Thingyan Feeling

Leave a Comment

သက္ကရာဇ် ၂၀၀၀ တည်းက သင်္ကြန်ကို ဘာမှန်း မသိခဲ့တာ ခုချိန်ထိလည်း ဘာမှန်း ခံစားခွင့် မရခဲ့ဘူး - သင်္ကြန်ဆို ဒီလိုပဲ အဓိပ္ပါယ်မရှိတဲ့ ပတ်ဝန်းကျင်မှာ ဟိုငေး ဒီငေးနဲ့ တစ်ယောက်တည်း ခပ်ဆွေးဆွေးပဲ နေဖြစ်ခဲ့တယ် - လူဖြစ်ကြတာချင်း တူပေမယ့် ခံစားခွင့် မတူကြတဲ့ သူတွေ - ကိုယ့်အတွက် အခွင့်အရေး မရှိပေမယ့် သူတို့အတွက် အခွင့်အရေး ရှိနေကြတာတွေ တွေ့ရရင် ဘဝဆိုတာ စချိန်ကတည်းက သမာဓိ မရှိတဲ့ လျှာတစ်ဖက်စောင်း ချိန်ခွင်ထဲမှာ ကိုယ့်ကို ထည့်ချိန် ခံနေရသလိုပဲ ခံစားရတယ် -

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ ဆိုတဲ့ စကားက လူသားဆန်ချင်တဲ့ လူတစ်ယောက်အတွက် အချိန်တိုင်း လက်ကိုင်ထားနိုင်ဖို့ သေချာလို့လား ?? ကိုယ်သေလောက်အောင် ကြိုးစားလည်း မရလာခဲ့တဲ့ အရာတွေ - တစ်နေလုံး တစ်ညလုံး ကုံးရုန်းရှာတာတောင် မိသားစု ထမင်းနပ်မှန်နိုင်ဖို့ မကာမိနိုင်တဲ့ သူတြွေကားမှာ သူတို့ ဘယ်လောက်ထိ တင်းခံနိုင်မှာလဲ - ကျုပ်ကော ဘယ်လောက်ထိ တင်းခံနိုင်မှာလဲ - လူတစ်ယောက်ရဲ့ ခံစားချက်ကို ပတ်ဝန်းကျင်က ဘောင်ခတ်တယ် - လူတစ်ယောက်ရဲ့ ရပ်တည်ခွင့်ကို ပြဌာန်းချက်တစ်ချို့က တုပ်နှောင်တယ် - လူဆိုတာ မွေးလာကတည်းက ငါကြီးလာရင် မကောင်းတာ လုပ်ပြီး ဗီလိန် အကြီးစားဖြစ်ရမယ် - ဂျပိုး သူခိုး ဖြစ်ရမယ်လို့ ဦးတည်ချက် ထားတဲ့သူ တစ်ယောက်မှ မရှိကြဘူး - အားလုံး လူတော် လူကောင်းတွေ / ပညာရှိ ပညာတတ်တွေ / အများအကျိုး သယ်ပိုးနိုင်သူတွေပဲ ဖြစ်ချင်ခဲ့ကြတာပဲ - ဒါပေမယ့် -

  • ရောမရောက်ရင် ရောမလို ကျင့်
  • သူများ မိုးခါးရေ သောက်ရင် ကိုယ်လည်း လိုက်သောက်

ဆိုတဲ့ စကားတြွေကားမှာ ပညာတတ်တွေ ပညာမဲ့ကုန်ကြတယ် - ပညာမဲ့တွေ သူခိုး - ဂျပိုးနဲ့ ဗီလိန်အကြီးစား ဖြစ်လာကြတယ် - ဒီစကားတွေကို ဘာရည်ရွယ်ချက်နဲ့ ဥပမာပေး ပြောခဲ့ကြတယ် ဆိုတာ ကျုပ် ကောင်းကောင်း မသိပေမယ့် ကျုပ်သိထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ သေလောက်အောင် မုန်းစရာ ကောင်းတယ် - ဒါပေမယ့် ကျုပ် ဘယ်လောက် မုန်းနိုင်မှာလဲ - ဘယ်သူတွေ ဘယ်လောက် မုန်းမုန်း သောက်တဲ့ သူတွေကတော့ ပြည့်နေတာပဲလေ - နောက်ဆုံး မသောက်ချင်တဲ့ လူတွေပဲ လွင်တီးခေါင်ပြင်ထဲမှာ ကယ်သူမဲ့ပြီး ကျန်ခဲ့ကြတယ် - အချိန်တန်တော့ အဲ့လိုလူတွေလည်း သေကြကျေကြ - ဘယ်လိုလူတွေ ဘယ်လိုပဲ သေကြကျေကြ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စကားနဲ့ မိုးခါးရေ သောက်တဲ့ လူတွေကတော့ ခုချိန်ထိ အသက်ရှင်နေခဲ့ကြတယ် - ဘဝတစ်ခု တည်တံ့မှုမှာ ရပ်တည်ရှင်သန်မှုက ပိုပြီး အရေးကြီးတာ မို့လို့ နောက်လူတွေကလည်း မိုးခါးရေ သောက်သူတွေကို အမှန်လို့ ယူဆတယ် - လွင်တီးခေါင်ပြင်ထဲက လူတွေလို ငမိုက်သားတွေလို့ အပြစ်တင်တယ် - အဲ့ဒီ့ ပြစ်တင်စကားတွေ ကဲ့ရဲ့ရံှု့ချမှုတွေရဲ့ ကြားမှာ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်နေမှန်း ဂဃနဏ မသိကြတဲ့ လွင်တီးခေါင်ပြင်ထဲက လူတစ်ချို့ လူမသိအောင် ခါးကြားထဲ ဖွက်ပြီး ယူလာတဲ့ မိုးခါးရေဗူးကို မှောင်ရိပ်ကွယ်ပြီး ထုတ်သောက်ကြတယ် - အဲ့လိုနဲ့ မိုးခါးရေ သောက်သူ နဲ့ မိုးခါးရေ မသောက်သူ ဆိုတာ ခွဲခြားလို့ မရတော့ပဲ - မိုးခါးရေသောက်သူ နဲ့ မိုးခါးရေခိုးသောက်သူ ဆိုပြီး အုပ်စုနှစ်စုပဲ ကျန်ခဲ့တော့တယ် - ဒါပေမယ့် အုပ်စုနှစ်ခုလုံးကတော့ မိုးခါးရေ သောက်ကြတာချင်း တူတူပါပဲ -

အဲ့ဒီ့ အုပ်စုနှစ်ခုရဲ့ ကြားထဲမှာ အရင်လို မိုးခါးရေ လုံးဝမသောက်သူ လူတစ်စု ရှိနေသေးတယ် ဆိုတာကိုတော့ လူတိုင်း သတိမပြုမိကြတော့ဘူး - သတိပြုမိသူတစ်ချို့ ရှိပေမယ့် တစ်ချို့က ခေါင်းညိမ့် အသိအမှတ်ပြုယုံလောက် ပြုံးပြပြီး တစ်ချို့ကတော့ လူထန်းလူဆန်းတစ်ယောက်လို သနားစရာ အကြည့်နဲ့ နှုတ်ဆက်စကား ပြောကြတယ် - ခပ်ဝေးဝေး တစ်နေရာရောက်တော့ သူတို့ ခါးကြားက ရွှေရောင်ကွပ်ထားတဲ့ ဗူးတစ်ဗူးကို ခပ်သာသာဖြုတ်ပြပြီး နှုတ်ခမ်းဝမှာတေ့တယ် - ဆိုလိုတာကတော့ ခပ်စုတ်စုတ် မင်းဘဝကို အရောင်မြှင့်တင်ပေးဖို့ ဆိုတာ ဒီထဲက မိုးခါးရေကပဲ တတ်နိုင်သတဲ့ 

ကျုပ်လား ဟုတ်တယ် - ကျုပ် ခပ်စုတ်စုတ် လူတစ်ယောက်ပဲ - ဒါပေမယ့် ဘဝတစ်လျှောက်လုံးမှာ မိုးခါးရေ မသောက်ဖြစ်ဖို့ ကြိုးစားခဲ့တယ် - ဒါပေမယ့်လည်း ကျုပ် ဘယ်လောက်ထိ တင်းခံနိုင်မှာလဲ - လူတန်းစေ့ နေနိုင်ဖို့လိုတဲ့ ကျုပ်မိသားစု အတွက် လွင်တီးခေါင်ပြင်ထဲမှာ ကြာရှည် ကျုပ်ရပ်နေလို့ ဖြစ်ပါတော့မလား - အထဲမှာ ရေညှိတက် ပေကျံနေတာ သူတို့ မသိကြပေမယ့် ရွှေရောင်ကွပ်ထားတာကို မြင်တော့ ကျုပ်ရဲ့ အသိုင်းအဝိုင်းက ဒါကို အာသာငမ်းငမ်း လိုလားနေကြပြီ - ပတ်ဝန်းကျင်က ရိုက်ခတ်တဲ့ စကားသံတွေ - အပြိုင်အဆိုင် အလကားပေးနေတဲ့ မိုးခါးရေပုလင်းတွေ ကြားထဲမှာ တန်ဖိုးဖြတ်လို့ မရတဲ့ သန့်စင်မှုတစ်ခုအကြောင်း နာမဝိသေသနတွေ အလျှံအပယ်သုံးပြီး ကျောက်သင်ပုန်း တစ်ချပ်ပေါ်မှာ ကျုပ်တန်ဆာဆင်ပြလို့ မရတော့ဘူး - အဲ့လိုနဲ့ တစ်နေ့ - ကျုပ်ခါးကြားမှာ ရွှေရောင်ကွပ်ထားတဲ့ ဗူးတစ်ခု သူတို့ တွေ့ခဲ့ကြတော့မင်း ခုတော့ မိုးခါးရေ သောက်နေပြီ မလား ဆိုတဲ့ အကြည့်နဲ့ အချင်းချင်း အရွှန်းဖောက်ကြတယ် - ကျုပ် ခပ်လျော့လျော့ ပြုံးပြဖြစ်ပါတယ် - ဟုတ်မှာပါ - သူတို့ အမြင်မှာတော့ ကျွန်တော်လည်း အခု မိုးခါးရေသောက်သူများ အုပ်စုဝင် တစ်ယောက်ပေါ့ -

ဒါပေမယ့် သူတို့ လက်ခံထားကြတဲ့ ပတ်ဝန်းကျင်မှာ သူတို့ သတိမထားမိလိုက်တဲ့ အုပ်စုအသစ်တစ်ခု ဖြစ်တည်လာတာကိုတော့ သူတို့ အားလုံး သတိမထားမိလိုက်ကြဘူး - အဲ့အုပ်စုအတွက် နာမည်ကို တစ်ချိန်က ရှင်းပြခွင့် မရခဲ့တဲ့ ကျောက်သင်ပုန်းတစ်ချပ်ပေါ် တိတ်တဆိတ်ရေးပြီး ဘယ်သူမှ မသိနိုင်တဲ့ တစ်နေရာမှာ ကိုယ်ကိုယ်တိုင်ပဲ ဖွက်ထားလိုက်တယ် - နောက်ပြီး ကျောက်သင်ပုန်း ရှာနေသူ တစ်ယောက်လို ဘဝကို ဖြတ်သန်းခဲ့တယ် - ကျောက်သင်ပုန်းပေါ်မှာ ရေးခဲ့တဲ့ အဲ့ဒီ့ နာမည်ကို တစ်ခြားသူတွေ မသိကြပေမယ့် သူကိုယ်တိုင်တော့ ခဏခဏ ပြန်ပြန်ရွတ်လေ့ ရှိတယ် - အဲ့နာမည်က -

" မိုးခါးရေပုလင်း ချိတ်သူများ "

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts