Have you ever heard of Steganography ?

Leave a Comment
Steganography ဆိုတာ မိသားစုများ ကြားဖူးကြလိမ့်မယ် ထင်ပါတယ် - Wikipedia မှာ သူ့ကို အဓိပ္ပါယ် ဖွင့်ဆိုတာကတော့ “the art and science of writing hidden messages in such a way that no one, apart from the sender and intended recipient, suspects the existence of the message…” ဆိုလိုတာ " ပေးပို့သူနဲ့ ရည်ရွယ်စေညွှန်း လက်ခံစေလိုသူ နှစ်ယောက်က လွဲရင် ကြားလူတစ်ယောက်ယောက်က ဘာကို ရေးသား ဖော်ပြထားတယ် ဆိုတာ ရိပ်မိမသိရှိစေနိုင်တဲ့ နှစ်ကိုယ်ကြား ဝှက်စာ ရေးသားခြင်း အတတ်ပညာလို့ " ဆိုပါတယ်။ ဒီဝှက်စာ ရေးသားတဲ့ အတတ်ပညာဆိုတာ ကျွန်တော်တို့ မျက်မှောက်ခေတ် မှာမှ အသုံးပြုလာတာမျိုး မဟုတ်ပါဘူး -  လွန်ခဲ့တဲ့ BC 440 လောက်တည်းက စတင် အသုံးပြုခဲ့ကြတာပါ။ ဒီ အတတ်ပညာက တဖြည်းဖြည်း တိုးတက်ပြောင်းလဲ လာလိုက်တာ နောက်ပိုင်း ကျွန်တော်တို့ ကမ္ဘာစစ်ကြီးတွေ ဖြစ်လာတဲ့ အထိ ဒီ ပညာရပ်တွေက တစ်ဆင့်ပြီး တစ်ဆင့် တိုးချဲ့ အသုံးပြုလာခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဆိုရင် ဂျာမာန်တွေရဲ့ နာမည်ကြီး Enigma Machine ဆိုတာလည်း ဒီလို လျှို့ဝှက်စာတွေကို encryption နဲ့ decryption လုပ်ပေးတဲ့ စက်မျိုးတွေပါပဲ။

သမိုင်းကြောင်းလေးတွေ ပြန်ပြောနေရတာက ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာလေးကို မိသားစုဝင်များ ပိုပြီး စိတ်ဝင်စားနိုင်လာအောင် နဲနဲ အစပျိုးလိုက်တာပါ။ ကျွန်တော် အဓိက ပြောချင်တာက ဒုတိယကမ္ဘာစစ် သမိုင်းကြောင်းလည်း မဟုတ်ပါဘူး - Enigma Machine အကြောင်းလည်း မဟုတ်ပါဘူး - ကျွန်တော် ဖော်ပြချင်တာက Steganography ကို အသုံးချနိုင်မယ့် နည်းလမ်းကောင်းလေး တစ်ခုကို မျှဝေချင်တာပါ။

Steganography ဆိုတာ ဘာလဲလို့ ကျွန်တော် အပေါ်မှာ အကြမ်းဖျဉ်း ဖော်ပြခဲ့ပြီး ပါပြီ။ Steganography ဆိုတဲ့ သဘောတရားက တကယ်တော့ အရမ်းကို ကျယ်ပြန့်ပါတယ်။ ကျွန်တော် ဖော်ပြချင်တာက အဲလောက်ကြီးထိလည်း မကျယ်ပြန့်ပါဘူး - ကျွန်တော် ခု ဖော်ပြသွားမှာ သူ့ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ " တစ်စုံတစ်ယောက်ကို ကိုယ် ပြောပြချင်တဲ့ အကြောင်းအရာ တစ်ချို့ အတွက် တစ်ပါးသူ မသိရှိစေနိုင်အောင် ပုံတစ်ပုံရဲ့ နောက်ကွယ်မှာ ဝှက်စာရေးပြီး ပေးပို့တဲ့ နည်းစနစ် " ကို ပါ။ ဟုတ်ကဲ့ပါ - ဒီ အကြောင်းအရာလေးက သာမန် ကျွန်တော်တို့ နေ့တိုင်းကြားကြားနေရတဲ့ Hard Drive တို့ - Memory တို့ - CPU တို့ - Windows ဆိုတာတွေနဲ့ ကင်းလွတ်ပြီး သီးခြား ကွဲထွက်သွားတာ မို့လို့ ကျွန်တော်တို့ စိတ်ဝင်စားမိတာ အမှန်ပါပဲ။ ဒီ အတတ်ပညာက ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိ အသုံးပြုခဲ့ကြတာပါ - အဲ့တုန်းကတော့ ကွန်ပြူတာတို့ အင်တာနက်တို့ ဆိုတာ မပေါ်သေးတော့ အရမ်းကြီး မကျယ်ပြန့် ခဲ့သေးပါဘူး - သိတဲ့သူလည်း လူအနည်းစု အသုံးချတဲ့သူလည်း လူအနည်းစုပဲ ဖြစ်ပါတယ်။ ခုခေတ် ခုချိန်မှာတော့ နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲ လာပြီး ဒီ ပညာရပ်ကိုပဲ ကွန်ပြူတာနဲ့ ဖန်တီးလုပ်ဆောင်နေနိုင်ပါပြီ။

 
ဒီနည်းကို အသုံးပြုပြီး တစ်ခြားသူ မသိသာစေပဲ နှစ်ကိုယ်ကြား လျှို့ဝှက် ကိစ္စရပ်တွေ ဖောက်သည်ချနိုင်သလို - အရေးပေါ်နဲ့ အရေးကြီး ကိစ္စရပ်တွေကိုလည်း တစ်ပါးသူ မသိစေပဲ တစ်ယောက်နဲ့ တစ်ယောက် အသိပေးနိုင်စေပါတယ်။ ဒီလို ပုံတစ်ပုံရဲ့ နောက်ကွယ်မှာ ကိုယ်ရေးသား ဖော်ပြချင်တဲ့ ဝှက်စာကို ထည့်သွင်းနိုင်ဖို့ ခု ဖော်ပြမယ့် နည်းလမ်း တစ်ခုတည်း မဟုတ်ပဲ တစ်ခြား နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ခုဖော်ပြမယ့် နည်းလမ်းကတော့ ကိုယ့် OS မှာ ဘာမှကို ထူးပြီး install လုပ်ဆောင်စရာ မလိုပဲ အင်တာနက်မှာတင် အသုံးချနိုင်တဲ့ web-based tool တစ်ခု ပါ။ သူက mozaiq ဖြစ်ပါတယ်။



စစချင်း သူ့ ဆိုဒ်ကို ရောက်သွားရင် တွေ့ရမှာက encrypt messages လုပ်တဲ့ အကြောင်းအရာ မဟုတ်ပါဘူး - သူ အဓိက ဖော်ပြထားတာက ကိုယ် Upload တင်ပေးလိုက်တဲ့ ပုံတစ်ပုံကို photo mosaic ပြောင်းပေးတဲ့ လုပ်ငန်းစဉ်ပါ။ အဲ့တာကို ခဏကျော်ပြီး subdirectory ကိုသွားလိုက်ရင် messages တွေကို ပုံတွေရဲ့ နောက်ကွယ်မှာ encrypt လုပ်တဲ့ နေရာကို တွေ့ရပါလိမ့်မယ်။


ကျွန်တော်တို့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်က ရိုးရှင်းပါတယ်။ ပုံတစ်ပုံကို Upload တင် - အဲ့ပုံရဲ့ နောက်ကွယ်မှာ ကိုယ် ဝှက်ထားချင်တဲ့ စာကို ရိုက် ( ကိုယ်ဖော်ပြချင်တဲ့ စာလုံးရေ စုစုပေါင်း ၁၀၂၄ လုံး ရိုက်လို့ ရပါတယ်။ ) - Password ပါတစ်ခါတည်း ထည့်ပေး ( Password ထည့်ထားတော့မှ ပုံထဲက စာကို ပြန်ဖော်ချင်ရင် သူများ မသိစေပဲ ကိုယ်တစ်ယောက် တည်း ဖော်နိုင်မှာပါ )  ပြီးသွားရင် Hide Your Message! ဆိုတာကို Click ပေးလိုက်တာနဲ့ သူက ကိုယ့် Message ကို ပုံထဲမှာ encrypted လုပ်ပစ်လိုက်ပြီး အသစ်ဖန်တီး ဝှက်စာထည့်သွင်းထားတဲ့ ပုံကို Download ချဖို့ Link တစ်ခု ပြန်ပေးပါလိမ့်မယ်။ ကျွန်တော် ပြောသွားတာကတော့ အရမ်း လွယ်နေသလိုပါပဲ - ကျွန်တော်တို့ အသေးစိတ် လေ့လာကြည့်ရအောင်ပါ။ 


အရင်ဆုံး ကျွန်တော်တို့ ဒီနေရာကို သွားပါမယ်။ အဲကို ရောက်သွားရင် ပုံနောက်မှာ ဝှက်စာ စတင်ရေးသားဖို့ နေရာကို တွေ့ပါလိမ့်မယ်။ ပုံမှာ တွေ့နေရတဲ့ နေရာတွေမှာ ကျွန်တော် အောက်က ဓာတ်ပုံမှာ ဖော်ပြထားသလိုမျိုး အဆင့်လိုက် တစ်ဆင့်ချင်း ရေးသား ဖြည့်သွင်းသွားပြီး သဘောကျ ကျေနပ်ပြီ ဆိုရင် Hide Your Message! ကို Click ပေးရပါမယ်။




တစ်ခု သတိထားရမှာက ပုံတွေကို Upload တင်တဲ့နေရာမှာ 128KB ထက်မကြီးရပါဘူး - ကြီးနေရင် အလုပ်မလုပ်ပါဘူး - နဲနဲ သေးတဲ့ပုံကို ရှာတင်ပါ။ Secret Message နေရာမှာ ကိုယ် ပြောပြချင်တဲ့စာကို ရေးပါ။ သူကလည်း စာလုံးရေ ၁၀၂၄ လုံး အတွင်းမှာပဲ ရှိရပါမယ်။ အဲ့ထက်များလို့ မရပါဘူး - ကိုယ် ဘယ်နလုံး ရိုက်ထားပြီး နောက်ထပ် ဘယ်နလုံးရိုက်နိုင်သေးတယ် ဆိုတာ သူက အောက်ဖော်ပြပါအတိုင်း ဖော်ပြထားပါတယ်။



“Hide Your Message!” button ကို မနှိပ်ခင် ကိုယ့်ရဲ့ Message ကို လုံခြုံမှု ရှိစေဖို့ Password ထည့်သွင်းပေးပါ။




အဲ့နောက်မှာ “Hide Your Message!” button ကို နှိပ်လိုက်တာနဲ့ ပုံထဲမှာ ကိုယ့်စာကို encrypted လုပ်ထားပြီးသား အသစ်ဖန်တီး ဝှက်စာထည့်သွင်းထားတဲ့ ပုံကို Download ချဖို့ Link တစ်ခု ပြန်ပေးပါလိမ့်မယ်။ တစ်ခု သတိပြုရမှာက ဒီဓာတ်ပုံကို ငါးမိနစ် အတွင်း Download လုပ်ဖို့ လိုပါတယ်။ 



သတိပြုရမယ့် အချက်တွေကတော့ ဒေါင်းလုပ်ချပြီးသွားတဲ့ ဓာတ်ပုံကို File type ပြောင်းလို့ မရပါဘူး - Crop လုပ်တာ - Resize လုပ်တာ လုပ်လို့ မရပါဘူး - အဲလို လုပ်လိုက်ရင် ပုံထဲမှာ ဝှက်ထားတဲ့ စာတွေ ပျက်ဆီးစေပါလိမ့်မယ်။ လုပ်ချင်ရင် တစ်ခုပဲ လုပ်လို့ ရပါမယ်။ Rename ပဲ ပြောင်းပေးလို့ ရပါမယ်။ အဲလို ဒေါင်းလုပ်ချပြီး သွားပြီ ဆိုရင် ကိုယ် ဝှက်စာ ပေးပို့ချင်တဲ့သူဆီ အဲ့ ဓာတ်ပုံကို ပေးပို့လိုက်ပါ။ အဲလို ပေးပို့တဲ့ နေရာမှာ ပုံထဲက စာကို Decrypt လုပ်ဖို့ ဒီနေရာကို သွားရမယ် ဆိုတာလည်း ကြိုတင် အသိပေးထားပါဦး။ ဒါမှ သူကလည်း ပုံထဲက စာကို ဖော်နိုင်မှာပါ။ 

အောက်မှာ ဖော်ပြထားတဲ့ နေရာကို ရောက်ရင် ကိုယ် Download ချထားတဲ့ ပုံကို ဖော်ပြထားတဲ့ အတိုင်း Browse ကနေ တစ်ဆင့် ထည့်သွင်းပေးပြီး Password ပေးထားရင် Password ကိုထည့်သွင်းပေးလိုက်ပါ။ နောက် Reveal Your Message! ကို Click ပေးလိုက်တာနဲ့ ဝှက်ထားတဲ့ စာကို မြင်ရပါလိမ့်မယ်။


ကျွန်တော်လည်း ပုံတစ်ပုံနောက်မှာ စာဖွက်ချင်သေးတယ်ဗျာ - အပျော်ပေါ့ - ဒီအောက်က ဓာတ်ပုံလေးထဲမှာ -





ပုံလေးပေါ်မှာ Right-click ပေးပြီး Save Image As ... ကနေ ကိုယ့်စက်ထဲမှာ အရင် သိမ်းလိုက်ပါ။ နောက်ပြီးရင် ဒီနေရာကို သွားပြီး ကျွန်တော့် ပုံထဲမှာ ဘာစာတွေများ ရေးထားလဲ အားပေး - ပေးကြပါဦး :)


သြော် မေ့တော့ မလို့ ကျွန်တော် Password ကို www.myanmarfamily.org လို့ ပေးထားတယ်ဗျ - ဘာစာတွေများ ပါမလဲ မသိဘူးနော် ?? :D


ပျော်ရွှင်စွာနဲ့ Steganography ကမ္ဘာမှာ ပျော်ရွှင်နိုင်ကြပါစေ -


KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts