားချက် သွားတွေ့ရလဲ ဆိုရင် Websites တစ်ခုမှာ ဒါကိုသုံးသင့်တဲ့ Best Chrome Extensions စာရင်းထဲ ထည့်ထားရင်တောင် တစ်ခြားဆိုဒ်တစ်ခုမှာကျတော့ အသုံးတည့်တဲ့ စာရင်းထဲ မသွင်းတာ တွေ့လာရတယ် - အဲ့တာကြောင့် ဒီပို့စ်ကို ရေးဖို့ ခေါင်းစဉ်ရွေးတဲ့ နေရာမှာ "အကောင်းဆုံး" ဆိုတဲ့ စာလုံးကို မသုံးပဲ "အကြိုက်ဆုံး" ဆိုတဲ့ စာလုံးကို ပြောင်းသုံးခဲ့တယ် - မြန်မာစကားက အသုံးအနှုန်းမတူရင် ရည်ရွယ်ချက် လွဲတယ် - အကောင်းဆုံးဆိုတာ ရွေးချယ်ဖို့ အမြောက်အများရှိတ့ဲ ထဲက အရွေးချယ်သင့်ဆုံးကို ဆိုလိုတာ - အကြိုက်ဆုံး ဆိုတာ အားလုံးထဲက ကိုယ် အနှစ်သက်ဆုံးတွေကို ရည်ညွှန်းချင်တာ - ဒီရည်ရွယ်ချက်လေးကို မိသားစုဝင်တွေ အောက်မှာ ဖော်ပြမယ့် အကြိုက်ဆုံး Chrome Extensions တွေအကြောင်း မဖော်ပြခင် သိထားစေချင်ပါတယ်။

အကြိုက်ဆုံး Chrome Extensions များ

ခု ဒီ ခေါင်းစဉ်အောက်မှာ ဖော်ပြသွားမယ့် Chrome Extensions တွေဟာ ကျွန်တော့်အတွက် အသုံးအဝင်ဆုံးနဲ့ မိသားစုဝင်တွေ အတွက်လည်း အတိုင်းအတာ တစ်ခုအထိ အသုံးဝင်ကောင်း ဝင်နိုင်မယ့် Chrome Extensions တွေ ဖြစ်ပါလိမ့်မယ်။

AdBlock - မရှက်တမ်း ဝန်ခံရရင် ကွန်ပြူတာစသုံးခဲ့ပြီး တော်တော်ကြာတဲ့ အချိန်ထိ AdBlock ဆိုတာကို ဘာမှန်း မသိခဲ့ဘူး - ခုတော့ AdBlock ရဲ့ မရှိမဖြစ် အရေးပါပုံကို သိလာခဲ့ပြီ - AdBlock ဆိုတာ Web စာမျက်နှာတွေပေါ်က Ads လို့ ခေါ်တဲ့ ကြော်ငြာ အစိတ်အပိုင်းတွေကို ကိုယ် Web စာမျက်နှာတွေ ကြည့်တဲ့ အချိန်မှာ ပါမလာအောင် အလိုလျှောက် Block ပေးပါတယ်။ တကယ်လို့ ကိုယ့် Browser မှာ AdBlock ရှိမနေရင် Ads များတဲ့ Websites တစ်ခုခုကို loading ဆွဲတဲ့ အချိန်မှာ Browser က Websites မှာ ရှိနေတဲ့ Content တွေကိုသာ မက ဒီ ကြော်ငြာကဏ္ဍတွေကို Loading ဆွဲနေရတော့ Connection သိပ်မကောင်းတဲ့ နိုင်ငံတွေမှာဆို တော်ယုံနဲ့ Webpages က တက်မလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတင်မက တစ်ချို့ Ads တွေဟာ ကြော်ငြာ အမည်ခံပြီး Malware ဖြန့်ဖြူးတဲ့ ပင်မရင်းမြစ်တွေ ဖြစ်နေတတ်တော့ အဲ့လို Ads မျိုးကို ဘုမသိ ဘမသိနဲ့ ဖြစ်ဖြစ် စိတ်ဝင်စားလို့ ဖြစ်ဖြစ် အယောင်ယောင် အနနနဲ့ နှိပ်မိရာကနေ စက်ထဲ Virus ဝင်လာတတ်ပါတယ်။


Google Mail Checker Plus - ကိုယ့် Gmail Account ထဲကို Mail ဝင်လာပြီ ဆိုရင် တော်ယုံ Account ထဲ ဝင်မကြည့်ပဲ ဖြစ်ဖြစ် - Gtalk ဖွင့်မထားပဲနဲ့ ဖြစ်ဖြစ် သိနိုင်ဖို့ မလွယ်ဘူး - အဲ့တာတွေကို အဆင်ပြေအောင် Google Mail Checker Plus ကဖန်တီး ပေးထားပါတယ် -


Feedly - Feedly ဆိုတာ အင်တာနက်ထဲမှာ ဘလော့တကာ ပတ်ပြီး စာဖတ်တတ်သူတွေအတွက် အသုံးပြုသင့်တဲ့ RSS Reader တစ်မျိုးပါ - သူ့အကြောင်း တစ်စိတ်တစ်ဒေသကိုတာ့ ဒီနေရာမှာ ရှင်းခဲ့ပြီးသားမို့လို့ ထပ်ပြီး အထူးအထွေ ရှင်းဖို့ လိုမယ် မထင်တော့ပါဘူး - FeedSquaresဆိုပြီး Extension တစ်ခု ရှိသေးတယ် - အဲ့တာလည်း RSS reader တစ်မျိုးပါပဲ - ဒါပေမယ့် ကျွန်တော့်စိတ်ထဲတော့ FeedSquares က စတိုင်လ် အသားပေးလွန်းအားကြီးတယ် - အရမ်းလန်လွန်းပြီး စာကျ သိပ်ဖတ်လို့ မကောင်းသလိုပဲ။


Google bookmarks - သူက Google bookmarks သုံးတဲ့ သူတွေအတွက် Google Chrome မှာ အသုံးပြုနိုင်မယ့် Extensions တစ်မျိုးပါ - သူ့လိုမျိုးပဲ တစ်ခြား အမျိုးအစားကွဲ သုံးလေး ခု ရှိတယ် - ဥပမာ ပြရရင် Yet Another Google Bookmarks - ဒါပေမယ့် ကျွန်တော်ကတော့ jimmy.liang ရဲ့ Google bookmarks extensions ကို ပိုသဘောကျမိတယ်။ Bookmarks တွေ ဘာကြောင့်ကျွန်တော်တို့ သုံးနေကြလဲ ဆိုတာ သိချင်သေးရင် အရင်က အကောင်းဆုံး Bookmark Management Tools များ ဆိုပြီး ရေးခဲ့တာ ရှိတယ်။ လေ့လာကြည့်ပါ။


goo.gl URL Shortener - ဒီကတော့ အရမ်းရှည်တဲ့ URL တွေကို ချုံ့ဖို့အတွက် Extension တစ်မျိုးပါ - ဘာကြောင့် URL ချုံ့ကြရတာလဲ ဆိုတာ သိချင်ရင် Websites များ၏ URLs များအား အတိုချုံးခြင်းဆိုပြီး ရေးခဲ့တာ ရှိပါတယ်။ လေ့လာကြည့်ပါ။ သူနဲ့ သဘောတရားတူတဲ့ နောက် Extension တစ်မျိုး ရှိပါသေးတယ် - အဲတာကတော့ bit.ly ပါ။


LastPass - LastPass ကိုတော့ တော်တော်များများ သိပ်သုံးကြဦးမယ် မထင်ဘူး - LastPass ဆိုတာ Free ပေးထားတဲ့ Password manager နဲ့ Form filler ပါ - LastPass မှာ ကိုယ် Create လုပ်ထားတဲ့ Account ကို Login ဝင်ထားလိုက်တာနဲ့ နောက်ပိုင်း ကိုယ်သွားတဲ့ Websites တွေမှာ Username တွေ Passwords တွေ ခဏခဏ ဖြည့်ဖို့ မလိုတော့ဘူး - ကိုယ် မှတ်ခိုင်းထားတဲ့ အတိုင်း သူက အလိုလျောက် Login ဝင်ပေးသွားတယ် - Username နဲ့ Password ခဏခဏ ရိုက်ရမှာ ပျင်းတဲ့ ကျွန်တော့်လို လူမျိုးတွေ အတွက်တော့ LastPass က သိပ်ကို အဆင်ပြေတယ်။


Screen Capture (by Google) - သူကတော့ Google ကနေ ထုတ်ထားတဲ့ Screen Capture extension - ဘာဆော့ဖ်ဝဲလ်မှ တင်ဖို့ မလိုဘူး - ဘာကီးတွေ Crack တွေမှလည်း မလိုဘူး - Extension တစ်ခု ရှိယုံနဲ့ လိုချင်တာ တော်တော်များများ လုပ်လို့ ရတယ်။ Screen Capture နဲ့ ပတ်သတ်ပြီး မြန်မြန်ဆန်ဆန် သုံးချင်တယ် ဆိုရင်တော့ Software တွေအစား ခုလို Extension လေးတွေ သုံးလိုက်တာ ကောင်းတယ် - သူ့လို သဘောတရားတူတဲ့ တစ်ခြား Extensions တွေလည်း ရှိသေးတယ် - ဥပမာ - Awesome Screenshot - နှစ်ခုလုံး သုံးလို့ ကောင်းကြပါတယ်။ Screen capture တွေ ဘာကြောင့် သုံးကြရလဲ ဆိုတာ Screen Capturing Tools များအကြောင်း ဆိုပြီး ရေးခဲ့တာ ရှိပါတယ်။ လိုအပ်မယ်ဆို လေ့လာနိုင်ပါတယ်။


Google Dictionary (by Google) - အင်္ဂလိပ်စာကို လူမျိုးခြား တစ်ယောက်အနေနဲ့ ဖတ်ရင် Dictionary တော့ လူတိုင်းနီးပါး လိုပါတယ် - အဲ့အတွက် ဒီ Google Dictionary Extension ကို သုံးစေချင်တယ် - English - English ဆိုပေမယ့် နောက်ပိုင်း ကျင့်သားရသွားရင် အများကြီး အသုံးတည့်သွားပါလိမ့်မယ်။


Apture Highlights - Apture Highlights ဟာ ကျွန်တော် သုံးဖူးသမျှ Dictionary ဆန်ဆန် Extensions တွေ အားလုံးထဲမှာ အကောင်းဆုံးလို့ တောင်ထင်မိတယ်။ ဘာလို့လည်းဆို ဒီ Extension တစ်ခုတည်းနဲ့ ကိုယ်နားမလည်တဲ့ / ဒီ့ထက်ပိုပြီး ပြည့်ပြည့်စုံစုံသိလိုတဲ့ စကားလုံး တစ်လုံးရဲ့ အဓိပ္ပါယ်ကို Wiki အပါအဝင် နေရာပေါင်းစုံကနေပြီး တစ်ခါတည်း စုပြပေးနိုင်တယ်။ ဆက်စပ်နေတဲ့ Videos တွေ ဓာတ်ပုံတွေ ရှိမယ် ဆိုရင်လည်း တစ်ခါတည်း Tab ပြောင်းပြီး ကြည့်လို့ ရတယ် - အောက်မှာ ပြထားတဲ့ အတိုင်းပါ။ သူ့လို ပုံစံမျိုးပဲ Wiki သီးသန့် Extensions တွေ ရှိပါသေးတယ် - ဥပမာ - Wikipedia - Wikipedia နဲ့ ပတ်သတ်ပြီး ဝီကီပိဒိယ အကြောင်း တစ်စေ့တစ်စောင်း ဆိုပြီး ရေးထားတာ ရှိပါသေးတယ်။


Fast YouTube Search - Youtube ဆိုတာကတော့ ဖျော်ဖြေရေးကနေ စပြီး ပညာရေး - သတင်း - အတင်း အကုန် တစ်နေရာတည်းကနေ ကြည့်နိုင်တဲ့ နေရာပါ - အရင်တုန်းကတော့ သီချင်းဆို မမောနိုင်မပန်းနိုင် ဒေါင်းလုပ်ချပြီး နားထောင်ခဲ့တာ နောက်ပိုင်း Youtube အကြောင်း ကောင်းကောင်း သိသွားတော့ ဘာသီချင်းမှ တော်ယုံ ဒေါင်းလုပ်ချပြီး နားမထောင်ဖြစ်တော့ဘူး - တစ်ခုခု သိချင်လား Youtube - တစ်ခုခု နားထောင်ချင်လား Youtube နဲ့ သီချင်းဆို အဲ့မှာပဲ လိုတာရှာပြီး နားထောင်ဖြစ်တော့တယ်။ အဲ့လို ရှာတဲ့ဖွေတဲ့နေရာမှာ Youtube ကို သွားပြီး Search box ကနေ ရှာတာထက် ခု Extension လေးကို သုံးပြီး ရှာတော့ ပိုပြီး ရှာရလည်း မြန်သလို သုံးရလည်း ပိုလွယ်သွားပါတယ်။ Youtube နဲ့ ပတ်သတ်ပြီး Youtube ချစ်သူများ အတွက် မသိမဖြစ် ဆိုပြီး ရေးထားတာ ရှိပါတယ် - အသေးသုံးလေးတွေ သိလိုသူများ ဖတ်ကြည့်ပါ။


VerticalTabs - တစ်ချို့က အင်တာနက်ထဲ ဟိုဒီလျှောက်ကြည့်ရင် Browser မှာ tabs တွေ ဗြောင်းဆန်အောင် ဖွင့်ပြီးကြည့်တတ် ကြတယ် - ကျွန်တော့်လို လူပေါ့  - ဘာဖြစ်လဲဆို အဲ့လို tabs တွေ ၁၅ ခု - အခု ၂၀ လောက် ဖြစ်လာတော့ ပြဿနာက တက်လာရော - tab တစ်ခုပေါ် တစ်ခု ထပ်ပြီး ဘယ်ဟာက ဘာ tab မှန်း မသိတော့ဘူး - တစ်ခုတစ်လေ ပိတ်ချင်တဲ့ tab က တစ်ခု ပိတ်မိတဲ့ tab ကတစ်ခု အဲ့လိုလည်း ခဏခဏ ဖြစ်တယ် - အဲ့လို မဖြစ်ရအောင် tab များများဖွင့်ပြီး Websites ကြည့်တတ်သူတွေ အတွက် ဒီ Extension က အသုံးတည့်ပါတယ်။ သူနဲ့ သဘောတရားချင်း တူတဲ့ တစ်ခြား Extensions တွေလည်း ရှိသေးတယ် - ဥပမာ - TooManyTabs for Chrome


iReader - ဒီလို Extensions မျိုးတွေနဲ့ ပတ်သတ်ပြီး အင်တာနက်နှင့် ကျန်းမာရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလို Extensions မျိုးတွေ သုံးသင့်လဲ ဆိုတာ အဲ့ဒီပို့စ်ကို ဖတ်ကြည့်ပေးပါ။ သူနဲ့ သဘောတရားခြင်းတူတဲ့ တစ်ခြား Extensions တွေ ရှိပါသေးတယ် - ဥပမာ - EasyReader


Proxy Switchy! - တစ်ခါတစ်လေကျရင် ဖြစ်တတ်တယ် - တစ်ချို့ Websites တွေက နိုင်ငံအလိုက် နေရာအလိုက် ဘန်းထားတာမျိုးတွေ - အဲ့လို အခြေအနေမှာ ကိုယ်ကြည့်ချင်တာ ကြည့်မရဖြစ်နေရင် ဒီလို Extensions မျိုးတွေက အသုံးတည့်ပါတယ်။ သူနဲ့ သဘောတရားတူတဲ့ တစ်ခြား Extensions တွေလည်း ရှိပါသေးတယ်။ ဥပမာ - 1-Click Web Proxy 


Google Shortcuts - Google fun သမားတွေ အတွက် အသုံးအတည့်ဆုံး Extension ပါ - Shortcut တစ်ခုတည်းကနေ Google ရဲ့ နေရာပေါင်းစုံ သွားလို့ ရတယ်။ သူနဲ့ သဘောတရားတူတဲ့ တစ်ခြား Extensions တွေလည်း ရှိပါသေးတယ်။ ဥပမာ - ( 1 ) My Shortcuts -( 2 ) One Number 


Google Chrome Themes - Mozilla Firefox မှာ Themes တွေ စိတ်ကြိုက် ပြောင်းလို့ ရသလိုမျိုး Google Chrome မှာလည်း Themes မျိုးစုံ စိတ်ကြိုက် ပြောင်းလို့ ရပါတယ်။


Minimalist Gmail - ဒီ Extension ကတော့ ကလိချင်တဲ့သူတွေ အတွက် သဘောကျစရာပါ။ Gmail ရဲ့ အတွင်း ဒီဇိုင်းကို ပြောင်းချင်သလို ပြောင်း လုပ်ချင်သလို လုပ်လို့ ရတယ် - ဘာတွေလုပ်လို့ ရပါတယ်လို့ ပြောဖို့ မလွယ်လောက်အောင်ကို အကုန် လုပ်လို့ ရတယ်။ ပြောရင်ပိုတယ် ထင်မယ် စမ်းသုံးကြည့်ပါ။


RemindMe - လူတိုင်းမေ့တတ်ကြတာပဲ - တစ်ခုခု လုပ်စရာရှိတယ် - မေ့တတ်တယ် - တစ်ခုခု သွားစရာရှိတယ် - မေ့တတ်တယ် - အဲ့လို မဖြစ်ရအောင် လုပ်ချင်တဲ့ အချိန် - သွားရမယ့် အချိန်မှာ အချိန်နဲ့ တစ်ပြေးညီ ကိုယ့်ကို အသိပေးနိုင်စေဖို့ ဒီ Extension က စွမ်းဆောင်ပေးနိုင်ပါတယ်။


ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆိုရင် သုံးသင့်မယ့် Google Chrome Extensions တွေ အကြောင်းကို မိသားစုဝင်များ တီးမိခေါက်မိ ရှိနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ခုဖော်ပြထားတဲ့ Extensions တွေဟာ အကောင်းဆုံးတွေလို့ မဆိုလိုပါဘူး - ကျွန်တော် အကြိုက်ဆုံး Chrome Extensions များသာ ဖြစ်ပါတယ်။ တစ်ခြား မိမိနဲ့ သင့်လျှော်ရာ သင့်လျှော်ရာ အသုံးတည့်မယ့် Chrome Extensions တွေကိုမူရင်းမျှဝေပေးနေတဲ့နေရာ ကနေ ရှာယူ အသုံးပြုကြဖို့ အကြံပြုလိုက်ပါရစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts