Windows Experience Index: An In-Depth Look

Leave a Comment
Windows Experience Index အကြောင်းက တစ်ခါတုန်းကလည်း 2010 2011 Ultimate Software Guide for Windows Users အောက်မှာ ရေးပေးခဲ့ဖူးပါတယ် - တစ်ချို့ ဖတ်ဖြစ်တဲ့လူလည်း ရှိတယ် - တစ်ချို့ကလည်း စာဖတ်ဖို့ထက် Software လိုချင်စိတ်ပဲ များနေတာမို့ ကျော်ချသွားတဲ့လူတွေလည်း ရှိကောင်း ရှိလိမ့်မယ် - အဲ့တာကြောင့် ဒီအကြောင်းကိုပဲ နောက်ထပ်တစ်ခေါက် ထပ်ရေးဖြစ်လိုက်ပါတယ်။ ခုရေးမယ့် အကြောင်းအရာမှာတော့ နဲနဲ အသေးစိတ်ထားတယ် - Windows Experience Index အကြောင်း တစ်ခုတည်းတင် မဟုတ်ပဲ - သူ့ရဲ့ အားသာချက် အားနည်းချက်တွေ - လှည့်ကွင်း လှည့်ကွက်တွေနဲ့ သတိပြုသင့်တဲ့ အချက်တွေအကြောင်းပါ ထည့်သွင်းဆွေးနွေးသွားပါမယ်။

Windows Experience Index ဆိုသည်မှာ

Windows Experience Index ဆိုတာ Windows Vista နဲ့ 7 သုံးသူတွေ အတွက် Windows တင်အပြီးမှာ ကိုယ့်စက်ရဲ့ Performance ဘယ်လောက် ရှိနိုင်သလဲ ဆိုတာ စစ်ဆေးတဲ့ နေရာပါ - အလွယ်ပြောရရင် သူ့ကို Run လို့ ရလာတဲ့ Result ကို ကြည့်ပြီး - Performance အတွက် ဘာတွေ တိုးရမယ် - ဘာတွေချွေသုံးရမယ် - ဒီ Windows ကို ဆက်ပြီး သုံးသင့်သလား - မသုံးသင့်ဘူးလား - ဆိုတာမျိုးတွေထိ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။ Windows Vista နဲ့ Windows 7 Users တွေအတွက် Windows Experience Index ကို စစ်ဆေးရမယ့် နေရာက Control Panel \ Performance Information and Tools အောက်က Windows Experience Index Base Score နေရာမှာပါ။


Windows Experience Index အကြောင်းကို အသေးထပ်စိတ်ပြီး ရှင်းရရင် သူက ကိုယ့်ကွန်ပြူတာထဲမှာ ရှိနေတဲ့ Hardware နဲ့ Software တွေရဲ့ လက်ရှိ စွမ်းဆောင်နိုင်ရည်တွေကို တိုင်းတာ စစ်ဆေးပေးတဲ့ ညွှန်းကိန်းဖြစ်ပြီး Component ( ၅ ) မျိုးကို တိုင်းတာစစ်ဆေးပါတယ်။ အဲဒီ့ Component ( ၅ ) မျိုးကတော့ Processor - Memory ( RAM ) - Graphics - Gaming graphics - Primary hard disk တို့ ဖြစ်ပြီး တစ်ခုချင်းစီကနေ သူ စစ်ဆေးလို့ ရလာတဲ့ အထက်ဖော်ပြပါ ကိန်းဂဏန်းတွေထဲက အငယ်ဆုံး ကိန်းဂဏန်းကို ယူပြီး Windows Experience Index Base Score ( ကွန်ပြူတာ၏ စွမ်းဆောင်ရည်ပြ အခြေခံညွှန်းကိန်း ) ကို ဖော်ပြပါတယ်။ ဒီဂဏန်းတွေ ဘာကို ရည်ညွှန်းသလဲ ဆိုရင် Subscore နိမ့်တာနဲ့ အမျှ ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်နိုင်ရည်ဟာ သိသိသာသာ နှေးကွေးလေးလံမယ် ဆိုတာ ရည်ရွယ်တာဖြစ်ပြီး Subscore မြင့်တာ နဲ့ အမျှ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည် မြန်ဆန်မြင့်မားမယ် ဆိုတာကို ဖော်ကျူးတာ ဖြစ်ပါတယ်။ မိမိစက်မှာ ရှိတဲ့ Windows Experience Index Base Score ကို စစ်ဆေးဖို့ အတွက် ဖော်ပြပါ Update my score ကို click ပေးရပါမယ်။

ဖော်ပြပါ Hardware component တစ်ခုချင်းစီမှာ သီးခြား Subscore တစ်ခုစီရှိပြီး ကျွန်တော်တို့ ကွန်ပြူတာ ကွန်ပြူတာရဲ့ Windows Experience Index Base Score ဆိုတာ အဲ့ဒီ့ Hardware component တစ်ခုချင်းစီက ရလာတဲ့ Subscore အားလုံးထဲက အနိမ့်ဆုံး Subscore ကို ရွေးယူဖော်ပြတာဖြစ်ပါတယ်။ အထက်ဖော်ပြပါပုံမှာ ဆိုရင် ကျွန်တော့်ကွန်ပြူတာရဲ့ Subscore အနိမ့်ဆုံးဟာ 4.7 ဖြစ်တဲ့ အတွက်ကြောင့် ကျန်တဲ့ Components တွေ အားလုံးဟာ 5 ကျော် 6 ရပေမယ့် ကွန်ပြူတာရဲ့ Windows Experience Index Base Score မှာတော့ 4.7 ပဲ ဖြစ်သွားပါတယ်။ ( Base score ဟာ Components တွေ အားလုံးက ရလာတဲ့ subscore တွေအားလုံးကို ပေါင်းပြီး Average ရှာထားတာ မဟုတ်ပါဘူး။ ) ဒါကြောင့် ဆိုလိုတာ ကိုယ့်ကွန်ပြူတာမှာ Processor ဘယ်လောက်ကောင်းကောင်း RAM မကောင်းရင် - Hard disk မကောင်းရင် သို့တည်းမဟုတ် Graphics မကောင်းရင် Windows Experience Index က ကျနေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Windows Experience Index ကို ကြည့်ပြီး ကွန်ပြူတာတစ်လုံးရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ထိ မြင့်မားတယ်ဆိုတာ အလွယ်နည်းနဲ့ စစ်ဆေးနိုင်ပါတယ်။ ထိုနည်း လည်းကောင်း ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်ရည်ကို လက်ရှိအခြေအနေထက် မြှင့်ချင်ပြီဆိုရင်လည်း ဖော်ပြပါ Windows Experience Index မှာ ဖော်ပြထားတဲ့ Components တစ်ခုချင်းစီရဲ့ Subscore ကိုကြည့်ပြီး ဘယ် Components တွေကို မြှင့်ဖို့လိုမယ် ဆိုတာ အလွယ်တကူ ဆုံးဖြတ်နိုင်ပါတယ်။

အကြမ်းဖျဉ်းအားဖြင့် သုံးသပ်မယ် ဆိုရင် Windows Vista နဲ့ Windows 7 သုံးထားတဲ့ ကွန်ပြူတာတိုင်းဟာ အနိမ့်ဆုံး Windows Experience Index Base Score 3 နဲ့ 3 အထက် ( 4, 5 .... ) စသဖြင့် ရထားဖို့ လိုပြီး - 3 ထက် နိမ့်နေမယ် ဆိုရင်တော့ နိမ့်နေတဲ့ Hardware Components ကို အတတ်နိုင်ဆုံး မြှင့်တင်ဖို့လိုပါတယ်။ ဘာကြောင့်လည်း ဆိုရင် base score အနည်းဆုံး 3 ရထားတဲ့ ကွန်ပြူတာသာ Windows Vista - 7 မှာပါတဲ့ Windows Aero နဲ့ new features တွေကို Run နိုင်ဖို့ အခြေခံအား ဖြင့် ပြည့်စုံတယ်လို့ ဆိုနိုင်ပြီး base score 4 ဒါမှမဟုတ် 5 နဲ့ အထက် ရထားမှ new features အားလုံးကို စွမ်းအားပြည့် Run နိုင်မယ်လို့ အကြမ်းဖျဉ်းအားဖြင့် သုံးသပ်လို့ ရပါတယ်။ Windows Experience Index base score 3 အောက်ကို ရောက်နေမယ် ဆိုရင်တော့ Hardware Components ကို မြှင့်နိုင်ရင် မြှင့် မမြှင့်နိုင်ရင် Windows ပြောင်းသုံးဖို့ စဉ်းစားရပါ လိမ့်မယ်။ ပြောင်းသုံးဖို့ မစဉ်းစားပဲ ပေကပ်ပြီး သုံးမယ်ဆိုရင်တော့ မိမိအသုံးပြုတာ ကြမ်းရင် ကြမ်းသလို စက်မှာ ပြဿနာ တစ်ခုမဟုတ် ဖြစ်လာပါလိမ့်မယ်။

Windows Experience Index နှင့် မသမာမှုများအကြောင်း

အဲ့တော့ Windows Experience Index ရဲ့ သဘောကို အကြမ်းဖျဉ်းအားဖြင့် သိပြီ - သူ့ကို သိထားယုံနဲ့ ဘာတွေ ခန့်မှန်းနိုင်မယ် - ဘာတွေဆုံးဖြတ်နိုင်မယ် ဆိုတာ လူတော်တော်များများ သတိထားမိ လာကြတော့ နောက်ပိုင်းမှာ စက်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို တစ်ယောက်နဲ့ တစ်ယောက် မေးကြရင် RAM ဘယ်လောက်လဲ - Processor ဘာလဲ - Graphic ဘယ်လိုလဲ ဆိုတာမျိုး တော်ယုံ ဘယ်သူမှ မမေးကြတော့ဘူး - ခင်ဗျားကွန်ပြူတာ Base score ဘယ်လောက်ရလဲ ဆိုတာမျိုးပဲ တိုက်ရိုက်ဦးတည် မေးကြတော့တယ် - ဒီတော့ Windows Experience Index ဆိုတာ ကွန်ပြူတာတစ်လုံးလုံးရဲ့ အသက်တစ်ခုလို တိုက်ရိုက် ပတ်သတ်လာတော့တာပေါ့ - ဒီအားသာချက်ကို သိလာတဲ့ လူတစ်ချို့က Windows Experience Index နဲ့ ပတ်သတ်ပြီး လှည့်ကွက်တစ်ချို့ လုပ်လာကြတယ် - ဆိုလိုတာ စက်တစ်လုံးရဲ့ Performance က တကယ်ဒီလောက် ကောင်းတာ မဟုတ်ပဲနဲ့ Subscore ကို မြင့်အောင် လုပ်လာကြတာမျိုးပေါ့ - တစ်ချို့ကတော့ ဒီလှည့်ကွက်ကို တစ်ယောက်နဲ့ တစ်ယောက် စနောက်ဖို့ အပျော်သဘောနဲ့ လုပ်ကြတယ် - တစ်ချို့ကတော့ မသိနားမလည်သူတွေကို ခုတုံးလုပ်ပြီး စီးပွားရေး အမြတ်ထုတ်ဖို့အတွက် လုပ်ဆောင်ကြတယ်။ ဒါ့ကြောင့် မိသားစုဝင်တွေအနေနဲ့ ကွန်ပြူတာတစ်လုံးကို ဝယ်ယူတော့မယ် ဆိုရင် အသစ်တစ်လုံး ဝယ်ယူရာမှာ ဖြစ်ဖြစ် - တစ်ခြား စက်အဟောင်းတစ်လုံးကို ဝယ်ယူရာမှာ ဖြစ်ဖြစ် စက်တစ်လုံးကို စစ်ဆေးတဲ့ နေရာမှာ Base score ကို စစ်ဆေးကြဖို့ - ရောင်းချသူရဲ့ ပါးစပ်က ထွက်တဲ့ Base score ကို မယုံကြဖို့ နဲ့ မျက်မြင်တွေ့ရယုံတင် မဟုတ်ပဲ ကိုယ်တိုင်ပါ စစ်ဆေးကြည့်ပြီးမှ ထွက်လာတဲ့ Base score ကို ယုံကြည်ကြဖို့ မှာချင်ပါတယ်။

Base score လှည့်ကွက်များအကြောင်း

ရောင်းချသူ / အသုံးပြုနေသူရဲ့ ကွန်ပြူတာဟာ Windows Vista / 7 တစ်ခုသုံးထားတယ်ဆိုရင် Performance ဘယ်လောက်ပဲ ရှိရှိ - အမြင့်ဆုံး Windows Experience Index 7.9 အထိ မြှင့်ယူလို့ ရပါတယ်။ အောက်ဖော်ပြပါ ပုံများကို ကြည့်ပါ - ခု အောက်မှာ မြင်ရတဲ့ပုံမှာ ကျွန်တော့်စက်မှာ ရှိနေတဲ့ Windows 7 Ultimate ရဲ့ Base score ဖြစ်ပါတယ်။ 4.7 ပါ။ ဒါဟာ Windows Experience Index ကို ဘာမှ ပြင်မယူရသေးခင် အဖြေအနေ ဖြစ်ပါတယ်။


ဒါကို တစ်ခြားသူတစ်ယောက်ကို ပြတဲ့နေရာမှာ မျက်နှာပန်းလှအောင် ကျွန်တော်ပြင်ယူလိုက်ပြီ - ခု အောက်မှာ ဖော်ပြထားတဲ့ ပုံကိုကြည့်ပါ။ အမြင့်ဆုံး Windows Experience Index 7.9 ကို ကျွန်တော့်စက်ရသွားပါပြီ။


အဲ့တော့ ပုံနှစ်ပုံရဲ့ ချက်ခြင်းဆိုသလို ကွာခြားသွားတဲ့ ပြောင်းလဲမှုကိုကြည့်ပြီး Windows Experience Index ရဲ့ Base Score ကို မြင်ယုံနဲ့ စက်တစ်လုံးရဲ့ Performance ကို ဆုံးဖြတ်ဖို့ စောလွန်းသွားပြီ ဆိုတာ သတိထားမိပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ ??

Base score မြှင့်တင်မှု လမ်းကြောင်းများ

Performance မကောင်းလည်းပဲ Base score မြှင့်လို့ရတယ်ဆိုတာ ကျွန်တော်တို့ အပေါ်မှာ သိခဲ့ပြီ - အဲ့တော့ Subscore မြင့်လာအောင် ကျွန်တော်တို့ ဘယ်လို လုပ်ဆောင်လို့ ရမလဲ - Base score မြင့်လာအောင် လုပ်ဆောင်ရတဲ့ လမ်းကြောင်းက ခက်ခက်ခဲခဲ ရှုပ်ရှုပ်ရှက်ရှက် သိပ်မရှိပါဘူး - အောက်မှာ ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်း သွားပါ -

Quote:
C:\Windows\Performance\WinSAT\DataStore
DataStore ဆိုတဲ့ Folder အောက်ကို ရောက်ရင် အောက်ဖော်ပြပါအတိုင်း (date) Formal.Assessment (Initial).WinSAT.xml ဆိုတဲ့ တည်ဆောက်ပုံနဲ့ .xml ဖိုင်တစ်ခုတွေ့ပါလိမ့်မယ်။ အဲ့ဖိုင်ဟာ Windows Experience Index စာမျက်နှာမှာ ဖော်ပြနေတဲ့ Base score နဲ့ Subscore တွေ အားလုံးကို ချုပ်ထိန်းထားတဲ့ နေရာပါပဲ။


သူ့ကို ပြင်ဖို့အတွက် Right click ထောက်ပြီး WordPad နဲ့ ဖွင့်ပါ။ ပြီးရင် 4.7 ဆိုတဲ့ Code မျိုးနဲ့ ဆင်တူတဲ့ စာကြောင်းကို ရှာပါ။


ဒီနေရာမှာ 4.7 ဆိုတာ ကျွန်တော့်စက်ရဲ့ Base score ဖြစ်ပါတယ်။ ဒါကို ကိုယ့်စက်က Base score နဲ့ အစားသွင်းပြီး အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Ctrl+F ကနေတစ်ဆင့် 4.9 ဆိုတဲ့ ပုံစံနဲ့လည်း ရှာနိုင်ပါတယ်။


ရှာလို့တွေ့ရင် လတ်တလော တွေ့နေရတဲ့ Current Rating ကို 7.9 ကို ပြောင်းပါ ( ဒါက ကျွန်တော် အကြမ်းဖျဉ်း ပြထားတာပါ - တကယ်တမ်း ယုတ္တိရှိဖို့ ဆိုရင် Base score ဟာ Subscore အနိမ့်ဆုံးနဲ့ ညီရမှာမို့လို့ လိုချင်တဲ့ Base score နဲ့ Subscore ကို ညှိထားတတ်ဖို့ လိုပါတယ်။ ) တကယ်လို့ Base Score တစ်ခုတည်းကို မဟုတ်ပဲ - ကျွန်တော် ပြောင်းပြထားသလို Subscore တွေအားလုံးကိုပါ ပြောင်းချင်သေးတယ် ဆိုရင် တစ်ခြား သက်ဆိုင်ရာ Components အားလုံးရဲ့ Subscore တွေကိုပါ လိုက်ရှာပြီး ပြောင်းပေးဖို့ လိုပါတယ်။ အားလုံးပြောင်းပြီးရင် Save လုပ်ပြီး Control panel အောက်က Windows Experience Index ကို သွားကြည့်ကြည့်ပါ - ကိုယ်ပြောင်းထားတဲ့ အတိုင်း ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။


အဲ့တော့ ကျွန်တော်တို့တွေ Windows Experience Index ကို Fake Score ရအောင် ဘယ်လို လုပ်ရလဲ ဆိုတာ သိပြီ - သူများကိုယ့်ကို လှိမ့်လာရင် မခံရအောင်ရော ဘယ်လိုပြန်လုပ်ရမလဲ - အဲ့တာက လွယ်ပါတယ်။ အောက်ဖော်ပြပါ နေရာကနေ Windows Experience Index ကိုနောက်တစ်ကြိမ် ပြန် Run လိုက်ပါ - ရလဒ် အစစ်ပြန်ထွက်လာပါလိမ့်မယ်။


မှတ်ချက် - (date) Formal.Assessment (Initial).WinSAT.xml ဆိုတဲ့ ဖိုင်ကို Edit လုပ်တဲ့ နေရာမှာ အဲ့ဖိုင်ဟာ Windows file အမျိုးအစားထဲမှာ ပါတာမို့လို့ Edit လုပ်ပြီး Save လုပ်တဲ့ အချိန်မှာ Save လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လို အခြေအနေမှာ Ownership ယူဖို့ လိုပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဖိုင်ကို Download ယူပါ - ရလာတဲ့အခါ အောက်ဖော်ပြပါ ဖိုင်ကို Run ပြီး Take Ownership Option ကို Right Click Menu မှာခေါ်ယူ သုံးစွဲနိုင်ပါတယ်။


Quote:
Add Take Ownership Option
http://www.mediafire.com/?6xysdx3nuzlv1fm
ခုဖော်ပြခဲ့သလောက်ဆို Windows Experience Index အကြောင်း အားသာချက် အားနည်းချက်တွေ - လှည့်ကွင်း လှည့်ကွက်တွေနဲ့ သတိပြုသင့်တဲ့ အချက်တွေအကြောင်း နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ ခုဖော်ပြခဲ့တဲ့ ဖော်ပြချက်ဟာ တစ်ခြားသူတစ်ယောက်ရဲ့ မသိနားမလည်မှုကို အမြတ်ထုတ်ပြီး ကိုယ်ကျိုးရှာဖို့ ဖော်ပြထားတာ မဟုတ်ပါဘူး - မိသားစုဝင်များ ဗဟုသုတ ရှိစေဖို့နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို ခန့်မှန်းနိုင်စေဖို့ပါ - အခြားလူတစ်ယောက် အခက်အခဲရှိနေရင်လည်း ကူညီပါ - မသိနားမလည်သူကို ဘာမှမခက်ခဲတဲ့ ပညာရပ်တစ်ခုနဲ့ ဆရာလုပ်ပြီး ပညာပြတဲ့သူဟာ တစ်သက်လုံး ဘာမှအဖြစ်မရှိတဲ့ ပညာရပ်နဲ့ပဲ အသက်မွေးရတတ်ပါတယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts