Best Bookmark Management Tools

Leave a Comment


တော်တော်များများ သိပြီးသား အကြောင်းအရာတစ်ခုကိုပဲ ကျွန်တော်ဒီနေ့ အကျယ်ချဲ့ကြည့်ချင်ပါတယ်။ ကျွန်တော်တို့ တွေ တစ်နေ့နဲ့ တစ်နေ့ အင်တာနက်ထဲမှာ လှည့်ပတ်နေကြတယ်။ စာဖတ်တာရှိတယ်။ အခြွေကည့်တာ ရှိတယ်။ တစ်ခါတစ်လေ အွန်လိုင်း ဂိမ်းဆော့တာ ရှိတယ်။ တစ်ခါတစ်လေ သတင်းနားထောင်တာ ရှိတယ်။ ရံဖန်ရံခါ အဖြူရောင် သံစဉ်တို့လို့ ဘာတို့လို site တွေကနေ သီချင်းနားထောင်တာမျိုးတွေလည်း ရှိတတ်သေးတယ်။ ဆိုရရင် အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပြူတာ တစ်လုံးအတွက် ကွန်ပြူတာရှေ့မှာ ထိုင်လိုက်ပြီ ဆိုတာနဲ့ လည်ပတ် သွားလာစရာ နေရာဆိုတာ တော်တော်များများကို ရှိပါတယ်။ အဲလိုမျိုး လှည့်ပတ်သွားလာရင်းနဲ့ တစ်ချို့ ဆိုဒ်မျိုးတွေကို ကိုယ် သဘောကျမိတာ ရှိတယ်။ အကြောင်းအရာလေးတွေလည်း စုံတယ်။ ကိုယ် စိတ်ဝင်စားတာလေးတွေလည်း တော်တော်များတယ်။ ဒီလို အကြောင်းအရာ ဗဟုသုတစုံအောင် ဖော်ပြနိုင်တဲ့ ဆိုဒ်မျိုးရှားတယ် ဆိုတာလည်း ကိုယ့်စိတ်ထဲက သိနေပြီ။ ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဟုတ်ကဲ့ ဒီ website ရဲ့ လိပ်စာ တစ်နည်းအားဖြင့် URL ကို မှတ်ထားဖို့ လိုပါတယ်။ ဘယ်လို မှတ်ကြမလဲ -  ?? ကျွန်တော်လုပ်ဆောင်ခဲ့ဖူးတဲ့ URL မှတ်နည်းတွေကို ပြောပြပေးပါ့မယ်။ ကျွန်တော် သဘောကျတဲ့ ဆိုဒ်တွေ တွေ့ပြီ ဆိုရင် -


  • အခြေခံအဆင့် - ကျွန်တော့် မှတ်စု စာအုပ်ထဲမှာ ရေးပြီး မှတ်ထားတယ်။
  • လေ့လာခါစအဆင့် - နောက်ပိုင်း ကွန်ပြူတာ ကိုယ်ပိုင်ရှိလာတော့ မှတ်စုစာအုပ်ထဲမှာ မမှတ်ဖြစ်တော့ပဲ ကွန်ပြူတာ ထဲက notepad, word file, microsoft onenote ... စတာမျိုးတွေ အသုံးပြုပြီး မှတ်ပါတယ်။
  • နားလည်သောအဆင့် - အဲ့နောက်တော့ ကွန်ပြူတာ ထဲက notepad, word file, microsoft onenote ... ဆိုတာမျိုးတွေထဲ မမှတ်ဖြစ်တော့ပဲ Browsers တွေမှာပါတဲ့ Bookmarks ကနေ မှတ်ပါတယ်။
  • အသုံးချတတ်သောအဆင့် - ခုနောက်ပိုင်းမှာတော့ Browsers တွေမှာပါတဲ့ Bookmarks ကနေလည်း မမှတ်ဖြစ်တော့ပါဘူး။ ခုကျွန်တော် အသုံးပြုဖြစ်တဲ့ bookmarking စနစ်ကတော့ web-based bookmarking စနစ်ပဲ ဖြစ်ပါတယ်။

တစ်ချက်ချင်း စီရဲ့ အားသားချက် အားနည်းချက်တွေ ရှိပေမယ့် ကျွန်တော် အသေးစိတ် မဖော်ပြတော့ပါဘူး။ တစ်ချက်ချင်းစီမှာ အားသာချက်ရှိတာ မှန်ပေမယ့် နောက် တစ်ချက်ရှိရာဆီ ကျွန်တော်ဘာကြောင့် ကူးပြောင်းခဲ့သလဲ - ?? နောက်ဆုံးအဆင့်က ရှေ့ဆုံး အဆင့်ထက် အားသာချက် ပိုများလို့ပဲ ဖြစ်ပါတယ်။ ဆိုရရင် ပထမအဆင့်ဖြစ်တဲ့ - ကျွန်တော့် မှတ်စု စာအုပ်ထဲမှာ ရေးပြီး မှတ်ထားတယ် - ဆိုတာထက် စတုတ္ထအဆင့်ဖြစ်တဲ့ - ခုနောက်ပိုင်းမှာတော့ Browsers တွေမှာပါတဲ့ Bookmarks ကနေလည်း မမှတ်ဖြစ်တော့ပါဘူး။ ခုကျွန်တော် အသုံးပြုဖြစ်တဲ့ bookmarking စနစ်ကတော့ web-based bookmarking စနစ်ပဲ ဖြစ်ပါတယ်။ ဆိုတဲ့ အဆင့်က အားသာချက် ပိုများလို့ပါပဲ။

ကျွန်တော်နဲ့ ရင်းနှီးကြတဲ့ မြန်မာနိုင်ငံက ကျွန်တော့် သူငယ်ချင်း တော်တော်များများ - ဆွေမျိုးသားချင်းက အစ web-based bookmarking စနစ်နဲ့ မရင်းနှီးကြပါဘူး။ သူတို့မှာကိုယ်ပိုင် ကွန်ပြူတာ ဆိုတာလည်း များသောအားဖြင့် မရှိကြသလို - အင်တာနက် ဆိုတာလည်း သူတို့ လက်တစ်ကမ်းမှာ မရှိကြပါဘူး။ အင်တာနက်ကို အသုံးမပြုသူ ၊ Online နဲ့ Computer ဆက်စပ် လုပ်ကိုင်နေသူ တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် web-based bookmarking စနစ်အကြောင်း သိထားဖို့ ဒီလောက် အရေးမကြီးပေမယ့် Online နဲ့ Computer ဆက်စပ် လုပ်ကိုင်နေသူ တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်တော့ web-based bookmarking စနစ်နဲ့ အသုံးချပုံက သိကို သိထားသင့်ပါတယ်။

အတော်များများက URL ကို ဘာနဲ့ မှတ်မလဲ လို့ မေးလိုက်ရင် Browsers တွေမှာပါတဲ့ Bookmarks ကနေမှတ် ဒီလိုပဲ အလွယ်ပြောကြပါတယ်။ Browsers တွေမှာပါတဲ့ Bookmarks က အသုံးပြုရ လွယ်ကူတာ မှန်ပေမယ်လို့ တကယ်တမ်း Windows တစ်ခု အတင်အချ ၊ Browsers အဖြုတ်အတပ်တွေမှာ Bookmarks တွေကို Export လုပ်ထားဖို့ သတိမေ့လျော့ခဲ့မယ် ဆိုရင် ကိုယ်မှတ်ထားသမျှ Bookmarks အားလုံး ဆုံးရံှုးနိုင်ပါတယ်။ မတော်လို့ ကိုယ့် ကွန်ပြူတာ Virus ကိုယ်ခံရပြီ ဆိုရင်လည်း ထိုနည်းလည်းကောင်း မှတ်ထားသမျှ ဆုံးရံှုးနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆုံးရံှုးခဲ့ဖူးပါတယ်။ ဒါတင်မက ကိုယ့် ကွန်ပြူတာ မဟုတ်တဲ့ အခြားနေရာ တစ်ခုက ကွန်ပြူတာ ( ဥပမာ - အလုပ်မှ ကွန်ပြူတာ ) ကို အသုံးပြုတဲ့ အချိန်မှာလည်း ကိုယ့် Bookmarks တွေကို access လုပ်ဖို့ ခက်ခဲပါတယ်။

Web-based bookmarking စနစ် > သူကတော့ ကိုယ့်မှတ်သားချက် အားလုံးကို ကိုယ့် ကွန်ပြူတာ ထဲမှာ သိမ်းဆည်းထားမှာမျိုး မဟုတ်ပါဘူး။ သူက ကိုယ့်နှစ်သက်ရာ websites ၊ ကိုယ် သဘောကျရာ web စာမျက်နှာတွေရဲ့ လိပ်စာတွေကို အင်တာနက်ထဲမှာပဲ သိမ်ဆည်းပေးထားမှာ ဖြစ်ပါတယ်။ အားသာချက် အနေနဲ့ ကတော့ Windows တစ်ခု အတင်အချ ၊ Browsers အဖြုတ်အတပ်တွေမှာ Bookmarks တွေကို Export လုပ်ထားဖို့ သတိမေ့လျော့ရာကနေ Bookmarks အားလုံး ဆုံးရံှုးရခြင်း ဆိုတာကနေ လွတ်ကင်းမယ်။ ကိုယ့် ကွန်ပြူတာ Virus ကိုယ်ခံရလို့ ကိုယ်မှတ်ထားသမျှ Bookmarks လေးတွေ အကုန်ပါသွားတယ် ဆိုတာမျိုးကနေ လည်း လွတ်ကင်းမယ်။ မှတ်သား သိမ်းဆည်းရ လွယ်ကူမယ်။ လုံခြုံမှု ရှိမယ်။ ကိုယ် သဘောကျတဲ့ မှတ်သားထားချက်တွေကို အခြားတစ်ယောက်ယောက်ကို ဝေမျှချင်မယ် ဆိုရင်လည်း အလွယ်တကူ ဝေမျှ နိုင်မယ်။ ကိုယ့် ကွန်ပြူတာ မဟုတ်တဲ့ အခြား ကွန်ပြူတာ တစ်ခုကနေ အင်တာနက်ကို အသုံးပြုတဲ့ အချိန်မှာ မိမိရဲ့ Bookmarks အားလုံးကို အင်တာနက်ကနေ တစ်ဆင့်ပဲ အလွယ်တကူ access လုပ်နိုင်မယ်။ Browsers မတူတော့လို့ ကိုယ့် Bookmarks ပါမလာတော့တာမျိုးတွေ - Website လိပ်စာ မှတ်မိဖို့ မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ပြီး ဘယ်အင်တာနက်ဆိုင် သွားသွား ဆောင်ထားရ တာမျိုးတွေ မလိုအပ်တော့ဘူး။ ဒါဟာ Web-based bookmarking စနစ်ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အင်တာနက်ထဲမှာ Web-based bookmarking စနစ်ကို အခြေခံထားပြီး မိှုလိုပေါက်အောင် များပြားလှတဲ့ Bookmark Management Tools တွေ အများအပြားရှိပါတယ်။ အဲ့တာတွေ အားလုံးထဲကမှ အသုံးပြုရ လွယ်ကူပြီး လက်ရှိအခြေအနေနမှာ လူသုံးလည်း တော်တော်များတဲ့ Bookmark Management Tools ( ၄ ) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သြော် ကျွန်တော် တစ်ခု ပြောဖို့ မေ့သွားလို့ - သူတို့ အားလုံး Free ဖြစ်ပါတယ်။

Weave



Mozilla Weave ဆိုတာ Firefox ရဲ့ add-on တစ်ခု ဖြစ်ပြီး users တွေ အင်တာနက်ပေါ်မှာရှိတဲ့ web စာမျက်နှာတွေကို မှတ်သားတဲ့ အချိန်မှာ အသုံးပြုရ လွယ်ကူစေဖို့ ဦးတည်ချက်ထားပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု ကတော့ Firefox မှာ ကိုယ်သုံးနေတဲ့ bookmarks, bookmark toolbar, smart location bar, tabs, browsing history, တွေနဲ့ passwords တွေအားလုံးကို Weave ကနေတစ်ဆင့် Mozilla servers နဲ့ ချိတ်ဆက်ပြီး synchronize လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ခုလိုလုပ်ဆောင်ထားခြင်း အားဖြင့် ကိုယ့်ကွန်ပြူတာ တစ်ခုခု ချွတ်ယွင်းခဲ့တာမျိုး ဖြစ်စေ ၊ ကိုယ့် ကွန်ပြူတာက ကိုယ့် အနီးအနားမှာ ရှိမနေခဲ့တာပဲ ဖြစ်စေ Mozilla servers ကနေ တစ်ဆင့် ကိုယ့် Bookmarks တွေကို အချိန်မရွေး ပြန်လည် ရယူနိုင်ပါတယ်။

Xmarks



လူသိများတဲ့ သူ့ နာမည်တစ်ခုကတော့ Foxmarks ဖြစ်ပြီး သူလည်း Web-based bookmarking စနစ်ကို အခြေခံထားတဲ့ Bookmark Management Tool တစ်ခုပဲ ဖြစ်ပါတယ်။ သူရဲ့ လုပ်ဆောင်ချက်ကတော့ အပေါ်က Weave မှာ ဖော်ပြခဲ့သလိုလုပ် ဆောင်တာမျိုးပါပဲ။ ဒါပေမယ့် browser အမျိုးအစားပေါ် မူတည်ပြီးကွာခြားသွားတဲ့ လုပ်ဆောင်ချက်လေးတွေ ရှိပါတယ်။ ဘာတွေ ကွာခြားသွားလဲ ဆိုတာ အသေးစိတ် သိချင်မယ် ဆိုရင် ဒီနေရာကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Diigo



သူလည်း Web-based bookmarking စနစ်ကို အခြေခံထားတဲ့ Bookmark Management Tool တစ်ခုပါပဲ။ ဒါပေမယ့် Diigo ရဲ့ တစ်ခြား bookmarking tools တွေနဲ့ မတူတဲ့ ထူးခြားချက် တစ်ခုကတော့ သူက website တစ်ခုရဲ့ URL တစ်ခုတည်းကိုပဲ သိမ်းဆည်းပေးထားတာမျိုး မဟုတ်ပါဘူး။ ကိုယ်သိမ်းဆည်းထားတဲ့ Website ရဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာ အချက်အလက် တစ်ချို့ကိုပါ အတိုချုံး ဖော်ပြပေးပါတယ်။ Diigo မှာ toolbar ရှိပြီး တကယ်လို့ toolbar ကို အသုံးမပြုချင်သူ Firefox နဲ့ Internet Explorer users တွေအတွက် bookmarklet ကိုလည်း စီစဉ်ပေးထားပါတယ်။

Delicious



ကျွန်တော် Delicious ကို အချိန်တော်တော်ကြာကြာ သုံးဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ခုနောက်ပိုင်းတော့ ကျွန်တော်ကိုယ်တိုင်က Google user တစ်ယောက် ဖြစ်နေတာမို့လို့ Delicious ထက် Google bookmarks ကိုပဲ ပြောင်းသုံးဖြစ်ခဲ့ပါတယ်။ သူက Social bookmarking service မို့လို့ ကိုယ့်ရဲ့ Delicious မှာ ရှိနေတဲ့ bookmarks တွေကို အခြားသူတွေအတွက် ဝေမျှ ထားလို့ ရသလို အခြားသူတွေ ဝေမျှထားတဲ့ကောင်းနိုးရာရာ bookmarks တွေကို ရယူနိုင်ပါသေးတယ်။ ကိုယ် မှတ်သားချင်တဲ့ web စာမျက်နှာတွေကို tags နဲက အတူ ခွဲခြား မှတ်သားထားနိုင်ပြီး အခြားသူတွေဝေမျှထားတဲ့ bookmarks တွေကိုလည်း tags ကနေမှ တဆင့် အလွယ်တကူ ရှာဖွေနိုင်ပါသေးတယ်။

Google Bookmarks

သူကတော့ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိသုံးနေတဲ့ Bookmark Management Tool ပါ။ ကျွန်တော် သုံးတဲ့ applications တော်တော်များများက Google နဲ့ ပတ်သတ်နေတာ မို့လို့ Google bookmarks ကို သုံးဖြစ်တာလည်း ပါပါတယ်။ Google bookmarks ကို အသုံးပြုဖို့ အတွက်ဆိုရင်တော့ ပုံမှန်အားဖြင့် Google Toolbar ကို ဒီနေရာကနေ သွားရောက်ပြီး Install လုပ်ဆောင်ထားဖို့ လိုပါတယ်။ Toolbar လို့ ဆိုလိုက်ရင် ကျွန်တော်ကိုယ်တိုင်လည်း Install လုပ်ဆောင်ဖို့ တော်တော်ရွံ့ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Toolbar တိုင်းက အမှန်တကယ် ဒီလောက်ထိ အသုံးဝင်တာမျိုးလည်း မဟုတ်ပဲနဲ့ ကိုယ့်ရဲ့ Browser မြင်ကွင်းကို နေရာ အရမ်းယူလို့ပါ။ ဒါပေမယ့် Toolbar တွေ အားလုံးရဲ့ ကြားမှာမှ မိသားစုဝင်တွေဟာ Google users တွေ ဖြစ်မယ် ဆိုရင် Google toolbar က သုံးသင့်တဲ့ toolbar တစ်ခု အဖြစ် ကျွန်တော် အကြံပြုလိုပါတယ်။ သူ့ Toolbar မှာ ဆိုရင် Google နဲ့ သက်ဆိုင်တဲ့ Applications တွေသာ မကပဲ တစ်ခြား Sharing နဲ့ ဆိုင်တဲ့ applications တွေ၊ နောက် Sidewiki, Translate, Google Bookmarks နဲ့ တစ်ခြား အသုံးဝင်တ့ဲ shortcuts များစွာ ထည့်သွင်းထားပါတယ်။ ကျွန်တော့် စက်က Google toolbar ကို နမူနာ အနေနဲ့ ဖော်ပြလိုက်ပါတယ်။




တကယ်လို့ Toolbar ကို လုံးဝ အသုံးမပြုချင်ဘူး ဆိုခဲ့ရင်လည်း Google bookmarks တစ်ခုတည်းကိုပဲ သုံးလို့ ရအောင် Google Bookmarks bookmarklet ဆိုတာ ရှိပါသေးတယ်။ ဒီနေရာကနေ သွားရောက် ရယူပါ။ ဒီအောက်မှာ ဖော်ပြထားတာကတော့ နေ့စဉ် ကျွန်တော်ဖတ်နေကျ မြန်မာ့သတင်းဖော်ပြချက် Site တစ်ချို့ကို Web-based bookmarking စနစ်ပေါ် အခြေခံပြီး အင်တာနက်ထဲပေါ်မှာ သိမ်းဆည်းပေးထားတဲ့ Google Bookmarks မှာ သိမ်းဆည်းထားပုံပါ။ ဘယ်ကွန်ပြူတာကိုပဲ ပြောင်းပြောင်း ၊ ဘယ်နေရာကိုပဲ ရောက်ရောက် - အင်တာနက် ရှိနေသ၍ ကိုယ့်ရဲ့ Bookmarks အားလုံး ကိုယ်နဲ့ အတူ ရှိနေမှာ ဖြစ်ပါတယ်။




အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts