Beginner Guide for OneNote 2010

Leave a Comment
ကျွန်တော် သူ့ အကြောင်းကို မိတ်ဆက် ပေးချင်တာ ကြာပါပြီ - မိတ်ဆက်ပေးချင်တယ် ဆိုပေမယ့် တစ်ချို့လည်း လတ်တလော သုံးကောင်း သုံးနေကြမှာပါ - ကျွန်တော် ပြောပြချင်တယ်ဆိုတာက Microsoft Office ကို သုံးပြီး Word - Excel - Powerpoint နဲ့ Outlook လောက်ပဲ သုံးဖြစ်နေတဲ့ မိသားစုဝင်တွေ အတွက် နယ်ပယ် သစ်တစ်ခုကို တိုးဝင်ကြည့်စေချင်တဲ့ သဘောမျိုးလောက်ပါပဲ - သူ့ အကြောင်းကို ကျွန်တော် မပြောခင်မှာ နည်းပညာ သမားတွေ အတွက် မဖြစ် မနေ လေ့လာသင့်တဲ့ အင်္ဂလိပ် ဆိုဒ် တစ်ခုကိုလည်း မိတ်ဆက်ပေးချင်ပါသေးတယ်။ အဲ့ ဆိုဒ် နာမည်ကတော့ How-To-Geek ပါ - နည်းပညာနဲ့ ပတ်သတ်ပြီး လေ့လာတဲ့ သူတိုင်း အဲ့ဆိုဒ်ကို တော်တော်များများ သိကြပါတယ်။ ခု ကျွန်တော် ရေးမယ့် အကြောင်းကိုလည်း How-To-Geek မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို မှီငြမ်းပြီး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သူ့နာမည်ကတော့ OneNote ပါ - OneNote ကို စတင်ထိတွေ့မိတော့ သူ့ကို ကျွန်တော် ကောင်းကောင်း အသုံးမချတတ်ဘူး - အဲ့တုန်းက How-To-Geek ကိုလည်း ကျွန်တော် မသိသေးခဲ့ပါဘူး - ဆန်းဆန်းပြားပြားဆို လက်တည့် စမ်းစေချင်လို့ OneNote ကို ကိုယ်တိုင် စာဖတ်ပြီး စမ်းသုံးခဲ့ပါတယ်။ ကျွန်တော် သိခဲ့တဲ့ အခြေခံ အကြောင်းအရာလေးတွေ အသုံးတည့်တဲ့ features လေးတွေ အကြောင်းတွေ - အသုံးချပုံ အကြမ်းဖျဉ်းလေးတွေကို ကျွန်တော်ခု ဒီနေရာကနေ ဖော်ပြပေးသွားပါ့မယ်။ ဒီစာမှာ ကျွန်တော် OneNote 2010 ကို ဥပမာထားပြီး အသားပေး ဖော်ပြသွားပါ့မယ်။

OneNote ဆိုတာဘာလဲလို့ အကြမ်းဖျဉ်း ရှင်းရမယ် ဆိုရင် ကျွန်တော်တို့တွေ တော်တော်များများ လုပ်ငန်းကိစ္စ - ကိုယ်ရေး ကိုယ်တာကိစ္စ - မှတ်စရာ သိစရာ အသေးစိတ် အချက်အလက် ဆိုတာတွေ အတွက် မှတ်စု စာအုပ် ( Notebook ) သို့တည်းမဟုတ် Diary ဆိုတာမျိုး လူတိုင်းနီးပါး ဆောင်တတ်ကြပါတယ်။ OneNote ဆိုတာက အဲ့ဒီ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Notebook တို့ Diary တို့ နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ Product တစ်ခု ဖြစ်ပါတယ်။ အသုံးမချဖူးသူ တစ်ယောက်အတွက် စစသုံးချင်းမှာ စိမ်းနေနိုင်ပေမယ့် အသုံးပြုဖူးပြီးသွားရင် သူ့ရဲ့ လုပ်ဆောင်ချက် သဘောတရားတွေကို ကောင်းကောင်း သဘောပေါက်ပြီး ရင်းနှီးကျွမ်းဝင်သွားပါလိမ့်မယ်။


OneNote 2010 အား စတင်ထိတွေ့ခြင်း


Office 2010 ကို တင်ပြီဆိုရင် တစ်ချို့က Customize ရွေးတင်တတ်ကြပေမယ့် တော်တော်များများကတော့ Default တင်ကြတာ များပါတယ်။ အဲလို Default တင်တတ်တဲ့ သူတွေ အတွက် OneNote ဆိုတာ Office 2010 မှာ Starter edition ကလွဲရင် ပါဝင်လာပြီးသား ဖြစ်မှာပါ။


Office 2010 ကို installed လုပ်ဆောင်ပြီးသွားရင် OneNote 2010 ကို Start Menu မှာရှိတဲ့ Microsoft Office folder ထဲမှာ ခုလို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။


တစ်ချို့ကျတော့လည်း Office 2010 ကို ဒေါင်းလုပ် မချရသေးလို့ ဒီ အကြောင်းအရာကို ဖတ်တဲ့ အချိန်မှာ စမ်းသပ်ကြည့် ချင်ပေမယ့် စမ်းလို့ မရဖြစ်ပြီး အံတကျိတ်ကျိတ် ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ :D အဲလို မဖြစ်ပါနဲ့ ဒီကောင်လေး စမ်းသုံးကြည့်ချင်တဲ့ စိတ် တစ်ခုတည်း အတွက်နဲ့ Office 2010 ကြီး install လုပ်နေဖို့ မလိုပါဘူး - OneNote 2010 နောက်တစ်နေရာကနေ စမ်းသပ်သုံးစွဲကြည့်လို့ ရပါသေးတယ်။ ဒီနေရာကနေ သွားပြီး Browsers တွေကနေ သုံးစွဲလို့ ရတဲ့ ခုနောက်ထွက် Office Web Apps ကနေ တစ်ဆင့် OneNote 2010 ကို စမ်းသပ်ကြည့်လို့ ရပါတယ်။ သူ့မှာပါတဲ့ feature တွေက ကျွန်တော်တို့ လက်တလော စက်ထဲမှာ installed လုပ်ပြီး သုံးစွဲနိုင်တဲ့ OneNote 2010 ထက် နည်းပါးပေမယ့် စမ်းသပ်သုံးစွဲ ကြည့်ယုံလောက်လေး တစ်ခုတည်း အတွက်တော့ တော်တော်လေး အသုံးတည့်ပါတယ်။ ဒီအောက်က ပုံကတော့ Office Web Apps မှာပါတဲ့ OneNote 2010 ကို Browser ကနေ တစ်ဆင့် တွေ့နေရတဲ့ ပုံပါ။



မည်သို့ လုပ်ဆောင်မည်နည်း



OneNote ကို ကျွန်တော်တို့ စတင်လိုက်တာနဲ့ ပထမဆုံး သူကနေပြီး example notebook တစ်အုပ်နဲ့ မိတ်ဆက်ပေးပါလိမ့်မယ်။ သူဖော်ပြထားတဲ့ ဖော်ပြချက်လေးတွေကို ဖတ်ပြီး ဘယ်လို အသုံးပြုရမယ် ဆိုတာ အလွယ်တကူ သိရှိနားလည်နိုင်ပါတယ်။



OneNote ဆိုတာ ကျွန်တော်တို့ တကယ့် ပြင်ပမှာ ကဏ္ဍအသီးသီးက ကွဲထွက်နေတဲ့ Notebooks ပေါင်းများစွာကို တစ်နေရာတည်းမှာ ပေါင်းစည်းပေးထားနိုင်တဲ့ နေရာပါ။ အဲလို ပေါင်းစည်းတဲ့ နေရာမှာ ကဏ္ဍတစ်ခုချင်းစီ အလိုက် ခေါင်းစီးမှာ ရှိနေတဲ့ General - Unfiled Notes စသဖြင့် Sections လိုက် ခွဲထားစလို Sections တစ်ခုချင်းစီမှာလည်း ထပ်ပြီး ညာအစွန်မှာ မြင်နေရတဲ့ Pages တွေ အဖြစ် အကြောင်းအရာ တစ်ခုချင်းစီကို ထပ်မံ စိတ်ဖြာလို့ ရပါသေးတယ်။ ဒါက Notebook တစ်ခုတည်း အတွက် စိတ်ဖြာမှုပဲ ရှိပါသေးတယ်။ တကယ်လို့ ကိုယ်က Notebook တွေကို ကိုယ်ရေးကိုယ်တာ အပြင် - ပညာရေး - လူမှုရေး - စီးပွားရေး - စသဖြင့် နောက်ထပ် ကဏ္ဍသီးခြားထားပြီး Note ရေးချင်တယ် ဆိုရင် နောက်ထပ် Notebook အသစ်တွေကိုလည်း ဘယ်ဘက်ခြမ်းမှာ မြင်နေရတဲ့ Personal ဆိုတဲ့ နေရာကနေ တစ်ဆင့် Create လုပ်လို့ ရပါသေးတယ်။



နောက်တစ်နည်း အနေနဲ့ Notebook အသစ်တစ်ခုကို File tab ကနေလည်း Create လုပ်လို့ ရပါတယ်။ နောက်တစ်ချက် အနေနဲ့ အင်တာနက်နဲ့ ချိတ်ဆက်ထားပြီးသား ကွန်ပြူတာ တစ်လုံးအဖို့ ကိုယ့် ကွန်ပြူတာ ထဲက Notebooks တွေကို အောက်ဖော်ပြပါ နေရာကနေ တစ်ဆင့် Online မှာ ရှိနေတဲ့ Office Web Apps နဲ့ ချိတ်ဆက်ပြီး ကမ္ဘာ့နေရာအနှံ့ အသီးသီးက ကြိုက်နှစ်သက်ရာ နေရာကနေ access လုပ်နိုင်ဖို့ ဖန်တီးထားနိုင်သလို တစ်ခြား မိမိရဲ့မိသားစု သူငယ်ချင်းတွေကိုလည်း Share လုပ်ထားလို့ ရပါသေးတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့မှာ Windows Live ID တစ်ခု ရှိထားဖို့တော့ လိုပါတယ်။



ကိုယ် ဖန်တီးထားတဲ့ Notebook ထဲမှာမှ အကြောင်းအရာ အသစ်တစ်ခုကို section အသစ် တစ်ခု အနေနဲ့ ဖွင့်ပြီး ရေးချင်ပြီ ဆိုရင် Tab မှာ ရှိနေတဲ့ Star လေးကို ကလစ်ပေးပြီး နောက်ထပ် Sections တွေ ခွဲထုတ်လို့ ရပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ရောထွေးမှု ရှိနိုင်တာလေးက Pages - Sections နဲ့ Notebooks တွေရဲ့ သဘောတရားတွေကို နားလည်ဖို့ လိုလာပါတယ်။ Pages ဆိုတဲ့ သဘောက ခေါင်းစဉ်ကြီး တစ်ခုအောက်က ကဏ္ဍခွဲ သေးသေးလေးတွေကို ခွဲခြား ရေးသားတာကို ခေါ်တာပါ။ Sections ဆိုတာက Pages ထဲမှာ ပေါင်းရေးလို့ မရတဲ့ အကြောင်းအရာကွဲ တွေကို သပ်သပ် ခေါင်းစဉ်ကြီး ထုတ်ပြီး ခွဲခြား ရေးသားတာကို ခေါ်ပါတယ်။ Notebooks ဆိုတာကတော့ အဲလို အကြောင်းအရာပေါင်းများစွာကို ပေါင်းချုပ်ထားတဲ့ စာအုပ် ကို ခေါ်တာပါ။ Pages အသစ်တစ်ခု ဖန်တီးဖို့ အတွက် ညာဘက်ခြမ်းမှာ ရှိနေတဲ့ New Page ကနေ အလွယ်တကူ ဖန်တီးနိုင် ပါတယ်။ 



Sections အလိုက်မှာ စာတွေရေးတယ် ရေးရင်းနဲ့ Pages တွေကလည်း များလာပြီ ကြည့်ရတာ မျက်စိလည်း နဲနဲ ရှုပ်လာပြီ ထင်ရင် Pages သက်ဆိုင်ရာ ခေါင်းစဉ်တစ်ခုတည်း အောက်ကို Sub-pages တွေ အနေနဲ့ ပေါင်းထည့်လိုက်လို့ ရပါတယ်။ အစီအစဉ် မကျ ဖြစ်နေရင်လည်း pages တွေကို Drag ဆွဲပြီး အထက်အောက် အစီအစဉ်ကျအောင် ပြင်ဆင်လို့ ရပါတယ်။



Notes များရေးသားခြင်း



OneNote ထဲမှာ Note ရေးတော့ မယ် ဆိုရင် စာပဲ ရေးရေး - ပုံပဲ ထည့်ထည့် Page ရဲ့ ကြိုက်တဲ့ နေရာမှာ ကြိုက်သလို ရေးလို့ ရပါတယ်။ သူက လုံးဝကို Free style ပါ။ Word လိုမျိုး ဘောင်တွေ စည်းမျဉ်းတွေ မရှိဘူး - ကျွန်တော်ကတော့ သူ့ထဲမှာ စာရေးရတာ Word မှာ ရေးနေရတာထက် ပိုလွတ်လပ် နေသလိုပဲလို့ ခံစားမိပါတယ်။ တစ်ခုခုကို Cursor ချပြီး ချရေးလိုက်ပြီ ဆိုတာနဲ့ သူက ကိုယ့်စာတွေ အားလုံးကို box လေးတစ်ခုနဲ့ ဘောင်ခတ် ဖော်ပြသွားပြီး ကိုယ်ရိုက်သမျှ Auto Save ပေးပါတယ်။ အဲတာကြောင့် Word မှာလိုမျိုး စာတွေ အများကြီး ရိုက်ထားပြီးကာမှ မီးပျက်လို့ Save မထားလိုက်မိပဲ အကုန် ပြန်ရိုက်နေရတယ် ဆိုတာမျိုး ပြဿနာတွေကနေ လွတ်ကင်းစေပါတယ်။ ဒါတင်မက ကိုယ် ရိုက်ထားတဲ့ စာတွေပါတဲ့ box လေးကို Page ပေါ်မှာပဲ ဟိုဟိုဒီဒီ ကြိုက်တဲ့နေရာ ရွှေ့ပြောင်းလို့လည်း ရပါသေးတယ်။




OneNote ကို စစဖွင့်ဖွင့်ခြင်းမှာ editing tools တွေလည်း ဘာမှ မပါပါလားဆိုပြီး ထင်စရာ ရှိပါတယ်။ ဒါက Default အနေနဲ့ သူက အမြင်ရှင်းအောင် ဖွက်ထားပေးတာပါ။ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Home - Insert ဒါမှမဟုတ် တစ်ခြား Tabs တစ်ခုခုကို နှိပ်လိုက်တာနဲ့ Tools အများအပြားကို ဖော်ပြပါအတိုင်း စတင်တွေ့မြင်ရပါလိမ့်မယ်။



တကယ်လို့ ကိုယ်က OneNote စဖွင့်တည်းက ဒီလို tools တွေကို တစ်ခါတည်းမြင်ချင်တာမျိုး ဆိုရင်လည်း အောက်မှာ ဖော်ပြထားတဲ့အတိုင်း exit button နားက Arrow လေးကို Click ပေးပြီး ပြင်ဆင်ထားနိုင်ပါတယ်။



OneNote ကို သုံးရတာ တစ်ခြား စိတ်ဝင်စားစရာတွေလည်း အများကြီး ရှိပါသေးတယ်။ OneNote မှာပါတဲ့ Insert tab ကနေ ပြီး files တွေ vidoes တွေနဲ့ screen clippings တွေကိုလည်း ကိုယ့် notes ထဲမှာ ထည့်သွင်းလို့ ရပါသေးတယ်။ စာအုပ်နဲ့သာ ရေးရင် ဒါမျိုးတွေက ထည့်သွင်းဖော်ပြလို့ ရတာမျိုး မဟုတ်ပါဘူး။ အခုတော့ ကိုယ့် ကွန်ပြူတာထဲက Diary လို့ ပြောလို့ ရတဲ့ ဒီ Notebook ထဲမှာပဲ လိုတာအားလုံး ထည့်သွင်း သိမ်းဆည်းထားလို့ ရပါတယ်။ သူ့မှာပါတဲ့ screen clipping tool ဆိုတာကလည်း တော်တော်လေး အသုံးဝင်ပါတယ်။ OneNote ကိုဖွင့်ထားလိုက်ပြီး အောက်မှာ ပြထားတဲ့ အတိုင်း button ကို နှိပ်ပြီး ဖြစ်ဖြစ် keyboard shortcut Win+S ကို နှိပ်လိုက်တာနဲ့ Screen ပေါ်က ကြိုက်ရာအပိုင်းကို capture လုပ်လိုက်လို့ ရပါတယ်။ သူက Capture လုပ်ပြီးတာနဲ့တစ်ခါတည်း ဘယ် Notebook ထဲမှာ ထည့်သိမ်းချင်လဲ ဆိုတာကိုပါ မေးတာမျိုးပါ။ အဲတော့ သီးသန့်ကြီး Capture လုပ်လိုက်  OneNote ထဲ သွားထည့်လိုက် ဆိုတာမျိုးတွေလည်း နှစ်ခါလုပ်ဆောင်ဖို့ မလိုတော့ဘူးပေါ့။ 




ဒါတင်မက ကိုယ့် ကွန်ပြူတာက touchscreen ဖြစ်ဖြစ် drawing tablet ဖြစ်ရင် ဖြစ်ဖြစ် - ink notes တွေကိုလည်း OneNote ထဲမှာ ဖန်တီးလို့ ရပါသေးတယ်။




အပေါ်မှာ ဖော်ပြခဲ့ပြီးသလို OneNote ဆိုတာ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ - စီးပွားရေး - လူမှုရေး သတင်းအချက်အလက် ဆိုင်ရာတွေကို တစ်နေရာတည်းမှာ ပေါင်းစု သိမ်းဆည်းထားမယ့် နေရာဖြစ်လို့ ကဏ္ဍတွေ ရှုပ်ထွေးပြီး တစ်ခုခု အရေးပေါ် သိချင်လိုချင်တဲ့ အခါမှာ ရှာဖွေရ ခက်ခဲနေတတ်တာမျိုး ရှိလာနိုင်ပါတယ်။ ဒီလို အခက်အခဲမျိုးကို ဖြေရှင်းနိုင်ဖို့ သူ့ထဲမှာ advanced search ဆိုတာ ထည့်သွင်းပေးထားပြီး အဲကနေ တစ်ဆင့် စာသားအလိုက် - ဓာတ်ပုံအလိုက် စသဖြင့် အသေးစိတ် ရှာဖွေနိုင်ပါတယ်။  လုပ်ဆောင်နည်းကတော့ ကိုယ်ရှာဖွေချင်တဲ့ စာလုံးအတိုအထွာလေးကို Window ရဲ့ ညာဘက် အပေါ်ထောင့်က Search box မှာ ရိုက်သွင်းပြီး ရှာဖွေခိုင်းလိုက်ပါ။ အောက်ဖော်ပြပါအတိုင်း ကိုယ်လိုချင်တဲ့ စာသားနဲ့ ကိုက်ညီအောင် OneNote က ရှာဖွေ ဖော်ပြပေးပါလိမ့်မယ်။




OCR technology အကြောင်း ကြားဖူးသူတွေ ရှိနိုင်သလို အသေးစိတ် နားလည်ပြီးသား သူတွေလည်း ရှိနိုင်ပါတယ်။ OCR technology ဆိုတာကို စိမ်းနေသူတွေ အတွက် အကျဉ်းဖော်ပြပေးရရင် OCR technology ဆိုတာ Optical character recognition လို့ ခေါ်ပြီး scanned လုပ်ထားတဲ့ images တွေမှာ ပါတဲ့ လက်ရေးမူ ဒါမှမဟုတ် စက်ရေးမူတွေကို machine-encoded text အဖြစ်ပြောင်းလဲ ပေးတဲ့ နည်းပညာကို ခေါ်ပါတယ်။ ဒီထက်နားလည်လွယ်အောင် ပြောရရင်တော့ ဓာတ်ပုံပေါ်က စာကို Word file ပြောင်းတဲ့ နည်းပညာလို့ အလွယ်ပြောရမှာပါ။ အဲလို OCR technology ကို သုံးနိုင်ဖို့ ဆိုရင် ပုံမှန်အားဖြင့် Software တစ်ခုကို ဒေါ်လာရာနဲ့ချီ ဝယ်သုံးရပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ABBYY FineReader တို့ Evernote တို့ နောက် Adobe Acrobat နဲ့ OmniPage - Readiris ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ ဒါတွေ အားလုံးကို ကျွန်တော်တို့က OCR technology အတွက် သီးသန့်ထပ်ဝယ်ပြီး သုံးဖို့ မလိုတော့ပါဘူး OneNote အသုံးဝင်တဲ့ OCR technology ပါဝင်ပေါင်းစပ်ထားပြီးသား ဖြစ်ပါတယ်။ သူ့ကို သုံးပြီး images ထဲမှာ ဖော်ပြပါဝင်တဲ့ စာတွေကို text အဖြစ် ပြောင်းလဲလို့ ရပါတယ်။ ( မှတ်ချက် - မြန်မာစာ မရပါ :D ) 



အကြောင်းအရာများအား OneNote သို့ ပေးပို့ခြင်း


Default အနေနဲ့ OneNote ကို တစ်ကြိမ် Run ထားရင် နောက်ပိုင်း Window အဖွင့်အပိတ်မှာ OneNote က system tray ထဲမှာ ရှိနေတတ်ပြီး အဲကနေ တစ်ဆင့် screen capture လုပ်ဆောင်ဖို့နဲ့ Note အသစ်တစ်ခု ရေးဖို့အတွက် လွယ်ကူ အဆင်ပြေစေ ပါတယ်။




နောက်ထပ် ကောင်းတာလေး တစ်ခုက OneNote ကို install လုပ်လိုက်တာနဲ့  virtual printer တစ်ခု အလိုလို install လုပ်ဆောင်ပေးပြီးသား ပါဝင်လာပါတယ်။ ဒါပါဝင်လာခြင်းအားဖြင့် ဘာကောင်းသွားလဲ ဆိုရင် Program တစ်ခုခုကနေ ပြီး OneNote ဆီကို တိုက်ရိုက် info တွေ ထည့်သွင်းသွားလို့ ရပါတယ်။ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အနေနဲ့ ပုံမှန်အတိုင်း သက်ဆိုင်ရာ Program ကနေ Print ကိုရွေးပေးပြီးပဲ ဖြစ်ဖြစ် Ctrl+P ပဲ နှိပ်ပြီး ဖြစ်ဖြစ် ပေါ်လာတဲ့ Print Dialog Box ကနေ Send To OneNote 2010 ကို ရွေးပေးပြီး Print လိုက်ယုံပါပဲ။ 




ဒါတင်မက ကျွန်တော်တို့ installed လုပ်ဆောင်ထားတဲ့ Office suit မှာ Outlook ထည့်သွင်း ထားတယ် ဆိုရင် Outlook ကနေ တစ်ဆင့် ကိုယ့်အတွက် အမှတ်ရဖို့ လိုအပ်တဲ့ Mails တွေကို OneNote ရှိရာဆီ အောက်ဖော်ပြပါအတိုင်း တိုက်ရိုက် ပို့လွှတ်လို့ ရပါတယ်။ ဒီလိုလုပ်ဆောင်ထားခြင်း အားဖြင့် အရေးကြီး တဲ့ Mails တွေကို နောက်တစ်ကြိမ် Mails ပေါင်းများစွာရဲ့ ကြားမှာ ခေါင်းစားလောက်အောင် ပြန်ရှာစရာ မလိုပဲ အရေးကြီး အချက်အလက်တွေ သိမ်းဆည်းထားနိုင်ပါလိမ့်မယ်။



အဲလိုနည်းနဲ့ မဟုတ်ပဲ OneNote ကို ကိုယ့် Screen ပေါ်က ညာဘက်ခြမ်းမှာ ကပ်ခိုင်းထားပြီး တစ်ခုခု စိတ်ဝင်စားစရာ တွေ့ရင် အလွယ်တကူ Note ထုတ်မှတ်သားနိုင်အောင်လည်း ပြင်ဆင်ထားနိုင်ပါသေးတယ်။ လုပ်ဆောင်ဖို့ကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Dock to desktop button ကို Click ပေးလိုက်ဖို့ပါ။  




အနှစ်ချုပ်


ကျွန်တော် ခု ဖော်ပြခဲ့ပြီး သလောက်ဆို OneNote ရဲ့ သဘောတရားနဲ့ အသုံးချပုံ တစ်ချို့ကို နားလည်ပြီး အစပျိုးနိုင်လိမ့်မယ် လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်က How to ဆန်ဆန် ဖော်ပြချင်တာ မဟုတ်တဲ့ အတွက် လုပ်ဆောင်ပုံ အသေးစိတ်ကို အဆင့်လိုက် တစ်ဆင့်ချင်း အသေးစိတ် ဖော်ပြမသွားနိုင်တာ နားလည်ပေးကြ စေချင်ပါတယ်။ နောက်ဆုံး ဖော်ပြချင်တာကတော့ OneNote 2010 ဆိုတာ Notes တွေ ရေးသားတဲ့ အခါ - စိတ်ကူးတွေ ပုံဖော်တဲ့ အခါ - အကြောင်းအရာတစ်ခုချင်းစီ အလိုက် screenshots တွေ ဖန်တီး မှတ်သားတဲ့ အခါနဲ့ အခြားအသေးအဖွဲ ကစပြီး အရေးပေါ် အကြောင်းအရာထိ မှတ်သားလွယ်ကူဖို့ အကောင်းဆုံး Microsoft ရဲ့ Product တစ်ခု ဖြစ်ပါတယ် ဆိုတဲ့ အကြောင်း မိတ်ဆက် ဖော်ပြရင်း အဆုံးသတ်လိုက်ပါတယ်။ 

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts