My Hobby

Leave a Comment
မြင့်မားတိုးတက်လာသော နည်းပညာရပ်များကြားတွင် အခြားအခြားသော နည်းပညာရပ်များနည်းတူ အဆင့်ဆင့် တိုးတက်ဖြစ်ထွန်းလာခဲ့သည့် နည်းပညာ ရပ်ဝန်း တစ်ခုမှာ " Structural engineering " ဟုခေါ်တွင်သည့် ( ရည်တည်မှု ခံနိုင်ရည်စွမ်းအားများအား လေ့လာတွက်ချက် စီစစ်ရသော အင်ဂျင်နီယာပညာ ) သည်လည်း အပါအဝင် ဖြစ်ပါသည် ….



လူတိုင်း လူတိုင်းမှာ ဝါသနာဆိုတာ ရှိကြပါတယ်။ တစ်ချို့ကတော့ ကိုယ့်ရဲ့ ဝါသနာကို ငယ်စဉ်ကတည်းက သိရှိ သတိထားမိကြပြီး တစ်ချို့ကတော့ ဝါသနာနဲ့ လတ်တလော လည်ပတ်လှုပ်ရှားနေရတဲ့ ပတ်ဝန်းကျင်ကြားမှာ ဆက်စပ်မှုမရှိ နိုင်ကြလို့ ကိုယ့်ဝါသနာက ဘာဖြစ်မှန်း လုပ်ငန်းခွင်ရောက်တဲ့ အထိ တိတိကျကျ သတိမထားမိနိုင်ကြသူတွေလည်း မနည်းပါဘူး။ ကျွန်တော် ကရော ဘယ်အရာကိုများ ဝါသနာပါခဲ့သလဲ .. တကယ်တော့ ကျွန်တော် မွေးဖွားခဲ့တဲ့ အချိန်ကနေစပြီး အခုအရွယ်ထိ ကျွန်တော့်မှာ မရေမတွက်နိုင်တဲ့ ဝါသနာတွေ မရှိခဲ့ပါဘူး … ကျွန်တော့် ဝါသနာက Engineer တစ်ယောက် ဖြစ်ချင်ခဲ့တာပါ … တကယ်တော့ Engineer ဆိုတဲ့ နည်းပညာနယ်ပယ်က အတော်ကြီး ကျယ်ဝန်းမှန်း ကျွန်တော်ကိုယ်တိုင်  ဒီနယ်ပယ်ထဲကို တိုးဝင်မိခဲ့တော့မှ သိခဲ့ရပါတယ် … ငယ်ငယ်တုန်းက ကျွန်တော်သိတဲ့ အင်ဂျင်နီယာဆိုတာ ခမောက်ဆောင်းပြီး တိုက်ဆောက်တာ ကို အင်ဂျင်နီယာလို့ ခေါ်တယ် ဆိုတာကလွဲရင် တစ်ခြားဘာမှ မသိခဲ့ပါဘူး … အဲလိုနဲ့ ကျွန်တော် အထက်တန်းအောင်ခဲ့တော့ ကျွန်တော်တက်ချင်တဲ့ ကျောင်းကိုတက်ဖြစ်ခဲ့တယ် … Major တွေ စခွဲကြတယ် … Civil , Mechanical , Aeronautical , Marine , Chemical , Electronics , Electrical Power , ….. စသဖြင့် ကျွန်တော် မေဂျာပေါင်း မြောက်များစွာတွေ့ခဲ့ရတယ် … မေဂျာပေါင်း မြောက်များစွာရဲ့ ကြားထဲမှာ ကျွန်တော် ဘာကို ဝါသနာပါခဲ့သလဲ …. တကယ်တော့ ကျွန်တော် Engineer တစ်ယောက် ဖြစ်ချင်ပေမယ့် Engineer နည်းပညာနယ်ပယ်ထဲကမှ ဘာကိုများ နိှုက်နိှုက်ချွတ်ချွတ် ဝါသနာပါခဲ့သလဲ …. ကျွန်တော် ကိုယ်တိုင်လည်း အဲ့ချိန်က သေသေချာချာ မသိခဲ့ဘူး …. အင်ဂျင်နီယာ အဖြစ်ရှင်သန်တော့မယ့် လူတစ်ယောက်ရဲ့ ဘဝဟာ အဲမှာ စပြီး စကားပြောပါပြီ … လူတစ်ချို့ အင်ဂျင်နီယာဖြစ်ခဲ့ကြပေမယ့် အင်ဂျင်နီယာဘဝကို စွန့်လွှတ်ပြီး တစ်ခြားအသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုစီ ကူးသွားခဲ့ကြတယ် .. ကူးသွားနေကြတယ် .. ကူးသွားနေကြဦးမယ် … ဘာကြောင့်လဲ … နောက်ဆုံးအဖြေကတော့ သူတို့လိုချင်တဲ့ ရည်မှန်းချက်နဲ့ ရပ်တည်ရတဲ့ အင်ဂျင်နီယာဘဝက ဆက်စပ်မှု မရှိတော့လို့ သူတို့ရရှိထားတဲ့ အင်ဂျင်နီယာဘဝကို ဘွဲ့တစ်ခုအနေနဲ့ပဲ ရယူပြီး စွန့်ခွာသွားကြတာပါ …

အောင်မြင်တဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ဖို့ ဘာတွေလိုအပ်ပြီလဲ … အဆင့်တွေ ခွဲထုတ်ပြရရင်တော့ အများကြီး ရှိနေသေး ပေမယ့် အဓိက အကျဆုံးအခြေခံ အချက် ၂ ချက်ကိုပဲ ကျွန်တော် ထောက်ပြချင်ပါတယ်။

သူ့မှာ အခြေခံ အင်ဂျင်နီယာဘဝကို မြတ်နိုးတဲ့စိတ် ရှိဖို့ မရှိမဖြစ်လိုအပ်ပါတယ် .. ( ဒီအဆင့်က အင်ဂျင်နီယာ ဆိုတဲ့ စကားကိုပဲ သိပြီး အင်ဂျင်နီယာရဲ့ လုပ်ဆောင်ချက် ကို နားမလည် ကြသေးတဲ့ အဆင့်ပါ )

သူဟာ အင်ဂျင်နီယာ ဖြစ်ချင်တာသေချာပြီဆိုရင် … ဘယ်အင်ဂျင်နီယာကို ဖြစ်ချင်ပြီလဲ …

ဆောက်လုပ်ရေး အင်ဂျင်နီယာလို့ ခေါ်တဲ့ ( Civil Engineer ) ဖြစ်ချင်ခဲ့တာလား …

လေကြောင်းဆိုင်ကာ အာကာသနည်းပညာရပ်တွေကို လေ့လာချင်တဲ့ ( Aeronautical Engineer ) ဖြစ်ချင်တာလား …

ရေကြောင်းဆိုင်ရာ သဘောင်္တည်ဆောက်မှု၊ သဘောင်္တစ်ဦးရဲ့ ရပ်တည်လှုပ်ရှားမှုကို သိနားလည်ချင်တဲ့ ( Marine Engineer ) ဘဝကို မက်မောတာလား …

စက်ပစ္စည်းတီထွင်ဖန်တီးမှု ၊ ပြုပြင်တည်ဆောက်မှု ၊ လည်ပတ်လှုပ်ရှားမှု ၊ Structures တွေရဲ့ ရပ်တည်မှု ခံနိုင်ရည်စွမ်းအား စတာတွေကို လေ့လာခံစားချင်တဲ့ ( Mechanical Engineer ) ဖြစ်ချင်ခဲ့တာလား ...

စသဖြင့် ကိုယ် ဘာကိုလိုချင်တာလဲဆိုတာ သိနားလည်ဖို့ ဒုတိယအဆင့်အနေနဲ့ လိုအပ်ပါတယ်။ ဒီအဆင့်က အရေးအကြီးဆုံးနဲ့ သေချာစီစစ်ပိုင်းဖြတ်ရမယ့် အဆင့်ပါပဲ … ဆိုလိုချင်တာ ဒီအဆင့်မှာ ရွေးချယ်မှု မှားသွားခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ဟာ နောင်တစ်ချိန်မှာ အင်ဂျင်နီယာတစ်ယောက် ဘဝနဲ့ ရပ်တည်ဖို့ သူ့ကိုယ်သူ မလုံခြုံတော့သလို ခံစားလာတတ်ကြရပါတယ် ..

ဥပမာ .. Programming နဲ့ Circuits တွေအကြောင်း လုံးလုံး စိတ်မဝင်စားတဲ့ သူတစ်ယောက် Electronics မေဂျာအောက်ဖို့ ရောက်ရှိသွားဖို့ လုံးလုံး မသင့်တော်သလို၊ Drawing နဲ့ Strength of materials စိတ်မဝင်စားတဲ့ လူတစ်ယောက် Mechanical ဌာနအောက်ကို ရောက်လာဖို့ဆိုတာလည်း လုံးလုံး မသင့်တော် လို့ပါပဲ .. ။ ဆက်စပ်မိလို့ ဆက်ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံ အင်ဂျင်နီယာလောက ကို ကျွန်တော် တော်တော်လေး အားမလို အားမရ ဖြစ်မိပါတယ် … ကျွန်တော်အပါအဝင် ကျောင်းသား/ကျောင်းသူ တော်တော်များများ အင်ဂျင်နီယာဖြစ်ချင်တယ် ဆိုပြီး နည်းပညာရှိရာဆီ သွားခဲ့ကြတယ် .. ဒါပေမယ့် ဘယ်အင်ဂျင်နီယာ ဘာသာရပ်က နိုင်ငံအတွက် ဘယ်လိုအကျိုးပြုတယ် .. ဘယ်အင်ဂျင်နီယာ ဘာသာရပ်က ဘယ်အကြောင်းအရာ တွေကတော့ ဘယ်လိုစိတ်ဝင်စားစရာတွေရှိတယ် … ဘယ်အင်ဂျင်နီယာဘာသာရပ်က ဘယ်လို နည်းပညာ တွေကိုလေ့လာရမယ်ဆိုတာ .. စသဖြင့် ပြည့်ပြည့်စုံစုံ အသေးစိတ် လမ်းညွှန်ပြသပေးခဲ့တဲ့ သူ မရှိခဲ့ပါဘူး … လမ်းညွှန်ပြသ ပေးနိုင်တဲ့သူ မရှိတာမဟုတ်ပါဘူးလေ .. မြန်မာနိုင်ငံမှာ တကယ်တော်တတ်ထက်မြတ်တဲ့ အင်ဂျင်နီယာ ပညာရှင်ပေါင်းမြောက်များစွာ ရှိပါတယ် ... ပျူဌာဖော်ရွေကူညီတတ်ပါတယ်ဆိုတဲ့ မြန်မာလူမျိုး ပညာရှင်တွေ နည်းပညာအမွေ လက်ဆင့်ကမ်းဖို့အတွက် အနာဂတ်မျိုးဆက်သစ်တွေကို လက်တွဲခေါ်ဆောင်ဖို့ အခုလို အရေးကြီးတဲ့ အချိန်မှာ ဘယ်တွေရောက်ကုန်ကြပြီ လဲ .. Contributing ဆိုတဲ့ စကားလုံးရဲ့ လေးနက်မှုကို သူတို့ သတိမထားမိကြတာလား - သတိထားမိပေမယ့် မသိချင်ယောင် ဆောင်နေကြတာလား - ထားပါလေ …

လမ်းညွှန်ပေးမယ့်သူ မရှိခဲ့တော့ ကျွန်တော်အပါအဝင် ကျောင်းသား/ကျောင်းသူ တော်တော်များများ နည်းပညာတစ်ခုရဲ့ ကျယ်ပြန့်ပုံကို တိတိကျကျ မသိပဲ … အင်ဂျင်နီယာနယ်ပယ်ထဲကို ခြေစုံပစ်ခဲ့ကြတယ် … စိတ်ထဲခပ်ရေးရေး ပေါ်လာတဲ့ ခံစားမှုတစ်ခုကို ဝါသနာအဖြစ်နဲ့ သတ်မှတ်ပြီး လိုင်းတစ်ခုစီရွေးချယ်ခဲ့ကြတယ် .. ကျွန်တော် ကတော့ Structure ပိုင်းနဲ့ Drawing ပိုင်းကို ဝါသနာပါခဲ့သူ ဆိုတော့ Mechanical ရွေးချယ်သူပေါ့ … အဲ့အချိန်တုန်းက Mechanical ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး … ဘာသင်ရမယ်မှန်းလည်း မသိဘူး … ဘာအသုံးဝင်မှန်းလည်း မသိဘူး … ငယ်ငယ်တုန်းက ပုံဆွဲအရမ်းဝါသနာပါခဲ့တာရယ် - တစ်ခုခုလုပ်ရတော့မယ်ဆိုရင် ဖြစ်နိုင်ခြေရော ရှိရဲ့လား - ဖြစ်ကောဖြစ်သင့်ရဲ့လား ဆိုပြီး ပြန်ပြန်တွေးတတ်တဲ့ စိတ်အခြေခံကြောင့် Structures တွေရဲ့ Analysis နဲ့ Drawing ပိုင်းဆိုင်ရာတွေပါတယ်လို့ ထင်မိတဲ့ Mechanical ယူမယ်ဆိုပြီးဆုံးဖြတ်မိရာကနေ Mechanical ကိုရောက်ခဲ့တယ် … ကျန်တဲ့သူတွေလည်း ဒီလိုပဲ ယောင်ဝါးဝါးနဲ့ ရွေးချယ်ခဲ့ကြတဲ့ များပါတယ် ... ဥပမာ တိုက်လှလှလေး မြင်ခဲ့ဖူးလို့ တိုက်ဆောက်တာ ဝါသနာ ပါတယ်ဆိုပြီး Civil ယူသလိုမျိုးပေါ့ ... ကျွန်တော် Mechanical Engineer တစ်ယောက်ဘဝကို တော်တော် မြတ်နိုးခဲ့ပါတယ် … ကျွန်တော်ကံကောင်းခဲ့တယ်လို့ပဲ ဆိုရမှာပေါ့ … ကိုယ်ဝါသနာပါတဲ့ အရာနဲ့ ကိုယ်လုပ်ရတဲ့ အရာက ရ၀ % လောက်တော့ ထပ်တူကျခဲ့ပါတယ် … ဒီလိုနဲ့ အင်ဂျင်နီယာတစ်ယောက် ဘဝမှာ ကျင်လည်ရင်း တစ်ခြားအင်ဂျင်နီယာ ဘဝကို ကျွန်တော်လိုက်ပြီး လေ့လာကြည့်မိတယ် … အဲမှာ ကျွန်တော့် ဝါသနာ အစစ်အမှန် ကို တွေ့ခဲ့ပါတယ် … Structural engineering …. " Structural engineering "  ဆိုတာ အင်ဂျင်နီယာ နယ်ပယ်ထဲကမှ အဆောက်အဦး တွေရဲ့ ရည်တည်မှု ခံနိုင်ရည်စွမ်းအားကို လေ့လာတွက်ချက် စီစစ်တဲ့ အင်ဂျင်နီယာ ပညာပါ … ဒီအောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံလေးတွေကို ခဏ ခံစားကြည့်ပါဦး -





ဖြတ်သန်းသွားရင် တံတားကြီးက မဆိုးဘူး ဆိုတဲ့ အသိအမှတ်ပြုမှု တစ်ခုက လွဲလို့ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာမှ မကျန်ရစ် ခဲ့နိုင်တဲ့ ဒီ တံတားကြီးတွေဟာ - Engineer ပေါင်းမြောက်များစွာ နေ့ညမှားအောင် ကြိုးစားခဲ့ကြရတဲ့ ရလာဒ်တွေပါ။


တံတား တစ်ခု ဖြစ်တည်လာဖို့ ဗိသုကာ ပညာရှင်တွေရဲ့ လက်ရာကို လူတိုင်း သတိပြုမိကြပေမယ့် - သူ့ရဲ့နောက်ကွယ်က ဒီတံတားပုံစံ ကို ဖော်ထုတ်ခဲ့တဲ့ Architects တွေရဲ့ ဗိသုကာကို လက်တွေ့မှာ အသုံးပြုနိုင်/မနိုင် - ဘေးအန္တရာယ် ရှိမရှိ - Load ခံနိုင်ရည်စွမ်းအား ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မလဲ ဆိုတာ Analysis လုပ်ပေးရတဲ့ Structural engineers တွေရဲ့ အခန်းကဏ္ဍကိုတော့ ဘယ်သူမှ ဂရုမပြုမိကြပါဘူး - ဒါပေမယ့် Structural engineers ဆိုတာ စိတ်ကူးနယ်ပယ်တိုင်းကို လက်တွေ့ဘဝမှာ ရှင်သန်ထမြောက်စေတဲ့ ပညာရှင်တွေ ပါပဲ။


ကျွန်တော်ကိုယ်တိုင် အင်ဂျင်နီယာတစ်ယောက် ဖြစ်လာတော့မှ ကိုယ်ရပ်တည်ချင်တဲ့ အင်ဂျင်နီယာ တစ်ယောက်ဘဝကို သိရှိခွင့် ရခဲ့တာဟာ ကျွန်တော့်အတွက်တော့ တော်တော်ကို အချိန်နှောင်းသွားခဲ့ပါပြီ … ဒီပညာရပ်ကို ဝါသနာပါပေမယ့် ကျွန်တော်လက်လွှတ် လိုက်ရပါပြီ … ကျွန်တော် ယူကြုံးမရ မဖြစ်တော့ပါဘူး … ကျွန်တော် Structural engineer တစ်ယောက် မဖြစ်နိုင်ခဲ့ပေမယ့် Mechanical Engineer တစ်ယောက်တော့ ဖြစ်နေသေးသားပဲ။ ခုချိန်မှာတော့ ကျွန်တော့်နောက်မှာ ပေါက်ဖွားလာကြမယ့် အနာဂတ် အင်ဂျင်နီယာ မျိုးဆက်သစ်တွေကို ကျွန်တော့်လို အဖြစ်မျိုး မကြုံကြရအောင် လက်ဆင့်ကမ်းပေးဖို့ တာဝန် ကျွန်တော့်မှာ ရှိနေပြီလို့ ခံစားနေရပါတယ် … ခုတော့ ကျွန်တော် ဆရာတစ်ယောက်ပဲ ဖြစ်ချင်ပါတော့တယ် … ဘယ်လိုဆရာမျိုးလဲ … ကျွန်တော် ဖြစ်ချင်တာ စာသင်ပေးတဲ့ ဆရာမဟုတ်ပါဘူး .. သူတို့ရွေးချယ် သင့်တဲ့ နည်းပညာကို သူတို့ဝါသနာနဲ့ ကိုက်ညီအောင် အထိရောက်ဆုံး လမ်းညွှန်ပေးနိုင်လောက်မယ့် နည်းပညာ နယ်ပယ်ကို နှံ့စပ်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်တာပါ …

သူက ကျွန်တော့်ဘေးမှာ ရှိမယ် .. ကျွန်တော်က နည်းပညာနဲ့ အသက်မွေးပြီး အနာဂတ်ပညာရှင်တွေကို လက်ကမ်းကြိုဆိုမယ် …. မြန်မာ့အင်ဂျင်နီယာလောက နောင်တစ်ချိန်မှာ ထွန်းတောက်စေရမယ် … ကျွန်တော့် စိတ်ကူးပေါ့။

Mg Zin.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts