How To Ask Smart Questions ( When You Ask - 2 )

Leave a Comment
ဒီ မေးမြန်းမှု အတတ်ပညာက အမုန်းခံပြီး ရေးနေရတာပါ - လူတိုင်းက မေးရင်သာ အဖြေလိုချင်တာ ဘယ်လိုအချက်တွေ လိုက်နာပြီး မေးပါလို့ အမေးခံရတဲ့သူက ပြောရင်ကျ သဘောမကျ ချင်ကြဘူး - မြန်မာလူမျိုးက ကိုယ့်ထမင်း ကိုယ်စားပြီး အမုန်းခံရတာမျိုး မလိုချင်ကြတော့ စိတ်ကသာ မကြိုက်တာ ပြန်တော့ မပြောတတ်ကြဘူး ( နောက်ကွယ်မှာ ပြောတာမျိုး တော့ လုပ်တတ်ကြတယ် ) အဲ့လို မပြောတာတွေ များလာတော့ မေးတဲ့သူက ဘယ်လိုမေးရမှန်း မသိဘူး - မသိတော့ ဒီအတိုင်းပဲ ထပ်ခါ ထပ်ခါမေး - နောက်ဆုံးကျတော့ မေးသာမေးပြီး အဖြေပြန်မရတဲ့ အခြေအနေမျိုးတွေ အများကြီး ဖြစ်ဖြစ်လာတယ်

အမေးသာရှိပြီး အဖြေပြန်မရတာ ကျွန်တော်တို့ မြန်မာဖိုရမ်တွေမှာမှ မဟုတ်ဘူး - နိုင်ငံခြားဖိုရမ်တွေ - Discussion groups တွေမှာလည်း အများကြီး ရှိတယ် - အဓိကက

( ၁ ) မေးမြန်းသင့်တဲ့ အကြောင်းအရာ
( ၂ ) မေးမြန်းသင့်တဲ့ နေရာနဲ့
( ၃ ) မေးခွန်း မေးမြန်းပုံ မေးမြန်းနည်း ကို မေးမြန်းမယ့်သူတွေ နားမလည်ကြတာ

    ဒီ အချက် သုံးခုထဲက မေးသင့်တဲ့ အကြောင်းအရာတွေ - မေးမြန်းသင့်တဲ့ နေရာဆိုတဲ့ ကန့်သတ်ချက် တွေ အကြောင်းကို ကျွန်တော် ဖော်ပြခဲ့ပြီးပါပြီ - ခု နောက်ဆုံး ဖော်ပြချင်တာ မေးခွန်းမေးမြန်းပုံ မေးမြန်းနည်း ကို မေးမြန်းသူဘက်က မကြည့်ပဲ ဖြေကြားသူဘက်က မေးခွန်းပေါ် ရှုမြင်တဲ့ အမြင် ပုံစံမျိုးနဲ့ ဖော်ပြပေးသွားပါ့မယ်။ 



    ဖြေကြားသူများ မည်သည့် မေးခွန်းမျိုး ရှောင်တတ်ကြသနည်း။ 

    ဖော်ပြချက် မပြည့်စုံသော - ရည်ရွယ်ချက် မတိကျသော မေးခွန်းများအား ဖြေကြားသူများ ရှောင်တတ်ပါသည်။ - Forums တွေမှာ မေးမြန်းတာမျိုး ဖြစ်စေ - Discussion groups တွေမှာ ဆွေးနွေးချင်တာမျိုး ဖြစ်စေ - ရည်ရွယ်ချက် မတိကျတဲ့ ဖော်ပြချက် မပြည့်စုံတဲ့ မေးမြန်းမှုမျိုးတွေကို ဖြေကြားသူတွေ ရှောင်တတ်ကြပါတယ်။ ဒါ့ကြောင့် ဖော်ပြချက် ပြည့်ပြည့်စုံစုံနဲ့ တိကျတဲ့ မေးခွန်းဖြစ်အောင် Stupid နဲ့ Smart မေးမြန်းပုံ အဆင့်ဆင့်ကို နိှုင်းယှဉ်ပြလိုက်ပါတယ်။ 

    Stupid - ကူညီပါဦး - ကျွန်တော့် လက်ပတော့က အခြွေကည့်ရင်းနဲ့ ဘာဖြစ်သွားမှန်း မသိဘူး - ဘယ်လိုလုပ်ရမယ်ဆိုတာ ဖြစ်နိုင်မယ်ဆို အမြန်ဆုံး ကူညီပေးပါ။ 

    Smart - ကျွန်တော့် လက်ပတော့ အမျိုးအစားက SAMAUNG ..??... ပါ - Windows ..??.. / Linux Distros ..??.. တင်ထားပါတယ် - 32/64 bit Operating system ပါ - RAM က .??.. GB ပါ - VGA အမျိုးအစားက ?? ... , ..??. GB ပါ - ဖြစ်တာက ..??.. စက်က Hang ပြီး ဘာမှဆက်လုပ်လို့ မရပဲ စာတက်လာပါတယ် - အရင်က အားလုံး ကောင်းပါတယ်။ မနက်က Update ပေးပြီး / Software ?? တစ်ခုတင်လိုက်မိပါတယ် - ဒီ ပြဿနာ အတွက် ကျွန်တော် ဘယ်လိုနည်းမျိုးနဲ့ ပြေလည်နိုင်မယ် ဆိုတာ သိပါရစေ။ 

    Smarter - ကျွန်တော့် လက်ပတော့ အမျိုးအစားက SAMAUNG .??... ပါ - Windows ..??.. / Linux ..??.. တင်ထားပါတယ် - 32/64 bit ..??.. Operating system ပါ - RAM က ..??.. GB ပါ - VGA အမျိုးအစားက ..??.. , ..??. GB ပါ - ဖြစ်တာက ..??.. စက်က Hang ပြီး ဘာမှဆက်လုပ်လို့ မရပဲ စာတက်လာပါတယ် - တက်လာတဲ့ စာက " ....... " ပါ - Screenshots ကို အောက်မှာ ကြည့်ပါ - အရင်က အားလုံး ကောင်းပါတယ်။ မနက်က Windows Update ပေးပြီး / Software ?? တစ်ခု တင်လိုက်မိပါတယ်။ ဆိုင်မဆိုင် ကျွန်တော် မသိပေမယ့် ကျွန်တော် System Restore လုပ်ဖို့ ကြိုးစားကြည့်တာလည်း Windows ထဲကနေ Restore လုပ်လို့ မရဖြစ်နေပါတယ် - တစ်ခြား နည်းလမ်းလည်း ကျွန်တော် မသိတော့ဘူး ဖြစ်နေပါတယ်။ ဒီ ပြဿနာ အတွက် ကျွန်တော် ဘယ်လိုနည်းမျိုးနဲ့ ပြေလည်နိုင်လောက်မယ် / တစ်ခြား ဘယ်နေရာတွေမှာ လေ့လာနိုင်မယ်ဆိုတာ အကြံဉာဏ်လေးများ သိပါရစေ။  
    အရေးတကြီးနှင့် အရေးပေါ် ဆိုသော မေးမြန်းချက်များအား ဖြေကြားသူများ ရှောင်တတ်ပါသည် - မေးခွန်းမေးမြန်းတဲ့ နေရာမှာ အရမ်းအရေးကြီးနေလို့ပါ - အရေးပေါ် ဖြစ်နေလို့ပါ ဆိုတာမျိုး တတ်နိုင်ရင် မဖော်ပြပါနဲ့ - ဘာကြောင့်လဲဆိုရင် အရေးကြီး အရေးပေါ် ဆိုတဲ့ ဖော်ပြချက်ဟာ ဖြေကြားသူကို ပြည့်စုံမယ့် အဖြေတစ်ခု ဖြေကြားပေးနိုင်ဖို့ လုံလောက်မယ့် ပြင်ဆင်မှု ဦးစားမပေးနိုင်တော့ဘူး ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ် - ကိုယ့် အခက်အခဲ မဟုတ်တဲ့ ပြဿနာရပ် တစ်ခုကို မျက်စိရှေ့မှာ ဘာမှ မတွေ့မြင်ရပဲ ချက်ချင်းကြီး ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ ဆိုတာ တော်ယုံမဖြစ်နိုင်ပါဘူး - အဲ့လို အခြေအနေမှာ စိတ်ထဲ ထင်မိတာကို ချက်ချင်း Reply ပြန်လိုက်ပြန်ရင်လည်း ဖြေလိုက်တာပဲ အဖတ်တင်ပြီး ဖြစ်တဲ့ပြဿနာ မပြေလည်မှာ စိုးတာကြောင့် ဖြေကြားဖို့ ရှောင်တတ်ကြပါတယ်။   

    Private E-mails ပေးပို့ မေးမြန်းမှုများသည် ဖြေကြားသူအား အခက်တွေ့ စေပါသည် - မိမိနဲ့ ခင်မင်ရာ ခင်မင်ကြောင်း ရင်းနှီးနေတဲ့ သူတစ်ယောက်ဆီ ကိုယ့် အခက်အခဲအတွက် Private E-mails ပေးပို့ မေးမြန်းခြင်းမျိုးဟာ မေးမြန်းတဲ့ အကြောင်းအရာပေါ် မူတည်ပြီး ဖြေကြားပေးမယ့်သူအပေါ် အကျပ်တွေ့စေပါတယ် - လူတိုင်း လူတိုင်းမှာ သူနားလည် အားသန်တဲ့ အကြောင်းအရာ ကိုယ်စီ ရှိတတ်ကြပေမယ့် - လူတိုင်းဟာ ပြဿနာရပ်တိုင်းကို ပြေလည်အောင် ဖြေရှင်းပေးနိုင်တဲ့ စွမ်းရည် မရှိကြပါဘူး - ဒါတင်မက ကိုယ်က ဒီတစ်ခါလေးပဲ Private E-mail နဲ့ အကူအညီတောင်းဖူးသေးတာလို့ ယူဆနေပေမယ့် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ကိုယ်လို တစ်ကြိမ်တစ်ခါတည်း အကူအညီတောင်းဖူးပါတယ်ဆိုတဲ့ E-mails မျိုးတွေ ဖြေကြားသူ ဘက်မှာ ဘယ်နစောင်လောက် ရှိနှင့်နေမလဲ ဆိုတာ ငဲ့ကွက် စဉ်းစားသင့်ပါတယ်။ လူတစ်ဦးတစ်ယောက် ရဲ့ ကိုယ်ပိုင်အချိန်ကို Respect ပေးပါ။ Private E-mails ပေးပို့ မေးမြန်းတာမျိုးထက် လူအများ ဝိုင်းဝန်း ဖြေကြားပေးနိုင်အောင် အမေးအဖြေကဏ္ဍ အောက်မှာပဲ Public မေးမြန်းမှုမျိုးပဲ လုပ်ဆောင်ပေးကြဖို့ အကြံပြုလိုပါတယ်။  

    ယဉ်ကျေး ညက်ညောမှု မရှိသော ပြန်ကြားချက်နှင့် မေးမြန်းမှုများအား ဖြေကြားသူများ ရှောင်တတ်ကြပါသည် - ဖိုရမ်မှာ မေးမြန်းမှု တစ်ခု တက်လာခဲ့ရင် မိသားစုဝင်တော်တော်များများ ဖြေကြားပေးနိုင်ဖို့ ကြိုးစားတတ်ကြပါတယ် - တစ်ချို့လည်း တတ်သလောက် နားလည်သလောက် ဝင်ပြောကြတယ် - တစ်ချို့လည်း အသေးစိတ် - တစ်ချို့လည်း အပေါ်ယံ - တစ်ချို့လည်း သာမန်ကာလျှံကာ - ဘယ်လို Reply ပဲ ပြန်ရသည် ဖြစ်စေ - မေးမြန်းသူ အနေနဲ့ ကိုယ့်ပြဿနာကို ပြေလည်နိုင်စေဖို့ ကူညီဖြေကြားပေးသူတွေကို ခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ် - ဝိုင်းဝန်းဖြေရှင်းပေးတာ ကျေးဇူးပါ ဆိုတဲ့ ကျေးဇူးတင်စကားမျိုး Reply မှာ အဦးဆုံး ပြောကြားပေးပြီးမှ ကိုယ့်ပြဿနာ ရဲ့ လိုအပ်ချက်တွေနဲ့ ပြေလည်မှု အဆင့်ဆင့်ကို ဆက်လက်ဆွေးနွေးသင့်ပါတယ် - အဲ့လို Reply ပြန်ရခြင်း အားဖြင့် ဝင်ရောက် အဖြေရှာပေးသူအတွက်လည်း ကိုယ်ဖြေကြားပေးလိုက်တဲ့ ပြဿနာရဲ့ ပြေလည်မှု အဆင့်ကို သိရလို့ ကျေနပ်မှု ဖြစ်စေသလို - အကယ်၍ မပြေလည်ခဲ့သေးဘူး ဆိုရင်လည်း ဘာတွေ ဖြည့်စွက်ဖို့ လိုဦးမယ်ဆိုတာ ကူညီဖေးမလိုစိတ် ဖြစ်ပေါ်စေတဲ့ အပြင် - ဘေးကရပ်ကြည့် နေသူတွေ အနေနဲ့ပါ ကိုယ်သိထားတဲ့ အလျှောက် ဝင်ရောက် ကူညီလိုစိတ် ဖြစ်ပေါ်စေပါလိမ့်မယ်။ သူ့ရဲ့ ပြောင်းပြန် အနေနဲ့ Reply ပြန်လိုက်ပေမယ့် အဆင်ပြေမှန်း မပြေမှန်း ဘာမှ မသိရတဲ့ မေးမြန်းချက်မျိုးတွေ - ကျေးဇူးတင်စကား ပြောဖို့ကျ စကားမဟပဲ ကိုယ့်ဘက်က အဆင်မပြေတာတွေ -ခင်ဗျားပြောတဲ့ အတိုင်း လုပ်လိုက်တာ ဘယ်လိုတွေတော့ ဖြစ်ကုန်ပြီ ဆိုတဲ့ အပြစ်တင်စကားမျိုး ပြောတဲ့ ပြန်ကြားချက်မျိုးတွေဟာ ဖြေကြားသူအတွက် စိတ်ကွက်စေသလို - အခြားဖြေကြားပေးမယ့် သူတွေကိုပါ လက်ရှောင်သွားစေနိုင်ပါတယ်။  

    ဘာတစ်ခုမသိသည့် မေးမြန်းချက်မျိုးအား ဘာမှမသိသကဲ့သို့ ဖြေကြားသူများ ရှောင်တတ်ကြပါသည် - မေးခွန်းဆိုတာ မေးတိုင်း မကောင်းပါဘူး - Differential equations တွေရဲ့ ဖြေရှင်းပုံကို နားမလည်ပဲ Biological process တွေ - Technical process တွေ - Bridge design တွေအကြောင်း နားလည်နိုင်ဖို့ မကြိုးစားချင်ပါနဲ့ မသိချင်ပါနဲ့ - ဆိုလိုတာ ကကြီး ခခွေး မရေးတတ်ပဲ စာစီမကုံးချင်ပါနဲ့ - အဆင့်မြင့်မြင့် သိချင်တဲ့အခါ အခြေခံ နားလည်ရမယ့် အချက်တွေကို ပြည့်ပြည့်စုံစုံ နားလည်ပြီးသား ဖြစ်ဖို့ မိမိကိုယ်ကိုယ် အရင်တည်ဆောက်ပါ။

      ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆိုရင် မေးမြန်းမှု အတတ်ပညာရဲ့ နက်နဲပုံနဲ့ မေးမြန်းသင့်မယ့် နည်းလမ်းတွေကို မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လေ့လာပါ - မေးမြန်းပါ - သို့ပေမယ့် မေးမြန်းသင့်တဲ့ အကြောင်းအရာ - မေးမြန်းသင့်တဲ့ နေရာနဲ့ မေးမြန်းပုံ မေးမြန်းနည်းကိုတော့ အစဉ်သဖြင့် ဂရုပြုကြဖို့ တိုက်တွန်းအကြံပြု လိုက်ပါရစေ။

      KznT.

      0 comments:

      Post a Comment

      TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

      Related Posts