Advantages of using Google Docs

Leave a Comment

ကျွန်တော်တို့တွေ လွန်ခဲ့ပြီးတဲ့ နေ့ရက်တွေကစပြီး Cloud Computing Services လို့ ခေါ်တဲ့ ဝေဟင်ထက်မှ ကွန်ပြူတာ ဝန်ဆောင်မှု ဆိုတာကို တွင်တွင် ကျယ်ကျယ် သိရှိလာခဲ့ရပါတယ် ဒါတင်မက သူတို့ရဲ့ ဝန်ဆောင်မှု တွေကလည်း တဖြည်းဖြည်းနဲ့ အံ့သြဖို့ ကောင်းလောက်အောင် တိုးတက် ကောင်းမွန် လာလိုက်တာများ လွန်ခဲ့တဲ့ နှစ် ( ၃၀ ) လောက်က ဆိုရင် ကိုယ့်ကွန်ပြူတာ အတွက် လိုအပ်သမျှကို servers စက်ရှိရာဆီ လှမ်းပြီး Access လုပ်ပြီးမှ ရယူနိုင်တဲ့ အဆင့်ကနေ အခုဆိုရင် အင်တာနက်ကို အသုံးပြုပြီး တစ်ကမ္ဘာလုံး ကြိုက်တဲ့ နေရာကနေ မိမိရဲ့ Data တွေကို ရယူသုံးစွဲနိုင်တဲ့ အဆင့်ထိ တိုးတက်လာခဲ့ပါပြီ။ 



ဒီအခြေခံ တိုးတက်မှုကနေ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ဖြစ်ပေါ် ပြောင်းလဲမှုကတော့ Cloud Computing Services အတွက် အသုံးတည့်လှတဲ့ JoliCloud  နဲ့ Google Chrome OS လို OS တွေ အရှိန်အဟုန်နဲ့ ထိုးဖောက် နေရာယူလာကြခြင်းပဲ ဖြစ်ပါတယ်။ ဒီ OS တွေရဲ့ ရည်ရွယ်ချက် မူရင်းကတော့ မိမိရဲ့ Computer ထဲမှာ ဘာ အချက်အလက် အကြောင်းအရာမှ ထည့်သွင်းသိမ်းဆည်းထား ရှိခြင်း မရှိပဲ မိမိအလိုရှိသမျှ အားလုံးကို Web applications တွေနဲ့ အသုံးချပြီး အင်တာနက်ကနေ တစ်ဆင့်သာ ရယူအသုံးချလုပ်ဆောင်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ဖိုင်တွေသိမ်းချင်သလား အင်တာနက်ထဲမှာပဲ သိမ်းမယ်။ စာဖတ်ချင်သလား အင်တာနက် ထဲမှာပဲ ဖတ်မယ်။ အခြွေကည့်ချင်သလား အင်တာနက်ထဲမှာပဲ ကြည့်မယ်။ စာရေးချင်သလား အင်တာနက်ထဲမှာ ပဲ ရေးမယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ တကယ်သာ မိမိမှာ လုံလောက်ပြည့်စုံတဲ့ ငွေကြေးဝင်ငွေ ပမာဏရှိပြီး မိမိနေထိုင်ရာ အရပ်ဒေသဟာ အင်တာနက်ကို စိတ်ကြိုက် အလိုရှိသလို အသုံးချနိုင်မယ့် နေရာမျိုးသာ ဆိုလိုကတော့ ကျွန်တော်တို့ စက်ထဲမှာ ကိုယ်ရေးကိုယ်တာ ခဏခဏ မဖြစ်မနေသုံးနေရမယ့် အချက်အလက်တစ်ချို့လောက်ကလွဲရင် ကျန်တာတွေ အားလုံးကို အင်တာနက်မှာပဲ သိမ်းဆည်းပြီး ကျွန်တော်တို့ လှုပ်ရှားနေလို့ ရပါတယ်။ ခု ဒီလို အင်တာနက်ကနေ အဆင်သင့် ရယူအသုံးချလုပ်ဆောင်သွားနိုင်တဲ့ Web applications  တွေ အကြောင်းကို အစပျိုး မိတ်ဆက်ပြီးသွားတဲ့ နောက်မှာ သူတို့ အားလုံးထဲကမှ လတ်တလော ကျွန်တော်ကိုယ်တိုင်လည်း အသုံးပြုနေပြီး ဘက်စုံ အသုံးချဖို့ အဆင်ပြေတဲ့ ဝေဟင်ထက်က ဝန်ဆောင်မှု တစ်ခုနဲ့ ကျွန်တော် မိတ်ဆက်ပေးချင်ပါတယ်။ တစ်ချို့အတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေနိုင်ပေမယ့် တစ်ချို့အတွက်တော့ လတ်တလော အသုံးချနေတဲ့ ရင်းနှီးပြီးသား Apps တစ်ခု လည်း ဖြစ်နေနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ခုပြောမှာ ကုန်ပစ္စည်း ကြေငြာတာမျိုး မဟုတ်ပဲ အဲ့ဒီ့ Web Apps ရဲ့ အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ထဲက အနည်းအကျဉ်းကို မိတ်ဆက်ပေးမှာ မို့လို့ သိရှိပြီးသား သူရော မသိရှိသေးသူတွေ အတွက်ပါ အနည်းနဲ့ အများ အကျိုးရှိစေနိုင်လိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။


သူကတော့ Google ရဲ့ ဝန်ဆောင်မှုတွေထဲကမှ နာမည်ကြီး လူသိများတဲ့ Google Docs ပဲ ဖြစ်ပါတယ်။ Google Docs နဲ့ စိမ်းနေသူများ အတွက် အကျဉ်းချုံး မိတ်ဆက်ပေးရမယ် ဆိုရင် Google Docs ဆိုတာ မိမိမှာ Google Account တစ်ခုရှိယုံနဲ့ အင်တာနက်ထဲမှာ documents တွေ, presentations တွေ, spreadsheets တွေအပါအဝင် web forms တွေထိ ဖန်တီး ၊ တည်းဖြတ် ၊ မျှဝေ ၊ သိမ်းဆည်းမှုတွေ လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်ပြည့် Office Apps တစ်ခုလို့ ဆိုရမှာပါ။ ဒါတင်ပဲလား .. မကသေးပါဘူး။ သူတို့တွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ တစ်ခြား ပြုပြင်ပြောင်းလဲမှုတွေ အသုံးဝင် Features တွေ မြောက်များစွာ ရှိနေပါသေးပါသေးတယ်။ လောလောဆယ်မှာတော့ သူတို့ အားလုံးထဲကမှ Google Docs ကို လက်ရှိ အသုံးပြုနေသူ ၊ သို့တည်းမဟုတ် နောင်တစ်ချိန်မှာ အသုံးပြုလာနိုင်သူတွေ အတွက် တန်ဖိုးရှိလောက်မယ့် Google Docs ရဲ့ စွမ်းဆောင်ရည် ( ၅ ) ချက်အကြောင်း မိတ်ဆက်ပေးသွားပါမယ်။ 


( ၁ ) အင်တာနက် အတွင်း အခြားသူများ၏ ထင်မြင်ချက်အား ကောက်ခံရယူခြင်း


အင်္ဂလိပ်လို အလွယ်ပြောရရင်တော့ ဒါ Online Surveys သဘောပါပဲ။ Online Surveys ဆိုတာဘာလဲ - ဒါက အင်တာနက် အသုံးပြုနေကျ သူတစ်ယောက်အတွက်တော့ သိပ်ဆန်းကျယ်တဲ့ မေးခွန်း မဟုတ်ပါဘူး။ လက်တွေ့ဘဝနဲ့ မြင်သာအောင် ပြောရရင် ကုန်ပစ္စည်း တစ်ခု ၊ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် စတာတွေက ကျွန်တော်တို့ လူ့ဘောင်အတွက် ကောင်းကျိုးပေးသလား ဆိုးကျိုးပေးသလား - သူ့မှာ ကောင်းချက်တွေ များသလား ၊ ဆိုးချက်တွေ များသလား ... စတာတွေကို လူအများရဲ့ မဲဆန္ဒ ကောက်ယူတာကို ခေါ်တာပါ။ ရပ်ထဲ ၊ ရွာထဲမှာတော့ မဲဆန္ဒ ကောက်ယူတယ်ပေါ့။ ကျွန်တော်တို့ အင်တာနက်ထဲ မှာတော့ Online Surveys ကောက်ခံတယ်ပေါ့။ ဒါလေးပဲ ကွာပါတယ်။



အင်တာနက်ထဲကနေ အများသူငါရဲ့ မဲဆန္ဒ ကောက်ယူနိုင်ဖို့ ဆိုတာ တကယ်လို့ ကျွန်တော်တို့မှာသာ ကိုယ်ပိုင် Domain တွေ Hosting တွေ မရှိခဲ့ဘူးဆိုတာ တော်တော်လေး အခက်တွေ့စေမယ့် လုပ်ဆောင်မှုမျိုးပါ။ ဒါပေမယ့် ဒီ အခက်အခဲ အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ Google Docs က စီစဉ်ပေးထားပါတယ်။ Google Docs ကို ဝင်ပြီး ဖောင်ထဲကနေမှ Create new >> Form ကနေမှ တစ်ဆင့် လုပ်ဆောင်သွားမယ် ဆိုရင် မိနစ်ပိုင်း အတွင်း ကျွန်တော်တို့ အလိုရှိတဲ့ Online Surveys လို့ ခေါ်တဲ့ အွန်လိုင်း မဲဆန္ဒ ကောက်ခံခြင်း လုပ်ငန်းစဉ်ကို ခဏချင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီအောက်က Form လေးကတော့ ကျွန်တော် ပေါက်ပန်းဈေး လုပ်ထားတာလေးပါ။ :D




ဒီနေရာလေး ကနေ သွားပြီး ကျွန်တော့်ကို အပျင်းပြေ ဆန္ဒမဲလေး ပေးခဲ့ကြပါဦးနော်။ :D


( ၂ ) Folders တစ်ခုလုံး ဝေမျှနိုင်ခြင်း



Google Docs ရဲ့ နောက်ထက် တန်ဖိုး မဖြတ်နိုင်တဲ့ Features များစွာထဲက တစ်ခုက မိမိ ဝေမျှချင်တဲ့ ဖိုင်တစ်ခု သို့တည်းမဟုတ် folders တစ်ခုလုံးကို ဝေမျှနိုင်တာပါ။ ဒီ နည်းလမ်းကို အသုံးပြုပြီး ကိုယ့်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက် ရောင်းရင်းတွေနဲ့ အတူ အင်တာနက်အပေါ် data တွေနဲ့ ပတ်သတ်ပြီး အတူတကွ လုပ်ငန်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တွေ ခုချိန်မှာ ဆိုရင် စာတွေ ၊ ဓာတ်ပုံ Slideshows တွေ နဲ့ တစ်ခြား ကျွန်တော်တို့ ဝေမျှ ချင်ရာတွေကို ကျွန်တော်တို့ ဝေမျှခံစားစေချင်သူနဲ့ အတူ Online မှာပဲ အလွယ်ကူဆုံးနည်းလမ်းတွေနဲ့ ကြည်နူးခံစားနေနိုင်ပြီ ဖြစ်ပါတယ်။ 


( ၃ ) Formats များ ပြောင်းလဲ ရယူနိုင်ခြင်း



Google Docs ထဲက ကျွန်တော် နှစ်သက်တဲ့ အခြား features တစ်ခုကတော့ documents တွေကို formats တစ်ခုကနေ အခြားတစ်ခုဆီ ပြောင်းလဲနိုင်တဲ့ features ပါပဲ။ ဘာမှ ဆန်းဆန်းပြားပြား လုပ်ဆောင်နေစရာ လုပ်ဆောင်တတ်စရာ မလိုပါဘူး။ ရှင်းရှင်းလေးပဲ Upload တင်လိုက်ပြီး ရိုးရိုးလေးပဲ ပြောင်းယူလိုက်ယုံပါပဲ။ MS Office, Office 2007, OpenOffice, PDF, RTF, ... စတာတွေ ကို Upload တင်ပြီး မိမိနှစ်သက်ရာ formats တစ်ခုကို ပြောင်းယူရမှာပါ။ ပြောင်းယူနည်းကတော့ အပေါ်မှာ ပြထားတဲ့ အတိုင်းပါပဲ။


( ၄ ) မိမိ Blog သို့တိုက်ရိုက် Post တင်နိုင်ခြင်း



ဒါကတော့ ကျွန်တော် သဘောအကျဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာ ရေးတဲ့ ဘလော့ တစ်ခုရှိတယ်။ ပြီးတော့ MF မှာလည်း စာရေးတယ်။ MF မှာ ရေးပြီးသား စာတွေတင်ဖို့ Copy Paste လုပ်ယုံနဲ့ မပြီးပါဘူး။ ကျွန်တော့် စာတွေထဲမှာပါတဲ့ ဓာတ်ပုံတွေ Links တွေ အသက်ဝင်အောင် ကျွန်တော့်မှာ လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေ အများကြီး ရှိပါသေးတယ်။ ဒါတွေအားလုံးကို နေ့တိုင်း MF မှာလည်း လုပ် Blog မှာလည်း လုပ် နဲ့ ကျွန်တော် ( ၂ ) ခါ မလုပ်နိုင်ပါဘူး။ အဲလောက်လဲ ကျွန်တော် မအားပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော် Google Docs ကို သုံးပြီး Online မှာ စာရေးတယ်။ ပြီးရင် ဒီမှာ ရေးထားတာတွေကို MF မှာ တင်တယ်။ MF မှာ စာတင်ရတာ Copy Paste လုပ်ယုံနဲ့ Links တွေ ဓာတ်ပုံတွေ မပါတော့ တင်ရတာ တော်တော် ပင်ပန်းပါတယ်ဗျာ။ အဲကနေ အားလုံးပြီးသွားတော့မှ Google Docs မှာရှိတဲ့ အထက်ပေါ်ပြပါ နေရာပုံလိုမျိုး နေရာကနေ Post to blog ကို နှိပ်လိုက်ပါတယ်။ သူကတော့ ဘာမှ မပင်ပန်းပါဘူး။ ကိုယ်ရေးထားတဲ့ အတိုင်း blog မှာ တက်သွားတာပါပဲ။ Copy Paste စရာတောင် မလိုပါဘူး။ အဲလောက် လွယ်ပါတယ်။ ဒီနည်းစနစ်ကို သုံးပြီး ကိုယ့် Docs တွေကို အခြားတစ်ယောက်ဆီ ဝေမျှနိုင် ၊ တည်းဖြတ်ခိုင်းနိုင် ၊ စသဖြင့် စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။ Post to blog လုပ်ဖို့ အတွက် မိမိရေးထားတဲ့ စာမျက်နှာရဲ့ ညာဘက်အပေါ်ထောင့်မှာ ရှိနေတဲ့ Share ကနေ Publish as web page ... > ပြီးနောက် Post to blog ဆိုရပါပြီ။ တစ်ခါတစ်လေ Error လေး ပေါ်လာတတ်ပေမယ့် ( ၂ ) ခါ ( ၃ ) ခါလောက် ပြန်လုပ်လိုက်ရင် ရသွားတာ ချည်းပါပဲ။


( ၅ ) Google Docs Viewer အား အသုံးချခြင်း



နောက်ထပ် အသုံးတည့်တဲ့ Google Docs ရဲ့ Features တစ်ခုကတော့  documents တွေကို ကြည့်ရှုနိုင်ဖို့ ဘာ software မှ ကျွန်တော်တို့ စက်ထဲကို ဒေါင်းလုပ်ချ အင်စတော လုပ်စရာ မလိုပဲ အွန်လိုင်းမှာတင် URL ရိုက်ထည့်ပြီး ကြည့်ရှုနိုင်မယ့် လုပ်ငန်းစဉ်ပါပဲ။ ဒါကို လုပ်ဆောင်နိုင်ဖို့ အတွက်ကတော့ ဒီနေရာကို သွားပါ။ ပြီးရင် Docs တည်ရှိနေတဲ့ URL ကို ရိုက်ထည့်ပြီး ကြည့်လိုက်ရင် သူ Support ပေးတဲ့ Formats သာ မှန်ပါစေ မလွဲမသွေ ကျွန်တော်တို့ ကြည့်ချင်တဲ့ Documents တွေကို Online မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


အထက်မှာ ကျွန်တော် ဖော်ပြခဲ့တဲ့ ဖော်ပြချက်တွေဟာ တစ်စုံတစ်ယောက်သောသူအတွက် အကျိုးရှိစေနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။ MF မိသားစုဝင်များ ဗဟုသုတ တိုးပွားကြပါစေ။


KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts