Thanks A Lot

Leave a Comment

ကျေးဇူးတင်ပါတယ်ဗျာ
ကျေးဇူးပါ
ကျေးဇူး
ကျေးဇူးပဲနော်

ဒီစကားတွေ အားလုံးဟာ လူတစ်ယောက်ရဲ့ မေတ္တာထား ကူညီမှုကို အပြန်အလှန် မေတ္တာတုံ့ပြန်မှု အနေနဲ့ အသိအမှတ်ပြု ပြောကြားကြတဲ့ စကားတွေ ဖြစ်ပါတယ်။ ကျေးဇူးတင်စကား ဆိုတာနဲ့ ပတ်သတ်ပြီး အုပ်ချုပ်သူ ကိုဂျစ်တူးကနေ ဒီနေရာမှာ နားလည်လွယ်အောင် ရှင်းလင်းပေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာတွေ ကျေးဇူးတင်စကားနဲ့ ပတ်သတ်ပြီး ခံယူချက် လွဲနေတာလေးတွေ တွေ့နေရပါတယ်။ အဲ့ဒါကြောင့် ဒီ အကြောင်းအရာကို ထပ်ပြီး ရေးဖြစ်လိုက်တာပါ။


ကျေးဇူးတင်စကား ဆိုတာဘာလဲ ??
ကျေးဇူးတင်စကားဆိုတာ လူ့ပတ်ဝန်းကျင် နယ်ပယ်မှာ မိမိရဲ့ လိုအပ်ချက် တစ်ခုအတွက် တစ်စုံတစ်ယောက်က မေတ္တာရှေ့ထား ကူညီပေးတဲ့ အခါမှာ သူ့ ကူညီမှုက မိမိအတွက် အမှန်တကယ် တိုက်ရိုက် အကျိုးပြုသည် ဖြစ်စေ - အနည်းအကျဉ်း အကျိုးပြု ခဲ့သည် ဖြစ်စေ - တိုက်ရိုက် အကျိုးမပြုပဲ သွယ်ဝိုက်ပြီး တွန်းအားပေးခဲ့သည် ဖြစ်စေ - အဲ့ဒီ့သူရဲ့ ကူညီမှုကို မေတ္တာချင်း ရောင်ပြန်ထပ်ပြီး မဖြစ်မနေ ပြောကြားသင့်တဲ့ စကားကို ဆိုလိုပါတယ်။

Forum - ဖိုရမ် တစ်ခုရဲ့ သဘောသဘာဝဟာ တစ်ဦးတစ်ယောက်ကောင်းနဲ့ ရပ်တည်နေတာ မဟုတ်ပဲ လူအများရဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးမှုနဲ့ ရပ်တည်လည်ပတ်နေတယ် ဆိုတဲ့ အကြောင်းကို ကျွန်တော် ဒီနေရာမှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဖိုရမ်မှာ လည်မယ် ပတ်မယ် လေ့လာစရာရှိတာတွေ လေ့လာမယ် - ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတွေကိုလည်း ဝင်ရောက်ကူညီမယ် - ဒီလိုဆိုမှ ဖိုရမ်တစ်ခုရဲ့ အနှစ်သာရက ပိုပိုပြီး ပြည့်ဝလာမှာပါ - အဲလိုမျိုး ဖိုရမ်မှာ လည်ပတ် လှုပ်ရှားတဲ့ အချိန်မှာ မလွဲမသွေသိထားရမယ့် ကျေးဇူးတင် စကား ပြောကြားတာနဲ့ ပတ်သတ်ပြီး ခံယူချက်တွေ မလွဲမှားစေဖို့ ဒီနေရာကနေ ရှင်းလင်း ဖော်ပြပေးလိုပါတယ်။

ဘာအတွက် ကျေးဇူးတင်စကား ပြောသင့်သလဲ ??
ဖိုရမ်ထဲမှာ လည်ပတ် ဖတ်ရှုတဲ့ အခါမှာ ကျေးဇူးတင်စကား ပြောခဲ့ကြဖို့ တိုက်တွန်းထားတာ အသင်းဝင်တိုင်း သိကြပေမယ့် ဘာအတွက် ကျေးဇူးတင်စကား ပြောသင့်သလဲ ဆိုတာကိုတော့ အသင်းဝင်တိုင်း ကောင်းကောင်း နားမလည်နိုင်ကြသေးပါဘူး - တစ်စုံတစ်ယောက်ကို ကျေးဇူးတင်စကား ပြောကြားတဲ့ အခါမှာ အခြေအနေ ( ၃ ) ရပ်ပေါ် မူတည်ပြီး ကျေးဇူးတင်စကား ပြောကြား သင့်ပါတယ်။

( ၁ ) တစ်စုံတစ်ယောက်ရဲ့ မျှဝေမှုကနေတစ်ဆင့် ကိုယ့်အတွက် အသိပညာ တစ်ခုမဟုတ် တစ်ခု ရရှိလိုက်တာ သေချာ ရင် အဲ့ဒီသူကို ကျေးဇူးတင်စကား ပြောကြားသင့်ပါတယ်။
( ၂ ) တစ်စုံတစ်ယောက်ရဲ့ မျှဝေမှုဟာ ကိုယ့်အတွက် အကြောင်းအရာ အသစ်တစ်ရပ် မဟုတ်ပေမယ့် ( ကိုယ်သိထား ပြီးသား အကြောင်းအရာဟောင်းတစ်ခု ဖြစ်နေပေမယ့် ) သူ့ရဲ့ မျှဝေမှုဟာ တစ်ခြားသူ တစ်ယောက်အတွက် အကျိုးဖြစ်စေတာ - အကျိုးပြုနေတာ မြင်တွေ့ရရင် ကျေးဇူးတင်စကား ပြောကြားသင့်ပါတယ်။
( ၃ ) တစ်စုံတစ်ယောက်ရဲ့ မျှဝေမှုဟာ ကိုယ့်အတွက် တိုက်ရိုက် အကျိုးပြုနေတာမျိုး မရှိသလို တစ်ခြားသူ တစ်ယောက် အတွက်လည်း လတ်တလော အခြေအနေမှာ အကျိုး ဖြစ်ထွန်းစေတာ မတွေ့ရဘူး - ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက် ဟာ နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက်အတွက် အကျိုးဖြစ်ထွန်းလာနိုင်စေမယ် - အကျိုးရှိလာစေနိုင်မယ် ဆိုတာ သေချာရင်လည်း သူ့ရဲ့ အားထုတ်မှုအတွက် အသိအမှတ်ပြု ကျေးဇူးတင်စကား ပြောကြားသင့်ပါတယ်။
နောက်ဆုံး တစ်ချက်ကတော့ ကျွန်တော့် Personal ပါ။ ကျွန်တော် ဝေမျှခဲ့တဲ့ ဝေမျှချက်တွေနဲ့ ပတ်သတ်ပြီး ဝေဖန်အကြံပြု အရေးတယူ ကျေးဇူးတင်စကား ပြောကြားပေးခဲ့တဲ့ သူတိုင်းကိုလည်း ကျွန်တော် ပြန်ပြီး ကျေးဇူးတင် စကား ပြောကြား ခဲ့ပါတယ်။

ကျွန်တော်ဟာ ဖိုရမ်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် တတ်စွမ်းသလောက် - ကျွန်တော် လေ့လာမိ သလောက် တစ်စုံတစ်ယောက်အတွက် မျှဝေနိုင်အောင် ကြိုးစားခဲ့သလို - ကျွန်တော့် အတွက် လိုအပ်နေသေးတဲ့ အသိပညာတွေ ကိုလည်း ဖိုရမ်ကနေ ရှာမှီးခဲ့ပါတယ်။ အထက်က အခြေအနေ လေးရပ်နဲ့ ကိုက်ညီတယ်လို့ ယူဆတဲ့ ကျွန်တော် ဖတ်မှတ်မိသမျှ ဝေမျှချက်တိုင်းကိုလည်း ကျွန်တော် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ဖိုရမ်မှာ ကဏ္ဍခွဲတွေ အကြောင်းအရာခွဲတွေ အရမ်းများလို့ ကျွန်တော် ကျေးဇူးတင်စကား မပြောဖြစ်တဲ့ ဝေမျှချက်ကောင်းတွေ လည်း ရှိကောင်း ရှိနေဦးမှာပါ။ နောင်တစ်ချိန် ကျွန်တော် ဖတ်မှတ် လေ့လာမိချိန်မှာ မပြတ်မကွက် ကျေးဇူးတင်စကား ပြောကြားသွားပါ့မယ်လို့ ကတိပေးလိုပါတယ်။

နောက်ဆုံး အနေနဲ့ ကျွန်တော် အကြံပြုချင်တာကတော့ မိသားစုဝင်တွေ အနေနဲ့ ကျေးဇူးတင်စကားကို ကျွန်တော် အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေ ( ၃ ) ရပ်နဲ့ ကိုက်ညီတယ်လို့ ယူဆရင် ကျေးဇူးတင်စကား ဆိုတဲ့ နေရာလေးကို မပျက်မကွက် နှိပ်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ကျေးဇူးတင်စကား ဆိုတာ ဝေမျှသူတစ်ယောက် အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပီတိပါပဲ !!


အဲဒါကြောင့် မိသားစုဝင်များ ကျေးဇူးပြုပြီး အောက်ဖော်ပြပါနေရာလေးကို မပျက်မကွက် နှိပ်ပေးကြရင်း Contributors များကို ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံပါရစေ -

ပိုက်ဆံ မပေးရပါဘူး - ၁ မိနစ်မကြာပါဘူး - ကိုယ့်အကျိုးစီးပွား မထိခိုက်ပါဘူး - ဒါပေမယ့် Contributors များကို အတိုင်းအဆ မရှိပံ့ပိုးရာ ရောက်ပါတယ်။ 


Mg Zin.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts