The No.1 Habit of Highly Creative People

Leave a Comment
ဒီအကြောင်းကို ရေးမယ်လို့ စိတ်ကူးခဲ့တာ တကယ်တော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က - ဘာရယ်ကြောင့်တော့ မဟုတ်ပါဘူး - အများအကျိုးအတွက် အလုပ်လုပ်ပြီး အများအတွက် အသက်စွန့်ခဲ့တဲ့ လူတစ်ယောက်ရဲ့ မွေးနေ့မှာ ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ အများအတွက် အကျိုးရှိမယ့် ဒါနလေးတစ်ခု ပြုပေးချင်တဲ့ စိတ်ကူးလေးပေါ်လာမိလို့ - ဒါပေမယ့် အဲ့နေ့က စိတ်ကူးပဲ ရှိပြီး လူကူးနိုင်ဖို့ ခက်ခဲ့တယ် -

လူငယ်နှင့် အယူလွဲများ

မှန်ရာပြောရရင် ဒီရက်ပိုင်း အလုပ်တွေ နင်းကန်ပိပြီး စာရေးချင်စိတ် လုံးဝ မရှိဘူး - ရေးချင်စိတ်မရှိတဲ့ အချိန်မှာ ဖြစ်ညှစ်ရေးရင် ဝတ်ကျေတန်းကျေတွေ ဖြစ်မှာစိုးတာနဲ့ ဖိုရမ်နဲ့ ပတ်သတ်ပြီး တော်တော် များများ မသိချင်ယောင်ဆောင်ခဲ့တယ် - ဒီနေ့တော့ အရင်လက စိတ်ကူးရှိပြီး လူမကူးနိုင်ခဲ့တဲ့ ဒါနလေးတစ်ခု ပြန်အကောင်အထည်ဖော်ဖို့ စိတ်ကူးမိပါတယ် - ခေါင်းစဉ်ကိုတော့ လူငယ်နှင့် ပညာရေး လို့ ပေးထားတယ် - အကြောင်းက ခုခေတ် လူငယ်လေးတွေ ကျောင်းပြီး ဘွဲ့ရလို့ တစ်ချို့ အလုပ်အကိုင်နဲ့ ဖြစ်သွားကြတဲ့ သူတွေရှိသလို - တစ်ချို့ကျတော့လည်း အလုပ်မရသေးတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လက်ဖက်ရည်ဆိုင်ထိုင် - အင်တာနက်ဆိုင်ဝင် - ချက်တင်တက် စသဖြင့် တစ်နေ့တစ်နေ့ ပိုက်ဆံတွေသာ ကုန်ပြီး ကိုယ့်အတွက် ဘာတစ်ခုမှ မယ်မယ်ရရ မကျန်ပဲ အချိန်ကုန် လေပန်းပြီး ( လူပန်း မဟုတ် - ဘာမှလုပ်စရာ မရှိသောကြောင့် လူမပင်ပန်း လေပန်းရန် အလုပ်တစ်ခုသာ ရှိသည် ) တစ်နေ့နဲ့ တစ်နေ့ ဖြတ်သန်းနေကြတာ တွေ့ရတယ် - လူငယ်ဆိုတာ အနာဂတ်ရဲ့ မျှော်လင့်ချက်တွေပါ - ခုလို လူငယ်တွေ ကျောင်းပြီးတာနဲ့ ပညာရေး ဆုံးခန်းတိုင် သွားသလိုမျိုး လေ့လာမှု မရှိပဲ ယောင်ခြောက်ဆယ် ဖြစ်နေတာ တွေ့ရရင် တကယ်ကို စိတ်ထဲ မကောင်းဘူး - ကိုယ်တွေနိုင်ငံမှာသာ လူငယ်တွေ လက်ဖက်ရည်ဆိုင်/ ဂိမ်းဆိုင်/ အင်တာနက်ဆိုင် စသဖြင့် အချိန်ကုန် နေကြတာ ကိုယ်တွေ သူများနိုင်ငံရောက်လာတော့ လူငယ်တွေ ဆိုတာ အလုပ်ခွင်မှာ ကြည့်မလား - ကျောင်းတွေမှာကြည့်မလား - သွားသုတ်သုတ် - စားသုတ်သုတ်နဲ့ သူတို့မှာ နားချိန်မှ ရှိကြရဲ့လား လို့တောင် တစ်ခါတစ်ခါ တွေးမိတယ် - သူများနိုင်ငံကို အထင်ကြီးလို့ ဒီစကားပြောတာ မဟုတ်ဘူး - အတုယူသင့်တာကိုတော့ ကျွန်တော်တို့ အတုယူကြရမယ် - မြန်မာလူငယ်တွေက အတုယူသင့်တာကျ မယူကြပဲ အတုမယူသင့်တဲ့ living together တို့ - အလှအပနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေမှာ ကျတော့ နိုင်ငံခြားကို ကျော်တက်တော့မယောင် အမှီလိုက်နိုင်ကြတာ တွေ့ရတယ် - သူတို့ နိုင်ငံတွေမှာ လူငယ်တွေ လေ့လာလိုက်ကြတာ ဖန်တီးလိုက်ကြတာ ဆိုတာများ ပြောမနေနဲ့တော့ - ကိုယ်လိုစာထိုင်ဖတ်ပြီး နည်းပညာနောက်ကို လိုက်တဲ့သူတောင် သူတို့ တစ်နေ့နဲ့ တစ်နေ့ သွားနေတဲ့ ဖန်တီးမှုကို မမှီနိုင်ဘူး -

ပညာရေးနှင့် ဘဝတန်ဖိုး

ဘာကြောင့်လည်းဆိုတာ လေ့လာကြည့်တော့ သူတို့တွေရဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ ပညာရေးဟာ စဉ်ဆက်မပြတ် လေ့လာနေရတဲ့ ပညာရေးဖြစ်နေတာ သွားတွေ့ရတယ် - ကိုယ်တွေလို ကျောင်းပြီးဘွဲ့ရ ရင် လေ့လာစရာကုန်သွားတာမျိုး မဟုတ်ဘူး - ဒီတစ်ခုသိပြီးရင် နောက်တစ်ခု ထပ်သိဖို့ လိုတယ် - ဒီတစ်ခု သုံးတတ်ရင် နောက်တစ်ခု သုံးတတ်ဖို့လိုတယ် - ဒီတော့ သူတို့မှာ အချိန်တိုင်း လေ့လာနေရတယ် - ကိုယ်တွေနိုင်ငံမှာ ဒေါက်တာဘွဲ့ရလူတစ်ယောက်ကို တော်ယုံ လုပ်ငန်းခွင်မှာ ဒိုးတူဘောင်ဘက် အလုပ်လုပ်နေတာ တွေ့ရခဲတယ် - ဒေါက်တာဘွဲ့ရ လူတစ်ယောက်ကို သီးခြားအဆင့်မြင့်ပညာရှင် လူတန်းစားတစ်ယောက်လိုကို သတ်မှတ်ပြီး Bachelor အဆင့်နဲ့ မတူတဲ့ နေရာမှာ ထားကြလေ့ ရှိတယ် - ဥပမာ ကျောင်းအုပ်တို့ ဌာနမှုးတို့ ပါမောက္ခတို့ စသဖြင့် - အဲ့နေရာတွေ မထားလို့ ကလည်း မရဘူး - တစ်ခြားနေရာတွေနဲ့ကျတော့ သူသိတာတွေက အံမဝင်တာ/ အသုံးချလို့ မရတာတွေ ဖြစ်နေပြန်ရော - သူတို့နိုင်ငံတွေမှာတော့ ကိုယ့်ဘေးဘယ်ညာကို ကြည့်လိုက်ရင် လုပ်ငန်းခွင်မှာပဲ လခစားလို့ ထင်ရတဲ့ သူလိုကိုယ်လို လူတွေက ဒေါက်တာဘွဲ့ရနဲ့ အနည်းဆုံး Master တွေချည်း - ကိုယ်တွေနိုင်ငံမှာ ဘွဲ့ကို ဂုဏ်ပုဒ်တစ်ခုလိုပဲ သုံးတယ် - ဆိုလိုတာ ဘွဲ့ကသပ်သပ် - လုပ်တဲ့အလုပ်က သက်သက် - သူတို့တွေ နိုင်ငံမှာတော့ ဒီရထားတဲ့ ဘွဲ့ကိုပဲ လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျဖြစ်အောင် နောက်တိုး ဘာသာရပ်တွေ ထပ်ထပ်လေ့လာပြီး လုပ်ငန်းခွင်လိုအပ်ချက်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အသွေးကို မြှင့်ယူကြတာ တွေ့ရတယ် - သေချာတာကတော့ လေ့လာနေတဲ့သူဆိုတာ မလေ့လာပဲ ထိုင်နေတဲ့ သူထက်စာရင်တော့ အတွေးအခေါ်ရော ဖန်တီးမှုရော ပိုကောင်းတာ အသေအချာပဲ - ကိုယ်တွေကတော့ ကျောင်းပြီးတည်းက ထိုင်လိုက် ပျင်းလိုက် - ပျင်းလိုက် ထိုင်လိုက်နဲ့ -
  • လေ့လာဖို့ ဆိုတာလည်း မတွေးမိဘူး။
  • ဘယ်လိုလေ့လာရမယ် ဆိုတာကိုလည်း မတွေးတတ်ဘူး။
  • အင်တာနက်နဲ့ အကျွမ်းတဝင်ရှိတဲ့လူ မဟုတ်တော့ ဘယ်လိုသုံးရမယ်ဆိုတာလည်း နားမလည်သလို - ဘာတွေ လေ့လာနိုင်တယ်ဆိုတာကိုလည်း ဂဃနဏ မသိဘူး။
  • အဲ့တာကြောင့် အင်တာနက်ကြီး လက်တစ်ကမ်းမှာ ရှိနေလည်း ဘယ်နားသွား လေ့လာရမှန်း မစဉ်းစားချင်တော့ဘူး။

ဘာမှမသိလျှင် ဘာမြှဖစ်လာမည် မဟုတ်

လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့ - ကိုယ်ပိုင် Blog တစ်ခု စရေးတယ် - Blog သာ ရေးခဲ့တာ ကိုယ်ရေးတဲ့ ဘလော့မှာ ဘာအကြောင်း ရေးရကောင်းမှန်း မသိဘူး - ဘယ်သိမလဲ ကိုယ်က ဘာမှမှ မသိပဲ - လူသိများတဲ့ Blog ကောင်းတွေကို သေသေချာချာ လိုက်ဖတ်ကြည့်ရင် စာရေးသူတွေဟာ စာတော်တော်ဖတ်နိုင်တာ တွေ့ရတယ် - ( ဥပမာ နိုင်းနိုင်းစနေ - သူဆို စိတ်ခွန်အားနဲ့ ပတ်သတ်တဲ့ စာတွေ တော်တော်များများ ရေးလေ့ရှိတယ် - များသောအားဖြင့် တရုတ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေကနေ ဘာသာပြန်ရေးတာ ) - အဲ့တော့အနှစ်ချုပ်ရရင် ကျွန်တော်အမြဲ တိုက်တွန်းလေ့ရှိတဲ့ တစ်ခြားသူအတွက် မျှဝေမှုဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ အသိဉာဏ်ထဲ ဘာမှမရှိပဲ ဘာမှမျှဝေဖို့ မဖြစ်နိုင်ဘူး -
  • သူများကို တစ်ခုပေးချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း အနည်းဆုံး တစ်ခုသိထားဖို့ လိုသလို အဲ့ထက်ပို သိချင်ရင်လည်း ကျွန်တော်တို့တွေ ဒီ့ထက်ပိုပြီး စာဖတ်ဖို့ လိုပါတယ်။
  • သူများကို မျှဝေဖို့ ဆိုတာကို နောက်မှာ ထားလိုက်ဦး - ကိုယ်ကိုယ်တိုင်ရဲ့ အရည်အသွေး လက်ရှိအခြေအနေထက် တက်လာချင်ရင် ခုထက်ပိုပြီး စာဖတ်ကြဖို့ လိုပါတယ်။
  • နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေတဲ့ ကမ္ဘာ့နည်းပညာကို မျက်ခြေမပျက်ချင်ရင် နေ့စဉ်နဲ့ အမျှကို စာဖတ်နေဖို့ လိုပါတယ်။

စာမည်သို့ ဖတ်မည်နည်း

အဲ့တော့ ကျွန်တော်တို့ ဘယ်နေရာတွေမှာ စာဖတ်ကြမလဲ - ကျွန်တော့်အတွက်တော့ Library တို့ စာအုပ်အဌားဆိုင်တို့ ဆိုတာ တော်တော်ဝေးသွားပြီ - အင်တာနက်ထဲမှာ စာဖတ်ဖို့ တစ်ချိန်တုန်းက စိတ်ကူးရှိခဲ့ပေမယ့် စာဖတ်ဖို့ စဉ်းစားလိုက်ရင် ဘယ်ဘလော့တွေ ကောင်းမှန်း မင်းသိလို့လား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးပြီး အမှောင်ချပစ်ခဲ့တာ များတယ် - ရလာဒ်ကတော့ တိုင်းတပါးမှာ လူတိုင်းနားလည်နေတဲ့ ကလေးကွက်တွေကို ခုချိန်ထိ ကျွန်တော့်မှာ မျက်ကလူးဆန်ပြာနဲ့ လေ့လာနေရတုန်း - ဒါတွေကို နားလည်လာတော့ ကိုယ့် လူငယ်တွေကို ကိုယ့်လို မဖြစ်စေချင်တော့ဘူး - သူတို့တွေကို အများကြီး တော်စေချင်တယ် - အဲ့အတွက် ဘာလုပ်ပေးရမလဲ လို့ စဉ်းစားကြည့်တယ် - အဲ့လို တတ်နိုင်တဲ့ ဘက်က စွမ်းသလောက် ကူညီပေးနိုင်ဖို့ဆို ငါ့မှာ တန်ဖိုးအရှိဆုံးအရာ ဘာရှိသလဲဆိုပြီး ဆန်းစစ်ကြည့်တော့ ကျွန်တော်နှစ်ရှည်လများ စုဆောင်းထားခဲ့တဲ့ အရာတစ်ခု သွားတွေ့တယ် -

အဲ့တာကတော့ ကျွန်တော့်အမြဲ ဖတ်လေ့ရှိတဲ့ အင်တာနက်ထဲက လေ့လာစရာ နေရာတွေကို မိသားစုဝင်တွေ အတွက် မျှဝေရင်း အလေ့အကျင့် မရှိသေးတဲ့ လူငယ်တွေအတွက် စာဖတ်နည်း လက်ဆင့်ကမ်းချင်တာပါ - စုစုပေါင်း နေရာ ( ၁၀၀ရ ) ခု ရှိပါတယ် - ဒီလောက်ပမာဏဟာ စာဖတ်တဲ့ အလေ့အကျင့် မရှိသေးတဲ့ လူငယ်တွေ - ဖတ်ချင်ပေမယ့် ဘယ်နေရာတွေမှာ စာဖတ်ရမှန်း မသိပဲ အခက်တွေ့နေတဲ့ နည်းပညာ လေ့လာလိုသူ လူငယ်တွေ အတွက် အတိုင်းအတာ တစ်ခုထိ အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်မိပါတယ် -

Reader များ၏ အခန်းကဏ္ဍ

ဒီ လိပ်စာပေါင်း ၁၀၀ရ ခုကို နေ့စဉ်နဲ့ အမျှ Websites တစ်ခုချင်းစီကို တစ်နေရာချင်းဆီ လိုက်ပြီး စာလိုက်ဖတ်ဖို့ဆိုတာ မဖြစ်နိုင်တာမို့ စာဖတ်ရတာလွယ်အောင် အရင်က ကျွန်တော် Google Reader သုံးခဲ့ပါတယ် - အဲ့နောက်မှာ FeedDemon သုံးခဲ့ပါတယ် - ခုနောက်တော့ အဲ့တာနှစ်ခုလုံး မသုံးတော့ပဲ Feedly ပြောင်းသုံးနေပါတယ် - တစ်ချို့ မိသားစုဝင်တွေ အနေနဲ့ Reader သုံးရတဲ့ ရည်ရွယ်ချက်ကို နားမလည်ကြသေးတာမျိုး ရှိနိုင်တာမို့ ဒီနေရာမှာ Reader တွေရဲ့ အားသာချက်တွေ အကြောင်း နည်းနည်းလောက် ရှင်းပြပါရစေ - Reader တွေသုံးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ရှေ့မှာ ရှင်းခဲ့ပြီးသလို ကိုယ် ဖတ်လေ့ရှိတဲ့ Websites တွေ / Blogs တွေရှိရာဆီ တစ်နေရာချင်းစီ သွားဖို့ မလိုပဲ နေရာတစ်နေရာတည်းကနေ သူ့ဆီက တက်သမျှ သတင်းကို စောင့်ကြည့်နေချင်လို့ပါ - Reader တွေ သုံးပြီး စာဖတ်ခြင်း အားဖြင့် ကိုယ်ဖတ်လေ့ရှိတဲ့ Websites တွေ / Blogs တွေက နေ့စဉ်တက်လေ့ရှိတဲ့ တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကို လွတ်သွား ကျော်သွားတာမျိုး မရှိပဲ နေ့စဉ်ပုံမှန် ဖတ်ဖြစ်လာပါလိမ့်မယ်။ တစ်ခြား အားသာချက်တွေကိုတော့ အကျယ်ချဲ့ပြီး မိတ်ဆက်မပေးတော့ပါဘူး - နောက်ပိုင်း စာဖတ်ဖြစ်သွားတဲ့ နောက်မှာ ဘာတွေလုပ်ဆောင်လို့ ရမယ်ဆိုတာ အလိုလို နားလည် သွားပါလိမ့်မယ်။ Feedly ဆိုတာ Add-ons တစ်မျိုးပါ - သူ့ကို Mozilla မှာလည်း Add-ons အဖြစ် အသုံးပြုနိုင်သလို - Google chrome မှာလည်း Extension တစ်ခု အဖြစ် အသုံးပြုနိုင်ပါတယ်။ Feedly ရဲ့ တည်ဆောက်ပုံဟာ အပြင်မှာ မဂ္ဂဇင်းတစ်စောင် ဝယ်ပြီး ဖတ်နေရသလိုမျိုး ကိုယ့်စိတ်ကြိုက်ရွေးချယ်ထားတဲ့ Websites တွေ / Blogs တွေက တက်လာတဲ့ သတင်းတွေကို အသွင်ဆန်းနဲ့ ဖော်ပြပေးတာမို့လို့ စွဲဆောင်မှုလည်း ရှိသလို အင်မတန်မှလည်း စာဖတ်လို့ ကောင်းပါတယ်။


Reader အသုံးပြု၍ စာဖတ်ခြင်း

လိပ်စာပေါင်း ( ၁၀၀ရ ) ခုကို ဒီနေရာမှာ တစ်ခုချင်းစီ ချရေးပြီး မှတ်ခိုင်းမှာ မဟုတ်ပါဘူး - တစ်ခါတည်း စာဖတ်လို့ ရအောင် ဖန်တီးပေးသွားမှာပါ -

အဆင့် ( ၁ ) >> အရင်ဆုံး Google-reader-subscriptions file ( OPML file ) ဖိုင်ကို အောက်မှာယူလိုက်ပါ -

Mozilla Firefox သမားများ Feedly Add-ons ကို ဒီနေရာကနေ သွားပြီး install လုပ်ပါ။
Google Chrome သမားများ Feedly Extension ကို ဒီနေရာကနေ သွားပြီး install လုပ်ပါ။ install လုပ်ပြီးတဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း icon လေးတစ်ခု browser မှာ တွေ့ရပါလိမ့်မယ်။ ခဏ ဒီအတိုင်း ထားထားပါ။


အဆင့် ( ၂ ) >> Google Reader ကို သွားပါ - ကိုယ့် Google account နဲ့ login ဝင်ပြီး အောက်မှာ ဖော်ပြထားတဲ့အတိုင်း ညာဘက်အပေါ်ထောင့်က Reader Settings ကို ဝင်ပါ။


အဆင့် ( ၃ ) >> Import/Export tab ကိုသွားပြီး အပေါ်မှာ Download ယူခဲ့တဲ့ Google-reader-subscriptions file ကို Browser ကနေတစ်ဆင့် ရှာယူပြီး Upload တင်ပါ -

This image has been resized. Click this bar to view the full image. The original image is sized 582x271.

အဆင့် ( ၄ ) >> ဖော်ပြပါ အဆင့်တွေ ပြီးရင် Feedly ကနေ တစ်ဆင့် စာစဖတ်လို့ ရပါပြီ - Browser က Feedly icon ကို နှိပ်ပါ - သူက Google account ကိုသုံးပြီး login ဝင်ခိုင်းပါလိမ့်မယ် - ခုနက Google Reader မှာ Google-reader-subscriptions file upload တင်ခဲ့တဲ့ Account ကို သုံးပြီး login ဝင်လိုက်ပါ။ ဒါဆို Google Reader ကို တစ်ဆင့်ခံပြီး Feedly ကနေ စာစဖတ်လို့ ရပါပြီ။ Feedly ရဲ့ အသေးစိတ် အသုံးပြုနည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။




မည်သို့ ဖွဲ့စည်းထားသနည်း

ကျွန်တော့်စိတ်ကြိုက် ရွေးပြီး စဉ်ထားတဲ့ Google-reader-subscriptions မှာ Websites ပေါင်း ( ၁၀၀ရ ) ခုကို ကဏ္ဍလိုက် Categories ပေါင်း အခု ( ၂၀ ) ခွဲပြီး စဉ်ထားပေးပါတယ်။ အဲ့ဒီ့ Categories တွေကတော့ -

( 1 ) Buddhism - ဘာသာတရားဆိုတာ လူတစ်ယောက်ရဲ့ အသိတရား စိတ်ဓာတ် ခံယူချက်နဲ့ လုပ်ဆောင်မှုတွေကို အများကြီး တိုးတက်ပြောင်းလဲ စေတာမို့လို့ ဒီကဏ္ဍအောက်မှာ မြန်မာဗုဒ္ဓဘာသာဝင် လူငယ်တိုင်းအတွက် လေ့လာဖတ်ရှုသင့်တဲ့ ဗုဒ္ဓဘာသာ ဘလော့ကောင်းတွေ စုစည်းထားပါတယ်။

( 2 ) Myanmar - ကိုယ့်နိုင်တွင်းမှာ ဘာတွေ ဘယ်လို ဖြစ်နေလဲဆိုတာလေ့လာနိုင်ဖို့ မြန်မာပြည်သတင်းနဲ့ ရသဆိုင်ရာ မြန်မာဘလော့ကောင်း တစ်ချို့ ဖတ်ဖို့ ဆိုပြီး ဒီကဏ္ဍအောက်မှာ ကျွန်တော်စုထားခဲ့ပါတယ် - ဒီကဏ္ဍမှာ blogs ပမာဏ တော်တော်နည်းပါတယ် - ကိုယ့်ဘာသာ စိတ်ကြိုက်ထပ်ဖြည့်ကြပါ။

( 3 ) Geek - နည်းပညာနဲ့ ပတ်သတ်လာရင် မြန်မာဘလော့တွေ ဖတ်ယုံနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး - အဲ့အတွက် နည်းပညာနဲ့ ပတ်သတ်ပြီး အသေးစိတ် ရေးလေ့ရှိတဲ့ အင်္ဂလိပ် Websites နဲ့ Blogs ကောင်းတွေ ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ် - သူ့အောက်ကို ဝင်ရင် How to articles တွေ - Cool Websites and Tools - ဘယ်လိုပြင် ဘယ်လိုလုပ် ဘယ်လိုဖန်တီးဆိုတဲ့ နည်းပညာနဲ့ ဆိုင်တဲ့ လေ့လာမှတ်သားစရာတွေ တစ်ပုံတစ်ပင် တွေ့ရပါလိမ့်မယ် -

( 4 ) Download - Download ချဖို့ လူတော်တော်များများ ဝါသနာပါကြတယ် - ကျွန်တော်လည်း ဝါသနာပါတယ်။ အဲ့အတွက် ဒီကဏ္ဍအောက်မှာ Full and Free Download ချလို့ ရနိုင်မယ့်နေရာတွေ စုထားခဲ့ပါတယ် - ဥပမာ - Ebooks / Software / Movies ... စသဖြင့်။

( 5 ) Ubuntu - Ubuntu သုံးမယ်ဆိုရင် Ubuntu အကြောင်း ရေးတဲ့ Blogs တွေက မဖတ်လို့ကို မရပါဘူး - အဲ့တာကြောင့် Ubuntu သုံးတဲ့ ကျွန်တော့်အတွက် မဖြစ်မနေ ဖတ်သင့်မယ့် Blogs ကောင်းတွေ ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

( 6 ) Google - ကျွန်တော်က Google fun လို့ ပြောရင်လည်း မမှားဘူး - အဲ့တာကြောင့် Google က အသစ်အဆန်း ဘာတွေလုပ်နေလဲ - Google မှာ ဘာတွေ ပြောင်းလဲမှုတွေ ရှိနေသလဲ ဆိုတာ အချိန်နဲ့ တပြေးညီ သိနိုင်ဖို့ Google ရဲ့ လှုပ်ရှားမှုတွေအကြောင်း စဉ်ဆက်မပြတ် ဖော်ပြပေး နေတဲ့ နေရာကောင်းတွေ ကျွန်တော် ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

( 7 ) Web design - ကျွန်တော် Web designer မဟုတ်ပါဘူး - ဒါပေမယ့် သူ့ရဲ့ တည်ဆောက်ပုံတွေ ဖန်တီးပုံတွေကို သဘောကျလို့ လေ့လာနိုင်အောင်ဆိုပြီး တစ်နေကုန်ထိုင်ဖတ်တောင် မကုန်နိုင်တဲ့ နေရာကောင်းတွေ ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

( 8 ) Linux - ဒီကဏ္ဍအောက်မှာတော့ Ubuntu အဓိက မဟုတ်တဲ့ Linux သမားတွေ လေ့လာနိုင်စရာ နေရာကောင်းတွေ စုထားပါတယ်။ Linux နဲ့ ပတ်သတ်တဲ့ သတင်းတွေ အတင်းတွေ ဒီကဏ္ဍအောက်မှာ အကုန်တွေ့နိုင်ပါတယ်။

( 9 ) Blog - Blogger platform ဟာ Wordpress နဲ့ ယှဉ်ရင် တော်တော်ကြီးကို မှိန်ပါတယ် - ဒါပေမယ့် ကျွန်တော် Blogger သမားပါ - ကျွန်တော့်လို Blogger ဘဝကို အားကိုးနေရတဲ့ သူတွေအတွက် ပြည့်ပြည့်စုံစုံ ကိုးကားနိုင်မယ့် How to Articles တွေ - Templates တွေ ဒီကဏ္ဍအောက်မှာ ကျွန်တော် သီးသန့် စုထားခဲ့ပါတယ်။

( 10 ) Torrent - Torrent ကတော့ ကျွန်တော်အကြိုက်ဆုံးပဲ - Torrent အကြောင်းကို Torrent ဘာလဲ Torrent ဘယ်လဲ ?? ဆိုပြီး တော်တော်များများရေးခဲ့ပြီးတာမို့ မသုံးတတ်သေးရင် လေ့လာကြစေချင်ပါတယ်။ သုံးတတ်သွားတဲ့ Torrent users တွေ အတွက် စောင့်ကြည့်သင့်တဲ့ Torrent sites တွေ ဒီကဏ္ဍအောက်မှာ ကျွန်တော် ထည့်ထားပါတယ်။

( 11 ) Ebooks - အကြောင်းအရာတိုင်းက တစ်ခုမသိတိုင်း တစ်ယောက်ကို သွားမေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး - အဲ့လိုအချိန်မှာ ကျွန်တော် သိချင်တာတွေအတွက် Ebooks တွေ အားကိုးရတယ် - အဲ့လို ကိုယ့်အတွက် လိုအပ်မယ့် Ebooks တွေ အချိန်မရွေး ရှာယူလို့ ရနိုင်ဖို့ ဒီကဏ္ဍအောက်မှာ အင်တာနက်ထဲမှာ Ebooks အားလုံးကို အလကား ရယူနိုင်မယ့် နေရာကောင်းတွေ ကျွန်တော် စုထားခဲ့ပါတယ်။

( 12 ) Wordpress - ဒီကဏ္ဍအောက်မှာတော့ Wordpress သုံးသူတွေ အတွက် လေ့လာသင့်မယ့် နေရာကောင်းတွေ - Wordpress themes ဆိုဒ်တွေ စုထားပါတယ်။ သိပ်တော့ စုံမယ် မထင်ဘူး - ဘာလို့လည်းဆိုတော့ ကျွန်တော် Wordpress ကို ခဏပဲ သုံးဖြစ်ခဲ့ပြီး နောက်ပိုင်း ဆက်မသုံးဖြစ်တော့လို့။

( 13 ) Photos - ကျွန်တော်က ဓာတ်ပုံရိုက်ရတာလည်း ဝါသနာပါသေးတယ် - အဲ့တာကြောင့် ဒီကဏ္ဍအောက်မှာ ကမ္ဘာအနှံ့က ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေ ခံစားနိုင်ဖို့ စုထားပါတယ်။

( 14 ) Movies - တစ်ခါတစ်လေ အားတဲ့ရက် အခွေလေးဘာလေး ကြည့်ရတာ သဘောကျတယ် - အဲ့အတွက် Movies ကောင်းကောင်းတွေ ရှိမယ့်နေရာ ဒီကဏ္ဍအောက်မှာ ကျွန်တော်စုထားခဲ့ပါတယ်။

( 15 ) Portable - Software ဆို Portable တွေ ကျွန်တော် သိပ်သဘောကျတယ် - အဲ့တာကြောင့် Portable ရနိုင်မယ့် နေရာတွေ ဒီကဏ္ဍအောက်မှာ ကျွန်တော် စုထားတယ်။

( 16 ) Fun - တစ်ခါတစ်လေ ဟာသလေးတွေ ပေါက်တတ်ကရလေးတွေ ကြည့်ရတာ ဘဝအမောပြေတယ် - အဲ့အတွက် ဒီကဏ္ဍအောက်မှာ ဟာသဘလော့လေးတွေ ကျွန်တော် စုထားခဲ့တယ်။ ပမာဏတော့ နည်းသေးတယ် - ကိုယ့်စိတ်ကြိုက် ဘလော့တွေ ကိုယ့်ဘာသာ ထပ်ဖြည့်ယူကြပါ။

( 17 ) Computing - ဒီကဏ္ဍအောက်မှာတော့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ သတင်းတွေ အတင်းတွေ ရေးလေ့ရှိတဲ့ Websites နဲ့ Blogs တွေ တော်တော်များများ စုထားခဲ့ပါတယ်။

( 18 ) News - တစ်ယောက်တည်း နေချင်သလိုနေရင် ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ အဆက်ပြတ်သွားမှာပေါ့ - အဲ့လို မဖြစ်ရအောင် ဒီကဏ္ဍအောက်မှာ ကမ္ဘာ့သတင်း နဲ့ နိုင်ငံတကာက ဖြစ်ပျက် လှုပ်ရှားမှုတွေကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်အောင် နေရာကောင်းတွေ စုထားခဲ့ပါတယ်။

( 19 ) Architecture - ကျွန်တော် ဗိသုကာပညာကိုလည်း ဝါသနာ ပါသေးတယ် - အဲ့အတွက် ဗိသုကာပညာနဲ့ ပတ်သတ်ပြီး လေ့လာနိုင်မယ့် နေရာလေးတွေ ဒီကဏ္ဍအောက်မှာ စုထားဖြစ်ခဲ့တယ်။

( 20 ) Mac - လက်ထဲမှာ Mac တော့ မရှိဘူး - ဒါပေမယ့် တစ်ချိန်မှာ သုံးရင် သုံးဖြစ်မှာပေါ့ - အဲ့အတွက် ခုတည်းက ဒီကဏ္ဍအောက်မှာ စုထားတယ်။

မည်သည့် Websites များ ပါဝင်သနည်း

Google-reader-subscriptions file ထဲက Websites ပေါင်း ရ၈၀ က ဘယ်ဆိုဒ်တွေလဲ ဆိုတာ သိချင်မယ်ဆိုရင် ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ Google reader နဲ့ ပတ်သတ်ပြီး အသုံးပြုနည်းတစ်ချို့ကို ဒီနေရာမှာ မြန်မာလိုဖတ်နိုင်ပါတယ်။

အနှစ်ချုပ်

ဒီအကြောင်းကို ရေးဖြစ်သွားတာ လူငယ်တွေကို စာဖတ်ကြစေချင်လို့ပါ - လေ့လာစေချင်လို့ပါ - ဒီအချိန်မှာ ကျွန်တော် စာရေးနိုင်နေသေးပေမယ့် နောင်တစ်ချိန်ဆိုတာ ကျွန်တော့်အတွက် မသေချာတော့ဘူး - အဲ့အတွက် ကျွန်တော်တို့ မျိုးဆက်သစ်တွေလိုပါတယ် - မျိုးဆက်သစ်များ စာဖတ်ကြစေချင်ပါတယ် - Websites ပေါင်း ( ၁၀၀ရ ) ဆိုတာ တကယ်တော့ ဘယ်လောက်မှ မရှိသေးပါဘူး - ဖြစ်နိုင်ရင် ဒီ့ထက်တိုးပြီး လေ့လာနိုင်ဖို့ကြိုးစားကြပါ - ကိုယ်သိခဲ့တာတွေကိုလည်း ကိုယ့်လူမျိုးရဲ့ နည်းပညာအသိနဲ့ နည်းပညာအဆင့်အတန်း မြင့်မားစေဖို့ မျှဝေပေးကြပါလို့ တိုက်တွန်းရင်း လူငယ်နဲ့ပညာရေး ဆောင်းပါးကို ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါတယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts