Martyrs' Day

Leave a Comment



အာဇာနည်နေ့ ရောက်တိုင်း အာဇာနည်ကုန်းကို သွားပြီး ဦးညွတ်ဖို့ အခွင့်မသာခဲ့ပေမယ့် - ၁၉ ဇူလိုင် ဆိုတဲ့ အသံကို ကြားရရင် စိတ်ထဲအမြဲ ဦးညွတ်မိခဲ့တာတော့ သိတတ်စ အရွယ်ကနေ ခုချိန်ထိတိုင်ပါပဲ - ဘာလိုလိုနဲ့ ( ၆၃ ) နှစ်တောင် ပြည့်မြောက်ခဲ့ပြီ - အာဇာနည်ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့ ပြယုဒ် - သူတို့တွေ ကျဆုံးသွားပေမယ့် သူတို့တွေရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် ကျွန်တော်တို့ ဒီအမွေအနှစ်တွေကို ခံစားနေခဲ့ရတာ - ဒါ့ကြောင့် အာဇာနည်လို့ ဆိုလိုက်ရင် ဗိုလ်ချုပ်အောင်ခန်းနဲ့ တစ်ခြား အာဇာနည် ခေါင်းဆောင်တွေတင်မက နိုင်ငံ့အတွက် အသက်ပေးလှူခဲ့ကြတဲ့ ဘယ်သူ့ကို မဆို မေ့မပစ်ကောင်းပါဘူး - အာဇာနည်နေ့နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို မိသားစုဝင်တွေ အပေါ်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပြီးလို့ ကျွန်တော် ထပ်ပြီး ဖော်ပြဖို့တောင် လိုမယ် မထင်တော့ပါဘူး - ဒါပေမယ့် လွတ်လပ်ရေး ကြိုးပမ်းမှု နဲ့ ခွဲခြားဖယ်ထုတ်ဖို့ မဖြစ်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်ရွက်ချက်တွေထဲက ကျွန်တော် ဖတ်ခဲ့ရတဲ့ သူ့မိန့်ခွန်းလေး တစ်ခုကို မြန်မာမိသားစုမှာ ဖော်ပြပေးချင်ပါတယ်။


၁၃၀၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် ဗုဒ္ဓဟူးနေ့ (၂၊ ၁၂၊ ၄၂) ရန်ကုန် သူရိယ သတင်းစာမှာ ဖော်ပြ ပါရှိတဲ့ ဗိုလ်မှူးကြီး အောင်ဆန်းရဲ့ မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက် "ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်" မိန့်ခွန်းကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှ ဖြစ်ပါတယ်။


ယနေ့ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း ပြောရသည့် အတွက် ကျွန်တော် အထူးပဲ ဝမ်းမြောက်ပါတယ်၊ မြန်မာ့ ကာကွယ်ရေး တပ်မတော်နှင့် ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေ ရှိတာ သိပေမယ့် ပြောဖို့ ရှင်းဖို့ တပ်မတော် အခွင့်အလမ်း ရှာ၍ မရသေးတဲ့အတွက် အသာပဲ ရေငုံနေခဲ့ရတယ်၊ ယနေ့ ပြောခွင့်ရတဲ့အခါ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း အတော်အတန် ပြောပြရတာပေါ့။

နီပွန် နန်းရင်းဝန်ကြီး တိုဂျိုက မြန်မာပြည်ဟာ နီပွန်ပြည်၏ စိတ်နေ စိတ်ထား ဝါဒတို့ကို နားလည် သဘောကျပြီး ၎င်းတို့နှင့် အရှေ့အာရှ ခေတ်သစ် ထူးထောင်ရေးမှာ ပါမယ်ဆိုရင် လွတ်လပ်သော တိုင်းနိုင်ငံ အနေအထားမျိုး ဖြစ်ပါစေမယ်လို့ ကတိ ပေးထားတယ်။ ဒီ ကတိဟာ ပေါ့ပေါ့ဆဆ ပေးတဲ့ကတိ မဟုတ်ဘူး၊ ဒီ ကတိဟာ နီပွန်ပြည်ကြီးရဲ့ အစိုးရ အဓိကရ ခေါင်းဆောင်ကြီး တကမ္ဘာလုံး ကြေညာထားတဲ့ ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေ ဒီအတိုင်း ထိုင်နေကြလို့ ရတာ မထင်ကြနဲ့၊ ပထမဆုံး ဗြိတိသျှနဲ့ နီပွန် စစ်မဖြစ်ခင်က မြန်မာ့ လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့ လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လို လူမျိုးတွေ၊ မြန်မာပြည်က လူငယ်တွေ နီပွန်ပြည်ကို သွားပြီး စစ်ပညာသင်၊ မြန်မာပြည် အကြောင်း တိုက်တွန်း၊ မြန်မာပြည်က သိလိုတဲ့ မြန်မာပြည် အကြောင်းတွေ အမျိုးမျိုး ရှာပေး၊ နောက်စစ်ဖြစ်တဲ့ အခါလဲ ဒိုးတူပေါင်ဖက် ရှောက်လုပ်၊ တိုက်ခိုက်မှု အမျိုးမျိုးကူ၊ မြန်မာလူမျိုး တွေကလဲ ဝိုင်းဝန်း ထောက်ပံ့ခဲ့တာကြောင့် ဒီ ကတိ ပေးတယ် မှတ်ပါ၊ အလကား ထိုင်နေရင်း ရတယ် မထင်နဲ့ လုပ်တဲ့လူတွေ ရှိလို့ ရတယ်မှတ်ပါ။ အဲဒီ နန်းရင်းဝန်ကြီး တိုဂျို၏ ကတိအတိုင်း မြန်မာပြည် လွတ်လပ်တော့မယ်လို့ ဆိုကြပါစို့၊ လွတ်လပ်ရေး ရပြီးတိုင်း ဘာက ကျုပ်တို့ တိုင်းပြည် စကြမလဲ၊ ယခု အစိုးရ အဖွဲ့က အတော်အတန် မြန်မာပြည် ခေတ်သစ် ထူထောင်ရေး အတွက် လုပ်ငန်း အစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့၊ ဒါပေမဲ့ ဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့ တနေ့ ဒီဟာတွေကို ကာကွယ်ဖို့ အားမရှိရင် ဘယ်မှ အသုံးကျတော့မလဲ၊ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသည် မြန်မာပြည် ကာကွယ်ရေး အပေါ် တည်၏။ ထို့ကြောင့် မြန်မာ့ ကာကွယ်ရေးသည် မြန်မာ့ လွတ်လပ်ရေးနှင့် ညီမျှ၏၊ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး၊ မြန်မာ့ အဓိက ပြဿနာဟာ မြန်မာ့ ကာကွယ်ရေးပဲလို့ တထစ်ချ မှတ်လိုက်ပါ။

ကိုင်း … မြန်မာ့ ကာကွယ်ရေး လုပ်ကြစို့၊ ဘယ်လို လုပ်ကြမလဲ၊ မြန်မာ့ ကာကွယ်ရေး ဆိုပေမယ်လို့ နားလည် မလွဲကြနဲ့နော်၊ ရှေ့မှာ မြန်မာ့ ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး။ မြန်မာ့ ကာကွယ်ရေးဟာ အရှေ့အာရှတိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံကို တနေ့က ကျောင်းဆရာတွေကို မြန်မာ့ ကာကွယ်ရေး အကြောင်းကို ပြောပြတုန်းက ရှင်းခဲ့ပြီ၊ ကာကွယ်ရေး ဆိုတာမှာလဲ ရန်သူက တချက်ခုတ်လျှင် ကျုပ်တို့က နှစ်ချက် ပြန်ခုတ်မယ်၊ ရန်သူက ကျုပ်တို့ ပြည် တိုက်မယ် ဆိုရင် ကျုပ်တို့ အရင် ဦးအောင် တိုက်မယ်၊ အဲဒီ ကာကွယ် ရေးမျိုး။ ဒီ ကာကွယ်ရေးမျိုး အတွက် ဆိုရင် လူလဲ များဖို့ လိုတယ်။ လူတွေ စိတ်ဓာတ်လဲ ရင့်ဖို့ လိုတယ်။ လက်နက် ကိရိယာ ခဲယမ်းမီးကျောက်လဲ ပြည့်စုံဖို့ လိုတယ်။ မြန်မာပြည်ဟာ လူဦးရေ နည်းတော့ မြန်မာ့ ကာကွယ်ရေးဟာ မြန်မာတိုင်း မြန်မာတိုင်း ကလေးမှ အစ အဖိုးကြီး အမယ်ကြီးထိ အားလုံး ပါနိုင်မှ မြန်မာ့ ကာကွယ်ရေးဟာ တောင့်တင်းမှာ။ ဘယ်လို ပါရမလဲ ဆိုရင် စစ်တိုက်တယ် ဆိုတာဟာ စစ်သားချည်းနဲ့ မပြီးဘူး၊ ရိက္ခာ ထောက်ဖို့၊ ရိက္ခာ စိုက်ပျိုး စုဆောင်းရေး၊ ရိက္ခာ တင်ပို့ရေး အစရှိသဖြင့် စစ်တိုက်ခြင်းနဲ့ တိုက်ရိုက် မဆိုင်တဲ့ အလုပ်တွေ တိုင်းပြည်ရဲ့ စီးပွားရေး အင်အားကို စစ်အင်အားနဲ့ ညီမျှအောင် လုပ်ဖို့တွေ အတွက် အားလုံး ယောက်ျား၊ မိန်းမ မကျန်လုပ်မှ ဖြစ်မယ်၊ ဒါက အကြမ်း ပြောပြခြင်းပဲ၊ တနေ့ကလဲ ကာကွယ်ရေး အကြောင်း အတော်အတန် ပြောခဲ့ပြီ။ သို့ပေမယ့် ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့ နေနေသာသာ ကျုပ်တို့မှာ ကာကွယ်ရေးဖို့ အချက်ဘာမှ မရှိသေးဘူး၊ အားလုံး စလုံးရေက စရမယ်၊ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ ကာကွယ်ရေး တပ်မတော်ဟာ ပထမ စလုံးရေ စခြင်းပဲ။ အစကရှိတဲ့ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ အမှန် ပြောရရင်တော့ အသင့်အတင့်လောက် အသုံးကျပါရဲ့၊ ဒါပေမဲ့ တခြား သွားတိုက်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ပြီးတော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ်ဆန်း ကျဖမ်း စီစဉ်ရတာမို့ ချို့ယွင်းချက်တွေ အများကြီး တွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ဒီ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ မြန်မာပြည်က အားကိုးနိုင်တဲ့ တပ်လဲ ဖြစ်မှာ မဟုတ်ဘူး။ မြန်မာတွေ အမြဲ ရင်လေးနေတဲ့ တပ်မျိုး အဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဘာလို့ မခေါ်ဘဲ မြန်မာ့ ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာ့ လွတ်လပ်ရေးသည် ယခင်က ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်၊ အခု ဒီ လွတ်လပ်ရေး ရဖို့ ကိစ္စဟာ အဓိက မဟုတ်တော့ဘူး၊ ရတော့မယ်၊ လက်တလှမ်းပဲ လိုတော့တယ်။ ရပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာက ပိုပြီး အရေးကြီး လာပြီ၊ အဲဒါကြောင့် ရှေ့အနာဂတ်ကို မြှော်ကိုးပြီး ရာဇဝင် အကြောင်းထောက်လို့ မြန်မာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပေးတာပဲ။ တခြား အထင်လွဲ နေစရာ မလိုပါဘူး။ ပြီးတော့ နာမည် အရေးမကြီးပါဘူးဗျာ၊ လူ အရေးကြီးပါတယ်။ လုပ်တဲ့လူတွေ လုပ်တဲ့လူတွေ အဲဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ် ကျွန်တော်တို့ ခံခဲ့သလား၊ မဟုတ်ပါဘူး။ ဒီပြင်ဟာတွေလဲ လုပ်ထားပါတယ်။ ပထမ အရေးကြီးဆုံးက အမြဲ တပ်ကြီးပဲ၊ လုပ်လျှင် လုပ်ခြင်း အဲဒီ တပ်တွေကို ဗိုလ်လုပ်နိုင်တဲ့ လူတွေ အလုံအလောက် ရှိဖို့ လိုတယ်။ အဲဒါကြောင့် မင်္ဂလာဒုံမှာ ယခုနှစ် ဗိုလ်သင်တန်း ဖွင့်ပြီး အမြောက်အမြား သင်ပေးနေတယ်။


ရန်ကုန်မြို့မှာ ဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်ကြီး အတွက် စည်းကမ်းစနစ်တွေ လုပ်၊ ရိက္ခာတွေထောက် ရှေ့ပြေး တပ်မတော် လုပ်ငန်းဆိုင်ရာ ဌာနကြီး အဖြစ်နဲ့ (ဟေဘီချိုတု) ခေါ်တဲ့နောက် ကာကွယ်ရေး ဝန်ကြီးရုံး ဖြစ်မယ့် ရုံးကိုလဲ တည်ထောင် ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေ ချထားပြီး ကျွန်တော် ကိုယ်တိုင်ပဲ အုပ်ချုပ် နေရပါတယ်။ အားလုံး မြန်မာ ဗိုလ်တွေနဲ့ မြန်မာ့တပ်တွေကို အုပ်ချုပ် နေကြပါတယ်။ နီပွန် အတိုင်ပင်ခံတွေကလဲ စစ်ရေး နည်းနာတွေကို ကူညီ သင်ပြ ပေးကြပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ စလုံးရေ စခြင်းပဲ။ ရှေ့ကို တဖြည်းဖြည်း လူတွေတိုး တပ်တွေချဲ့ လက်နက်တွေတိုး တင့်ကားတွေ အမြောက်ကြီး တွေ လေယာဉ်ပျံတွေ ရအောင် တဆင့် တဆင့် ကြိုးစား ကြရလိမ့်မယ်။ ယခု လာမယ့် နှစ်အတွက် တပ်ကို တိုးချဲ့ရအုံးမယ်။ ဒါပေမဲ့ စစ်သား အသစ်တွေ မကြာမီ ခေါ်တော့မယ်။ ဒါ မြန်မာတွေ အားလုံးရဲ့ တာဝန်ပဲ။ ဟို အရင်တုန်းက မြန်မာပြည် ကာကွယ်ရေး အတွက် မြန်မာ့ လက်ထဲအပ်ပါ။ မြန်မာတွေ ကိုယ့်ပြည် ကိုယ် ကာကွယ်ချင် လွန်းလို့ပါ။ လက်နက်သာ အပ်စမ်းပါ။ တိုက်ပြပါမယ်လို့ မြန်မာတွေက ပြောနေကြတယ်။ ကိုင်း … လက်တွေ့ စမ်းကြည့်မယ်။ ခု … ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ်။ ယူကြမလား၊ တပ်ထဲ ဝင်ကြမလား၊ ပြောကြစမ်း။ တို့မြန်မာ တို့စစ်ထဲ မဝင်ချင်ကြတဲ့ လူတွေများရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး။ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေလဲ အပိုပဲ၊ ရှေးတုန်းက ရာဇဝင်ကို ပြန်ပြောင်း ပြောနေရင်လဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်း တွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။ ရှေးက မြန်မာတွေကတော့ တကယ့် ယောက်ျားတွေပဲ၊ ဒါ စာတွေ့တင် မဟုတ်ဘူး။ ကိုယ်တွေ့ မျက်မြင် ယိုးဒယားပြည် နေတုန်းက ရှေးမြန်မာ စွမ်းပကား သတ္တိ လက်ရာတွေ မြင်သိခဲ့ရသည်။ ယိုးဒယားပြည်မှ တောတောင် အတန်တန် ကျော်ပြီး ကျုပ်တို့ လာခဲ့ကြရလို့ ရှေးတုန်းက ဘုရင့်နောင်တို့ အလောင်းဘုရားတို့နှင့် စစ်သည်တော်များ၏ ဇွဲသတ္တိကို အဖန်ဖန် ချီးကျူးမိတယ်။ အဲသလို မြန်မာတွေ မြန်မာ့ သတ္တိကို ပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှု စတဲ့ အမှုအခင်းများ အမေရိကန်ပြည် ချီကာဂိုပြီးရင် ဒုတိယ စွဲတယ်လို့ ကြားဖူးတယ်။ မြန်မာ မြန်မာချင်း သတ်ဖြတ် တိုက်ခိုက်တာဟာ မြန်မာ့ သတ္တိ အစစ် မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုး မရှိဘူး။ သည်လို လုပ်မယ့် အစား မြန်မာပြည် အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြ လိုက်စမ်းပါ။ ဒါမှ ရာဇဝင်ပြောင်မှာ၊ ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့သလိုတော့ မတွေ့ပါ ရစေနဲ့ တော့။ ရွာတွေ ရွာတွေ ဖြတ်လာခဲ့တယ်။ ဒီရွာက လူတွေရဲ့ သတ္တိတော့ စိတ်ချ လူဆိုးကြီးပဲ။ စစ်ထဲ လိုက်မယ့်လူ ထွက်စမ်း ဆိုတော့ နှစ်ယောက်၊ သုံးယောက်ထဲ ဒါတောင် ပြန်ထွက်ပြေး လိုက်ကြသေးတယ်။ တက်လူ ဆိုတဲ့ လူငယ်တွေ ဘောင်းဘီနီ အကျႌနီတွေနဲ့ တွေ့ပါရဲ့၊ စစ်ထဲ လိုက်ရမယ် ဆိုတော့ တီ ဆားနဲ့ တို့သလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။ အဲဒါမျိုး ဖြစ်ရင် မြန်မာပြည်မှာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ ကျွန်တော် တထစ်ချ ဆိုတယ်။ ဒီလို ပြည်မျိုး ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ပါရစေနဲ့ ဒီတခါတော့ ဝင်ကြစမ်းပါ၊ များများစားစား ဝင်ချင်တဲ့ သူတွေ များလွန်းလို့ ပြန်လွှတ် လိုက်ရတယ် ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ် ဆိုတာ မကြားချင်ဘူး။ အဲဒါကြောင့် ယခု မြန်မာ့ ကာကွယ်ရေး တပ်မတော် ထပ်ချဲ့မယ်၊ ထပ်ချဲ့ရင် မြန်မာတွေ အသက် ၁၈ နှစ်ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ် ဆိုရင် ဝင်နိုင်တယ်။ လက်ခံဖို့ အသင့်ပဲ ဝင်ကြစမ်းပါ။ ထောင်လိုက် ရာလိုက် သောင်းလိုက်၊ ဒါပေမဲ့ တခုတော့ နားလည် စေချင်တယ်။ ဒီ စစ်တပ်တွေကို ငွေ လိုချင်လို့၊ လခ လိုချင်လို့၊ ရာထူး လိုချင်လို့တော့ အလကားပဲ။ ရမှာ မဟုတ်ဘူး။ ကျုပ် တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည် ကာကွယ်ရေး အတွက် မည်၍ မည်မျှ စိတ်အား ထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးက စပြီး ခန့်ပါလို့ လာပြောတယ်။ ကျွန်တော် ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် စစ်ထဲ တန်းဝင်ဝင်ချင်း စစ်ဗိုလ် ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာ နည်းနည်း ရဖူးပါရဲ့ ရတာက စစ်ကြပ်လောက်၊ ဖြစ်ချင်တာက ဗိုလ်ကြီးလောက် အဲဒါမျိုးတွေ တွေ့ရတယ်။

စစ်သား လုပ်တဲ့ လူတွေကလဲ လခ နည်းတယ်။ အစားအသောက်လဲ ဆိုးတယ်။ အနေ ကြပ်တယ် ဆိုရင်ပဲ ချူသံပါအောင် ညည်းလာတာပဲ။ တချို့လဲ ထွက်ချင်တယ် ဖြစ်လာကြတယ်။ ဒါမျိုးတွေ နောက်ထပ် မကြားရ မတွေ့ရပါစေနဲ့၊ လာတဲ့ လူတွေဟာ ဒါတွေ နားလည်ပြီး ငွေမမက် ရာထူးမမက် မြန်မာပြည်သက်သက် သမားတွေ လိုချင်တယ်။ ဒီ တပ်ဟာ လာဘ်စားမယ့် လူတွေ၊ ငွေလိုတဲ့ လူတွေ၊ ရာထူးမက်တဲ့ လူတွေ၊ ဆွေမျိုးတွေ အလုပ်ပေးမယ့် လူတွေ၊ လိုချင်တဲ့ တပ် မဟုတ်ဘူး။ မြန်မာ့ ကာကွယ်ရေးအတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ် မှန်တယ်။ ဒါပေမဲ့ လခတွေ အပေါ်မှာ မသုံးဘူး။ ဒါက ရှေး အင်္ဂလိပ် စနစ်ဟန်ကို မကျလို့ အင်္ဂလိပ်တွေ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြရပြီ မဟုတ်လား။ နီပွန် စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့ လူတွေ ရှိအောင် လုပ်ရမယ်။ လခကို ပဓာန မထားရဘူး။ နီပွန် တပ်မှာ စစ်သားတယောက် လေးကျပ်၊ လေးကျပ် အဲ ခြောက်ကျပ်သာ ရတယ်။ အဲဒါတွေကို အားကျရမယ်။ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်း မီးကျောက်တွေ အပေါ် အများဆုံးသုံး၊ ဒါမှ ပထမတန်း စစ်တပ်ရမှာ၊ အဲဒါမှ ကျွန်တော် အစက ပြောသလို ရန်သူက တချက်ခုတ်လျှင် နှစ်ချက် ပြန်နှက်နိုင်မှ ရန်သူ မတိုက်ခင် ကိုယ်က ဦးအောင် တိုက်နိုင်မှာ။

အဲဒီ စစ်သား စုဆောင်းရေးနဲ့ ပတ်သက်လို့ စကား အလျဉ်းသင့်သလို ပြောစရာ တခု ကျန်သေးတယ်၊ အဲဒါဟာ အရင်တုန်းက မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှာ ပါတဲ့ လူတွေ အများအပြားထဲမှာ မထွက်ချင်ဘဲ မကျန်းမာလို့ လူအိုနေလို့ ဆိုပြီး တပ်က ထွက်ခိုင်းရတာတွေ ရှိတယ်၊ အဲဒီ လူတွေကို ကောင်းကောင်းမွန်မွန် ပြန်၍ မကြည့်နိုင်ခဲ့ဘူး၊ သူတို့ နောင်ရေး အတွက်လည်း ဘာတခုမှ မလုပ်နိုင်ခဲ့ဘူး၊ အခုတော့ တတ်အားသမျှ ဒီ ကိစ္စတွေကို စီမံလျက်ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကလေးတွေကြောင့် ကျုပ်တို့ တပ်တွေထဲ မဝင်ချင် ဆိုတဲ့ စိတ်ပျက်ခြင်းမျိုး မဖြစ်သင့်ကြဘူး၊ တိုင်းပြည် တပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ် ဆိုတော့ ကမ္ဘာ့ ရာဇဝင် သိတဲ့လူ တိုင်းတော့ ဆင်ခြင် နိုင်ကြမှာပဲ၊ ဒါကြောင့် အမျှော်အမြင်ကြီးကြီးနဲ့ ဖြစ်ခဲ့တာတွေ စိတ်မပျက် လက်မပျက်ဘဲ ရသမျှ အခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။ ဒါမှသာ ကျုပ်တို့ မြန်မာပြည်ကြီးကို ကျုပ်တို့ ချစ်ရာ ရောက်ကြမယ်၊ ကျုပ်တို့ မြန်မာပြည် ထူထောင်မယ်၊ ဒါကြောင့် စိတ်လက်တွေ ပျက်နေကြတဲ့ လူတွေရှိရင် မပျက်ကြပါနဲ့၊ ဆက်ဆက် တပ်ထဲဝင်ကြပါလို့ တိုက်တွန်း လိုပါတယ်၊ နောက် အရေးကြီးမယ့် အချက် တချက်က အခု ကျုပ်တို့ လုပ်နေတဲ့ ကာကွယ်ရေး တပ်မတော်တို့ မြန်မာ့ လွတ်လပ်ရေးတို့ဟာ အခု အာရှ စစ်ကြီးမှာ နီပွန် တပ်မတော်များက ရန်သူ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် အစရှိသည်တို့ကို အပြီးအပိုင် သေသေချာချာနိုင်မှ တည်တံ့မယ်ဆိုတာ အားလုံး နားလည် ကြရမယ်၊ ဒါကြောင့် မြန်မာ့ လွတ်လပ်ရေးနဲ့ မြန်မာ့ ကာကွယ်ရေး အတွက် ခုအခါ ရှေ့က မားမားမတ်မတ် ဦးစီး ဆောင်ရွက်နေတဲ့ နီပွန် တပ်မတော်ကြီးအား စစ်နိုင်ရေး အတွက် မြန်မာ့ တမျိုးသားလုံးက တတ်နိုင်သလောက် စွမ်းအားဖြင့် ကူညီကြဖို့ လိုတယ်။

နောက်ဆုံး ကျွန်တော် ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ် စစ်သားကို ချီးမြှင့်ကြဖို့ ပြောလိုပါတယ်၊ နီပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သား တယောက် စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့ အခါ အဲဒီ စစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်၊ ချီးကျူးကြတယ်၊ ဆလန် ပေးကြတယ်၊ စစ်မြေပြင် ထွက်တဲ့ စစ်သားဆိုရင်၊ ဘယ်လောက်ပင် ရာထူးကြီးတဲ့ သူဖြစ်ဖြစ် အလေးပြု ကြတယ်၊ ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ နီပွန် ဘုရင်မင်းကြီး ကိုယ်တိုင်က စစ်သားတို့ကို လေးစားတယ်၊ နီပွန် ဘုရင် မင်းကြီး ဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ မဟုတ်ဘူး၊ နီပွန် ဘုရား အစစ်ပဲ၊ အဲဒီ ဘုရားရှင် ကိုယ်တိုင် ကျဆုံးတဲ့ စစ်သား အတွက် ရည်စူးပြီး ဌာပနာထားတဲ့ အရိုးအိုး စေတီကို ဦးခိုက်ရတယ်။ ဦးညွှတ်ရတယ်၊ မြန်မာပြည်မှာတော့ မဟုတ်ပေါင်၊ မြန်မာ့ လွတ်လပ် ရေး တပ်သားတွေ အသက်လဲ သေရသေးတယ်၊ အဆင်းရဲလဲ ခံရတယ်၊ ဒီ အလောင်းကောင် တွေကို နင်းပြီး တက်လဲ သွားကြရသေးတယ်၊ အကောင်း မပြောချင်ကြဘူး။

ခေတ်ပျက်ကြီးတုန်းက သူခိုးဒမြတွေ သူ့လိုလူတွေ ခိုးကိုးရာမဲ့ ဖြစ်တုန်းက ကာကွယ် ပေးခဲ့တာတွေကို မေ့၊ ကိုယ့်ပစ္စည်း ကလေးတွေ သိမ်းတာ ဆည်းတာ ဗာရာဏသီ ချဲ့ပြောပြီး မချီးမြှင့်ကြဘူး၊ ရှက်ဖွယ် ရှက်ဖွယ် တို့မြန်မာတွေ မရှက်ဘူးလား၊ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး၊ မြန်မာပြည်မှာ ရှိတဲ့ လူတွေထဲမှာ စစ်တပ် စစ်သားဟာ ထိပ်ဆုံးပဲ၊ သူတို့ထက် မြတ်တာ မရှိဘူး၊ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ၊ ဆောင်လဲ ဆောင်ရွက် ခဲ့ကြပြီ၊ ကျုပ်တို့ စစ်သားကို အားပေးကြ လေးစားကြပါ၊ ဒါမှ မြန်မာပြည် ချမ်းသာမယ်၊ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ တပ်စခန်း သွားကြတဲ့ အခါ ဆိုင်ရာ ဒေသက မြန်မာတွေ အားလုံး တံခွန် ကုက္ကား၊ မုလေးပွားနဲ့ စစ်တံခွန် စစ်သီချင်း စစ်သံတွေ ပေးပြီး လိုက်ပို့ကြစမ်းပါ၊ ကြည့်ရသေးတာပေါ့လေ၊ ကိုင်း … အခုညအဖို့ ဒါပဲ၊ တော်သေးပြီး မြန်မာတွေ အားလုံး အဝေရာ ဟောန္တု။
Mg Zin.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts