Lifetime Record of AShin Ānanda

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
နယုန်လပြည့်ကျော် ၇ ရက်၊ တနင်္လာနေ့။ (အဖိတ်နေ့)

ဒီစာအုပ်ကို မထင်မှတ်ပဲ ဖတ်ဖို့ ရွေးချယ်ဖြစ်ခဲ့တယ်။ ဘာကြောင့် "ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း" ကိုမှ ရွေးချယ်ခဲ့တာလဲဆိုရင် တစ်ချိန်က နားထောင်ခဲ့ဖူးတဲ့ စာပေဟောပြောပွဲတစ်ခုကြောင့်လို့ ပြောရလိမ့်မယ်။ မှတ်မှတ်ရရ အဲ့ဒီ့ စာပေဟောပြောပွဲမှာ ဆရာချစ်ဦးညိုက အရှင်အာနန္ဒာရဲ့ "ပယ်လေးတန်၊ ပန်လေးပါး" ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့ဖူးတယ်။ အဲ့ဒီ့ကတည်းကစပြီး အရှင်အာနန္ဒာဆိုတာ စိတ်ထဲမှာ တော်တော်လေး မှတ်မှတ်သားသားရှိခဲ့တယ်။ ဒါပေမယ့် ညီတော်အာနန္ဒာရဲ့ ရုပ်ပုံလွှာကို စိတ်ထဲမှာ သိပ်ပြီး ရင်းရင်းနှီးနှီး မရှိခဲ့သေးဘူး။ မြတ်စွာဘုရားရှင်ရဲ့ ညီတော်ဖြစ်တယ် ဆိုတာလောက်ကလွဲရင် သူ့ရဲ့ မိဘအသိုင်းအဝိုင်း၊ မြတ်စွာဘုရားရှင်အပေါ်ထားတဲ့ သူ့ရဲ့ခံယူချက်၊ သာသနာရေးကြိုးပမ်းချက်၊ ဘုရားရှင်ရဲ့ သာသနာတော်မှာ သူဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ ဘာတစ်ခုမှ မသိခဲ့သေးဘူး။


ဒီလိုနဲ့ ဒီစာအုပ်ကိုတွေ့မိတော့ မဖတ်ရသေးခင် စိတ်ထဲမှာ နဲနဲအင်တင်တင် ဖြစ်သွားခဲ့သေးတယ်။ စာအုပ်တွဲက စုစုပေါင်း (၅) အုပ်ရှိတယ်။ တစ်အုပ်ကို အနည်းလေး စာမျက်နှာ ၄၀၀ ပါတယ်။ ကိုယ်က ပုံမှန် တစ်ရက်ကို စာမျက်နှာ ၃၀ ဝန်းကျင်ပဲ ဖတ်နိုင်တာမို့လို့ တစ်တွဲလုံးပြီးဖို့ဆိုရင် တော်တော်အချိန်ပေးရမယ် ဆိုပြီး ကျမ်းလေးကြီးများ ဖြစ်နေမလားလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ကိုယ်သိချင်နေတဲ့ သူတစ်ယောက်ရဲ့ အကြောင်းအရာပဲဆိုပြီး ပထမဆုံး စာမျက်နှာ ၃၊ ၄ မျက်နှာလောက်ကို စပြီး မြည်းစမ်းကြည့်လိုက်တယ်။

ပုံမှန်အားဖြင့် ကျွန်တော် အတ္ထုပ္ပတ္တိ စာအုပ်တွေ ဖတ်ရတာ ပျင်းပါတယ်။ တခြားဖတ်စရာ ရှိနေခဲ့ရင် အတ္ထုပ္ပတ္တိ စာအုပ်မျိုးက ကျွန်တော့်အတွက် ဘယ်တော့မှ ပထမဦးစားပေး စာအုပ်ဖြစ်လာလေ့ မရှိဘူး။ ဒါပေမယ့် ဆရာတော် အရှင်ဝဏ္ဏသီရိဟာ အလွန်ကို စာရေးကောင်းပါတယ်။ "ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း" လို့ ပြောထားပေမယ့် ဒီစာအုပ်ထဲမှာ အရှင်အာနန္ဒာရဲ့ ဘဝမှတ်တမ်းချည်း သက်သက်မရေးဘဲနဲ့ မြတ်စွာဘုရားရှင်နဲ့ အတူတူ သူ့ဘဝတစ်သက်တာမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ဘဝမှတ်တိုင်တွေကို မြတ်စွာဘုရားရှင်ရဲ့ ဘေးနံပါးကနေ အနီးကပ် လိုက်ပါနေရင်းနဲ့ ကိုယ့်ကို တဆင့်ပြန် ရှင်းပြနေသလိုမျိုး ကြွယ်ဝတဲ့ စကားပြေအရေးအသားနဲ့ ရေးသားသွားတယ်။

ကျွန်တော် ဒီစာအုပ်(၅)အုပ်ကို ဖတ်နေစဉ်အတောအတွင်းမှာ ဒါပြီးရင် ဘာလာမှာလဲ သူဘယ်လိုအခက်အခဲတွေများ ကြုံရဦးမှာလဲ ဆိုတာပဲ စိတ်ထဲရောက်နေခဲ့တယ်။ ဒီစာအုပ်ဖတ်ပြီးတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ဟာ ဝေနေယျသတ္တဝါတွေ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ဖို့အတွက် ဘယ်လိုကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတာ  မဟာဗုဒ္ဓဝင်အကျဉ်းကို ဖတ်လိုက်ရသလို အတိုင်းအတာတစ်ခုထိ ဗဟုသုတတွေ ရရှိသွားလိမ့်မယ်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို အကျဉ်းချုပ်ပြီး တိုတိုနဲ့ လိုရင်းကို ထိထိမိမိ ရှင်းပြထားတာတွေ ပါသလို၊ ဝိနည်းတွေကို ဘာကြောင့် ဘယ်ကိစ္စကို အကြောင်းပြုပြီး ပညတ်တော်မူခဲ့ရတယ်ဆိုတာကအစ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်ရှုရလိမ့်မယ်။ နောက်ပြီး ဓမ္မဆိုတာ ဒီလိုပါလားဆိုတဲ့ အသိကိုလည်း ပိုပြီးထိထိရှရှနားလည်လာလိမ့်မယ်။


ခုမှစဖတ်မယ့် သူတွေအတွက် ကံကောင်းတဲ့တစ်ချက်က ကျွန်တော်စဖတ်စဉ်တုန်းက "ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း" ကို စာအုပ်(၅) အုပ်တွဲနဲ့ ဖတ်ခဲ့ရတယ်ဆိုပေမယ့် အခုနောက်ပိုင်းရှာရင်းဖွေရင်းနဲ့ ဒီစာအုပ်ကိုပဲ စာအုပ်(၅)အုပ်ကို (၂)အုပ်တွဲအဖြစ်ပြန်ပေါင်းပြီး သတ္တမအကြိမ်မြောက် ထုတ်ဝေထားတဲ့ Ebook ကို ရှာလို့တွေ့ခဲ့တယ်။ အဲ့ဒီ့တော့ Dhammadownload ကနေ တင်ပေးထားတဲ့ လင့်ကနေတဆင့် ဒေါင်းလုပ်ချပြီး ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း - ပထမတွဲ
http://dhammadownload.com/File-Library/other/WunnaThiri-NyiTawArNandaEiTaThetTarMhetTen-vol-1.pdf

ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း - ဒုတိယတွဲ
http://dhammadownload.com/File-Library/Wana-Thiri/Wana-Thiri-NyiTawArnandarEiTaThatTarMyatTan.pdf

Dhamma Review.

Acquiring Silas and Observing precepts

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
နယုန်လဆန်း ၈ ရက်၊ တနင်္ဂနွေနေ့။ (ဥပုသ်နေ့)

သီလဆိုတာ ကျွန်တော်တို့အတွက်တော့ သိပ်မစိမ်းလှတဲ့ စကားလုံးပါ။ ဘာကြောင့်လည်းဆိုရင် ကျောင်းသားအရွယ်ကတည်းက ငါးပါးသီလဆိုတာ ကျောင်းမှာ ဘုရားရှိခိုးကြတိုင်း ရွတ်ကြရတယ်၊ အလှူပွဲအစရှိသည် သွားလို့ ရေစက်ချ အနုမောဓနာတရား နာဆိုရင်လည်း အနည်းဆုံးတော့ ငါးပါးသီလယူတာက ထိပ်ဆုံးက စလေ့ရှိတယ်။ အဲ့တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အားလုံးအတွက် ငါးပါးသီလဆိုတာ မစိမ်းဘူး။


ဒါပေမယ့် နည်းနည်း စာဖတ်နိုင်တဲ့ အရွယ်ရောက်လာတော့ ငါးပါးသီလတင်မဟုတ်ဘူး၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ၊ အာဇီဝဋ္ဌမကသီလ စသဖြင့် တခြားသီလတွေကိုလည်း ကြားဖူးနားဝ ရှိလာတယ်။ ဆောက်တည်ဖြစ်လားဆိုရင်တော့ ပုံမှန်ရွတ်နေကျ ငါးပါးသီလကလွဲရင် ထူးပြီး တခြားဘာသီလမှ မဆောက်တည်ဖြစ်ခဲ့ပါဘူး။ သီလတွေရဲ့ တစ်ခုနဲ့ တစ်ခု ခြားနားချက်ကိုလည်း သိပ်နားမလည်ခဲ့ပါဘူး။

နောက်ပိုင်း အကြောင်းတိုက်ဆိုင်လို့ ရှစ်ပါးသီလ၊ ကိုးပါးသီလ ယူဖြစ်ခဲ့တဲ့ အချိန်အခါတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့သီလတွေယူရင် ညနေစာမစားရတာ၊ သီချင်း-ဗွီဒီယို မနားထောင်မကြည့်ရတာ၊ မိတ်ကပ်-ပန်းနံ့သာ-ရေမွှေး မလိမ်းရဖူးဆိုတာတွေလောက်ပဲ အကြမ်းဖျဉ်းနားလည်ထားပြီး ဥပုသ်ဆောက်တည်ထားသူတစ်ယောက် ကိုယ်ဆောက်တည်ထားတဲ့ ဥပုသ်ရက်တစ်နေ့တာကို ဘယ်လိုနေထိုင် ဖြတ်သန်းရမယ်၊ စိတ်ကို ဘယ်လိုသန့်ရှင်းဖြူစင်အောင် ထားရမယ်၊ ဘယ်လိုစကားမျိုးတွေပဲ ပြောသင့်တယ်ဆိုတာ မသိခဲ့ဘူး။ ရှင်းရှင်းပြောရရင် "ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" ဆိုတဲ့ သိက္ခာပုဒ်ကိုတောင် သေချာ နားမလည်ခဲ့သလို "အဗြဟ္မစရိယာ" ဆိုတဲ့ အနက်ကိုလည်း သေချာမသိခဲ့ဘူး။

သီလယူခြင်း၊ ဥပုသ်ဆောက်တည်ခြင်းရဲ့ လေးနက်မှုကို ပြည့်ပြည့်ဝဝ နားမလည်ကြတဲ့အခါ သီလရဲ့ အကျိုးတရားကို ပြည့်ပြည့်ဝဝ မရရှိကြ တော့သလို ပုံမှန်ဥပုသ်သီလယူဖြစ်ဖို့ကိုလည်း မေ့လျော့လာခဲ့ကြတယ်။ သီလနည်းပါးလာကြတဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းနဲ့ နေပျော်စရာ မဖြစ်နိုင်တော့တာကို အားလုံးလည်း သတိထားမိကြမှာပါ။

ဒီစာဟာ ဥပုသ်မစောင့်ဖြစ်တဲ့ သူတစ်ယောက်ကို ဥပုသ်စောင့်လာဖို့ အတင်းတိုက်တွန်းပြီး ရေးတာမျိုးမဟုတ်ပါဘူး။ ကျွန်တော့်ရည်ရွယ်ချက်က အကြောင်းတိုက်ဆိုင်လို့ ဥပုသ်သီလ ခံယူဆောက်တည် ဖြစ်ကြတဲ့အခါ ဘယ်လိုနေထိုင်ပြုမူပြီး ဘယ်လိုခံယူ ဆောက်တည်ရမယ်ဆိုတာ နားလည်ကြစေဖို့နဲ့ အဲ့ဒီ့ကနေမှ တဆင့်တက်ပြီး ပုံမှန် ဥပုသ်သီလ ဆောက်တည်သူတွေ ဖြစ်လာကြစေဖို့ပါ။ အဲ့ဒီ့အတွက် သီလယူ၊ ဥပုသ်ဆောက်တည် ဖြစ်ကြတဲ့အခါ မသိလိုက် မသိဘာသာနဲ့ နေ့တစ်နေ့ကို ကုန်လွန်စေမယ့်အစား အောက်မှာ ဖော်ပြထားတဲ့ စာအုပ်(၄) အုပ်ကို ဖတ်စေချင်မိပါတယ်။

(၁) ရတနာ့ဂုဏ်ရည် - အရှင်ဇနကာဘိဝံသ (စာမျက်နှာ ၁၆၉ မှ ၂၁၂ ထိ)
http://www.kbrl.gov.mm/book/details/000417

(၂) ဥပုသ်စောင့်လက်စွဲကျမ်း - ခန္တီးဆရာတော်ဘုရားကြီး
http://www.kbrl.gov.mm/book/details/000517?categoryId=29

(၃) ဥပုသ်စောင့်ခြင်းအဓိပ္ပါယ် - ဒေါက်တာနန္ဒမာလာဘိဝံသ
http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-UPoteSaukChinAhDaitePair.pdf

(၄) ဥပုသ်သည်တို့ စကားဝိုင်း - ဒေါက်တာနန္ဒမာလာဘိဝံသ
http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-UPoteThairTawSakarWine.pdf

Dhamma Review
၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်။

Interconnection Between Burmese Style Names And Buddhism

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
ကဆုန်လကွယ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်။

မြန်မာလူမျိုးတွေရဲ့ ကိုယ်ပိုင်အမည်ပေးစနစ်ကို လေ့လာကြည့်တဲ့အခါ အနောက်နိုင်ငံတွေနဲ့ မတူတဲ့အချက်က Patronymic လည်း မဟုတ်သလို Matronymic လည်း မဟုတ်တာ တွေ့ရတယ်။ ခုနောက်ပိုင်း သားသမီးတွေမှာတော့ မိဘတွေရဲ့ အစွဲအလန်းနဲ့ ယူဆချက်ပေါ် မူတည်ပြီး သားသမီးတွေ နာမည်မှာ အဖေ့နောက်ဆုံးနာမည် ဒါမှမဟုတ် အမေ့နာမည် တစ်လုံးစ နှစ်လုံးစ ပါလာကြတာတွေလည်း ရှိတယ်။ ဒါပေမယ့် အများစုကတော့ သီးခြားလွတ်လပ်တဲ့ အယူအဆနဲ့ မှည့်ခေါ်ကြတဲ့ နာမည်တွေပဲ များတာတွေ့ရတယ်။


ကမ္ဘာ့နိုင်ငံအများစုလို ပုံစံသတ်မှတ်ချက်မရှိတဲ့ မြန်မာနိုင်ငံရဲ့ အမည်ပေးစနစ်က နိုင်ငံခြားခရီးသွားတဲ့အချိန်မှာ ဒွိဟဖြစ်စရာ ကိစ္စတွေ မကြာခဏ ကြုံကြရတယ်။ ဖောင်တွေဖြည့်ကြတဲ့အခါ နာမည်သုံးလုံးရှိတဲ့သူက ဘယ်အကွက်မှာ (Given Name, Middle Name, Family Name) ကိုယ့်ဘယ်နာမည်ကို ဖြည့်ရမလဲ တွေးလို့မရဘူး၊ နာမည်နှစ်လုံးရှိတဲ့သူဆို ဘယ်အကွက်ကို ချန်ထားခဲ့ရမလဲ မစဉ်းစားတတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် စကားပြောကြတဲ့အခါ ကိုယ့်မှာ နာမည်သုံးလုံးရှိရင် ဘယ်နာမည်ကို စခေါ်ခေါ် ကိုယ့်အတွက် သိပ်ပြဿနာမရှိတော့ သူများနာမည်ကိုလည်း ကိုယ့်နာမည်လိုပဲ ထင်ပြီး ကိုယ်မှတ်မိတဲ့ စာလုံးကို ခေါ်မိရာကနေ စော်ကားသလို ဖြစ်ခဲ့တာမျိုးတွေ ကြုံရတတ်တယ်။

အဲ့လိုမျိုးတွေ ကြုံရတော့ မြန်မာအမည်ပေးစနစ်က ဘယ်လိုမျိုးလဲ။ စနစ်သတ်မှတ်ချက်ကို မရှိတာလား။ ဘာကြောင့် ဒီလိုမျိုး ဗရုတ်သုတ်ခ ဖြစ်နေတာလဲ ဆိုပြီး စဉ်းစားမိတတ်ကြတယ်။ တကယ်တော့ မြန်မာအမည်တစ်ခုကို တစ်ခြားနိုင်ငံတစ်ခုရဲ့ စံသတ်မှတ်ချက်နဲ့ ယှဉ်ထိုးနေသမျှတော့ ဒီလိုထင်ယောင်ထင်မှား ဖြစ်မှုမျိုးတွေ ရှိနေဦးမှာပဲ။

မြန်မာအမည်နဲ့ မြန်မာအမည်ပေးစနစ်က စံသတ်မှတ်ချက် မရှိတာမဟုတ်ဘူး။ သူ့နည်းသူ့ဟန်သူ ရိုးရာယဉ်ကျေးမှုကို အခြေခံထားတဲ့ စံသတ်မှတ်တော့ ရှိတာတွေ့ရတယ်။ ဥပမာပြောရရင် "အ" နဲ့ စထားတဲ့ လူတစ်ယောက်ရဲ့ နာမည်ကိုတွေ့ရင် တနင်္ဂနွေသားလို့ ၉၀% ယူဆလို့ ရသလိုပေါ့။ ဒါကို Astrology-Based အမည်ပေးစနစ်လို့လည်း ခေါ်ကြတယ်။

မြန်မာအမည်ပေးစနစ်ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက မြန်မာအမည်တွေဟာ အမည်တစ်လုံးစီတိုင်း ဒါမှမဟုတ် အမည်တွဲ တစ်ခုစီတိုင်းမှာ ထူးခြားတဲ့ အနက်အဓိပ္ပါယ်တွေ ရှိနေတတ်တယ်။ ဥပမာအနေနဲ့ ပြရရင် မြတ်စွာဘုရားအလောင်းတော် မင်းသားဘဝက နာမည် "သိဒ္ဓတ္ထကုမာရ" ဆိုတာ "အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သော" လို့ အဓိပ္ပါယ်ရတယ်ဆိုပြီး ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူတဲ့ ဇိနတ္ထပကာသနီကျမ်းမှာ ဖော်ပြထားတာ တွေ့ရတယ်။ ဒါဟာလည်း မြန်မာအမည်ပေး စနစ်ဟာ ဘာသာတရားနဲ့ ဆက်စပ်မှုရှိနေတာကို ငြင်းလို့မရနိုင်တဲ့ အချက်တစ်ခုအဖြစ် ဖော်ပြနေတယ်။ မြန်မာအမည်ပေးစနစ်ကို လေ့လာကြည့်ရင် ပါဠိ-မြန်မာစကားလုံး ဖွဲ့စည်းပုံနဲ့ ဆက်စပ်မှုရှိတာကိုလည်း တွေ့ရတယ်လို့ ဦးသန့်မြင့်ဦး (Thant Myint-U-https://en.wikipedia.org/wiki/Thant_Myint-U) ပြောဖူးတာလည်းရှိတယ်။

ဗုဒ္ဓဝင်ဇာတ်တော်တွေ၊ ပိဋကတ်တော်(မြန်မာပြန်)တွေကို လေ့လာကြည့်ရင်လည်း ဇာတ်နိပါတ်တော်ဖြစ်စဉ်တွေမှာ ပါတဲ့ ဇာတ်ကောင်တွေရဲ့ အမည်တွေဟာ မြန်မာအမည်တွေလိုပဲ လူနှစ်ယောက် မတူပေမယ့် နာမည်အားလုံးတူနေတာ ဒါမှမဟုတ် ဆင်တူရိုးမှား တူနေတာတွေကို တွေ့ကြရတယ်။ ဥပမာပြောရရင် ရှင်မဟာကဿပ၊ ဥရုဝေလကဿပ၊ ဘယာကဿပ၊ နဒီကဿပ။ ကောသလမင်းကြီးရဲ့ မလ္လိကာမိဖုရားနဲ့ စစ်သူကြီး ဗန္ဓုလရဲ့ ဇနီး မလ္လိကာ၊ အနာထပိဏ်သူဌေးရဲ့ နာမည်ရင်း(သုဒတ္ထ)နဲ့ ဆင်တူနေတဲ့ အရှင်ကောဏ္ဍညရဲ့ လူ့ဘဝအမည်(သုဒတ္ထ)၊ ရှင်အာနန္ဒာနဲ့ နန္ဒမင်းသား စသဖြင့်။ မြန်မာနာမည်တွေမှာလည်း ဒီလိုအမည်ဆင်တူတာတွေ တော်တော်များများရှိတယ်။ မြန်မာအမည်တွေဟာ မျိုးရိုးဂုဏ်ဒြပ်ထက် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဝိသေသလက္ခဏာကို စံပြုထားတယ်လို့လည်း ဆိုနိုင်တယ်။

ဆိုတော့ အကြမ်းဖျဉ်း အနှစ်ချုပ်သုံးသပ်ရရင် မြန်မာ့ရိုးရာ အမည်ပေးစနစ်ဟာ ဘာသာတရားပေါ်မှာ အများကြီး အခြေတည်ထားပြီး Astrology-Based နဲ့ ပေါင်းစပ်ထားတယ်လို့ ဆိုနိုင်တယ်။ အဓိပ္ပါယ် မရှိတဲ့ အမည်ပေးနည်းစနစ် မဟုတ်ဘူး။ အဓိပ္ပါယ်ရှိအောင် ပေးထားတဲ့ အမည်ပေးစနစ်ကို စံသတ်မှတ်ချက်ခြင်း မတူတဲ့ ဘောင်တွေနဲ့ တိုင်းတာရာကနေ စနစ်မရှိဘူးလို့ ယူဆနေကြတာသာ ဖြစ်တယ်ဆိုတာ သိထားဖို့လိုအပ်တယ်။

မြန်မာ့အမည်ပေးစနစ်နဲ့ ဘာသာတရားရဲ့ ဆက်စပ်မှုကို ထင်ထင်ရှားရှားတွေ့ချင်ရင် ဗုဒ္ဓဝင်ကျမ်းတွေကို လေ့လာသင့်တယ်။ အထူးသဖြင့် ကျီးသဲလေးထပ် ဆရာတော်ဘုရားရေးတဲ့ ဇိနတ္ထပကာသနီကျမ်း (ကျမ်းဖတ်ရမှာ လေးတယ်ထင်ရင် ဗုဒ္ဓဝင်ရုပ်စုံစာအုပ်ရှိတယ်) ဆရာကြီး ဦးဂိုအင်ကာရေးတဲ့ ရုပ်ပြဗုဒ္ဓဝင်စာအုပ်။ ဒီစာအုပ် (၂) အုပ်ကို ဖတ်ထားဖူးရင် ဗုဒ္ဓဝင်ဖြစ်တော်စဉ်နဲ့ ဗုဒ္ဓဘာသာရဲ့ ဦးတည်ချက်ကို အခြေခံအဆင့် သဘောပေါက်နားလည်ဖို့ အကျိုးပြုနိုင်တယ်။

ရုပ်ပြဗုဒ္ဓဝင် (ဆရာကြီး ဦးဂိုအင်ကာ)
http://www.dhammadownload.com/SN-Goenka-eBookInMyanmar.htm

ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ်ဆရာတော်)
http://www.dhammadownload.com/KyeeThairLayHtetSayadaw-eBookInMyanmar.htm

ဇိနတ္ထပကာသနီအကျဉ်းနှင့် ဗုဒ္ဓဝင်ရုပ်စုံ
http://www.kbrl.gov.mm/catalog/Index/30?page=3

Dhamma Review.

Where Can I Download Dhamma Ebooks

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
ကဆုန်လပြည့်ကျော် ၁၃ ရက်၊ သောကြာနေ့။
၂၀၁၉ ခုနှစ် မေလ ၃၁ ရက်။

တစ်ခါတစ်လေများ တွေးမိတယ်။ ကိုယ်တွေ ဒီဘက်ခေတ်မှာ လူပြန်ဖြစ်ခွင့်ရတာ သိပ်ကံကောင်းကြတာပဲလို့။ ဒီဘက်ခေတ်မှာ ကွန်ပျူတာတွေ၊ အင်တာနက်တွေဆိုတာ လူတိုင်းလွယ်လင့်တကူ အသုံးပြုနိုင်တဲ့ အခြေအနေကို ရောက်ခဲ့ပြီ။ စာဖတ်ဖို့ဆိုရင်လည်း စာအုပ်အစားထိုး ဖတ်လို့ရနိုင်တဲ့ Ebooks တွေဆိုတာ ပေါပေါများများ ရှိလာပြီ။ ကျန်တဲ့စာအုပ်တွေသာ CopyRight ဘာညာနဲ့ တွင်တွင်အော်နေကြပေမယ့် မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကတော့ ဘာ CopyRight ရယ်လို့မထားဘဲ စာအုပ်ဝယ် မဖတ်နိုင်ရင်တောင် Ebooks နဲ့ ဖတ်နိုင်ဖို့ အသင့်လက်တကမ်းမှာ ရှိနေပြီ။ လွယ်လိုက်တာ လွယ်လိုက်တာ ငါတို့များ ကံကောင်းလိုက်တာလို့ အမြဲတွေးမိတယ်။


မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်ကာလ မဟာဗုဒ္ဓဝင်ကျမ်း ရေးသားပြုစုချိန် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်ကဆိုရင် ကွန်ပျူတာဆိုတာ မြန်မာပြည်မှာမရှိ၊ အင်တာနက်ဆိုတာ မရောက်သေး ဗုဒ္ဓဝင်စာအုပ်တစ်အုပ် တစ်အုပ်ကို စာမျက်နှာ ၇၀၀ ဝန်းကျင်နဲ့ စာအုပ်ပေါင်း ၈ အုပ် စာမျက်နှာ ၆၀၀၀ နီးပါးကို လက်နှိပ်စက် နဲ့ ရိုက်နှိပ်တော်မူခဲ့တာ အံ့သြကြည်ညိုလို့ မဆုံးနိုင်ဘူး။ ဆရာတော် ဘုရားကြီး အပင်ပန်းခံရေးသားရိုက်နှိပ်ခဲ့တဲ့ စာအုပ်တွေကို ဝယ်ဖို့မလွယ်ရင်တောင် ဖတ်ဖို့လွယ်လင့်တကူလည်း ခုချိန်မှာ ရနိုင်နေပြီ။ လက်တကမ်းမှာ Ebooks Version တွေ ရှိနေပြီလေ။


ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ တရားစာအုပ်တွေ ဖတ်မယ်ဆိုရင် လွယ်လင့်တကူ ဒေါင်းလုပ်ချလို့ရတဲ့ စာအုပ်စုံတဲ့ နေရာတွေ အတော်များများ ရှိနေပြီ။ အဲ့တာတွေ အားလုံးထဲမှာမှ တရားစာအုပ်တွေ ပိဋကတ်(၃)ပုံကနေစပြီး တစ်နေရာတည်းမှာ စုံစုံလင်လင် ရနိုင်တဲ့ နေရာ (၃) ခုရှိတယ်။

(၁) ကမ္ဘာအေးဗုဒ္ဓသုတေသန စာကြည့်တိုက် - http://www.kbrl.gov.mm/Catalog/Featured
ဒီစာကြည့်တိုက်က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ပသာသနာပြု ဌာနခွဲကနေ တည်ထောင်ဖွင့်လှစ်ထားတာမို့လို့ စာအုပ်စာတမ်း အမျိုးအစား စုံလင်တယ်။ ဆဋ္ဌမူပိဋကတ်(၃)ပုံ၊ အဋ္ဌကထာ၊ ဋီကာကနေစပြီး ပုံမှန် ဘုရားရှိခိုး ဝတ်ရွတ်စဉ်ထိ အစုံရနိုင်တယ်။

(၂) ဓမ္မဒေါင်းလုပ်မိသားစု - http://www.dhammadownload.com
ဒီ စာမျက်နှာက ကမ္ဘာအေးစာကြည့်တိုက်လိုပဲ စာအုပ်အမျိုးအစား စုံလင်တယ်။ သူ့ရဲ့ အားသာချက်တစ်ခုက စာအုပ်တွေ Update ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဆဋ္ဌမူပိဋကတ်(၃)ပုံ Scan စာအုပ်တွေကို ၂၀၁၁ ဗားရှင်းအထိ စုဆောင်းပေးထားတာ တွေ့ရတယ်။

(၃) မြန်မာစာအုပ်စင် - http://www.mmbookdownload.com
ပိဋကတ်စာပေတင် မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ တရားသဘောကို ဇာတ်ဝတ္ထုလို ရေးထားတဲ့ စာအုပ်ကောင်းတွေ ဖတ်ချင်ရင်တော့ မြန်မာစာအုပ်စင်မှာ ရှာသင့်တယ်။ မြန်မာစာအုပ်စင်ဆိုတာ တခြားမဟုတ်ဘူး Burmeseclassic ကနေ သီးခြားထောင်ထားတဲ့ စာမျက်နှာခွဲပဲ။ စာအုပ်တွေလည်း Update ဖြစ်သလို စာအုပ်ကောင်းတွေလည်း အတော်များများရှိတယ်။

တခြား စာအျက်နှာတွေလည်း ရှိသေးတယ်။ ဒါပေမယ့် ဒီစာမျက်နှာ (၃) ခုနဲ့တင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာအုပ်အတော်များများ ဖတ်ဖို့ရနိုင်ပြီ။

စာဖတ်ပါ။
ဗုဒ္ဓဘာသာဖြစ်ခွင့်ရတုန်းမှာ ဗုဒ္ဓစာပေကို တစ်နေ့နည်းနည်းစီပဲဖြစ်ပါစေ လေ့လာကြည့်ပါ။

Dhamma Review.

Trying to Become a Devout Buddhist

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
ကဆုန်လပြည့်ကျော် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၂၀၁၉ ခုနှစ် မေလ ၂၉ ရက်။

ကျွန်တော် တစ်ချိန်က မိရိုးဖလာ ဗုဒ္ဓဘာသာပါ။ မိရိုးဖလာလို့ ဆိုပေမယ့် သာမန်မိရိုးဖလာထက်တော့ ကျွန်တော့်မိရိုးဖလာက နဲနဲလေးနက်သယောင်ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် အလှူဒါန လုပ်ရတာ စိတ်ရင်းထဲကကို နှစ်သက်တယ်။ ဘုရားဝတ်ပြုတာ၊ ပရိတ်/ပဋ္ဌာန်း/ဓမ္မစကြာရွတ်တယ်ဆိုတာတွေကလည်း နေ့တိုင်းပုံမှန်နီးပါးကိုရှိခဲ့တယ်။ အရင် အခြေအနေပေးခဲ့စဉ်တုန်းက ရွှေတံဂုံဘုရားဆိုလည်း နံနက် ၅ နာရီထိုးတိုင်း အရောက်တက်ဖြစ်ခဲ့တယ်။ ၅ တန်း၊ ၆ တန်း ကျောင်းသားဘဝတည်းက စနေနေ့မနက်တိုင်းလည်း တန်းဆွမ်းကြွတဲ့ သံဃာတော်တွေကို ဆွမ်းလောင်းဖြစ်ခဲ့တယ်။


ဒါပေမယ့် အဲ့ဒီ့လုပ်ရပ်တွေကြောင့် ကျွန်တော့်ရဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်မှုက အဆင့်တက်သွားစရာ မရှိတာ သေချာပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော် -
အရဟံ - အရဟံနဲ့ ပါးစပ်က ရွတ်နေပေမယ့် အရဟံရဲ့ ဂုဏ်တော်အနက်ကို မသိခဲ့ဘူး။
ပဋ္ဌာန်းကို အလွတ်ရပေမယ့် ဟေတုပစ္စယောဆိုတာ ဘာကိုဆိုလိုမှန်း နားမလည်ခဲ့ဘူး။
အန္တရာယ်ကင်းတယ်ဆိုလို့ သမ္ဗုဒ္ဓေကို ကျွန်တော်ရွတ်တယ်။ အနက်ကိုမသိခဲ့ဘူး။
မေတ္တာသုတ်အလွတ်ရပြီး ပါးစပ်က မကြာခဏ တွင်တွင် ရွတ်တတ်ပေမယ့် "လုံးစုံများစွာ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ ဆိုတဲ့ စာပိုဒ်က ဘယ်အပိုဒ်မှန်း ကျွန်တော်မဆက်စပ်မိခဲ့ဘူး"။
ဗုဒ္ဓဘာသာနဲ့ တခြား ကိုးကွယ်ရာ ဘာသာတရားတွေ ရဲ့ ခြားနားချက်ကို နားမလည်သလို ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတရားကိုလည်း ယုံကြည်ရာဘာသာတရားတစ်ခုအဖြစ် လက်ခံထားတာကလွဲရင် ထူးပြီးဘာမှ စိတ်ထဲမရှိခဲ့ဘူး။

ဒါကိုပဲ မိရိုးဖလာ ဗုဒ္ဓဘာသာလို့ ကျွန်တော်နာမည်တပ်ချင်တယ်။ တစ်ချိန်က မိရိုးဖလာ ဗုဒ္ဓဘာသာဆိုပေမယ့် ခုတော့ ကျွန်တော်အဲ့ဒီ့ မိရိုးဖလာအဆင့်ကို ကျော်နိုင်ခဲ့ပြီ။ ဒါပေမယ့် ကျွန်တော့်မိသားစု၊ ကျွန်တော့် အသိမိတ်ဆွေ၊ သူငယ်ချင်း၊ ကျွန်တော်နဲ့ လုံးဝသိကျွမ်းမှု မရှိသေးတဲ့ သူတွေထဲမှာ တစ်ချိန်ကကျွန်တော်ဖြစ်တည်ခဲ့သလို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဘယ်လောက်တောင်များ ကျန်နေဦးမလဲ ကျွန်တော် မသိနိုင်ဘူး။

ဘဝဆိုတာ သိပ်တိုတောင်းတယ်။ ကျွန်တော်တို့ ချစ်တဲ့သူတွေ၊ ကျွန်တော်တို့ကို ချစ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ခွဲခွာကုန် ကြပြီ။ ပြန်စဉ်းစားကြည့် ကျွန်တော်တို့ အသက်ရှင်ဖို့ ဘယ်နရက် ကျန်နေသေးတယ်ဆိုတာ ဘယ်သူမှမသိဘူး။ အဲ့တော့ ဘာကိုမက်မော နေတာလဲ။ ဘာတွေကို လောဘတက်နေတာလဲ။ ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် မနာလိုဖြစ်နေရတာလဲ။

ကျွန်တော် ပြောချင်တာ ကိုယ်ကြိုးစားနိုင်သလောက်ပဲ ကိုယ်ယူပါ။
ကိုယ့်လိပ်ပြာကိုယ်သန့်ပါ။ ကိုယ့်အတွက် ဖြစ်မလာနိုင်သေးတာ တွေကို အတင်းမျှော်မှန်းပြီး ကိုယ့်စိတ်ကို အပင်ပန်းမခံပါနဲ့။ ကြိုးစားလို့ ဖြစ်မလာလည်း ငါ့ကျမှ မဖြစ်ရလေခြင်းလို့ ကြေကွဲမနေပါနဲ့။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဓမ္မစကြာဒေသနာမှာ ဟောခဲ့ပြီးပြီ။ ခန္ဓာရှိနေသရွှေ့ ဖြစ်ချင်ရာ မဖြစ်တာ၊ မဖြစ်ချင်ရာ ဖြစ်တာဆိုတာ အမြဲရှိနေဦးမှာပဲ။

တရားနာပါ။ တစ်ပတ်ကို ၃ ပုဒ်နှုန်းလောက် နာပါ။
တရားစာအုပ်ဖတ်ပါ။ တစ်ရက်ကို စာမျက်နှာ ၃၀ နှုန်းဖတ်ပါ။

ပုံမှန်လုပ်ပါ။
လူဖြစ်လာရင် ငါဘာလုပ်သင့်လဲဆိုတာ အရင်ကထက် ပိုသိလာပါလိမ့်မယ်။

Dhamma Review.

Dhamma Review

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့ ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်။ အင်တာနက် စာမျက်နှာတွေပေါ်မှာဖြစ်ဖြစ် လူမှုကွန်ယက် စာမျက်နှာ တွေပေါ်မှာ ဖြစ်ဖြစ် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဝအောင်မြင် တိုးတက်ရေးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်တွေအပေါ် သုံးသပ်ချက်ပေးတဲ့ Blog တွေ အတော်များများ ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။ ဖတ်လည်းဖတ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဓမ္မစာပေနဲ့ ပတ်သက်ပြီး သုံးသပ်ချက်၊ အညွှန်းစာရေးတဲ့ Blog မျိုးကိုတော့ ကျွန်တော် သိပ်မတွေ့မိခဲ့ဖူးပါဘူး။ တကယ်တော့ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကို ဓမ္မစာပေအဖြစ်နဲ့ ပြန်လည်ရေးသားထားတဲ့ အကြောင်းအရာတွေ၊ ဇာတ်နိပါတ်တော်တွေ၊ တရားဒေသနာတော်တွေဆိုတာ ဘဝအောင်မြင်ရေးအတွက်သာမက ဘဝသံသရာအတွက်ပါ အကျိုးကျေးဇူး များလှတယ်ဆိုတာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကြသူတိုင်း ယုံကြည်လက်ခံထားကြတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။

အတတ်ပညာ နည်းပညာတွေ တဖြည်းဖြည်း ရှေ့တန်းရောက်လာပြီး လိုချင်တပ်မက်စရာ တစ်စထက်တစ်စ ပိုမိုများပြားလာတဲ့ မျက်မှောက်ခေတ်ကာလမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာတော်တွေဟာလည်း မှုံရီဝေဝါးပြီး အနည်ထိုင်စ ပြုလာပါတယ်။ ဗုဒ္ဓဘာသာအမည်ခံပေမယ့် ဘာသာရေးရဲ့ အနှစ်သာရကို နားမလည်သူတွေဟာလည်း အရွယ်သုံးပါးစလုံးမှာ တစ်နေ့ထက်တစ်နေန့ ပိုမိုများပြားလာပါတယ်။

ဒီအခြေအနေကို မတားဆီးနိုင်ပေမယ့် အတိတ်ကံပါရမီရှိခဲ့ပြီး ဓမ္မရေစက် ပါခဲ့သူ မိတ်ဆွေအပေါင်းအတွက် ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ ဖတ်နေဆဲဖြစ်တဲ့ ဓမ္မစာအုပ်တွေရဲ့ အနှစ်သာရနဲ့ အကြောင်းအရာတွေကို ဖတ်ဖြစ်စေစိမ့်သောငှာ ကျွန်တော် အညွှန်းစာလေး ရေးချင်စိတ်ဖြစ်မိပါတယ်။ အဲ့တာကြောင့်ပဲ Dhamma Review ဆိုပြီး Blog လေးတစ်ခုကို Techsectors Blog နဲ့ ယှဉ်တွဲပြီး Facebook စာမျက်နှာပေါ်မှာ မြတ်စွာဘုရားရှင် ဗျာဒိတ်လက်ခံရရှိတော်မူတဲ့၊ ဖွားမြင်တော်မူတဲ့၊ သဗ္ဗညုတဉာဏ်တော်ရတော်မူတဲ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့ ကဆုန်လပြည့်နေ့အမှီ စတင်ရေးသားဖြစ်ခဲ့ပါတယ်။

Dhamma Review.

Full Moon Day of KaSone

ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်နေ့။
သာသာနာနှစ် ၂၅၆၃ ခုနှစ်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့တာ ဒီနေ့ဆိုရင် ၂၅၆၃ နှစ် ပြည့်ခဲ့ပြီ။


ဒီနေရာမှာ မှတ်ထားသင့်တာ သက္ကရာဇ် (၅) မျိုးရှိပါတယ်။

(၁) မဟာသက္ကရာဇ် = ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဘိုးတော် (သီရိမဟာ မာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟ ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နဲ့ တိုင်ပင်ပြီး သူ့လက်ထက်မှာ ရောက်ဆဲဖြစ်တဲ့ သက္ကရာဇ် (၈၆၄၅) ခုကို အဲ့ဒီနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီး တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကစလို့ သက္ကရာဇ်တစ်ခု ထားတယ်။ အဲ့ဒီ့သက္ကရာဇ်ကို မဟာသက္ကရာဇ်လို့ခေါ်တယ်။ အဲ့လိုစပြီးသတ်မှတ်တဲ့နှစ်က မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလို။ ဂေါတမဘုရားရှင်ရဲ့ သက်တော် (၈၀)နှင့်ပေါင်းရင် မဟာသက္ကရာဇ်ရဲ့ သက်တမ်းက (၁၄၈)နှစ်အထိ ရှိခဲ့တယ်။ အဲ့ဒီ့ ၁၄၈-နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စပြီးတွက်ရတယ်။

(၂) သာသနာသက္ကရာဇ် = မဟာသက္ကရာဇ်ရဲ့ သက်တမ်း (၁၄၈)နှစ် ရောက်တဲ့အချိန်မှာ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူတယ်။ အဲ့ဒီ့နေက ကဆုန်လပြည့်နေ့။ အတိအကျပြောရင် မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ (ဘီစီ ၅၄၃) ကဆုန်လပြည့်၊ အင်္ဂါနေ့။ သာသနာတော် အနှစ် (၅၀⁠၀၀)ကိုလည်း ထားတော်မူခဲ့တယ်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်ရဲ့ ကြီးကြပ်ပံ့ပိုးမှုနဲ့ ပထမသင်္ဂါယနာတင်တော်မူပြီးတဲ့နောက် အရှင်မဟာကဿပနဲ့ ဘုရင်အဇာတသတ် တိုင်ပင်ပြီး သက္ကရာဇ် (၁၄၈)ကို ဖြိုခဲ့တယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့ အဲ့ဒီ့နှစ်ကနေပဲစပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ဆိုပြီးစရေတွက်ခဲ့တယ်။ အဲ့ကနေစပြီး  သာသနာသက္ကရာဇ် ဆိုပြီးပေါ်လာတယ်။

(၃) ကောဇာ (ဂေါဇာ)သက္ကရာဇ်၊ မြန်မာသက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှာ ရှိရင်းစွဲ သာသနာသက္ကရာဇ်ကိုဖြိုပြီး အသစ်ပြန်စ ရေတွက်ရာကနေ ကောဇာသက္ကရာဇ် တစ်နည်းအခေါ် မြန်မာသက္ကရာဇ် ဆိုတာ ပေါ်လာတယ်။ ကောဇာ (ဂေါဇာ)သက္ကရာဇ် (ဝါ) မြန်မာသက္ကရာဇ် ဆိုပြီး စတင်သတ်မှတ်ခဲ့တဲ့ သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှာတစ်ကြိမ် (၆၂၂ နှစ်)၊ ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာတစ်ကြိမ် (၅၆၀ နှစ်)၊ စုစုပေါင်း သက္ကရာဇ် နှစ်ကြိမ် စုစုပေါင်း (၁၁၈၂ နှစ်) ဖြိုခဲ့ဖူးတယ်။ အဲ့တာကြောင့် မြန်မာသက္ကရာဇ် တစ်နည်းအခေါ် ကောဇာသက္ကရာဇ်က သာသနာသက္ကရာဇ် ထက်နည်းနေတာ။ လက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ကို ဖြိုခဲ့တဲ့ ၁၁၈၂ နှစ်နဲ့ပေါင်းရင် လက်ရှိသာသနာနှစ် ၂၅၆၃ နှစ် (၁၁၈၂+၁၃၈၁) ကိုရတယ်။

(၄) ခရစ်သက္ကရာဇ် (ဘီစီ) = ခရစ်တော် မပေါ်မီကာလ နောက်ပိုင်းကို ရေတွက်ရတဲ့နှစ်တွေ။
(၅) ခရစ်သက္ကရာဇ် (အေဒီ) = ခရစ်တော် ပေါ်ပြီးတဲ့ နှစ်ကနေစပြီး ရှေ့ကို အစဉ်အတိုင်း ရေတွက်ရတဲ့ နှစ်တွေ။ (လက်ရှိသုံးနေတဲ့ အင်္ဂလိပ် ပြက္ခဒိန်)

ဒီကနေ့ ကဆုန်လပြည့်နေ့၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော် မူတဲ့နေ့ အခါသမယကို အထူးအားဖြင့် အမှတ်ပြုပြီး ဒီ Dhamma Review Blog ကို စတင်ရေးသားခဲ့ပါတယ်။

မြတ်စွာဘုရားရှင် လောကသတ္တဝါအပေါင်းကို စွန့်ခွာပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့တာ ဒီနေ့ဆိုရင် နှစ်ပေါင်း ၂၅၆၃ နှစ်တိုင်ခဲ့ပြီဆိုတာ သတိထားမိအောင်ရယ်၊ ဒီနေ့ထိ ကျွန်တော်တို့တွေ သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်သေးဘူးဆိုတာရယ်ကို သတိပြုမိပြီး မကောင်းမှုတွေလျော့ ကောင်းမှုတွေ ဆောင်နိုင်ကြစေဖို့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သိရှိနားလည် ကျင့်သုံးလိုက်နာသင့်တာတွေကို မျှဝေပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သတ္တလောက သတ္တဝါအပေါင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းနိုင်ကြပါစေ။


Dhamma Review.

Related Posts