Differences between Hibernation and Sleep mode

Leave a Comment



တကယ်လို့ စာဖတ်သူဟာ အမြဲတမ်း ဖြစ်စေ ၊ ရံဖန်ရံခါဖြစ်စေ Hibernation mode ကို အသုံးပြုသူ ဆိုရင်တော့ အခုဖော်ပြမယ့် Trick ကို အသုံးမပြုပါနဲ့။ တကယ်လို့ Hibernation mode ဆိုတာကို စာဖတ်သူရဲ့ Desktop မှာ ဖြစ်စေ ၊ Laptop မှာ ဖြစ်စေ လုံးဝအသုံးမပြုသူ တစ်ယောက် ဖြစ်မယ်ဆိုရင်တော့ ခုဖော်ပြမယ့် နည်းလမ်းကို အသုံးပြုခြင်း အားဖြင့် ကိုယ့်ရဲ့ System မှာ ရှိနေတဲ့ Hard disk space ထဲက မိမိအသုံးမပြုပဲ နေရာပေးထားရတဲ့ 4 - 6 GB ပမာဏကို ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။


အင်တာနက်ထဲမှာ ရှိနေတဲ့ How-To site တွေ How-To Geek တွေမှာလည်း ဒီ Hibernation mode နဲ့ ပတ်သတ်ပြီး hiberfil.sys file တွေကို ဘယ်လို Delete လို့ ရနိုင်မယ် ၊ နောက်ပြီး hibernation mode ကို ဘယ်လို Disable လုပ်လို့ ရနိုင်မယ်ဆိုတာ အတူတကွ တွဲဖက်ပြီး ဖော်ပြထားတာ တော်တော်များများ ရှိပါတယ်။ သူတို့တွေကို လိုက်ပြီး မလေ့လာခင်မှာ hiberfil.sys ဆိုတာ ဘာလဲ ဆိုတာကို အရင်ဆုံး လေ့လာကြရအောင်ပါ။
အဲတော့ hiberfil.sys ဆိုတာ ဘာများလဲ ??


Windows မှာ Power management အတွက် modes ( ၂ ) ခုရှိပြီး အဲ့ဒီ့ modes ( ၂ ) ခုက Sleep Mode နဲ့ Hibernate mode ပဲ ဖြစ်ပါတယ်။ အဲ့ ( ၂ ) ခုထဲကမှ တစ်ခုဖြစ်တဲ့ Sleep Mode ဆိုတာ ကိုယ်အကြောင်းအရာ တစ်ခုခုကြောင့် ကွန်ပြူတာရှေ့ကနေ ထွက်သွားဖို့ ကိစ္စတစ်ခုခု ပေါ်လာတဲ့အချိန် - မိမိကိုယ်တိုင်ကလည်း လတ်တလော ဖွင့်ထားတဲ့ webpage / Program စတာတွေကို ပိတ်မသွားချင်ဘူးဆိုတဲ့အခါ အဲဒီ့ Sleep Mode ကိုရွေးချယ်ပေးရပါတယ်။ အဲလို Sleep Mode ကို ရွေးချယ်ပေးလိုက်တာနဲ့ အဲဒီ့ Mode ကနေပြီး PC ကို power အနည်းဆုံးနဲ့ Run ထားနိုင်အောင် စီစဉ်ပေးထားပြီး ကိုယ်ကွန်ပြူတာ ရှေ့ကို ပြန်ရောက်တဲ့ အချိန်မှာ ကိုယ် ထွက်မသွားခင်က အခြေအနေအတိုင်း ဟန်အပျက် အမြန်ဆုံး မူလအခြေအနေကို ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်ပေးပါတယ်။ ဒီအခြေအနေကို များသောအားဖြင့် ကွန်ပြူတာရှေ့ကနေ ခဏတဖြုတ် ( နာရီဝက် - တစ်နာရီ ) တန်သည် ဟိုထွက်သွား ဒီထွက်သွား သွားစရာရှိလာတဲ့ အခြေအနေမျိုးမှာ အသုံးပြုလေ့ရှိပါတယ်။ )


နောက်တစ်ခုကတော့ Hibernate mode ပါ။ သူ့အကြောင်းကို အကျယ်လေ့လာချင်မယ် ဆိုရင်တော့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ဒီနေရာမှာတော့ နားလည်လွယ်ဖို့ ဦးတည်ချက်ထားပြီး အတိုဆုံးနဲ့ မှတ်ရအလွယ်ကူဆုံး ဖြစ်အောင် ကြိုးစားဖော်ပြပေးပါမယ်။ Hibernate mode ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို မလေ့လာခင် Hibernate mode ကို ဘယ်လို အခြေအနေမှာ သုံးလေ့ရှိကြလဲ ဆိုတာမျိုးကို အရင်ဖော်ပြပါ့မယ်။ ကျွန်တော်တို့ဟာ အခြေအနေတစ်ခုမှာ ကွန်ပြူတာရှေ့မှာ လုပ်ငန်းလုပ်ဆောင်နေဆဲ အခြေအနေကနေ အရေးပေါ်ကြောင့် ဖြစ်စေ - မဖြစ်မနေ ချက်ချင်းလုပ်ဆောင်ဖို့ ပေါ်လာတဲ့ လုပ်ငန်းကိစ္စ တစ်ခုကြောင့် ဖြစ်စေ လက်ရှိ ကွန်ပြူတာထဲမှာ လုပ်ဆောင်လို့ မပြီးသေးတဲ့ project တစ်ခုခု ၊ Program တစ်ခုခု ၊ Data ခန့်မှန်းတွက်ချက်မှု စသဖြင့် အခြေအနေအမျိုးမျိုးကနေ အားလုံးပစ်ထားပြီး အချိန်ကာလ အတန်ကြာကြာ ထွက်သွားရမယ့် အခြေအနေမျိုး ရှိလာတတ်ပါတယ်။ ဒီအချိန်မှာ သွားရမယ့် ကြာချိန်ကလည်း ခုန ပြောခဲ့သလို ခဏတဖြုတ် ( နာရီဝက် - တစ်နာရီ ) တန်သည် ကြာမယ့်ဟာမျိုးက မဟုတ်လို့ Sleep Mode နဲ့ကလည်း ထားလို့မဖြစ် - နောင်တစ်ချိန် လုပ်ငန်းအားလုံး ပြီးသွားလို့ ကွန်ပြူတာရှေ့ ပြန်ရောက်ချိန် ကွန်ပြူတာ ဖွင့်လိုက်တာနဲ့ နဂို လုပ်ဆောင်နေဆဲ အခြေအနေအတိုင်းလည်း ကိုယ်က ပြန်လိုချင် ဒီလို အခြေအနေမျိုးမှာ ( ၁ ) ချက်ခုတ် ( ၂ ) ချက်ပြတ် လုပ်ဆောင်နိုင်ဖို့ Hibernate mode ကို အသုံးပြုပါတယ်။ ဒီတစ်မျိုးတည်း အတွက်နဲ့ Hibernate mode ကို အသုံးပြုတာမျိုးလည်း မဟုတ်ပါဘူး။ တစ်ချို့နိုင်ငံတွေမှာ ဆိုရင် အင်တာနက်သုံးခ ၊ မီတာခ ဆိုတာတွေက ကိုယ်သုံးစွဲတဲ့ အချိန်နဲ့လိုက်ပြီး ပေးချေရတာမျိုးတွေ ရှိပါတယ်။ အဲလိုအခြေအနေမျိုးမှာ ကိုယ်တစ်နေရာရာသွားလို့ လတ်တလော အခြေအနေမျိုးကို ပျက်မသွားအောင် ကွန်ပြူတာကို နဂိုအတိုင်း ဖွင့်ထားခဲ့ပြီး ထထွက်သွားဖို့ ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး။ အဲလို အခြေအနေမျိုးမှာ ကိုယ့်လုပ်ငန်းလည်း မပျက် Power ကိုလည်း ချွေတာရာရောက်အောင် Hibernate mode ကို အသုံးပြုပါတယ်။ ဒါကြောင့် သူ့ကို power-saving mode လို့လည်း ခေါ်ကြပါတယ်။ Hibernate mode ကို အသုံးပြုမယ်ဆိုတဲ့ အခါ ပြောင်းလဲသွားတာကတော့ ပုံမှန် program တစ်ခုခု run အလိုက်တဲ့ အချိန်မှာ အရင်က RAM ထဲမှာ memory အဌားသုံးပြီး Run နေရာကနေ - Hibernate mode မှာတော့ Computer ရဲ့ လက်ရှိ လုပ်ဆောင်နေမှု အခြေအနေအားလုံးကို နောက်တစ်ချိန်မှာ ပြန်လည် ခေါ်ယူ အသုံးပြုလို့ ရစေဖို့ အတွက် လတ်တလော အခြေအနေ RAM ထဲမှာ Run ထားသမျှ applications အားလုံးကို hard drive ထဲမှာပါ အကုန် save လုပ်သွားမှာ ဖြစ်ပါတယ်။ ထပ်ပြီးရှင်းရရင် - အားလုံးသိကြတဲ့ အတိုင်း RAM ဆိုတာ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းဆိုင်ရာတွေကို ခဏတာပဲ မှတ်သားပေးထားတဲ့ နေရာပါ။ သူက ကွန်ပြူတာကို power ပိတ်လိုက်လို့ပဲ ဖြစ်စေ - Error တစ်ခုခုတက်ပြီး အလိုလို Shutdown ကျသွားလို့ ဖြစ်စေ - မီးပျက်သွားလို့ ဖြစ်စေ စသဖြင့် ဘယ်လိုပဲ ကွန်ပြူတာ Shutdown ကျသွား ကျသွား memory အားလုံး ပျောက်သွားတတ်တာမျိုးပါ။ အဲတာကြောင့်လည်း စာရိုက်ရင်း save မလုပ်လိုက်မိခင် မီးပျက်သွားလို့  ရိုက်ထားသမျှ ပြန်မရတော့တာမျိုး ဆိုတာတွေ ကွန်ပြူတာ သုံးသူတိုင်း ကြုံဖူးကြမယ်ထင်ပါတယ်။ Hibernate mode ကတော့ အဲလို မဟုတ်ပါဘူး။ လုပ်ချင်တာလုပ် လုပ်သမျှကို  HD ပေါ်မှာ မှတ်ပါတယ်။ အဲတာကြောင့်မို့လို့ လတ်တလော လုပ်ငန်းစဉ်ကနေ PC ကို shutdown ချပစ်လိုက်မယ်ဆိုရင်တောင် Windows တက်လာချိန်မှာ နဂိုကွန်ပြူတာ မပိတ်ခင်က ကိုယ် ဘယ်နေရာမှာ ဘာလုပ်နေခဲ့သလဲ - အဲ့အခြေအတိုင်းပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ Hibernate mode ဟာ hiberfil.sys file ဆိုတာကို အသုံးပြုပြီး PC ရဲ့ လတ်တလောအခြေအနေ ( Memory ) ကို ပြန်ပြီး store လုပ်တဲ့ နေရာမှာ အသုံးပြုပါတယ်။ နောက်ပြီး အဲ့အခြေအနေတွေ အားလုံးကို Windows ကနေ ထိန်းချုပ်စီမံ ခန့်ခွဲတာ မို့လို့ ဒီ file တွေကို ပုံမှန် အနေနဲ့ ဖျက်ထုတ်ပစ်လို့ မရပါဘူး။

အခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အခါမှာ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ Hibernate mode ကို ဘယ်လို အခြေအနေမှာ အသုံးပြုကြတယ် ဆိုတာ ကျွန်တော် အပေါ်မှာ ဆွေးနွေးခဲ့ ပြီးပါပြီ။ အဲတာတွေက ကောင်းကျိုးတွေပါ။ ဒါပေမယ့် သူ့မှာ ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ Hibernate mode ကို On ထားခြင်း အားဖြင့် RAM ထဲမှာ Run ထားသမျှ applications အားလုံးကို hard drive ထဲမှာပါ အကုန် save လုပ်သွားမှာဖြစ်တဲ့ အတွက် အဲလို Save လုပ်နိုင်ဖို့  ကိုယ့်ရဲ့ hard drive ဟာ လုံလောက်တဲ့ ပမာဏ ရှိနေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ တစ်ချို့ အခြေအနေတွေမှာ Hibernate mode ကို On ထားခြင်း အားဖြင့် Restarting လုပ်တဲ့ အချိန်မှာ Operation မမှန်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ တကယ်တော့ Hibernate mode ဆိုတာ အသုံးတည့်တာ မှန်ပေမယ့်လို့ ကွန်ပြူတာ အသုံးပြုသူတိုင်း အတွက်တော့ အသုံးမလိုပါဘူး။ ဒါကြောင့်လည်း Hibernate mode ကို On မထားကြဖို့ - ကွန်ပြူတာ ကို သန့်ရှင်းရေးလုပ်တဲ့ Software တွေ ဆိုရင်လည်း ဖြစ်နိုင်ရင် Hibernate mode ကို Off ထားကြဖို့ အကြံပေးတာမျိုးတွေ တွေ့ဖူးကြပါလိမ့်မယ်။ Hard disk ပေါ်မှာ တစ်ခုခုကို နေရာပေးတဲ့ အချိန်မှာ MB လောက် ပမာဏဟာ ဘာမှ မပြောပလောက်ပေမယ့် GB လောက် ဖြစ်လာပြီ ဆိုရင်တော့ ထည့်သွင်းစဉ်းစားဖို့ လိုလာပြီမလား။ ဒါမှလည်း ကိုယ့်အတွက် တကယ်အသုံးလိုတဲ့ စာအုပ်စာတမ်းလေးက အစ ၊ သီချင်းခွေ - ဓာတ်ပုံလေးတွေအဆုံး နေရာပေးနိုင်ဖို့ ပိုပြီး လုံလောက်သွားမှာပေါ့။

အဲတော့ Hibernate mode ကို အသုံးမလိုသူတွေ အတွက် Windows 7, Vista, နဲ့ XP မှာ ဘယ်လို Disable ပေးသွားမလဲ ဆိုတာ ဆက်ပြီး ဆွေးနွေးသွားပါ့မယ်။ ဒီအကြောင်းအရာကတော့ အတော်များများ သိပြီးသား ဖြစ်ပါလိမ့်မယ်။ ပြည့်စုံစေချင်လို့ ဖြည့်သွင်းဖော်ပြလိုက်တာပါ။


Windows 7 နှင့် Windows Vista တွင် Hibernate အား Disable ပေးခြင်း ( နှင့် hiberfil.sys အား Delete လုပ်ခြင်း )



ဖော်ပြတဲ့ အတိုင်း တွေ့နေရတဲ့ Hibernate mode ကို Disable လုပ်ဖို့ ဆိုရင် Start menu ကနေ Command prompt ကို Right-click လုပ်ပြီး administrator mode ကနေ အရင်ဝင်ရပါမယ်။ အဲ့ထဲကို ရောက်ပြီ ဆိုတာနဲ့ အောက်ဖော်ပြပါ Command ကို ရိုက်ရပါမယ်။

powercfg -h off


အဲလို လုပ်ဆောင်ပြီးသွားတာနဲ့ ဒုတိယပုံမှာ ကျွန်တော်တို့ တွေ့နေရတဲ့ Hibernate Mode ဟာ Shut down menu ကနေ လုံးဝပျောက်သွားတာကို ခုလို တွေ့ရပါလိမ့်မယ်။


ဒါတင်မက အပေါ်ဆုံးပုံမှာ တွေ့နေရတဲ့ hiberfil.sys file ဆိုတာလည်း လုံးဝမရှိတော့တာ သတိထားမိ ကြပါလိမ့်မယ်။


Windows XP တွင် Hibernate Mode အား Disable ပေးခြင်း



Windows XP မှာ Hibernate mode ကို Disable ပေးရတာ အပေါ်မှာ ဖော်ပြခဲ့တာတွေထက်ပိုလွယ်ပါတယ်။ Control Panel > Power Options > ကို သွားပြီး Hibernate tab ကို ရှာပါ။ ပြီးရင် Hibernate အောက်မှာ ရှိနေတဲ့ Enable Hibernation ဘေးက Check box မှာ Uncheck ပေးပြီး Reboot လုပ်လိုက်ပါ။ ဒါဆိုရင် Hibernation mode ကို Disable ပေးပြီးသား ဖြစ်သလို hiberfil.sys file ကိုလည်း Delete ပြီးသား ဖြစ်ပါလိမ့်မယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts