MyanmarFamily ( Moderator )

Leave a Comment
ကျွန်တော် အပြင်ကနေ ပြန်လာတော့ မိုးတွေ အုံ့လို့ - ဒါပေမယ့် ကျွန်တော် မိုးတွေ အုံ့နေရင် ပျော်တယ် - နွေမှာ မိုးအုံ့နေတာ တစ်ခုခု ထူးခြားနေသလိုပဲလို့ ကျွန်တော့် စိတ်ထဲက ဖျတ်ကနဲ ထင်လိုက်မိသေးတယ်။ ဒီလိုနဲ့ ကွန်ပြူတာဖွင့်တော့ ပထမဆုံး မြင်ရတာ မေးလ် ( ၂ ) စောင် ရောက်နေကြောင်း တက်လာတဲ့စာ။ MyanmarFamily ဆိုပြီး ခေါင်းစဉ်နဲ့ တက်လာတာ ဆိုတော့ တစ်ယောက်ယောက် အကူအညီ လိုသလားပေါ့။


ဘာစာတွေများတုန်း ?? ကျွန်တော် စိတ်ဝင်စားသွားတယ်။ ခုထိလည်း မသိသေးဘူး။ ပေးထားတဲ့ Link အတိုင်းလိုက်တော့မှ ကျွန်တော် နာမည်အောက်မှာ ခုလို ဖြစ်နေပါရောလား -


ကျွန်တော် ဖော်မပြတတ်အောင် ဝမ်းသာမိပါတယ်။ အများကြီးလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် မြန်မာမိသားစုကို ရောက်ဖြစ်တာ သိပ်မကြာသေးပါဘူး။ အရင်တစ်ချိန်က ဖိုရမ်တိုင်းမှာ အကောင့်တွေ လိုက်လုပ်တယ်။ ပြီးတော့ ဘယ်ဖိုရမ်မှ ကောင်းကောင်းမဖတ်သလို ကောင်းကောင်းလည်း မရေးဖြစ်ပါဘူး။ တစ်ပုဒ်စ နှစ်ပုဒ်စ ရေးပြီး လှည့်ထွက်ဖြစ်ခဲ့တာ များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖိုရမ်တစ်ခုရဲ့ အရှိန်အဝါကို ကျွန်တော် ဒဏ်မခံနိုင်လို့ပါ။ ကျွန်တော် ရေးလိုက်တဲ့ အကြောင်းအရာ တစ်ခုက ဖိုရမ်ကို လာတဲ့ စာဖတ်သူအတွက် ကလေးကစားစရာ အကြောင်းအရာများ ဖြစ်နေမလား။ ဒီလို အထင်ခံရမှာ ကျွန်တော် သိပ်ကြောက်ပါတယ်။ အဲလိုနဲ့ ကျွန်တော် ဘယ် Forum မှာမှ ခြေမချရဲခဲ့ပါဘူး။

အဲ့ဒီ ကြောက်စိတ်နဲ့ အတူ ကျွန်တော့်ကိုယ်ကိုယ် ကျွန်တော် ပြင်ဆင်ဖို့ ဆုံးဖြတ်ချက် တစ်ခု ချခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် ခြေမချရဲသလဲ - ကျွန်တော့်မှာ ခိုင်မြဲတဲ့ ခြေအစုံ မရှိလို့ ဖြစ်ပါတယ်။ ကျွန်တော် သူများတွေကို ဝေမျှချင်တယ်။ သူများအတွက် အကျိုးမရှိမယ့် Posts မျိုးတွေ မဖြစ်စေချင်ဘူး။ ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် စာဖတ်မှ ဖြစ်မယ်။ အဲ့အချိန်က စပြီး ကျွန်တော် စာစ ဖတ်ဖြစ်ခဲ့ပါတယ်။ Facebook ဝင်တာကို လျော့တယ် - တစ်ခြား အပန်းဖြေတာတွေ ရှောင်တယ်။ - စာဖတ်ခြင်းကို ကျွန်တော့်အတွက် အပန်းဖြေခြင်း တစ်ခုကို သဘောထားပြီး စာဖတ်ခဲ့ပါတယ်။ ဘာစာတွေ ဖတ်လဲ ?? ကျွန်တော် နည်းပညာနဲ့ ဆိုင်တဲ့ အင်္ဂလိပ်ဆိုဒ်တွေ တော်တော်များများ ဖတ်ပါတယ်။ မြန်မာဘလော့တွေ ရော မဖတ်ဖူးလား။ ဟုတ်ကဲ့ ဖတ်ပါတယ်။ ဒါပေမယ့် မြန်မာဘလော့ထက် အင်္ဂလိပ်ဘလော့တွေ ပိုဖတ်တာများပါတယ်။ ဘာကြောင့်လဲ - မြန်မာဘလော့ဂါ အများစုဟာ စိတ်စေတနာ ထက်သန်ပြီး ဝေမျှချင်တာက လွဲရင် သူတို့က ဒီ ဝေမျှမှုပိုင်းဆိုင်ရာကို ထမင်းကျွေးတဲ့ အလုပ်တစ်ခုလို ဘယ်သူမှ နေ့မအား ညမနား အားမထည့်နိုင်ကြဘူး။ တစ်ချို့ဆို အလုပ်က တစ်ဖက် - တစ်ချို့ဆို ကျောင်းက တစ်ဖက်နဲ့ ကြားထဲမှာ သူတို့ နိုင်သလောက် ဝေမျှ ကြရတာ သိပ်ချီးကျူးဖို့ ကောင်းပါတယ်။ ပိုက်ဆံတစ်ပြားတစ်ချပ် ရတဲ့ အလုပ်မဟုတ်ပါဘူး။ ဝါသနာနဲ့ စေတနာ အရင်းခံပြီး ကြိုးစားနေကြတာပါ။

အခုလို အလုပ်နဲ့ ကျောင်း မအားတဲ့ ကြားထဲမှာ ဝေမျြှကရတာ ဖြစ်လို့ နေ့တိုင်း ပို့စ် တစ်ခု တက်နိုင်ဖို့ များသောအားဖြင့် သူတို့ အားမထုတ်နိုင်ကြဘူး - ကျွန်တော်က နေ့တိုင်း စာဖတ်ချင်တယ် - အဲ့ ( ၂ ) ခုက အချိုးမညီတော့ဘူး ဖြစ်လာပါတယ်။ အဲလိုနဲ့ ကျွန်တော် အင်္ဂလိပ် ဘလော့တွေ ဖတ်ဖြစ်ခဲ့တာပါ။ သူတို့တွေက ဒါကို အသက်မွေးဝမ်းကျောင်း ထမင်းကျွေးတဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်ကြတယ်။ ဒီ ဘလော့ရေးတာကနေ သူတို့အတွက် ပိုက်ဆံရတယ်။ အဲ့တော့ ဒါကိုပဲ သူတို့ တစ်စိုက်မတ်မတ် လုပ်တယ်။ နေ့တိုင်း ပို့စ် ( ၁ ) ခု ( ၂ ) ခု တက်တယ်။ ကျွန်တော် အဲလိုနဲ့ စာဖတ်ရင်း ကိုယ့်ကိုယ်ကိုယ် ချိန်ထိုးကြည့်တယ်။ ငါ ပြောပြချင်တဲ့ အကြောင်းအရာတွေ ဝေမျှနိုင်ဖို့ ငါ့မှာ လုံလောက်တဲ့ အသိဉာဏ်ရှိပြီလား။ အကုန်လုံးတော့ မသိသေးဘူး။ ဒါပေမယ့် ဒီအကြောင်းကိုတော့ ငါ တိတိကျကျ သိတယ်။ ဟုတ်ပြီ ဒါဆို ငါ ဒီအကြောင်းရေးမယ်။ ဒီလိုနဲ့ ကျွန်တော် စာစရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော် ရေးသမျှ ကျွန်တော် ကိုယ်တိုင် ရေးခဲ့တာ ချည်းပဲလား ?? ပို့စ်တော်တော်များများ ကိုယ်စွမ်းကိုယ်စ နဲ့ စပြီး ရေးခဲ့တယ် ဆိုပေမယ့် အချက်အလက်ပိုင်း ဆိုင်ရာ - ဖော်ပြချက် အပြင်အဆင်တွေကို ကျွန်တော် ဖတ်နေကျ ဘလော့တွေကနေ အသေးစိတ် လေ့လာပြီး ပြင်ဆင်ရေးသားခဲ့တာပါ။ ကိုယ်တိုင် စာဖတ်ရင်းနဲ့ သဘောကျလို့ ဝေမျှချင်စိတ်ပေါ်လာပြီး တိုက်ရိုက် မြန်မာဘာသာပြန် ဖော်ပြခဲ့တဲ့ စာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် ဦးတည်ချက် ထားတာ လူတိုင်းမသိနိုင်သေးတဲ့ အသိတစ်ခု ၊ အကြောင်းအရာ တစ်ခု ၊ နည်းပညာတစ်ခုကို မြန်မာလူမျိုး မြန်မာမိသားစု သိသွားစေနိုင်ဖို့ပါ။

အားလုံးအတွက် Ubuntu ( Linux ) ဆိုတဲ့ ပို့စ်မှာ ကျွန်တော် ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာကို ဒီနေရာမှာ ပြန်ဖော်ပြပါရစေ။


" မြန်မာနိုင်ငံဟာ နည်းပညာပိုင်းမှာ အရမ်းကို ခေတ်နောက်ကျ နေပါပြီ။ ဒီစကားဟာ ကျွန်တော် မကောင်းမြင်နဲ့ ပြောတာ မဟုတ်ပါဘူး။ သိသူတတ်သူ လူနည်းစုကို ကျွန်တော် မဆိုလိုပါ။ မြန်မာနိုင်ငံ လူဦးရေပမာဏ နဲ့ နိှုင်းယှဉ်ပြီး ကျွန်တော် သုံးသပ်ကြည့်ခြင်းသာ ဖြစ်ပါတယ်။ ဒါမှန်သော စကားပါ။ ခုလို နောက်ကျနေတဲ့ နည်းပညာရပ်တွေကို သူများရှေ့ ကျော်မတက်နိုင်ရင်တောင်မှ သူများရဲ့ နောက်ကနေ သိပ်ပြတ်ကျန်မနေခဲ့ပဲ မှီအောင်လိုက်နိုင်ဖို့ ဆိုတာ သူများ စာတစ်အုပ်ဖတ်ရင် ကျွန်တော်တို့ စာအုပ် ( ၂၀ ) ဖတ်နိုင်မှ ဖြစ်ပါလိမ့်မယ်။ ဟုတ်ပြီ။ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ကျွန်တော်တို့ နောက်ကောက်ကျ မကျန်ခဲ့ဖို့ သူများတွေ စာတစ်အုပ်ဖတ်တဲ့ အချိန်မှာ ကျွန်တော်တို့ စာအုပ် ( ၂၀ ) ဖတ်မယ်။ စာအုပ် ( ၂၀ ) ဖတ်မှာတော့ ဟုတ်ပြီ။ ဘယ်လိုစာအုပ်မျိုး အုပ် ( ၂၀ ) ကိုဖတ်မှာလဲ။ ခေါင်းစဉ်လြှပီး အနှစ်သာရ မပါတဲ့ စမ်းတဝါး လမ်းညွှန်ချက်တွေနဲ့ စာတွေကို ကျွန်တော်တို့ ဖတ်မှာလား။ အဲလိုစာအုပ်မျိုး ဖတ်မိရင်တော့ စာအုပ် ( ၂၀ ) မဟုတ်ဘူး - ( ၂၀၀ ) ဖတ်လည်း ကျွန်တော်တို့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါပဲ။ ကျွန်တော်တို့ တိကျတဲ့ ဖော်ပြချက် တစ်ခု မပါဝင်ရင်တောင် တိကျတဲ့ အချက်အလက်တွေ ရှိရာဆီ လမ်းညွှန်ပေးနိုင်မယ့် စာမျိုးတွေ ဖတ်ဖြစ်ဖို့ လိုပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တစ်ယောက်တည်း မစွမ်းဆောင်နိုင်ပေမယ့် ကျွန်တော် နိုင်သလောက် ၊ ကျွန်တော်နားလည်သလောက် ၊ ကျွန်တော်လေ့လာ ဖတ်မှတ်ခဲ့ဖူးသလောက် ကျွန်တော် မျှဝေပေးချင်မိပါတယ်။ အဲ့အတွက် ကျွန်တော်စာရေးပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ အကြောင်းအရာတွေဟာ တိကျတဲ့ အချက်အလက် ၊ မှန်ကန်တဲ့ အချက်အလက်တွေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် စာဖတ်သူကို အုပ် ( ၂၀၀ ) ဖတ်ဖို့ မလိုအောင် ကူညီလိုတဲ့ စေတနာနဲ့ ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်။ "
ကျွန်တော်ဟာ အထူးအသင်းအဝင် အတွက် ရည်မှန်းပြီး စာရေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ကို မွေးကင်းစကလေး အနေနဲ့ ထားလည်း ကျွန်တော်စာရေးနေဦးမှာပါ။ ဒါပေမယ့် ခုလို ချီးမြှင့်တာကိုကြုံတွေ့ရတော့ အတိုင်းမသိ ကြည်နူးမိတာလည်း အမှန်ပါပဲ။ ကျွန်တော့်ရည်မှန်းချက်က မြန်မာလူမျိုး နောက်ကောက်ကျ မကျန်ခဲ့ဖို့ပါ။ ကျွန်တော် နိုင်ငံခြားကို ရောက်လာတယ် - ကျန်တဲ့ ပညာရပ်ပိုင်းဆိုင်ရာမှာ သူတို့ လူမျိုးတွေရဲ့နောက် နောက်ကောက်ကျ မကျန်အောင် ကျွန်တော် ရပ်တည်နိုင်ခဲ့ပေမယ့် ကျွန်တော့် ကွန်ပြူတာ Knowledge က သူတို့တွေနဲ့ ယှဉ်လိုက်ရင် ( ၅ ) နှစ်သား ကလေး အသိသာသာပဲ။ မြန်မာနိုင်ငံမှာ ရှိခဲ့စဉ်တုန်းက ကွန်ပြူတာ သင်တန်း တစ်ခု တက်ရင်း Computer Turnoff မလုပ်တတ်လို့ Plug ကြိုး ဆွဲဖြုတ်ပြီး အိမ်ပြန်ခဲ့တာကို ကျွန်တော် ပြန်သတိရနေမိတယ်။ အဲလို အခြေအနေမျိုးမှာ တစ်ချို့က ပါးစပ်က ဖွင့်ပြောပြီး ကဲ့ရဲ့ ကြသလို - တစ်ချို့က မျက်လုံးတွေနဲ့ လှောင်ကြတယ်။ ကိုယ်လုပ်လိုက်တာ တစ်ခုခု အမှားပါသွားရင် လူနာမည်သုံးပြီး ကဲ့ရဲ့တာမျိုး မဟုတ်ဘူး။ အဲလို ကဲ့ရဲ့ရင် ကျွန်တော် ခံနိုင်တယ်။ သူတို့က အဲလိုမဟုတ်ဘူး။ လူမျိုး လိုက်ချီပြီး ကဲ့ရဲ့ကြတယ်။ အဲ့ဒီ့ အတွေ့အကြုံ ခံစားချက် တွေကြောင့် ခုလို မျှဝေနိုင်သူ တစ်ယောက် ဖြစ်လာခဲ့တာပါ။

ခု ကျွန်တော် စာရေးရင်း သတိရမိတာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးတာပါ။ ကျွန်တော့်ကို chitnyimalay ခေါ်သလို ကိုကေဇက်အန်တီရေ လို့တော့ မခေါ်ပါနဲ့လား။ ကေဇက် ကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အန်တီ ကြီးက နဲနဲ တစ်မျိုးကြီး ဖြစ်နေသလားလို့ပါ။ ကေဇက် လို့ပဲ ခေါ်နိုင်ပါတယ်။ ကျွန်တော် မန္တလေး စက်မှု တက္ကသိုလ်က ကျောင်းပြီးပါတယ်။ 2000 ပြည့်နှစ်က ဆယ်တန်းအောင်ပါတယ်။ သက်ဆိုင်ရာ အလိုက်ကြီးသူ ငယ်သူများ ကျွန်တော် ပြောမှားဆိုမှား ခေါ်မှား ရှိခဲ့မယ် ဆိုရင် ခွင့်လွှတ်ပေးကြဖို့ ဒီနေရာကနေပဲ တောင်းပန်လိုက်ပါတယ်။ ( ဥပမာ - မတုတု နဲ့ မတူးတူး ) စသဖြင့်

နောက်ဆုံး အနေနဲ့ ကျွန်တော် ပြောခဲ့ချင်တာ - တတ်နိုင်သလောက် စာဖတ်ပြီး ဖြစ်နိုင်သလောက် များများ မျှဝေပေးကြပါ။ ကျွန်တော်တို့ လူမျိုး တိုးတက်ဖို့ အသိဉာဏ် ပညာမြင့်မားဖို့ ကျွန်တော်တို့ကိုယ်တိုင်မှ အချိန်မပေးရင် ဘယ်သူမှ အချိန်ဝင်ပေးမှာ မဟုတ်ပါဘူး။ မြန်မာမိသားစုအားလုံး မြန်မာမိသားစုဖိုရမ် အဓွန့်ရှည်တည်တံ့နိုင်ဖို့ ကြိုးစားရင်း - မြန်မာလူမျိုး အသိဉာဏ် ပညာ မြင့်မားစေဖို့ - တစ်ပါးနိုင်ငံသားများရဲ့ အနှိမ်မခံရစေဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ မိမိတတ်သိနားလည်သမျှ မျှဝေနိုင်ကြပါစေလို့ ဆုတောင်းရင်း ကျွန်တော့်ရဲ့ ကျေးဇူးတင်စကားကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

ကျွန်တော့်ရဲ့ နည်းပညာဆိုင်ရာ အကြောင်းအရာ ရှည်လျားလွန်းတဲ့ စာတွေကို ဖတ်ပေးခဲ့ကြသူ ၊ ဖတ်ပေးနေကြသူ ၊ ဖတ်ပေးကြမည့်သူ အားလုံး ၊ အထူးအသင်းဝင် အဖြစ် ချီးမြှင့်ခံရတဲ့ အတွက် Congratulations လုပ်ဆောင်ကြသူများ အားလုံး ၊ နောက် မြန်မာမိသားစု ရပ်တည်နိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြသူ အားလုံး၊ မိမိတတ်စွမ်းသရွေ့ နည်းပညာပိုင်းမှစ ကိုယ်ရေးကိုယ်တာအဆုံး မြန်မာမိသားစု ဖိုရမ်မှာ ဝေမျှရေးသားနေကြသူ အားလုံးနဲ့ မြန်မာမိသားစုဝင်အားလုံး ကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်း ပြောကြားလိုက်ပါရစေ။

Mg Zin.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts