I won't let you fall.

Leave a Comment
အိမ်ထောင်ပြုတာလား - ချစ်တဲ့သူနှစ်ယောက် ပေါင်းရမယ် ဆိုရင်တော့ အိမ်ထောင်ပြုတာ ပျော်စရာပေါ့ - ဒါပေမယ့် မြန်မာမှု မြန်မာမှုနဲ့ အလုပ်မဟုတ်တာတွေကို မြန်မာမှု ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဇရာချဲ့နေကြတာတော့ တော်တော်ကို စိတ်ဆင်းရဲဖို့ ကောင်းတယ်။

ခုခေတ်မှာ အိမ်ထောင်ပြုတယ် ဆိုတာ ချစ်တဲ့သူနှစ်ယောက် ပေါင်းကြတာမှ မဟုတ်တာ - ဟိုဘက်မိဘ ဒီမိဘ ကျေနပ်အောင် ကလေးတွေက မပြေလည်တာကို ပြေလည်ချင်ယောင် ဆောင်ပြီး မိဘချင်း သဟဇာဖြစ်အောင် လိုက်ညှိနေရတဲ့ ခေတ်ပဲ။ မိဘဆိုတဲ့ သူတွေကလည်း သားသမီးကို ချစ်တယ် ချစ်တယ်နဲ့ ဆောင်ပုဒ် အမျိုးမျိုး ပြောင်းချိတ်ပြီး ကိုယ့်သားသမီး အသက် ၂၅ - ၃၀ ရောက်တဲ့ထိ ဘာတစ်ခုမှ ဆုံးဖြတ်ခွင့် မပေးဘူး။ လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာထက် အဲ့လူနောက်က ပါလာမယ့် အထုတ်အထည်ပဲ လိုက်ကြည့်နေကြတယ်။

ဒီနေ့ခေတ်မှာ မင်း ဆရာဝန် ဆိုတာလည်း အထင်မကြီးလည်း - အင်ဂျင်နီယာ ဖြစ်လည်း မယုံဘူး - မင်း အဖေဘာကောင်လည်း - မင်းအမေ ဘာစီးပွားရေးလုပ်လဲ ဆိုတာပဲ လိုက်ကြည့်နေကြတယ်။ အဲ့လို လူတွေ အဲ့လိုအတွေးအခေါ်တွေ ကြားမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရတဲ့ ကလေးတွေက တောကြည့်တောင်ကြည့် - ကိုယ့်ကိုယ်ကိုယ်လည်း မယုံ - ကိုယ့်အနာဂတ်လည်း ကိုယ်မယုံ - ကိုယ့်စွမ်းဆောင်ရည်လည်း ကိုယ်မယုံ။ ချစ်လည်း မယူရဲ။ မချစ်လည်း ယူရဲ။



သိန်းလေးငါး ခြောက်ဆယ် အကုန်အကျခံ မင်္ဂလာပွဲတွေ လုပ်။ တတ်နိုင်ရင်တော့ လုပ်ကြပေါ့။ မတတ်နိုင်တဲ့သူကျတော့ မင်္ဂလာပွဲကနေ ပြန်ရတဲ့ လက်ဖွဲ့က အရင်းမှ ကျေပါ့မလားနဲ့ ရင်တမမ - မတတ်နိုင်တဲ့ သူကျတော့လည်း မိန်းကလေးမိဘကို ကြောက်ရ။ ကိုယ့်ကောင်မလေး မျက်နှာငယ်မှာ စိုးရ။ ဒီနေ့ယူလို့ ရနေတာ နောက်လကို ရွှေ့။ နောက်လ ယူမယ့်ဟာ နောက်နှစ်ကို ရွှေ့။ ရွှေ့တာတွေများတော့ အဲ့မိန်းကလေးက မရွှေ့တဲ့ ယောင်္ကျားကိုယူ။

သိန်းလေးငါးဆယ်တန် မင်္ဂလာပွဲကြီး လုပ်ပြီး တကယ်ရော ပျော်ခဲ့ရလား - အဲ့တာမျိုးတော့ ဘယ်သူမှ ပြန်မတွေးဘူး - အစဉ်အလာတွေ မြန်မာမှုဆိုတာတွေနဲ့ ကိုင်ပေါက်ပြီး အနာဂတ်ရှိရာဆီ မျက်စိမှိတ်ပြီး တိုးဝင်ကြတယ်။ မျက်လုံးပြန်ပွင့်တော့ ချောက်ကမ်းပါးစွမ်း ရောက်နေပြီ။ ဒါတွေကို ခေါင်းရှုပ်မခံချင်ကြတော့ နောက်ဆုံး အဖြေမဟုတ်တဲ့ နောက်ကို ဖြတ်လမ်းနည်းနဲ့ လိုက်တယ်။ ငွေရှိတဲ့ သူ ရှာယူတဲ့။


မင်္ဂလာပွဲဆိုလို့ ဟိုးတစ်လောလေးက Jill နဲ့ Kevin တို့ရဲ့ မင်္ဂလာပွဲလေး လုပ်တာ ကြည့်လိုက်ရသေးတယ်။ သူတို့ မင်္ဂလာပွဲက အရိုးစွဲနေတဲ့ မြန်မာမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ကြည့်ရင်တော့ မင်္ဂလာ ရှိချင်မှ ရှိမယ်။ ဒါပေမယ့် သိန်းလေးငါးဆယ် မကုန်ဘူး - မင်္ဂလာပွဲပြီးလို့ ရှေ့ရေးအတွက် ဘုရားတနေစရာ မလိုဘူး - အနာဂတ်အပူကို ဟန်ဆောင်အပြုံးတွေနဲ့ မလုံ့တလုံဖုံးပြီး စားပွဲဝိုင်းတိုင်းကို တစ်ဝိုင်းဝင် တစ်ဝိုင်းထွက် လိုက်နှုတ်ဆက်နေဖို့ မလိုဘူး။ မင်္ဂလာပွဲပြီးလို့ ရလာမယ့် လက်ဖွဲ့ငွေကို ဟိုဘက်ဆွေမျိုး ဒီဘက်ဆွေမျိုး သူပိုင်တယ် ကိုယ်ဆိုင်တယ်နဲ့ လုနေစရာမလိုဘူး။ မင်္ဂလာတော့ရှိချင်မှ ရှိမယ်။ ဒါပေမယ့် သူတို့မှာ အပြုံးတွေ ရှိတယ် - ကိုယ်ပိုင် ယုံကြည်ချက်တွေ ရှိတယ် - အနာဂတ် အိပ်မက်တွေလည်း ပုံဖော်ပြီးသား ရှိချင် ရှိနေနိုင်သေးတယ်။

ကျေးဇူးပြုပြီး လူငယ်တွေကို ပိုက်ဆံရနည်း သင်မပေးကြစမ်းနဲ့ ယုံကြည်ချက်ရှာဖွေနည်းကိုသာ ခင်ဗျားတို့ ပေးကြစမ်းပါ။

ကျုပ်လား ??
ငွေလည်း မရှိဘူး။
အိမ်လည်း မရှိဘူး။
ကားလည်း မရှိဘူး။

ဒါပေမယ့် ကျုပ်မှာ -
၁၀ ဒေါ်လာ ကို အရစ်ကျပေးစနစ်နဲ့ ဝယ်ထားတဲ့ ဖုန်းတစ်လုံး။
ခြောက်လ တစ်ခါလောက် ပြင်နေရတဲ့ ခပ်စုတ်စုတ် ကွန်ပြူတာတစ်လုံးနဲ့
ခင်ဗျားတို့ သတ်လည်း ဘယ်တော့မှ မသေတဲ့ ယုံကြည်ချက် ရှိတယ်။ ကျုပ်ဖြစ်အောင် ဆက်သွားမယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts