Virtual Drive and ISO images

Leave a Comment
Originally Posted by နှင်းမောင်
virtual drive format file ဆိုတာ ကျနော် နားလည်သလို ပြောလိုက်တာပါ။ virtual drive ထဲထည့်ပြီး သုံးလို့ရအောင် ကျနော် သူငယ်ချင်းတယောက်ဆီက Myanmar Encyclopedia CD ရထားပါတယ်။ ပုံစံလေးက တြိဂံစီဒီပုံလေး ဖြစ်ပြီးတော့။ VCD file လို့ပြပါတယ်။ အဲဒါလေးကို ကျနော် အလွယ် virtual drive format လို့ပြောလိုက်တာပါ။ ခွေနဲ့ မသုံးဘဲ ဆော့ဝယ်စီဒီအချို့ကို virtual drive ထဲထဲ့ သုံးချင်ပါတယ်။ အဲလိုသုံးလို့ရအောင် ဘယ်လိုရမယ်ဆိုတာကို သိချင်တာပါ။



ဟုတ်ကဲ့ပါ ကိုနှင်းမောင် - ဘာမေးချင်တယ် ဆိုတာ ကျွန်တော် သဘောပေါက်ပါပြီ။ မေးခွန်းမေးတဲ့ သူကို မေးခွန်းပြန်မေးတာ ကိုတော့ စိတ်မရှိပါနဲ့ဗျာ - ဝိုးတစ်ဝါးနဲ့ စိတ်ထဲထင်တာ ဖြေလိုက်ရင်ကျ ကိုနှင်းမောင် အတွက်လည်း အကျိုးမရှိ - ကျွန်တော့် အတွက်လည်း အချိန်ပေးရပြီး တန်ဖိုးမရှိလို့ပါ။ ကိုနှင်းမောင် နားလည်လွယ်အောင် ကျွန်တော် အကြမ်းဖျဉ်းပြောရရင် virtual drive format file ဆိုတာမျိုးရယ်တော့ မရှိဘူး ကိုနှင်းမောင်ရ - အဲ့တာကိုပဲ ပိုနားလည်လွယ်အောင် ပြောရရင် ကျွန်တော် အရင်ဆုံး ပြန်ပြောရမှာ Virtual CD / DVD Drive ဆိုတာတွေ အကြောင်း နဲနဲ အစပြန်ခေါ်မှ ရမယ် ထင်တယ်။ Virtual CD / DVD Drive ဆိုတာ ကျွန်တော်တို့ရဲ့ operating system မှာ တကယ် DVD / CD drives တွေတပ်ဆင်ထားတာမျိုး မဟုတ်ပဲနဲ့ ကိုယ့် OS ထဲမှာ တကယ့် DVD / CD drives တွေ တပ်ဆင်ထားသယောင် မြင်တွေ့နေရပြီး အဲ့ကနေ တစ်ဆင့်လည်း DVD / CD images ( ISO images ) တွေကို တိုက်ရိုက် Mount လုပ်ပြီး သုံးနိုင်တာမျိုးကို ခေါ်တာပါ။ ထူးခြားသွားချက်ကတော့ DVD / CD images ( ISO images ) တွေကို အသုံးချနိုင်ဖို့ ကျွန်တော်တို့ သီးသန့် အခွေရိုက်ထုတ်နေစရာ မလိုတော့ဘူး - CD / DVD ROM တွေ စက်မှာ ရှိမနေလည်း ဒီ အခွေထဲမှာ ရှိတဲ့ အကြောင်းအရာ မှန်သမျှကို ကျွန်တော်တို့ Virtual CD / DVD Drive ကနေတစ်ဆင့် ဇာတ်ကားဆို ကြည့်ရှုလို့ ရတယ် - သီချင်းတွေဆို ခံစားလို့ ရတယ် - နည်းပညာရပ်တွေဆို လေ့လာလို့ ရတယ် - Software တွေဆို တိုက်ရိုက် install လုပ်ပြီး စမ်းသပ်လို့ ရမယ် - စတာတွေ ဖြစ်ပါတယ်။ ဒါတွေကို ကိုနှင်းမောင်လည်း သိသင့်သလောက် သိပြီးသား ဖြစ်မှာပါ။

ဒါကိုပြန်ပြောရတဲ့ အကြောင်းအရင်းက Virtual drive format file ရယ်လို့ သီးခြား ကွဲထွက်မသွားဘူး ဆိုတာ သိစေချင်လို့ပါ။ များသောအားဖြင့် Virtual drive နဲ့ Mount လုပ်ပြီး သုံးဖို့ ဆိုရင် ကျွန်တော်တို့ အများဆုံး အသုံးပြုကြတာ ISO images တွေပါ။ Virtual drive ကနေ Mount လုပ်ပေးနိုင်တဲ့ တစ်ခြား Images အမျိုးအစားတွေလည်း ရှိပါသေးတယ် - ဥပမာ ပြောရရင် ISO, BIN, IMA/IMG, CIF, NRG, IMG/CCD, MDF/MDS, VCD, C2D, VDI, BWI/BWT, TAO/DAO, PDI, P01/MD1/XA, VaporCD, နဲ့ compressed Universal Image Files လို့ ခေါ်တဲ့ (UIF) format တွေပါ။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ဂိမ်းခွေတွေကစ - Windows ခွေတွေ အလယ် - Software ခွေတွေ အဆုံး ISO ကိုပဲ သုံးလာကြတာ များပါတယ်။ ဘာကြောင့်လဲ ?? ဘာလို့လဲ ဆိုတော့ ISO images က Create လုပ်ဖို့လွယ်တယ်။ ISO images လုပ်ဖို့ ထုတ်ထားတဲ့ Software တွေဆိုတာလည်း တော်တော်များများရှိပြီး ထုတ်ထားသမျှ Software တွေ အားလုံးနီးပါးကလည်း free ပေးထားကြတာများပါတယ်။ ဒါ့ကြောင့် ISO images က ခုနောက်ပိုင်းမှာ ပိုပြီးတွင်ကျယ်လာတာပါ။ ISO images ဆိုတာ ကွန်ပြူတာ စကားလုံးအရသာ စာလုံးက နည်းနည်း ဆန်းနေတာပါ - သူ့ကို အလွယ်ပြောရမယ် ဆိုရင် CD / DVD ခွေတွေ အဖြစ်နဲ့ မသိမ်းချင်လို့ စက်ထဲမှာ images အနေနဲ့ အလွယ်သိမ်းထားတဲ့ သဘောပါပဲ။ စက်ထဲမှာ သိမ်းတာများဗျာ - ဒီအတိုင်း folder တစ်ခုထဲ ထည့်ပြီး Archiver တစ်ခုနဲ့ ချုံ့ပြီး သိမ်းထားလိုက်လည်း ဖြစ်တာပဲလို့တော့ အထွန့်တက်စရာ ရှိပါတယ်။ မှန်ပါတယ်။ အဲလို သိမ်းလို့လည်း ရပါတယ်။ ဒါပေမယ့် ISO images format နဲ့ ဘာလို့ ပြောင်းသိမ်းကြလဲ ဆိုတော့ files ပေါင်းများစွာကို format တစ်ခုတည်း အနေနဲ့ ပေါင်းပြီး သိမ်းထားလို့ ရတာရယ် - လိုမယ်ဆိုရင် CD/DVD အဖြစ်ပါ တစ်ခါတည်း ရိုက်ထုတ်လို့ ရတာရယ် - လိုလို့ အသုံးချ ချင်တယ် ဆိုရင်လည်း Virtual drive နဲ့ Mount လုပ်ပြီး တိုက်ရိုက် အသုံးပြုလို့ ရတာရယ် စတဲ့ ထူးခြားချက်လေး တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုနှင်းမောင် မေးထားတဲ့ မေးခွန်းကို ဦးတည်ချက်ထားပြီး အနှစ်ပြန်ချုပ်ရရင် Software စီဒီအချို့ကို CD/DVD မရိုက်ပဲ images ကနေတစ်ဆင့် တိုက်ရိုက် Virtual Drive ကနေ အသုံးချချင်တဲ့ အခါ ကျွန်တော်တို့ အရင်ဆုံး လုပ်ဆောင်ရမှာ ကိုယ့်ရဲ့ Files တွေ - Software တွေ စတာတွေကို Images file အနေနဲ့ တစ်ခုတည်း ဖြစ်အောင် ဖန်တီးဖို့ပါ။ ဘယ် Images အမျိုးအစားတွေ ရှိတယ်ဆိုတာတော့ ကျွန်တော် အပေါ်မှာလည်း ဖော်ပြခဲ့ပြီး ပါပြီ။ ဥပမာပေးရရင် ကျွန်တော်တို့မှာ Software တွေစုထားတာ ရှိတယ် သူတို့တွေ အားလုံးကို ပေါင်းပြီး ISO images လုပ်ကြမယ် ဆိုကြပါစို့ - ISO images အဖြစ်ဖန်တီးပေး နိုင်တဲ့ burner ပေါင်းမြောက်များစွာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က အသုံးပြုကြတဲ့ Software ချင်း မတူလို့ ကျွန်တော့် အနေနဲ့ အကုန်လိုက် ဖော်ပြမပေးနိုင်တာကိုတော့ နားလည်ပေးပါ ကိုနှင်းမောင် - ကျွန်တော်သုံးဖြစ် နေတာတော့ လတ်တလောမှာ MagicISO ပါ။ ပေါ့ပေါ့ပါးပါးနဲ့ သုံးဖို့လည်း လွယ်တာက တစ်ကြောင်း - နောက်ပြီး စစသုံးသုံး ချင်းမှာ နားမလည်တာတွေကို MagicISO Online Help ကနေ သရုပ်ပြပုံတွေနဲ့ အလွယ်တကူ လေ့လာနိုင်လို့ ခဏချင်းမှာ Software အသုံးပြုပုံကို ရင်းနှီးနိုင်တာကြောင့် ကျွန်တော် ခုထိ MagicISO ကို သုံးဖြစ်နေတာလည်း ပါပါတယ်။ MagicISO Software ကို ကျွန်တော် တင်ပေးထားတဲ့ 2010 2011 Ultimate Software Guide for Windows Users မှာရော ဒါမှမဟုတ် ဖိုရမ်က Burning Tools များအတွက် မာတိကာ မှာပါ ကိုနှင်းမောင် ရှာဖွေတွေ့ရှိနိုင်ပါတယ်။ နောက်ထပ် ကျွန်တော် သဘောကျတာကတော့ Ashampoo ပါ။ သူကလည်း တော်တော်လေး သုံးရလွယ်ပြီး CD/DVD နဲနဲ ရိုက်ဖူးတဲ့ အတွေ့အကြုံရှိသူဆိုရင် Ashampoo ကို တစ်ခါမှ မသုံးဖူးရင်တောင် ခဏချင်းနဲ့ အလွယ်တကူ သုံးတတ်စေပါတယ်။ MagicISO သုံးမယ်ဆိုရင်တော့ ISO images ဘယ်လိုပြုလုပ်ရမယ် - Bootable ISO image ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ အားလုံးကို MagicISO Online Help မှာပဲ လေ့လာနိုင်ပါတယ်။ ကျွန်တော့် ပြောခိုင်းလည်း အဲ့ကနေပဲ ကော်ပီကူးပြီး ပြန်ဖော်ပြရမှာမို့ Link ကိုပဲ ညွှန်ပြပေးလိုက်တာပါ။ ဒီလောက်ဆို iso file ဖြစ်အောင်၊ virtual drive နဲ့ အသုံးပြုနိုင်အောင်၊ Bootable ISO image ဖြစ်အောင် ဘာတွေလုပ်ဖို့ လိုအပ်မယ် ဆိုတာ ကိုနှင်းမောင် အကြမ်းအားဖြင့် သဘောပေါက်နိုင်လိမ့်မယ် ထင်ပါတယ်။ ရှေ့ဆက်ပြီး အသေးစိတ် လေ့လာမှု ကိုတော့ ကိုယ်သုံးမယ့် burner ကို လိုက်ပြီး ပြောင်းလဲ လေ့လာမှု လုပ်သွားဖို့ အကြံပြုလိုပါတယ်။

နောက်တခုကတော့ ၀င်းဒိုးခွေပါ။ ၂၀၁၀ ၀င်းဒိုး အိပ်စ်ပီလို့ အလွယ်ပြောပေမယ့် အပြည့်စုံကတော့ Windows.XP.Sp3.NASA.2nd.Generation.2010 ဖြစ်ပါတယ်။ အစ်ကို တင်ပေးထားတာလို့ ထင်ပါတယ်။
Windows.XP.Sp3.NASA.2nd.Generation.2010 က ကျွန်တော် တင်ပေးထားတာ မဟုတ်ပါခင်ဗျာ - လိုက်ရှာကြည့်တာတော့ ကိုမုန်းရခက် တင်ပေးထားတဲ့ Window XP SP3 NASA II 2010 တော့ တွေ့မိပါတယ်။ ကိုကျောက်ဖြူကလည်း အပေါ်မှာ ကိုနှင်းမောင် အတွက် Windows.XP.Sp3.NASA.2nd.Generation.2010 အတွက် Generation အသစ် ကို လိုချင်ရင် တင်ပေးမယ် ပြောထားတော့ သူ့ကိုသာ အားနာနာနဲ့ အပူကပ်လိုက်ပါဗျာ Latest လေး ရတာပေါ့

စာပြန်နောက်ကျတာတော့ ဘယ်လိုမှ စိတ်ထဲ မရှိပါနဲ့ဗျာ - ကျွန်တော်လည်း တစ်ခြား ပြဿနာလေးတွေ လိုက်ရှင်းနေရတာရယ် - အလုပ်လေးလည်း တစ်ဖက် ရှိနေလို့ပါ။

အဆင်ပြေပါစေ ကိုနှင်းမောင် -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts