Self-Learner and Self-Learning

Leave a Comment
လူတစ်ချို့ အထင်မှားနေကြပါတယ် - ကျွန်တော်ဟာ ကွန်ပြူတာ ပညာရှင်တစ်ယောက် မဟုတ်ပါဘူး - ကျွန်တော် ဘယ် ကွန်ပြူတာ တက္ကသိုလ်က ဘာဘွဲ့မှ မရခဲ့ဖူးသလို - ကွန်ပြူတာနဲ့ ပတ်သတ်ပြီး ဘာဒီပလိုမာမှလည်း မရဖူးပါဘူး - ကျွန်တော်ဟာ အင်ဂျင်နီယာ တစ်ယောက်သာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ လုပ်ငန်းပိုင်းဆိုင်ရာ နဲ့ ပတ်သတ်တဲ့ အသုံးချ Software တွေ - တစ်ခြား ကျွန်တော့်အတွက် ကွန်ပြူတာနဲ့ ပတ်သတ်ပြီး သိထားဖို့ လိုအပ်မယ့် အကြောင်းအရာတွေကို လက်လှမ်းမှီသလောက် လေ့လာနေတဲ့ Self-Learner တစ်ယောက်သာ ဖြစ်ပြီး လေ့လာမိသမျှ ထဲက ကောင်းနိုးရာရာ အကြောင်းအရာတွေကို ကျွန်တော့်ရဲ့ အားလပ်ချိန်များထဲက တတ်နိုင်သမျှ ဖဲ့ထုတ်ဝေမျှနေသူ တစ်ယောက်သာ ဖြစ်ပါတယ်။ Self-Learner ဆိုတဲ့ ဂုဏ်ပုဒ်ဟာ အပေါ်ယံ ခပ်ပါးပါး ရှပ်ကြည့်ရင် တိမ်သယောင် ထင်ရပေမယ့် အတော်လေး ပြင်ဆင်ယူမှရတဲ့ လေ့လာမှု တစ်မျိုးပါ။

Self-Learner ဆိုတဲ့ စကားနဲ့ လျော်ညီစွာ အကြောင်းအရာ တစ်ခုကို စတင်လေ့လာစဉ်မှာ ကိုယ်လေ့လာမိတဲ့ အရာက ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခု နဲ့ ကွက်တိတိုက်ဆိုင်တာမျိုးတွေလည်း ရှိတတ်သလို - အချိန်ပေးလေ့လာလိုက်ပေမယ့် ကိုယ်သိချင်တဲ့ အကြောင်းအရာနဲ့ လုံးဝ သွေဖယ်ကွဲထွက်သွားပြီး အယူအဆမှား/သုံးသပ်ချက်မှားတဲ့ အကြောင်းအရာ မျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ Self-Learner တစ်ယောက် ဖြစ်လာဖို့ ဘယ်သူ့တိုက်တွန်းချက်နဲ့မှ ရပ်တည်ဖို့ မဖြစ်နိုင်သလို - တစ်ခြားသူတစ်ယောက်ရဲ့ တိုက်တွန်း အကြံပြုချက်နဲ့ Self-Learning လုပ်မယ် ဆိုရင်လည်း ကြာရှည်တည်မြဲ ဖို့ ခက်ခဲပါလိမ့်မယ်။ Self-Learner ဆိုတာဟာ မိမိကိုယ်ကိုယ်တွန်းအား ပေး ရပ်တည်ရတာ ဖြစ်ပါတယ်။

ကျွန်တော်ဖိုရမ်မှာ နိုင်သလောက် အချိန်ပေးပြီး စာတော်တော်များများ ရေးခဲ့ဖူးပါပြီ - ကျွန်တော် ရေးခဲ့တဲ့ စာတွေဟာ ဘာဖြစ်ရင် ဘာလုပ် ဆိုတာမျိုးထက် ဘယ်ဟာကို ဘယ်လိုလေ့လာတယ် - ဘယ်အကြောင်းအရာက ဘာနဲ့ ဆက်စပ်နေတယ် - ဘာကို သိချင်ရင် ဘယ်ဟာပါ သိထားမှ ဖြစ်မယ် ဆိုတာမျိုး Links အမျိုးမျိုး ချိတ်ဆက်ပြီး လေ့လာနည်းကို အသားပေးဖော်ပြနိုင်အောင် ကြိုးစားခဲ့တာများပါတယ်။ ဘာလို့ ဒါကို အသားပေးရေးခဲ့သလဲ ဆိုရင် ဖိုရမ်မှာ ကျွန်တော် ရေးသားခဲ့တဲ့ အကြောင်းအရာ တစ်ချို့ကို ဖတ်ရှုပြီးတဲ့ နောက်မှာ မိသားစုဝင်တစ်ချို့က ကျွန်တော့်ကို အသေးအဖွဲကနေ စပြီး အကြီးအမား အကြောင်းအရာတွေထိ ယုံကြည်မှုနဲ့ မေးမြန်းလာခဲ့ ကြပါတယ်။ ကျွန်တော်ဟာ လေ့လာသူ တစ်ယောက်သာဖြစ်တဲ့ အတွက် မိသားစုဝင်များရဲ့ လိုလားချက်နဲ့ ကိုက်ညီတဲ့ တတ်သိ နားလည်ချင်သမျှ အကြောင်းအရာတိုင်းကို ဝေမျှရလောက်အောင် ကျွန်တော် မစွမ်းဆောင်နိုင်ပါဘူး - ဒါ့ကြောင့် မေးမြန်းလာခဲ့တဲ့ ပြဿနာတွေထဲက ဖြေရှင်းပေးဖို့ လွယ်ကူတဲ့ အကြောင်းအရာ တစ်ချို့ကို တတ်နိုင်သမျှ နားလည်ထားသလောက် ဖြေရှင်းပေးခဲ့ပြီး တစ်ချို့ ပမာဏများပြီး အရမ်းကျယ်ပြန့်တဲ့ အကြောင်းအရာမျိုး - ကျွန်တော့်အနေနဲ့ လက်လှမ်းမမှီနိုင်တဲ့ ( သို့တည်းမဟုတ် ) ပြည့်စုံအောင် ဖြေကြားပေးနိုင်ဖို့ လုံလောက်တဲ့ အချိန်အတိုင်းအတာ ပမာဏ မပေးနိုင်တဲ့  အကြောင်းအရာမျိုးတွေကိုတော့ ကိုယ်တိုင်ရှင်းပြနိုင်ဖို့ အချိန်မပေး နိုင်တော့ပဲ ကောင်းနိုးရာရာ လေ့လာသင့်တဲ့ နေရာလေးတွေ လမ်းညွှန်ပေးခဲ့ရပါတယ်။ ကိုယ့်အပေါ် ယုံကြည်လို့ မေးမြန်းလာတဲ့ မေးမြန်းချက်ကို ကိုယ်တိုင် မြင်သာအောင် တိတိကျကျ ရှင်းမပြနိုင်ပဲ တစ်ခြားလေ့လာနိုင်မယ့် နေရာတွေကို ဝိုးတဝါး ညွှန်ပြရတာ ကျွန်တော် စိတ်မကောင်းဆုံးပါပဲ - ဒါ့ကြောင့် ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ကိုယ်ကိုယ်တိုင် ထိထိရောက်ရောက် လေ့လာနိုင်အောင် Self-Learner and Self-Learning ဆိုတဲ့ အကြောင်းအရာကို ရေးသားပြီး ကိုယ် တတ်သိနားလည်ချင်တဲ့ အကြောင်းအရာတွေကို ဘယ်လို လေ့လာသင့်မယ် ဆိုတာ အကြံပြုလိုက်ပါတယ်။

အောက်ဖော်ပြပါ အကြံပြုချက်တွေကို လေ့လာပြီး လိုအပ်ချက် မှန်သမျှကို ဖမ်းဆုပ်နိုင်မယ့် Self-Learner တစ်ယောက် အဖြစ် မိမိကိုယ်ကိုယ် တည်ဆောက် ကြည့်ကြပါ။

( ၁ ) စိတ်အဝင်စားဆုံး အကြောင်းအရာမှ စတင်ပါ


Photo from toysperiod.com

Self-Learner တစ်ယောက်ဟာ အကြောင်းအရာတစ်ခုကို စတင်လေ့လာတော့မယ် ဆိုရင် ကိုယ်လေ့လာမယ့် အကြောင်းအရာက ကိုယ်အမှန်တကယ် စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခု ဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက စာဖတ်အရမ်း ဝါသနာပါခဲ့တယ်။ ဒါပေမယ့် ကျွန်တော် စာဖတ်ဝါသနာ ပါတယ်ဆိုတာ ကျွန်တော့်ကိုယ်ကိုယ် သတ်မှတ်တာ မဟုတ်ပါဘူး - ပတ်ဝန်းကျင်က ကျွန်တော့်ကို သတ်မှတ်တာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် တစ်နေ့နဲ့ တစ်နေ့ အိမ်က ရသမျှ မုန့်ဖိုးကို ကျွန်တော် မုန့်မစားပဲ စုတယ် - တစ်လတစ်ခါလောက် ပုံမှန် ပန်းဆိုးတန်းကို သွားပြီး စာအုပ်ဆိုင်တွေမှာ အဟောင်းဆိုင်တွေက စလို့ တစ်နေကုန် စာမြည်း စာဖတ်နဲ့ သဘောအကျဆုံး စာအုပ်တွေဝယ်စုတယ် - များသောအားဖြင့် ကျွန်တော် စုဖြစ်တာ နည်းပညာပိုင်း ဆိုင်ရာ စာအုပ်တွေ - Dictionary တွေပါ - တစ်နေ့နဲ့ တစ်နေ့ စာအုပ်တွေ အများကြီးနဲ့ တွေ့ရတတ်တဲ့ ကျွန်တော့်ကို ပတ်ဝန်းကျင်က စာဖတ်ဝါသနာပါသူ တစ်ယောက်အဖြစ် အလိုလျောက် မှတ်ယူသွားကြပါတယ်။ တကယ်တော့ ကျွန်တော် အဲ့အချိန်က စာဒီလောက် မဖတ်ခဲ့သေးသလို - Self-Learner တစ်ယောက်လည်း မဟုတ်ခဲ့သေးပါဘူး - ကျွန်တော်ဟာ စာအုပ်စုတာ ဝါသနာပါတဲ့ စာစုသူတစ်ယောက်အဆင့်ပဲ ရှိခဲ့ပါသေးတယ်။ အဲ့အချိန်က ကျွန်တော့်ဘေးမှာ စာအုပ်တွေ ရှိနေလျက်နဲ့ ဘာကြောင့် စာသေချာ မဖတ်ဖြစ်ခဲ့သလဲ ?? ခုချိန်မှာ ကျွန်တော် စဉ်းစားကြည့်မိတော့ - အဲ့အချိန်တုန်းက သဘောကျလို့ ဝယ်လာဖြစ်တဲ့ စာအုပ်တိုင်းကို အစကနေ အဆုံး တစ်ထိုင်တည်း ဖတ်ဖြစ်ဖို့ ကျွန်တော်ကြိုးစား ကြည့်ခဲ့ဖူးပါတယ်။

ကိုမျိုးသူရ - ဆရာဦးအောင်မြင့် - ဦးဇော်လင်း - ဦးအေးကိုကို - ကိုဖိုးနိုင်ဝင်း - စတဲ့ ကွန်ပြူတာနဲ့ ပတ်သတ်ပြီး ရေးသားကြတဲ့ ဆရာတော်တော်များများရဲ့ စာအုပ်တွေ ကျွန်တော့်မှာ ရှိပေမယ့် ကျွန်တော်ဘယ်စာအုပ်မှ ဆုံးအောင် မဖတ်ဖြစ်ခဲ့ပါဘူး - ကျွန်တော်မှ မဟုတ်ဘူး - ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေ တွေ့လို့ ကျွန်တော့်မှာ ရှိနေတဲ့ သူတို့အတွက် လိုအပ်တဲ့ နည်းပညာပိုင်း ဆိုင်ရာစာအုပ်လေး ဘာလေး ပေးလိုက်ရင်လည်း ကျွန်တော့်ကို ကျေးဇူးတင်တယ် ဆိုတာသာ အထပ်ထပ်ပြောပြီး တကယ်တမ်း နောက်ကြုံလို့ မေးကြည့်ဖြစ်တော့ - ဖတ်ဖြစ်လားဆို မဖတ်ဖြစ်သေးဘူး လို့ ဝန်ခံကြတဲ့သူ တော်တော်များတာ တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်တို့ရဲ့လက်ထဲကို နည်းပညာနဲ့ ဆိုင်တဲ့ စာအုပ်တစ်အုပ် ရောက်လာစဉ်မှာ ဒီစာအုပ်ဟာ ဝတ္ထုစာအုပ်/ကာတွန်း စာအုပ် တစ်အုပ်လို အစကနေ စဖတ်တိုင်း ဆုံးခန်းတိုင်တဲ့ထိ ဆွဲဆောင်မှုရှိလာမယ့် စာအုပ်တစ်အုပ် မဟုတ်ပါလား ဆိုတာ ကျွန်တော်တို့ဘယ်သူမှ မတွေးမိကြလို့ပါပဲ - အဲလို မတွေးမိကြတော့ ကျွန်တော်အပါအဝင် လူတိုင်းက ဒီပညာရပ်ဆိုင်ရာ စာအုပ်ကို ဝတ္ထုစာအုပ်/ကာတွန်း စာအုပ် ဖတ်သလိုမျိုး ထိပ်ဆုံးကနေ စလိုက်တယ်။ နိဒါန်း - တစ်မျက်နှာ - နှစ်မျက်နှာ ( ဟုတ်သလိုလို ရှိတယ် ) - လေးမျက်နှာ - ငါးမျက်နှာ - ( နဲနဲ အီသလိုလို ရှိလာပြီ - မျက်လုံးထဲလည်း သိပ်မမြင်တော့ဘူး - သူပြောတဲ့ နည်းပညာစာလုံးတွေ ) - ၁၀ မျက်နှာလောက် ရောက်တော့ ( ဘာမှကို မသည်းကွဲတော့ဘူး စွဲဆောင်မှု မရှိဘူး သိသွားပြီ - တော်တော်လည်း စိတ်ကုန်သွားပြီး - မျက်စိကိုက်သလို - ဇာတ်ကြောတက်သလိုလို - ခါးက နာလာသလိုလို ) စာအုပ်ကို ပစ်ချလိုက်တယ် - အဲ့တည်းက ပစ်ချလိုက်တာ နောက် ဘယ်တော့မှ ပြန်မကိုင်ဖြစ်တော့ဘူး - ဒါဟာ ကျွန်တော် အပါအဝင် Self-Learner အဖြစ် အစပျိုးတဲ့ သူတိုင်း မဖြစ်မနေ ကြုံတွေ့ဖူးကြတဲ့ အနေအထားပါ - ပညာရပ်ပိုင်းဆိုင်ရာ ရေးထားတဲ့ စာအုပ်တစ်အုပ်ဟာ ဝတ္ထုစာအုပ်/ကာတွန်း စာအုပ် တစ်အုပ်ဖတ်သလိုမျိုး ထိပ်ဆုံး စကားချီးကနေ စဖတ်ရင် လူတိုင်း ပျင်းသွားကြတာ များပါတယ်။ ဘယ်သူမှလည်း ဆုံးအောင် မဖတ်ဖြစ်ကြသလို - တစ်ခါ လက်ကနေ လွှတ်ချလိုက်တာနဲ့ နောက်လည်း ဘယ်တော့မှ ပြန်မကိုင်ဖြစ်ကြတာ များပါတယ်။ ဒါ့ကြောင့် ကျွန်တော် အကြံပြုချင်တာ အကြောင်းအရာ တစ်ရပ်ကို ကိုယ်ကိုယ်တိုင် လေ့လာတော့မယ် - ကိုယ့်မှာလည်း အဲ့ အကြောင်းအရာနဲ့ ပတ်သတ်တဲ့ စာအုပ်စာတန်းတွေ ရှိနေတယ် ဆိုတာ သေချာရင် အဲ့ဒီ့ အကြောင်းအရာကြီး တစ်ခုလုံးထဲက ကိုယ်စိတ်အဝင်စားဆုံး အပိုင်းကို စတင်လေ့လာပါ - ဆိုကြပါစို့ - ကျွန်တော် ကွန်ပြူတာ အကြောင်း သိချင်တယ် - ကွန်ပြူတာ အကြောင်း လေ့လာမယ် ဆိုပြီး မလုပ်ပါနဲ့ - ကွန်ပြူတာဆိုတာ ထဲကမှ ဘယ်အစိတ်အပိုင်းကို အသိချင်ဆုံးလဲ - ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်လိုက်ပါ - ကွန်ပြူတာ ထဲမှာဆို Hard Disk ရှိမယ် - RAM ရှိမယ် - Mother Board ရှိမယ် - CPU ရှိမယ် စသဖြင့် ကိုယ်က ဘယ်အစိတ်အပိုင်းကို တစ်ခြားဟာတွေထက် ပို စိတ်အဝင်စားဆုံးလဲ - ဆိုလိုတာ မသိတာတွေ များတာချင်း တူနေရင် ဘယ်ကောင့်အကြောင်း ကိုယ်ပိုသိချင်သလဲ ?? ဒါလေး ဆန်းစစ်ဖို့ လိုပါတယ်။ ဆန်းစစ်လိုက်လို့ သိပြီ ဆိုရင် အဲ့ အကြောင်းအရာ ရေးသားပါဝင်တဲ့ စာအုပ်ကို ယူလိုက်ပါ - ကိုယ်ယူလိုက်တဲ့ စာအုပ်မှာ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာက စာအုပ်နောက်ဆုံးမှာ ရှိချင်လည်း ရှိမယ် - ရှေ့ဆုံးမှာ ပါချင်လည်း ပါမယ်။ စာအုပ်ထဲက တစ်ခြားအပိုင်းတွေ ကိုယ်နားလည်ချင်မှ နားလည်မယ် ဒါပေမယ့် အဲတာကို စိတ်ကူးထဲ မထည့်ပါနဲ့ - ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းပါတဲ့ စာမျက်နှာကိုသာ စလှန်ပြီး ဖတ်လိုက်ပါ - အဲ့လိုဖတ်တဲ့ အချိန်မှာ မိမိရဲ့ နဂို မူရင်းစိတ်မှာ ဒီအကြောင်းအရာကို စိတ်ဝင်စားတဲ့ အခြေခံ စိတ်လေးရှိလို့ အသုံးအနှုန်း ခပ်ဆန်းဆန်းတွေ့ရင် ဘာလဲ သိချင်လာမယ် - ဒီစာလုံးကို ဘာလို့ ငါနားမလည်သလဲ ပြန်စဉ်းစားမယ် - ဟုတ်ပြီ ဒီအကြောင်းကို ငါမသိလို့ ဒါအပိုင်းကို ငါနားမလည်တာ - ဒါဆို စာအုပ်ရဲ့ ဘယ်အပိုင်းကို ငါ ဆက်ဖတ်ဖို့ လိုမယ် - စသဖြင့် ဦးနှောက်က ဝါသနာပေါ် အခြေခံပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကို အလိုလျောက် Links ချိတ်ဆက်ပေးသွားပါလိမ့်မယ်။

( ၂ ) အသေးကွေးဆုံး အရာမှ အစပြုပါ


Photo from studyhelper.eu

ဒီအကြောင်းအရာက အပေါ်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာနဲ့ ဆက်စပ်နေပါတယ်။ အကြောင်းအရာ တစ်ခုကို စတင်လေ့လာ တော့မယ့် Self-Learner တစ်ယောက်ဟာ လောဘမကြီးဖို့ သိပ်အရေးကြီးပါတယ်။ ဆိုလိုချင်တာ ပညာရပ်ပိုင်း ဆိုင်ရာ အကြောင်းခြင်းရာ အသစ်တစ်ခုကို ကျွန်တော်တို့ စတင်ချဉ်းကပ်ချိန်မှာ အခြေခံကစဖို့ အဆင့်မြင့်ပိုင်းထိ အဆင့်လိုက် ပိုင်းခြားထားတဲ့ အကြောင်းအရာတွေဟာ တော်တော်များများ တည်ရှိပြီးသား ဖြစ်နေပြီး စတင်လေ့လာမယ့် သူတစ်ယောက် အတွက် ဘယ်အပိုင်းကို စတင်လေ့လာရမယ် - ဘယ်အကြောင်းအရာက အဓိက အကျဆုံးဆိုတာ ပညာရပ်နဲ့ စတင်ထိတွေ့ချိန်မှာ ဝေခွဲရ ခက်စေပါတယ်။ ပုံမှန်အားဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေဟာ ဘယ်အပိုင်းက အဓိက အကျဆုံး ဆိုတာမျိုး ခွဲပြီး လေ့လာဖို့ ခက်ပါတယ်။ အကြောင်းအရာ အားလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပြီး လေ့လာသူ တစ်ယောက် အနေနဲ့ ကိုင်တွယ်တတ်မှသာ ကိုယ်သိချင်တဲ့ အကြောင်းအရာကို ဂဃနဏ သိနိုင်တာမျိုးပါ - ဒါ့ကြောင့် ဘယ်အပိုင်းက အဓိက အကျဆုံးလဲ ဆိုတာကို မရှာဖွေပဲ အသေးအဖွဲပါကွာလို့ လူတိုင်းသဘောထားကြတဲ့ - ကိုယ်စိတ်အဝင်စားဆုံး အကြောင်းအရာကနေ စတင်လေ့လာပါ - ကိုယ်စတင်လေ့လာတဲ့ အကြောင်းအရာဟာ လူတိုင်း သိပြီးသား အသေးအဖွဲ အကြောင်းအရာ တစ်ခု ဖြစ်ကောင်း ဖြစ်နေမယ် ဆိုရင်တောင် ကိုယ်စိတ်ဝင်စားပြီး မသိရှိသေးတ့ဲ့ အကြောင်းအရာသစ် တစ်ခု ဖြစ်နေလို့ ကိုယ်စတင်လေ့လာချိန်မှာ လေ့လာမှတ်သားရ လွယ်ကူပြီး တစ်ခြားဆက်စပ်နေတဲ့ အကြောင်းအရာတွေကိုပါ နောက်ဆက်တွဲ လေ့လာဖြစ်ဖို့ အားဖြစ်စေပါလိမ့်မယ်။

( ၃ ) အင်တာနက် အား အကျိုးရှိစွာ အသုံးချပါ




Photo from mainstreetbizmarketing.com

ခုချိန်မှာ အင်တာနက်ဆိုတာ ဘာမှန်း လူငယ်တော်တော်များများ နားလည်နေကြပါပြီ - ဒါပေမယ့် အင်တာနက်ကို ဘယ်လို အကျိုးရှိအောင် အသုံးချနိုင်မယ် ဆိုတာတော့ လူငယ်တော်တော်များများ မသိရှိကြသေးပါဘူး - အင်တာနက် ရှိတယ် - Online ပေါ် ရောက်တယ် - စကားပြော - အခြွေကည့် - Chatting တက် - Game ဆော့ ဆိုတာ အင်တာနက်ကို အသုံးပြုတာ သာ ဖြစ်ပါတယ်။ အင်တာနက်ကို အကျိုးရှိရှိ အသုံးချတယ်လို့ မခေါ်ပါဘူး - Chatting တက် - Game ဆော့ ဆိုတာအတွက် ကျွန်တော် မတားမြစ်လိုပါဘူး - ဒါဟာ ဖျော်ဖြေရေး ကဏ္ဍတစ်ခု ဖြစ်နေလို့ အထိုက်လျောက် ကျွန်တော် အားပေးပါတယ်။ ဒါပေမယ့် လက်တကမ်းမှာ ရှိနေတဲ့ အင်တာနက်ကို အသုံးပြုရာမှာ ကိုယ့် အနာဂတ်အတွက် အထောက်အကူ ပြုနိုင်အောင် ဖျော်ဖြေရေးနဲ့ ဘဝရပ်တည်ရေးကို ယှဉ်တွဲ တည်ဆောက် စေလိုပါတယ်။ အဲ့အတွက် အင်တာနက်ထဲက ဖျော်ဖြေရေး မဟုတ်တဲ့ နည်းပညာပိုင်း ဆိုင်ရာ - ပညာရပ်ပိုင်း ဆိုင်ရာ - ဘဝရပ်တည်မှု ဆိုင်ရာ စာပေတွေကို နေ့စဉ်နေ့တိုင်း အချိန်အတိုင်းအတာ တစ်ခု ပေးပြီးဖတ်ပေးဖို့ လိုပါတယ်။ Self-Learner တစ်ယောက်ဟာ ပညာရပ်ပိုင်းဆိုင်ရာ အကြောင်းအရာ တစ်ခုကို လေ့လာတဲ့ နေရာမှာ စာအုပ်တစ်အုပ်စ နှစ်အုပ်စ ဖတ်ယုံနဲ့ မလုံလောက်နိုင်ပါဘူး - ပညာရပ်ပိုင်းဆိုင်ရာ အကြောင်းအရာ တွေဟာ နေ့စဉ်နဲ့ အမျှ ပြောင်းလဲ တိုးတက်နေတယ် - အဲလို ပြောင်းလဲ တိုးတက်နေတဲ့ နောက်ဆုံးပေါ် အကြောင်းအရာတွေဟာ ဘယ်တော့မှ စာအုပ်ထဲမှာ အချိန်နဲ့ တစ်ပြေးညီ ရှာမတွေ့နိုင်ပါဘူး - အဲ့အတွက် Self-Learner တစ်ယောက်ဟာ အင်တာနက်ကို အကျိုးရှိရှိ အသုံးချပြီး လေ့လာတတ်ဖို့ လိုပါတယ်။

( ၄ ) Search Engine အား အသုံးပြုပါ


Photo from batch11a.blogspot.com

Search Engine လို့ ပြောလိုက်ရင် နည်းနည်းလေး နားရှုပ်သွားနိုင်ပါတယ်။ ဆိုလိုတာ Google ကို အသုံးပြုဖို့ပါ။ အင်တာနက်ထဲမှာ ဘယ်အကြောင်းအရာကိုပဲ လေ့လာ လေ့လာ နေ့စဉ်နဲ့အမျှ ပြောင်းလဲ တိုးတက်နေတဲ့ အကြောင်းအရာ တွေကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြနေတဲ့ Websites ပေါင်း မြောက်များစွာ ရှိသလို - ဖတ်လို့ မကုန်နိုင်တဲ့ Web pages ပေါင်း မြောက်များစွာလည်း အင်တာနက် ထဲမှာ လွှင့်တင်ထားပြီးသား ရှိပါတယ်။ Self-Learner အတွက် လိုအပ်တာ မိမိအားသန်ရာ သန်ရာ Search Engine တစ်ခုခုကို အသုံးပြုပြီး ကိုယ်လေ့လာချင်တဲ့ စိတ်ဝင်စားတဲ့ အကြောင်းအရာကို ရှာဖွေဖတ်ရှုတတ်ဖို့ပါ။ အဲလို ရှာဖွေတဲ့ နေရာမှာ Google Search Engine ဟာ Web pages ပေါင်း မြောက်များစွာရဲ့ ကြားထဲက တန်ဖိုးအရှိဆုံး လူကြည့်အများဆုံး အကြောင်းအရာတွေကို စီစစ်ဖော်ပြပေးနိုင်တဲ့ Search Engine တစ်ခု အဖြစ် ကျွန်တော် ယုံကြည်မိပါတယ်။

( ၅ ) English လိုလေ့လာပါ


Photo from researchers.in.th

ကျွန်တော်တို့ ပညာရပ်ပိုင်းဆိုင်ရာ အကြောင်းအရာ တစ်ခုကို ဂဃနဏ သိချင်တဲ့ အခါ အင်တာနက် ထဲမှာ မြန်မာလိုရှာတွေ့ဖို့ ကိုချည်း အဦးဆုံး မကြိုးစားပါနဲ့ - အင်တာနက်ထဲမှာ နည်းပညာနဲ့ ပတ်သတ်ပြီး မြန်မာလို ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ Web စာမျက်နှာတွေ ဆိုတာ တော်တော်ကြီးကို နည်းပါသေးတယ်။ ဒါကြောင့် ကိုယ်သိချင်တဲ့ အကြောင်းအရာကို ရှာဖွေတဲ့ အခါ မြန်မာလို ရေးသားထားတာ မတွေ့ခဲ့ရင်လည်း အင်္ဂလိပ်လိုရေးထားတာကို ဖတ်ဖြစ်အောင် ဖတ်ပါ။ အင်္ဂလိပ်လို ဖတ်ပါလို့ ပြောလိုက်ရင် လူတော်တော်များများက ကိုယ့်ကိုယ်ကိုယ် အင်္ဂလိပ်စာ အားနည်းတယ်လို့ ထင်တတ် ကြပါတယ်။ မထင်ပါနဲ့ - လူတိုင်းဟာ Level တူပါပဲ - ကျွန်တော်တို့ အားလုံးမှာ အဓိက ကွာခြားသွားတာ လုံ့လဝီရိယ နဲ့ လိုချင်စိတ်ပါ - လိုချင်စိတ် ပြင်းပြသူ တစ်ယောက်ဟာ ဘယ်ဘာသာရပ်နဲ့ တွေ့တွေ့ ကိုယ်လိုချင်တာကို ရအောင် ရှာဖွေရယူတတ်ပြီး - လိုချင်စိတ် နည်းပါးသူ တစ်ယောက်ကတော့ အင်္ဂလိပ်လို မဆိုထားနဲ့ မြန်မာလို ရေးထားတာ တွေ့ရင်တောင် ကျော်ဖတ်တတ်ကြပါတယ်။ ဒါ့ကြောင့် Self-Learner တစ်ယောက်ဟာ ကိုယ့်ရဲ့ လေ့လာမှုကို အတားဆီးနိုင်ဆုံး အင်္ဂလိပ်စာ ဘာသာရပ်ကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ အားမငယ်ပါနဲ့ - အင်္ဂလိပ်လို ရေးထားလည်း ဖတ်ကြည့်ပါ။ မသိတဲ့ စာလုံးကို Dictionary မှာ ရှာပါ - ဆက်ဖတ်ပါ - စာမျက်နှာ တော်တော်များများ ဖတ်ဖြစ်ပြီးတဲ့ နောက်မှာ ကိုယ်ဟာ Dictionary ကိုင်စရာ မလိုပဲ စာကြောင်းတိုင်းကို အလွယ်တကူ နားလည်နိုင် လာတာ သတိထားမိလာပါလိမ့်မယ်။


( ၆ ) ပန်းတိုင်ထားရှိပါ



Photo from njtransit.njit.edu


အကြောင်းအရာကို ကျွန်တော်တို့ လေ့လာချိန်မှာ Self-Learner တစ်ယောက်အနေနဲ့ နောက်တစ်ခု သိထားသင့်တာ ကိုယ်လေ့လာမယ့် အကြောင်းအရာနဲ့ ပတ်သတ်ပြီး ပန်းတိုင်ထားရှိတတ်ဖို့ လိုပါတယ်။ ဆိုလိုချင်တာ ကျွန်တော်တို့ အကြောင်းအရာတစ်ခုကို လေ့လာတယ် - ကိုယ်လေ့လာမယ့် အကြောင်းအရာကို လိုက်ပြီး တစ်ခုလုံးအတွက် အချိန်ဘယ်လောက်ယူမလဲ - အပိုင်း တစ်ပိုင်းချင်းစီ အတွက် အချိန်ဘယ်လောက် ပေးမလဲ - ဘယ်အကြောင်းအရာကို အသေးစိတ်ပြီး - ဘယ်အကြောင်းအရာကို အပေါ်ယံရှပ်မလဲ ဒါတွေကို Self-Learner တစ်ယောက်အနေနဲ့ ကြိုတင်မှန်းဆ ပြင်ဆင်ထားတတ်ဖို့ လိုပါတယ်။အဲလို ကြိုတင်ပြင်ဆင်ထားတဲ့ ပန်းတိုင်ရှိမှသာ ကိုယ်လေ့လာမယ့် အကြောင်းအရာ အလိုက် မလိုအပ်တာတွေ ပိုဖတ်မိပြီး - လိုအပ်တာတွေကို ကျော်ဖတ်မိတယ် ဆိုတဲ့ အမှားအယွင်းမျိုး လျော့ပါးစေမှာ ဖြစ်ပါတယ်။


( ရ ) ပြန်လည် ဆန်းစစ်ပါ


Photo from ilovemiage.net

Self-Learner တစ်ယောက်ဟာ စာဖတ်နေယုံနဲ့ မလုံလောက်ပါဘူး - ဒါကို ကျွန်တော် ဘယ်အချိန်မှာ သတိထားမိခဲ့သလဲ ဆိုရင် ကျွန်တော် သိထားခဲ့ပြီးသား အကြောင်းအရာ တစ်ခုကို တစ်စုံတစ်ယောက်အတွက် အကူအညီပေးနိုင်ဖို့ ကြိုးစားခဲ့စဉ်တိုင်းမှာ သတိထားမိခဲ့ပါတယ်။ ကျွန်တော် သိနားလည်ပြီးသား အကြောင်းအရာ တစ်ခု ဖြစ်နေပေမယ့် အဲ့ဒီ အကြောင်းအရာ ကို ဖတ်ပြီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဘယ်လောက်ထိ ပြည့်ပြည့်ဝဝ နားလည်ပြီလဲ ဆိုတာ ပြန်လည် ဆန်းစစ်မှု မရှိခဲ့လို့ လိုအပ်ချိန်မှာ ကျွန်တော် အလွယ်တကူ အမှတ်မရနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Self-Learner တစ်ယောက် အနေနဲ့ လေ့လာမှု တစ်ခုတည်းတင် မဟုတ်ပဲ - အကြောင်းအရာတစ်ခုကို လေ့လာမှု ပြီးဆုံးတိုင်းမှာ မိမိရဲ့ နားလည်မှု စွမ်းရည်ကို ကိုယ်ကိုယ်တိုင် ပြန်လည် ဆန်းစစ်ကြည့်နေဖို့ လိုပါတယ်။


( ၈ ) တက်ကြွစွာ ပါဝင်၍ - လွတ်လပ်စွာ မျှဝေပါ



Photo from Myanmar-Family-Forum


အကြောင်းအရာ တစ်ခုကို တစ်ယောက်တည်းလေ့လာ တစ်ယောက်တည်း ဆန်းစစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြည့်ဝပြီ လို့ထင်ရင် မှားပါလိမ့်မယ်။ ပညာရပ်ပိုင်းဆိုင်ရာတွေဟာ အချိန်နဲ့ အမျှ အသစ်အသစ်တွေ ပေါ်ထွက်နေသလို - အကြောင်းအရာတွေဟာ လည်း နေ့ချင်းညချင်း ပြောင်းလဲနေကြပါတယ်။ ဒီနေ့ ဒီစာကို ဖတ်လိုက်လို့ အမှန်လို့ ထင်ရပေမယ့် ဒီအကြောင်းအရာဟာ နောက်တစ်နေ့မှာ ယူဆချက် အမှားတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် Self-Learner တစ်ယောက်အနေနဲ့ တစ်ယောက်တည်းလေ့လာ တစ်ယောက်တည်း ဆန်းစစ်ပြီး ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးနေရင် အလွဲကြီး လွဲတတ်ပါတယ်။ Self-Learner တစ်ယောက်ဟာ ပူးပေါင်းဆောင်ရွက်တတ်ဖို့ လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် အကောင်းဆုံးနေရာ တစ်ခုက ဖိုရမ်တွေပါ - ကိုယ်တိုင်ရေးတ့ဲ ဘလော့တစ်ခုဆိုတာ လူသိဖို့ ခက်သလို - လူလက်ခံနိုင်အောင် ကြိုးစားဖို့လည်း ခက်ပါတယ်။ အားလုံးထဲမှာ အရံသင့်နဲ့ အသင့်စားသုံးနိုင်တာ - နယ်ပယ်အသီးသီးက လူပေါင်းစုံ - ပညာရပ်ပေါင်းစုံ - ရှု့ထောင့် ပေါင်းစုံနဲ့ ဝေဖန်ထိုးနှက်မှုကို အလွယ်ကူဆုံး ရရှိနိုင်တာ ဖိုရမ်ပါပဲ - ဝေဖန်ထိုးနှက်မှု ဆိုတာ ကြောက်ဖို့ မလိုပါဘူး - ပါဝင်ပါ - မျှဝေပါ - ဆွေးနွေးကြည့်ပါ - ကိုယ်မမြင်မိတဲ့ အမြင် - ကိုယ်မတွေးမိတဲ့ အတွေး - ကိုယ်မထင်ထားတဲ့ ရှု့ထောင့်ပေါင်းစုံက မေးခွန်းတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ အဲလို ရင်ဆိုင်လာရတဲ့ အခါ - ငါ ဘာလိုအပ်သလဲ - ငါ ဘာကိုလေ့လာရမလဲ - သူတို့လိုချင်တာက ဘာလဲ - ငါသိထားတာက ဘာလဲ - ငါသိထားတာတွေက အသုံးဝင်သလား - အပေါ်ယံတွေလား - အပေါ်ယံတွေဆိုရင် အနှစ်သာရ ရှိလာအောင် ဘယ်လိုပြောင်းယူမလဲ ဆိုတဲ့ အတွေးတွေ တစ်ဆင့်ပြီး တစ်ဆင့် သုံးသပ်မိလာပြီး - မိမိရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်းနဲ့ ကိုယ်ပိုင် အရည်အသွေး တဖြေးဖြေး မြင့်တက်လာပါလိမ့်မယ်။

Self-Learner တစ်ယောက် အဖြစ် ရပ်တည်မယ် ဆိုတာ တကယ်တော့ တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ မိမိကိုယ်ကိုယ် ပုံသွင်းခြိမ်းခြောက်မှု တစ်မျိုးပါပဲ - ဒီ ခြိမ်းခြောက်မှုကို ဇွတ်တိုးရဲတဲ့သူက Self-Learning ရဲ့ အားသာချက်/ အားနည်းချက်တွေကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ပြီး ဘဝအရည်အသွေး မြင့်မြင့်မားမားနဲ့ မိမိတစ်ယောက်တည်း အတွက်သာ မက တစ်ပါးသူ တစ်ဦးအတွက်ပါ ဖြည့်ဆည်းပေးဆပ်နိုင်တဲ့ ဘဝတန်ဖိုး တစ်ခုကို ရရှိပိုင်ဆိုင်နိုင်ပါမယ် ဆိုတာ အကြံပြု တိုက်တွန်းရင်း အဆုံးသတ်လိုက်ပါတယ်။

ရယူလိုသမျှ အရာအားလုံး လက်လွတ်ဆုံးရံှုး လိုက်ရသည် မရှိ - ဆုပ်ကိုင် သိမ်းပိုက်နိုင်ကြပါစေ

Mg Zin.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts