Choosing the Best Linux OS

Leave a Comment
ကျွန်တော် ဒီနေ့တော့ ကျွန်တော်တို့ရဲ့ Desktop တွေ Laptop တွေ အတွက် Linux Distributions တွေထဲက အသင့်တော်ဆုံး ဖြစ်နိုင်မယ့် Linux OS တွေ အကြောင်း ဆွေးနွေးသွားပါ့မယ်။

ဒီနေ့ခေတ်မှာ Linux လို့ ဆိုတာနဲ့ Distributions တွေ များလွန်းလို့ ဘယ် Linux က သုံးလို့ သုံးသင့်မှန်း တော်တော် ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးကို ရောက်နေပါတယ်။ သုံးနေကျ လူကတော့ အကြောင်း မဟုတ်ဘူးပေါ့လေ။ ဆိုးတာက Linux New User တွေ အတွက်ပါ။ ရည်ရွယ်ချက် အမျိုးမျိုးတွေနဲ့ Distros လုပ်နေကြပေမယ့် တစ်ချို့ Linux Distributions တွေက ပေါ့ပေါ့ပါးပါး ( ဥပမာ - Laptop အဟောင်းလေးတွေ ဘာလေးတွေမှာ ဆို ဝင်းဒိုးတင်ထားလို့တောင် မထင်ရလောက်အောင် ပေါ့တာ ) သုံးလို့ ရအောင် ၊ တစ်ချို့ ကျတော့လည်း အသုံးပြုသူ User တွေကို လတ်တလော သုံးနေတဲ့ အဓိက OS ကနေ မစွန့်ခွာစေဘဲ Linux ရဲ့ ကောင်းကျိုးလေးတွေ အရိပ်အမြွတ် မြည်းစမ်းကြည့်စေဖို့ ရည်ရွယ်ချက်နဲ့ Target ထားပြီး လုပ် ၊ အသုံးတည့်မယ့် Software တွေ တစ်ပြုံတစ်ခေါင်း အလကားထည့်ပေးထား မရေမတွက်နိုင်တဲ့ hardware devices တွေအတွက်လည်း Support ပေး ( ဥပမာ - Ubuntu လိုမျိုး ) စသဖြင့် ရည်ရွယ်ချက်တွေနဲ့ ပုံစံမျိုးစုံသုံးပြီး Linux ကို ပုံဖော်နေကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အလကား ပေးတယ် ဆိုပေမယ့်လည်း စေတနာ ဗလပွနဲ့ လုပ်ဆောင်ချက်တွေ ၊ အနှစ်သာရတွေ တကယ်ပါတာ မို့လို့ Linux ကို တန်ဖိုး မထားပဲတော့ မနေနိုင်ပါဘူး။ ခက်တာက ဒီလို တန်ဖိုးရှိတဲ့ OS တစ်ခု ထိုးဖောက်နိုင်ဖို့ ရုန်းကန်ရတဲ့ အနေအထားပါ။ Linux Distributions တွေက အရမ်းများတော့ Linux စသုံးတော့မယ် လို့ စဉ်းစားလိုက်မိရင် အရင်ဆုံး ဘာလုပ်မလဲ Linux အကြောင်း များများစားစားသိတဲ့သူ ၊ များများစားစားသိသူ မရှိရင် နဲနဲ ပါးပါးသိတဲ့သူ ၊ အဲလိုမှ မရှိရင်လည်း အနဲအကျဉ်းလောက် သုံးဖူးသူ ဒီလိုလူတွေကို မေးရ မြန်းရတယ်။ အဲမှာ ပြဿနာက စတယ်။ တစ်ယောက်က Red Hat ၊ နောက်တစ်ယောက်က SUSE ၊ နောက်တစ်ယောက်က Ubuntu ၊ နောက်တစ်ယောက်က Fedora .. ကဲ ဒီတော့ ကျွန်တော်တို့ ဘာကို ရွေးကြမလဲ ..



မှန်ကန်သော Linux Distro အား ရွေးချယ်ခြင်း

Ubuntu, Xubuntu, Xandros, Knoppix, Fedora, openSUSE စတာတွေက Linux Distros တွေထဲကမှ နာမည်ကြီးတာလေးတွေ ပါ .. ဒါပေမယ့် ဒါ အကုန် မဟုတ်သေးပါဘူး .. Linux Active Distros ပေါင်း ၆၅၀ ကျော် လက်ရှိအချိန်မှာ ရှိနေတယ် ဆိုရင် မိသားစုဝင်များ ယုံနိုင်ပါ့မလား။ အပိုမပြောပါဘူး Distrowatch ကိုသာ သွားကြည့်လိုက်ပါ။ Distrowatch ဆိုတာ နာမည်ကြီး Linux distributions တွေအားလုံးရဲ့ လှုပ်ရှားမှုတွေကို တစ်ချိန်လုံးစောင့်ကြည့် အကဲခတ်နေတဲ့ ဆိုဒ်တစ်ခု ဆိုလည်း မမှားပါဘူး။

အခုအချိန်မှာ မိသားစုဝင်များရဲ့ ကွန်ပြူတာအတွက် လိုချင်တဲ့ Requirements တွေ ကိုက်ညီပြီး အကောင်းဆုံး ဖြစ်နိုင်မယ့် Linux distributions ကို စဉ်းစားပေးရမယ် ဆိုရင် တော်တော် စဉ်းစားရကျပ်ပါလိမ့်မယ် .. ဘာလို့လည်း ဆိုတော့ လူတိုင်းမှာ လိုအပ်ချက်တွေ ၊ စိတ်ဆန္ဒတွေဆိုတာ မနည်းမနော ရှိနေနိုင်ပါတယ်။ အဲ့ဒါကြောင့် လတ်တလော အခြေအနေမှာ ဘယ် Linux distributions က အကောင်းဆုံး ဆိုပြီး ထောက်ပြတာထက် အသုံးပြုမယ့် သူရဲ့ Linux အပေါ် နားလည် တတ်ကျွမ်းမှု ကို လိုက်ပြီး သုံးသင့်သုံးထိုက်မယ့် Linux distributions တွေကို အမျိုးအစား ခွဲပေးသွားပါ့မယ်။

( ၁ ) Linux ကို စမ်းသပ်သဘောမျိုး အနေဖြင့် အစမ်းသုံးဖူးကြည့်ချင်သူများ အတွက်

စမ်းသုံးကြည့်ချင်သူတွေ အတွက်တော့ အကောင်းဆုံးကတော့ ကွန်ပြူတာမှာကို တင်ကို တင်မနေပါနဲ့ ..Knoppix ဆိုတဲ့ Live CD Distributions ကို စမ်းသုံးကြည့်ပါ။ သုံးရတာကလည်း လွယ်ပါတယ်။ CD ရိုက်ပြီး Boot တက်ခိုင်းလိုက်ယုံပါပဲ။ ဘာမှ install လုပ်နေစရာလည်း မလိုပါဘူး။ ဒီ Live CD ကို သုံးပြီး User က Applications တွေကို Run လို့ ရတယ်။ နောက်ပြီး သိမ်းချင်တဲ့ ဖိုင်တွေ ၊ Documents တွေကိုလည်း Live CD ထဲမှာပဲ Created ထားတဲ့ Live CD Session မှာ သိမ်းထားလို့ ရတယ်။ HD နဲ့ Flash Drive လို သဘောပေါ့။

Linux Live CD ဆိုတာ တကယ်လို့ ကိုယ် ကွန်ပြူတာ ရုတ်တရက် Crash ဖြစ်သွားလို့ ကိုယ် မသိမ်းခဲ့ရသေးတဲ့ ဒေတာတွေဘာတွေကို Windows ကို Reinstall ပြန်မလုပ်ခင် သိမ်းလိုက်ချင်တယ် ဆိုရင် သိမ်းလို့ရအောင် လုပ်ပေးနိုင်တယ်။ ဆိုးတာလေး တစ်ခုက Linux Live CD ကိုသုံးတဲ့ အခါ တကယ် fully installed လုပ်ထားတဲ့ Linux distributions ကို သုံးရတာထက်တော့ နှေးနေတတ်ပါတယ်။

တကယ်လို့ Linux Live CD ကိုသုံးပြီး Linux ကိုစမ်းရတာ သိပ်သဘောမကျဘူး .. အရမ်းနှေးတာပဲလို့ ခံစားရတယ် ဆိုရင် နောက်တစ်ဆင့် နဲနဲ ထပ်မြှင့်ပြီး စမ်းကြည့်လို့ ရပါတယ်။ အဲတာကတော့ Wubi ပါ။ Wubi ဆိုတာ Windows တင်ထားတဲ့ ကွန်ပြူတာမှာပဲ ကိုယ့် ဝင်းဒိုးကို ချစရာမလိုပဲ Linux Distributions  ကို တင်ပေးတာပါ။ Partition အသစ်ခွဲပြီး တင်ချင်လည်း ရတယ်။ မခွဲချင်ဘူး ရှုပ်တယ်။ ရှိပြီးသား Partition အဟောင်းမှာပဲ တင်ချင်တယ်ဆိုလည်း ရတယ်။ Install လုပ်ပြီးသွားရင် Duel-Boot နဲ့ ဘယ်ဝင်းဒိုးကို သုံးမှာလဲ မေးတဲ့အချိန် Linux ဆို Linux .. Windows ဆို Windows ရွေးပေးလိုက်ယုံပါပဲ။ သိပ်လွယ်ပါတယ်။ Uninstall လုပ်ဖို့ဆိုလည်း မခက်ပါဘူး .. ကျွန်တော်တို့ တင်နေကျ Windows Applications တွေလိုပဲ Ctrl Panel ထဲ သွားပြီး ဖြုတ်ချလိုက်ယုံပါပဲ။ တစ်ခုရှိတာက Wubi ဆိုတာ Linux တင်ရာမှာ အခက်အခဲ မရှိစေဖို့ အကူအညီပေးတဲ့ Software သာသာ သဘောမျိုးပါ။ သူက Linux OS မဟုတ်ပါဘူး .. Wubi ကိုသုံးပြီး Linux တင်မယ် ဆိုရင် ကောင်းတာကတော့ အရင်ဆုံး ကိုယ်သဘောကျတဲ့ Linux Distributions ထဲက တစ်ခုခုကို ဒေါင်းလုပ်ကြိုချထားပြီး Wubi နဲ့ တစ်ဖိုင်တည်းမှာ တွဲထည့်ထားပြီးမှ install လုပ်တာ အကောင်းဆုံးပါပဲ။ တကယ်လို့ အဲလိုမှ မလုပ်ရင် Wubi ကို Run လိုက်တာနဲ့ သူက Linux တင်ဖို့ ကိုယ်ရွေးပေးလိုက်တဲ့ ( ဥပမာ - Ubuntu ဆို Ubuntu ၊ Xubuntu ဆို Xubuntu ၊ ... ) Linux Distributions  ကို အင်တာနက်နဲ့ ချိတ်ပြီး ဒေါင်းလုပ် အရင်ချမှာပါ။ ပြီးမှ တင်ပေးမှာ။ အဲ့တော့ အင်တာနက် သိပ်မကောင်းတဲ့ အခြေအနေမျိုးမှာဆိုရင် Linux တင်ဖို့ အရမ်းအချိန်ပေးရမယ့် အနေအထားမျိုးကို ရောက်သွားနိုင်ပါတယ်။ Linux ကို စမ်းသပ်သဘောမျိုး အနေဖြင့် အစမ်းသုံးဖူးကြည့်ချင်သူများ အတွက် Wubi နဲ့ တင်တဲ့ အချိန်မှာ Ubuntu ကို ရွေးချယ်ကြဖို့ အကြံပေးလိုပါတယ်။ Ubuntu ကို တစ်ခြား Linux Distributions နဲ့ နိှုင်းယှဉ်ပြီး ဘာကြောင့် Recommended ပေးရသလဲ ဆိုရင် Ubuntu မှာ အချိန်တိုင်းလိုလို သူထုတ်လိုက်တဲ့ Versions တွေ တိုင်းအတွက် တက်သမျှ ပြဿနာတိုင်းကို အမြန်ဆုံး ဖြေရှင်းပေးပြီး ပြင်ဆင်ပေးနေပါတယ်။ နောက်တစ်ချက်က အချိန်အတိုင်းအတာ တစ်ခုနဲ့လည်း Support ပေးနေပါတယ်။ နောက်တစ်ချက်က New User တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေ ဖတ်သင့်ဖတ်ထိုက်တဲ့ Online Documentations တွေဆိုတာလည်း အများကြီးကို ရှိနေပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတာလေးတွေလည်း ရှိပါသေးတယ်။ Linux ကို စမ်းသပ်ချင်သူတွေ အတွက် အပေါ်က ၂ နည်းလုံး မသုံးပဲ နောက်တစ်နည်း စမ်းသပ်ကြည့်လို့လည်း ရပါသေးတယ်။ အဲတာကတော့
Virtualization Software နဲ့ပါ။ Virtualization Software ဆိုတာတွေထဲကမှ လူသိများတာတွေ ပြောရရင်
Virtual PC ( Microsoft )Virtual Box ( Sun ) ၊ နောက် VMware Workstation ဆိုတာတွေပါ။ Linux iso ကို ဒေါင်းလုပ်ချ ၊ ဒါမှမဟုတ် Linux Installer CD တစ်ခုခုကို သုံးပြီး Virtual Machine မှာ သုံးယုံပါပဲ။

( ၂ ) အသစ်အသစ်များအား လက်ကမ်းကြိုဆိုချင်သူ Linux New User များအတွက် ..

GNU/Linux desktop distributions တွေရဲ့ကြားမှာ အသစ်အသစ်များအား လက်ကမ်းကြိုဆိုချင်သူ Linux New User တွေအတွက် လွယ်လွယ်ကူကူ သက်တောင့်သက်သာ နဲ့ အဆင်အပြေဆုံး သုံးစွဲဖို့ သင့်တော်မှာ Linux Mint လို့ပဲ အကြံပေးချင်ပါတယ်။ Linux Mint က Ubuntu ပေါ်မှာ အခြေခံထားပြီး Ubuntu က သူကိုယ်တိုင်အတွက်ကျတော့ Debian ပေါ်မှာ Based on လုပ်ထားပါတယ်။


ဒါကြောင့် New User တစ်ယောက် အနေနဲ့ Linux Mint ကိုသာ သုံးမယ်ဆိုရင် တစ်ချက်ခုတ် ၂ ချက်ပြတ်ဆိုသလို Linux Mint အတွက် ရည်ရွယ်ပြီး ထုတ်တဲ့ Programs တွေ Packages တွေကိုလည်း သုံးလို့ ရမှာ ဖြစ်သလို .. Ubuntu or Debian အတွက် ထုတ်တဲ့ Programs တွေ Packages တွေ ဟာလည်း Linux Mint မှာ အတော်များများ သုံးစွဲလို့ ရလာမှာ ဖြစ်ပါတယ်။

Linux Mint CD တွေက mint4win ဆိုတဲ့ Utility နဲ့ အတူ ထွက်လာတတ်ပြီး သူက Linux ကို ကိုယ့်ရဲ့ Windows တင်ထားတဲ့ ကွန်ပြူတာပေါ်မှာ ရှိတဲ့ တစ်ခြား Partition တစ်ခုမှာ ကိုယ့် နဂိုရှိပြီးသား ဝင်းဒိုးကို တစ်ချက် မထိခိုက်စေဘဲ Install လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ သဘောမကျဘူး ဘာညာ ဆိုလည်း Ctrl Panel ထဲကနေ ရိုးရိုး ဆော့ဖ်ဝဲလ် ဖြုတ်သလို ဖြုတ်ချလိုက်ယုံပါပဲ။

နောက် Linux Beginner တွေအတွက် ရွေးချယ်ဖို့ သင့်တဲ့ ရွေးချယ်စရာ နောက်တစ်ခုရှိတာက Ubuntu ( Desktop edition ) ပါ။ ဟိုးအပေါ်မှာ ပြောခဲ့ပြီးသလို Ubuntu က Hardware devices တွေအတွက် ကျယ်ကျယ်ပြန့်ပြန့် Supports ပေးသလို ၆ လတစ်ကြိမ် သူထုတ်ထားတဲ့ Version ကို  ပြင်ဆင်မှု တွေ ရှိနေတာရယ်ကြောင့် သူလည်း ရွေးချယ်သင့်တဲ့ ထဲမှာ ပါနေပါတယ်။ နောက်တစ်ခုရှိတာက တကယ်လို့ အင်တာနက် ကော်နက်ရှင် အရမ်းဆိုးလို့ download ချလို့ မရနိုင်ဘူးဆိုလည်း Ubuntu DVD ကို ရေကြောင်းလမ်းကနေ သယ်ယူပို့ဆောင်ခ စရိတ်လေးလောက်ပဲ ပေးပြီး မှာယူလို့လည်း ရပါတယ်။

နောက်ရွေးချယ်ဖို့ သင့်တဲ့ Linux Distributions လေးတွေ အကြောင်းဆက်ပါဦးမယ်။ သူတို့ကတော့ OpenSUSE ( Novel ) နဲ့Fedora ( Red Hat ) ပါ။ သူတို့တွေကလည်း Free ပေးပြီး သုံးစွဲရလွယ်ကူလို့ လူကြိုက်များကြပါတယ်။






ပိုက်ဆံလေးဘာလေး တတ်နိုင်မယ် ဆိုရင်တော့ Commercial Distros ထဲက Xandros Home Edition လေးကို လမ်းညွှန်ချင်ပါတယ်။ သူကလည်း Linux စတင်သုံးစွဲမယ့် Newbies တွေအတွက်တော့ အသုံးတည့်မယ့် Desktop OS တစ်ခုပါပဲ။ ကောင်းတာ တစ်ချက်က Xandros မှာ CodeWavers ပါတာမို့လို့ Microsoft Office, Adobe Photoshop နဲ့ တစ်ခြား Windows Applications တွေကိုလည်း Xandros မှာ သုံးလို့ ရတယ်ဆိုတာပါပဲ။ သတိတော့ မမေ့ပါနဲ့။ Xandros က Free တော့ မဟုတ်ပါဘူး။ ပိုက်ပိုက်ပေးဝယ်ရမှာပါ။




( ၃ ) Old Computers များတွင် သုံးစွဲသင့်သော Linux Distributions များ

OS တစ်ခုရဲ့ အရည်အသွေးဆိုတာ အသုံးပြုမယ့်စက်ရဲ့ အရည်အသွေးကောင်းမှ အဲ့ဒီ့ OS ကို သုံးလို့ ရနိုင်မယ်ဆိုရင် သိပ်တော့ အဓိပ္ပါယ်မရှိပါဘူး .. လူတစ်ဦးနဲ့ တစ်ဦး ရပ်တည်မှုဘဝချင်း မတူညီကြလို့ တစ်ချို့မှာ အကောင်းဆုံး အညွန့်ဆုံးဆိုတာတွေ ရှိနိုင်ပေမယ့် တစ်ချို့တွေမှာလည်း တော်ယုံသင့်ယုံ အဖြစ်သုံးနိုင်ယုံ လည်ပတ်နေကြရတဲ့ ဘဝမျိုးတွေလည်း အမြောက်အများ ရှိနေပါတယ်။ ဆိုလိုတာက ကိုယ့်မှာ ကွန်ပြူတာတစ်လုံးရှိတယ် RAM ကလည်း သိပ်များများစားစား မရှိဘူး ၊ မော်ဒယ်ကလည်း တော်တော်ဟောင်းနေပြီ ၊ Graphic ကလည်း သိပ်အကောင်းကြီး မဟုတ်ဘူး .. စတဲ့ Hardware Requirements အရမ်းများနေတဲ့  စက်မျိုးတွေအတွက် သင့်တော်မယ့်  Linux Distributions တစ်ချို့နဲ့ ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်။

Puppy Linux ဆိုတာ Live CD distribution တစ်ခုပါပဲ။ သူ့ရဲ့စွမ်းဆောင်ရည်ကတော့ RAM 64 MB လောက်ပဲ ရှိတဲ့ ကွန်ပြူတာတွေမှာ ဆိုရင်တောင် ဒီ Puppy Linux က ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။ Puppy Linux ကို တစ်ခြား Media တွေကနေလည်း ( ဥပမာ - USB Flash Drives, CD .. ) Boot တက်ခိုင်းလို့ ရပါတယ်။ တစ်ခု သတိထားသင့်တာက RAM အရမ်းနဲတဲ့ ကွန်ပြူတာမှာ Puppy Linux ကို သုံးရင် RAM ပမာဏ တစ်ခုလုံးကို Puppy Linux က စားထားမှာ မို့လို့ ကိုယ့်ရဲ့ Personal Files တွေထဲက အရေးကြီးတဲ့ ဒေတာ အချိန်းအပြောင်းတွေကို Disk မှာ ပုံမှန် Save လုပ်ပေးသွားဖို့ အကြံပြုချင်ပါတယ်။ အဲလိုမှ ပုံမှန် မလုပ်ဖြစ်ခဲ့ဘူးဆိုရင်တော့ System Shut Down ကျတဲ့ အချိန်မှာ ကိုယ်ဖန်တီး ဖြည့်သွင်းထားသမျှ အချက်အလက်တွေ အားလုံးဆုံးရံှုးသွားနိုင်ပါတယ်။


Xubuntu ဆိုတာလည်း Ubuntu ရဲ့ မျိုးကွဲ တစ်ခုပါပဲ။ Xubun က ပေါ့ပါးတဲ့ xface desktop environment ကိုသုံးထားတဲ့ အတွက်ကြောင့်မို့လို့ Ubuntu မှာပါတဲ့ GNOME ထက် ပိုပြီး system စားသက်သာပါတယ်။ နောက်ပြီး Xubuntu distribution က တစ်နှစ်မှာ ၂ ကြိမ်ထွက်တာမို့လို့ တကယ်လို့ ဒီတစ်မျိုးကို မကြိုက်ရင် နောက်တစ်မျိုး မှာ ပြန်စမ်းကြည့်လို့လည်း ရပါတယ်။



antiX ဆိုတာလည်း Old Computers တွေအတွက် ရွေးချယ်သင့်တဲ့ OS တစ်ခုပါပဲ။ သူ့ကိုတော့ Windows 98 ထွက်ခဲ့တုန်းက စက်မှာတင်လိုက်ရင် လေးသွားတယ်လို့ ထင်ရတဲ့ ( ဥပမာ - Pentium II Series လိုမျိုး ) ကွန်ပြူတာတွေမှာ တောင် သုံးဖို့သင့်တော်ပါတယ်။




နောက်ထပ်သုံးဖို့ သင့်တော်တာတွေကတော့ Damn Small Linux နဲ့ Zenwalk ပါ။ သူတို့ ကလည်း Hardware Requirements တော်တော်နဲတဲ့ Linux Distributions တွေလို့ ပြောလို့ ရပါတယ်။



ဒီအပေါ်က ပုံကတော့ Damn Small Linux ပုံပါ။

ဒီအောက်က ပုံကတော့ Zenwalk ပါ။



( ၄ ) လုပ်ငန်းခွင်တွင် အသုံးပြုသင့်သော Linux Distributions များအကြောင်း

တစ်ခြား စိတ်ဝင်စားစရာ ခေါင်းစဉ် တစ်ခုဘက် လှည့်ရေးနေလို့ ဒီနေ့ ဒီအကြောင်းကို ဆက်ရေးဖို့ ကျွန်တော် နဲနဲ နောက်ကျသွားတယ် .. ကျွန်တော် အရင်ပြောခဲ့ပြီးသလိုပဲ Linux Distributions ပေါင်းမြောက်များစွာ ထဲက လုပ်ငန်းခွင်မှာ အသုံးပြုသင့်တဲ့ Linux Distributions က ဘာဖြစ်မလဲ .. လတ်တလောမှာ လူကြိုက်လည်း များပြီး တကယ်လည်း စွမ်းဆောင်ရည် ကောင်းတဲ့ Linux Distributions ကတော့ Redhat Enterprise Linx နဲ့ SUSE Linux Enterprise Desktop တွေ ဖြစ်ပြီး သူတို့တွေကို ( Novel Linux Desktop ) လို့လည်း လူသိများပါတယ်။ သူတို့ ( ၂ ) ခုကတော့ စီးပွားရေး လုပ်ငန်းသုံးနယ်ပယ်တွေမှာ ရှေ့ဆုံးက ထားရွေးချယ်ကြတဲ့ Linux Distributions တွေဆိုရင်လည်း ဟုတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Redhat ရဲ့ ဦးတည်ချက်က Desktop ဈေးကွက်ထက် Sever ဈေး ကွက်ကို ဦးတည်ခဲ့တာပါ။ နောက်တစ်ခုက Xandros Desktop ကလည်း ရွေးချယ်ဖို့ သင့်တဲ့ Linux Distributions တစ်ခုပါပဲ။ Xandros Desktop အကြောင်းကိုတော့ အပေါ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ကုမ္ပဏီလုပ်ငန်း သေးစား လုပ်ဆောင်သူတွေ နဲ့ စီးပွားရေး လုပ်ငန်းကြီးကြီးကျယ်ကျယ် လုပ်ဆောင်သူတွေကတော့ သူ့ထပ်ပိုပြီး တည်ငြိမ်ခိုင်မာတဲ့ Linux Distributions တစ်ခုကိုပဲ ရွေးချယ်ဖို့ အားသန်တာ တွေ့ရပါတယ်။






Red Hat Enterprise Sever, SUSE Enterprise နဲ့ Ubuntu Server တွေကလည်း Sever စက်တွေမှာ သုံးစွဲဖို့ သင့်တဲ့ Linux Distributions တွေပါ။ ဒါပေမယ့် အဲ့တာတွေထဲကမှ Red Hat ကိုပိုပြီး လူကြိုက်များစေတဲ့ အချက်က ရှည်ကြာတဲ့ Security Updates ထားရှိပေးမှု ( ရ နှစ် ) ၊ နောက်ပြီး သူ့ရဲ့ Distros အတွင်းမှာ များပြားလွန်းလှတဲ့ အသုံးဝင် Packages အသစ်တွေ ၊ နောက်ထပ်ရှိသေးတာက  Linux အကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် မသိတဲ့ အဖွဲ့အစည်းတွေ အတွက် အသုံးပြုရလွယ်ကူ စေမယ့် စွမ်းဆောင်ရည် ပြည့်ဝတဲ့ Programs တွေ သူ့ Distros တွင်းမှာ များစွာပါဝင်နေလို့ပါပဲ။




( ၅ ) Netbook ကွန်ပြူတာများအတွက် သင့်တော်မည့် Linux Distributions များ

Netbooks ဆိုတာ ပုံမှန်အားဖြင့်တော့ Notebook လိုပါပဲ ဒါပေမယ့် သူ့ရဲ့ Screen က ခပ်သေးသေးနဲ့ Power သုံးစွဲမှု အားကလည်း နည်းသလို သူ့မှာ သိပ်ကောင်းပြီး စွမ်းအားပြည့်ဝတဲ့ Hardware တွေလည်း မပါဝင်ပါဘူး။ Linux Distributions တွေက အဲ့ဒီ့ လိုအပ်ချက်တွေနဲ့ ပြည့်စုံပြီး Netbooks တွေအတွက် သင့်တော်မယ့် Linux Distributions ကို ထုတ်လုပ်ခဲ့ကြပါတယ်။ အဲတာကတော့ လူသိများတဲ့ Ubuntu Netbook, နောက်ပြီး Moblin နဲ့ Jolicloud တို့ပါပဲ။

Ubuntu Netbook က Intel Atom Processor လိုအပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့မှာ Ubuntu Installer ရှိတယ် ဆိုရင် Ubuntu Desktop Version ကိုပဲ ကျွန်တော်တို့ရဲ့ Netbook မှာ တင်လည်း ရပါတယ်။ Ubuntu Netbook မှာတော့ Netbook ဆိုတဲ့အတိုင်း Internet နဲ့ ပတ်သတ်ပြီး သုံးစွဲဖို့ အားလုံးအဆင်ပြေအောင် သူတို့ တစ်ခါတည်း စီစဉ်ပေးပြီးသား ဆိုပေမယ့် Ubuntu Desktop Version ကို Netbook မှာ တင်မယ်ဆိုရင်လည်း Default Repository ကို Ubuntu Network Editor Repository ကို ပြောင်းလိုက်ပြီး လိုအပ်မယ့် Packages တွေကို Install လုပ်နိုင်မှာ ဖြစ်ပါတယ်။ သိပ်အများကြီး မကွာလှပါဘူး။




Jolicloud ကလည်း စွမ်းဆောင်ရည်နိမ့်ကျတဲ့ ( ဆိုလိုတာ Memory ဒါမှမဟုတ် Storage space ) နည်းတဲ့ Netbooks တွေအတွက် အသုံးပြုဖို့ သင့်တော်တဲ့ Linux Distributions တစ်ခုပါ။ သိပ်လြှပီး စွမ်းဆောင်ရည် ကောင်းတဲ့ Jolicloud ရဲ့ တည်ဆောက်ပုံက တစ်ခြား Linux Distributions နဲ့ မတူပါဘူး။ နောက်ပြီး သူက Ubuntu အပေါ်မှာ အခြေခံထားတာမို့လို့ Ubuntu မှာ သုံးလို့ ရသမျှ applications အားလုံးက Jolicloud မှာလည်း ကောင်းကောင်း သုံးလို့ ရမှာ ဖြစ်ပါတယ်။ Jolicloud ကို ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Windows OS နဲ့လည်း အပြိုင်တွဲသုံးလို့ ရသလို ၊ သူ့ ISO ကို Download ချပြီး သီးခြား Partition တစ်ခုမှာ Install လုပ်သုံးစွဲလို့လည်း ရပါတယ်။




Moblin ဆိုတာလည်း Netbooks တွေအတွက် သင့်တော်တဲ့ နောက်ထပ် Linux Distributions တစ်ခုပါပဲ။ Moblin ဟာ တစ်ချိန်က Intel ရဲ့ ကနဦး Project တစ်ခုလည်း ဖြစ်သလို Linux Foundation ရဲ့ အစိတ်အပိုင်း တစ်ခုဆိုလည်း ဟုတ်ပါတယ်။ Moblin ကို ပေါ့ပေါ့ပါးပါး Live USB image ကနေ အသုံးပြုလို့ ရသလို ၊ Netbook မှာ OS တစ်ခု အနေနဲ့လည်း Install လုပ်ပြီး သုံးလို့လည်း ရပါတယ်။




( ၆ ) Power Users များအတွက် သင့်တော်မည့် Linux Distributions များ

Arch Linux ကိုတော့ Linux ကို သုံးစွဲဖူးပြီး အတွေ့အကြုံရှိပြီးသူ နားလည်တတ်ကျွမ်းပြီးသူများ သုံးစွဲဖို့ အကြံပြုချင်ပါတယ်။ Arch Linux မှာ Power user တွေအတွက် အခြေခံအဆင့်ကနေ စပြီး Linux ကို စိတ်ကြိုက်ပုံဖော် Install လုပ်ဆောင်လို့ ရတဲ့ထိ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုထားပါတယ်။ နောက်ပြီး Arch Linux ကို Install လုပ်ပြီးတဲ့ အချိန်မှာ သာမန် Linux တွေလို User အတော်များများနဲ့ ယဉ်ပါးပြီးသား အပြင်အဆင်တွေ ဖြစ်တဲ့ Login Manager Screen တွေ Account creation လုပ်ဆောင်ဖို့ ဆိုတာတွေ ပါဝင်လာမှာ မဟုတ်ပဲ သူတို့ အစား Network တွေ System configuration တွေကို စိတ်ကြိုက် ပြင်ဆင်လို့ ရမယ့် Screen အပြည့် Configuration ဖိုင်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီကနေ ကိုယ်အလိုရှိရာ သုံးချင်ရာကို စိတ်ကြိုက်ရွေးချယ် ပြုပြင်သုံးစွဲလို့ ရသွားမှာ ဖြစ်ပါတယ်။ သူရဲ့ ရည်ရွယ်ချက်ကတော့ Linux အသုံးပြုသူ user တွေကို အခြေခံကနေ စပြီး system တစ်ခုလုံးကို မိမိစိတ်ကြိုက် ပြုပြင်ပုံသွင်းလို့ ရတဲ့ထိ လုပ်ဆောင်ပိုင်ခွင့် ပေးအပ်ချင်တာမျိုး ဖြစ်ပြီး တကယ်လို့ မလိုအပ်ဘူး ထင်တာတွေကို ထုတ်နှုတ်ပယ်ဖျက်သွားနိုင်ဖို့ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သိကြတဲ့ အတိုင်း user အများစုက ကိုယ်လိုချင်တာကို ပြင်ယူပြီး သုံးကြရတာထက် ကွန်ပြူတာကို ခလုတ်စဖွင့်လိုက်ကတည်းက ကိုယ့်စိတ်ကြိုက် တွေချည်းပါပြီး အသုံးတည့်မယ့် ဝင်းဒိုးမျိုးကို လိုချင်ကြတာမို့လို့ သာမာန် စမ်းသပ်သုံးစွဲချင်သူ user တစ်ယောက် အတွက်တော့ တော်တော်စိတ်ရှုပ်ဖို့ ကောင်းမယ့် distro တစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ အဲဒါကြောင့် ဒီ distro ကို Power user အောက်မှာ ထည့်သွင်းထားတာပါ။



နောက်တစ်ခုကတော့ ..

Slackware ဆိုတာကလည်း ဒီခေါင်းစဉ်အောက်မှာထည့်သွင်း သင့်မယ့် distro တစ်ခုလို့ ထင်ပါတယ်။ Arch Linux နဲ့ နှိုင်းယှဉ်ရမယ် ဆိုရင် - Slackware Linux က ပိုငြိမ်ပြီး အပြောင်းအလဲနဲတဲ့ packages တွေ ဖြည့်ဆည်းပေးနိုင်တယ်လို့ သုံးသပ်ရပါတယ်။ အဲကြောင့်မို့လည်း တစ်ခုခုဆို ပြောင်းရရွှေ့ရ သိမ်းရဆည်းရ မလုပ်ချင်ပဲ တစ်သတ်မတ်တည်း ငြိမ့်ငြိမ့်အေးအေး သုံးချင်တဲ့ သူတွေကတော့ Slackware ကို ရွေးချယ်ကြတာ များပါတယ်။ ဒါပေမယ့် Arch Linux ကတော့ Users တွေရဲ့ လိုအပ်ချက်ကို လိုက်ပြီး ပိုအသုံးတည့်မယ့် Packages တွေ ထုတ်ပေးနေတယ် ဆိုတာကလည်း မမေ့ထားသင့်ပါဘူး။ အခြားတစ်ဖက်မှာလည်း Slackware အတွက် လိုအပ်တာ အားလုံးပါဝင်ပြီးသား 3rd party packages တွေကိုလည်း သူ့ မူရင်း ဆိုဒ်မှာပဲ တစ်လက်စတည်း Download ချနိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ ဒါပေမယ့် သူက Linux distro တွေထဲကမှ အဟောင်းဆုံးသည်သာ အကောင်းဆုံးဆိုတဲ့ စံနမူနာ ထုတ်ထားတာတွေပါ။ ရည်ရွယ်ချက်က User အတွက် သူ့ distro ကို မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ Error နည်းနည်းနဲ့ သုံးစွဲနိုင်ဖို့ကိုပဲ ဦးတည်ပါတယ်။ အဲတော့ တစ်ခု စဉ်းစားရမှာက ဟောင်းတိုင်းလည်း မကောင်းဘူးပေါ့ဗျာ ဆိုတဲ့ စကားပါ။



ရည်ညွှန်းကိုးကားရာ နေရာများ

  • List of Linux  Distributions  - ကျွန်တော်တို့ အတွက် ဒီနေရာကနေ များပြားလွန်းတဲ့ Linux Distro တွေအကြောင်း လေ့လာလို့ ရသလို လူသိများ ကျော်ကြားတဲ့ Linux Distro တွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ သူတို့ရဲ့ Screenshot images တွေကိုလည်း လေ့လာလို့ ရပါတယ်။
  • Netbook Distro - Linux Distro တွေထဲက Netbook အကြောင်း အသေးစိတ်ညွှန်းဆိုပြထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
  • Linux Distribution Chooser – သူကတော့ အင်တာနက်ကနေမှ တဆင့် Linux အသုံးပြုသူ user တွေအတွက် မှန်ကန်သင့်လျှော်မယ့် Linux Distro တွေကို ရွေးချယ်နိုင်အောင် အစဉ်အမြဲ ကူညီပေးနေတဲ့ နေရာ ဖြစ်ပါတယ်။
  • Comparison of Linux distributions – ဒီနေရာကနေပြီး အမျိုးမျိုးကွဲပြားနေတဲ့ Linux Distro တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ကွဲပြားခြားနားချက်တွေ၊ ဘယ် Processor နဲ့ support ဖြစ်သလဲ ၊ ဘယ် distro ပေါ်မှာ အခြေခံထားသလဲ စသဖြင့် ပြည့်ပြည့်စုံစုံ သိနိုင်တဲ့ နေရာ ဖြစ်ပါတယ်။
  • Linux Releases – ဒီနေရာကနေပြီး အသစ်အသစ်ပေါ်ထွက်လာတဲ့ Linux Distro တွေအကြောင်း နားစွင့်နိုင်ပါတယ်။
  • Linux Gaming – တကယ်လို့ ကျွန်တော်တို့ Linux ကို သုံးပြီး ဂိမ်းကစားမယ်ဆိုရင် ဒီနေရာကနေ တဆင့် နာမည်ရှိလူသိများပြီး Linux မှာ ကစားလို့ ရမယ့် ဂိမ်းတွေ အကြောင်း လေ့လာနိုင်ပါတယ်။

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts