Building Human Resources

Leave a Comment
ကျွန်တော်ဟာ ကွန်ပြူတာနဲ့ ပတ်သတ်ရင် သိတန်သလောက် သိပေမယ့် ကိုယ်သိသလောက် ပြောပြလို့ ဆိုရင် ကျွန်တော် အာစေးနေတတ်ပါတယ် - ကျွန်တော် အဲလို မပြောပြတတ်ပါဘူး - အဲ့ကြောင့် ကိုယ်သိသလောက် အကြောင်းအရာတွေကို မျှဝေချင်တဲ့ အခါ ဘာကို မျှဝေရမလဲ ဆိုတာ ခေါင်းစဉ်ရှာမရ အမြဲ ဖြစ်လေ့ ရှိပြီး ဘယ်သူ့ကိုမှလည်း မမျှဝေ ဖြစ်ခဲ့ပါဘူး - အဲလိုနဲ့ ကျွန်တော် မြန်မာမိသားစုထဲကို ရောက်လာတော့ Myanmarfamily ဆိုတဲ့ နာမည်ကြောင့်ပဲ ဖြစ်မလား မပြောတတ်ဘူး - တစ်ခုခုကို ပေးချင်စိတ် သည်းသည်းသန်သန် ဖြစ်မိပါတယ် - အဲလိုနဲ့ပဲ မျှဝေသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ် -


ခုနောက်ပိုင်း မြန်မာမိသားစုဝင်တွေထဲက Active ဖြစ်တဲ့ member တွေကိုလည်း ကျွန်တော်လိုက်ကြည့်မိတယ် - သူတို့တွေ မြန်မာမိသားစုကို သံယောဇဉ်တော်တော်ရှိတာ သတိထားမိသလို - တတ်နိုင်သလောက် မျှဝေပေးချင်ကြတာ ကိုလည်း သတိထားမိပါတယ် - ကိုရဲနောင် ပြောခဲ့တဲ့ မြန်မာမိသားစုဟာ နည်းပညာမျှဝေနိုင်ဖို့ ဦးတည်ချက်ထားပြီး တည်ထောင် ဖြစ်ခဲ့တယ် ဆိုတာ မြန်မာမိသားစု အားလုံးလည်း နားလည်ပြီးသား ဖြစ်ကြမှာပါ - ဒါပေမယ့်လည်း ကျွန်တော့် စိတ်ထဲ မြန်မာမိသားစုမှာ ခုနောက်ပိုင်း နည်းပညာရပ်ပိုင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ဆွေးနွေးတဲ့သူ အရမ်းနည်းသွား သလိုပဲလို့ ခံစားမိပါတယ် - တစ်နေ့တစ်နေ့ကို Active member အယောက် ၄၀ ပတ်ဝန်းကျင်ရှိတယ် - ဒါပေမယ့်လည်း တော်တော်များများက လိုအပ်တာ အကူအညီတောင်း နောက်စာဖတ်ပြီး ပြန်သွားကြတယ် - ဆွတ်ချူစားသုံးသူများပြီး သီးတဲ့ အပင်အရေအတွက် နည်းနေမယ်ဆိုရင်တော့ ဒါဟာ နည်းပညာ မျှဝေတဲ့ နေရာ လက်ဆင့်ကမ်းတဲ့နေရာ ဖြစ်လာမှာ မဟုတ်တော့ပါဘူး - ထိန်းသိမ်းမှု မရှိပဲ တစ်ချိန်လုံး ခုတ်လှဲနေမယ် ဆိုရင်တော့ ရခိုင်ရိုးမလည်း တစ်ချိန်မှာ တောင်ကတုံး ဖြစ်သွားမှာပါပဲ - ကျွန်တော်ဆိုလိုတာ မျှဝေသူတွေဆိုတာလည်း တစ်ချိန်လုံး တစ်သက်လုံး ဒီဖိုရမ်မှာ နေပြီး မျှဝေနိုင်သွားပါမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး - ဒီချိန်မှာ တတ်တတ်ကြြွကွနဲ့ ပါဝင်ဖြေရှင်း ပေးနေနိုင်ပေမယ်လို့ နောင်တစ်ချိန်မှာ ကိုယ့်ဘဝရဲ့ ဆိုင်ရာ လုပ်ငန်းတွေဆီ ပြန်ဝင်သွားကြရမှာပါ - အဲ့လိုအချိန်မှာ မျှဝေသူသာ မရှိတော့ရင် ဒီဖိုရမ်ကြီး ဘယ်လိုဆက်ပြီး ရပ်တည်မလဲ -



ကျွန်တော်တို့ ဖိုရမ်မှာ မျှဝေနိုင်သူတွေရော - နားလည်တတ်ကျွမ်းသူတွေရော မနည်းမနော ရှိပါတယ် - ဒါပေမယ့် ကျွန်တော်လိုချင်တာ မျှဝေနေကျသူတွေကချည်း အမြဲ မျှဝေချပြနေတာမျိုး ကျွန်တော်မဖြစ်စေချင်ပါဘူး - ကျွန်တော် မျှဝေသူ အသစ် အသစ်တွေကို လိုချင်ပါတယ် - ဘာကြောင့်လဲဆိုတော့ ရှင်းပါတယ် ကျွန်တော်တို့ ဖိုရမ် အဓွန့်ရှည်ရပ်တည်နိုင်ရေး အတွက်ပါ - လူဟောင်းတွေကချည်းရေး - လူသစ်တွေကဖတ် - နောက်နေ့လာလည်း လူဟောင်းတွေကချည်းရေး - လူသစ်တွေကဖတ် - နောက်တော့ ပြန်သွား - ဒီလိုဖြစ်ရပ်တွေက ဖိုရမ်တိုင်း ဖြစ်နေတာပါ - လတ်တလော အခြေအနေမှာတော့ လူဟောင်းတွေ ရှိနေတော့ ဖိုရမ်လေးက ဟုတ်သလိုလို ရှိနေတာပေါ့ - ဒါပေမယ့် ဒီလူဟောင်းတွေက တစ်ယောက်ယောက် များများ ထွက်သွားပြီ ဆိုရင် ကျွန်တော်တို့ သွေးပျက်ရပြီ - ဖိုရမ်က နည်းပညာ ဖိုရမ် မဟုတ်တော့ဘူး - အာလာပ သလာပ ဖိုရမ်ဖြစ်တော့မယ် - နည်းပညာနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေ ပို့စ်အဖြစ်နဲ့ တက်နေတာကို ကျွန်တော် အပြစ်ပြောတာ မဟုတ်ရပါဘူး - ကျွန်တော်လည်း တစ်ချိန်လုံး နည်းပညာနဲ့ ဆိုင်တာတွေချည်း ဖတ်နေရေးနေနိုင်တဲ့ လူမျိုး မဟုတ်ပါဘူး - ဒါပေမယ့် ဖြစ်သင့်တာ တစ်နေ့ လူ ( ၃၀ ) ( ၄၀ ) ဝင်နေတဲ့ နည်းပညာဖိုရမ် တစ်ခုဟာ တစ်နေ့ကို နည်းပညာနဲ့ ပတ်သတ်တဲ့ ပို့စ် ( ၃ ) ( ၄ ) ခုလောက်တော့ မတက်သင့်ဘူးလား - ??

တစ်နေ့ကို နည်းပညာနဲ့ ပတ်သတ်တဲ့ ပို့စ် ( ၃ ) ( ၄ ) ခုတက်ဖို့နဲ့ တက်တဲ့ ပို့စ်တိုင်းက စာဖတ်သူအတွက် အကျိုးရှိတဲ့ ပို့စ်မျိုး ဖြစ်ဖို့ဆိုတာ ကြီးကြပ်သူ လူဟောင်းတွေ ၊ ကျွန်တော်တို့ အထူးအသင်းဝင်တွေ လုပ်ဆောင်နေယုံနဲ့ ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး - အဲ့တာကြောင့် လူသစ်တွေထဲကနေ မျှဝေချင်သူတွေ ၊ မျှဝေရဲသူတွေ ဖြစ်လာစေဖို့ ကျွန်တော်တို့ ဖြေးဖြေးချင်း တွဲခေါ်ကြည့် ချင်ပါတယ်။

မျှဝေသူတစ်ယောက် ဖြစ်လာဖို့ ဘာတွေ အရေးအကြီးဆုံးလဲ ??

စိတ်စေတနာနဲ့ မေတ္တာတရားပေါင်းစပ်ထားပြီးသား ဖြစ်တ့ဲ လေ့လာလိုမှု အဓိက လိုအပ်ပါတယ်။ စိတ်စေတနာနဲ့ မေတ္တာတရား ဆိုတာကတော့ မြန်မာလူမျိုး သနားအောင်ပြောရင် မရှိရှိတာတောင် ချွတ်ပေးချင်ကြတဲ့ လူမျိုးတွေချည်းပါ။ အဲတော့ စိတ်စေတနာနဲ့ မေတ္တာတရားကို ကျွန်တော်တို့ ပြည့်စုံပြီးသား ဖြစ်နေပြီလို့ပဲ ယူဆကြပါစို့- ဒါဆို ကျွန်တော်တို့ လိုနေတာ လေ့လာလိုမှုပါ။

လေ့လာလိုမှုဆိုတာ ဘာတွေလေ့လာရမလဲဆိုတဲ့ Source ကို တိတိကျကျသိလာရင်  လေ့လာလိုမှုက အလိုလို ပေါ်လာတတ်ပါတယ်။ လူတိုင်းလူတိုင်းမှာ သူတို့ ကျွမ်းကျင်ရာ ကျွမ်းကျင်ရာအလိုက် ၊ အားသာရာ အားသာရာအလိုက် ရှိတတ်ကြပါတယ်။ ကျွန်တော်တို့မှာ သိထားတာတွေ ရှိတယ် - ပြောပြချင်တာတွေတယ် - ဒါပေမယ့် ခေါင်းစဉ်တည်လို့ မရဖြစ်နေတယ် - ဒီလို အကြောင်းအရာတွေကို ခေါင်းစဉ်တည်လို့ ရသွားအောင် ဘယ်အကြောင်းအရာဆို ဘယ်ခေါင်းစဉ်အောက်မှာ ထားပြီး သိုက်သိုက်ဝန်းဝန်း ဖြစ်အောင် ဘယ်လို ရေးသားမျှဝေနိုင်မယ်ဆိုတာ သိရှိနိုင်ဖို့ ကျွန်တော်တို့ စာဖတ်ဖို့ လိုပါတယ်။ ဒါဆို ဘယ်လိုစာမျိုး ဖတ်သင့်တာလဲ - နည်းပညာအကြောင်းကို ကျကျနနသိချင်တယ်ဆိုရင်တော့ နည်းပညာ ရှိရာဆီ လိုက်ကြည့်ရမှာပါပဲ - ဟုတ်ပါတယ် ကျွန်တော်တို့ အင်္ဂလိပ် Blog တွေ - site တွေ ဖတ်ဖို့ လိုပါတယ်။ အင်္ဂလိပ် ဘလော့တင်မှ မဟုတ်ဘူး မြန်မာ ဘလော့တွေလည်း ဖတ်ရပါမယ်။ ဒါမှ အားသာချက် အားနည်းချက်တွေကို သိရှိနိုင်ပါမယ်။

အင်တာနက်ထဲမှာ အင်္ဂလိပ်လို ရေးထားတဲ့ နည်းပညာ Blog တွေ - Site တွေ မနည်းမနော ရှိပါတယ် - အဲ့ထဲကမှ how to သဘောမျိုးထက် အတွေးအခေါ်နဲ့ သုံးသပ်ချက်ပါပြီး - စာဖတ်သူအတွက် အကျိုးရှိမယ့် Blog လေးတွေ - Site လေးတွေ ကျွန်တော် စုဆောင်းထားတာ တော်တော်များများရှိပါတယ် - ကျွန်တော် တစ်နေ့နဲ့ တစ်နေ့ ဖတ်တဲ့ မြန်မာ နည်းပညာ ၊ သတင်း Sites တွေအပြင် အင်္ဂလိပ် Blog တစ်ရာကျော် ရှိပါတယ်။ ကျွန်တော် ရေးနေတဲ့ ပို့စ်တွေဆိုတာလည်း ဖော်ပြပါ ဘလော့တွေထဲကနေ ဖတ်မိတာတွေထဲက ကိုယ်သိနားလည်တဲ့ အကြောင်းအရာလေးတွေကို ထုတ်နှုတ်ပြီး ကိုယ်ပိုင်အတွေ့အကြုံနဲ့ ပေါင်းစပ် ရေးသားနေခြင်းပါ။  ကျွန်တော်တို့ ဖိုရမ်မှာရှိနေတဲ့ ကြီးကြပ်သူတွေ ၊ အထူးအသင်းဝင်တွေ ချည်းကပဲ နည်းပညာအကြောင်း သိနားလည်တဲ့ သူတွေ ၊ မျှဝေနိုင်သူ တွေ မဟုတ်ဘူး ဆိုတာ - ပြောရရင် ကျွန်တော်တို့တွေက မျှဝေမှုကို ကြီးကြပ်ရင်း ကျွန်တော်တို့ သိသလောက်ကို နည်းပညာ လက်ဆင့်ကမ်း နေတာသာ ဖြစ်တယ် ဆိုတာ - စာဖတ်သူတွေ ကိုယ်တိုင်ကလည်း ဒီလို မျှဝေသူတစ်ယောက် ဖြစ်လာဖို့ ကြိုးစားနိုင်တယ်ဆိုတာ ကျွန်တော် လူသစ်တွေကို ချပြချင်ပါတယ် - သူတို့ ဘယ်လို ဘလော့တွေ ဖတ်သင့်မယ်ဆိုတာရယ် - ကိုယ်ဖတ်မိတာတွေထဲက ကိုယ်သိထားတာတွေ ပြောပြချင်တာတွေနဲ့ ကိုက်ညီတဲ့ ခေါင်းစဉ်ကို  ဆက်စပ်မိမယ်ဆိုရင် ကိုယ့်အတွေးအခေါ်နဲ့ ပေါင်းစပ်ပြီး တစ်ဖက်တစ်လှမ်းကနေ မြန်မာမိသားစုမှာ မျှဝေရေးပေးကြဖို့ ကျွန်တော်ကမ်းလှမ်း ချင်ပါတယ်။

ဒါက ကျွန်တော် အကြမ်းမျဉ်း ပုံဖော်ထားတဲ့ နည်းပညာဘဏ်တိုက် တည်ဆောက်ခြင်း  ( ဝါ ) မျှဝေသူများ ပေါ်ထွန်းလာစေရေး Project ပါ - ကြီးကြပ်သူတွေနဲ့ ဖိုရမ်က တာဝန်ရှိသူတွေ အနေနဲ့လည်း လူသစ်များ လက်တွဲခေါ်ယူရေး ကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လို လုပ်ဆောင်သင့်မယ်ဆိုတာလေး တတ်နိုင်သလောက် အကြံပြုကြစေချင်ပါတယ်။ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာရပ်လေးတွေနဲ့ ပတ်သတ်ပြီးလည်း တွေးမိသလောက် ဝင်ရောက်ဆွေးနွေးပေးကြဖို့ အကြံဉာဏ်တောင်းခံ လိုပါတယ်။ တစ်ယောက်အားနဲ့ ယူသော်မရပေမယ့် အားလုံးဝိုင်းဝန်း အကြံပြုကြရင် နောက်ထပ်နောက်ထပ် သင့်တော်မယ့် အကြံကောင်းတွေလည်း ရရှိလာနိုင်လိမ့်ဦးမယ်လို့ မျှော်လင့်မိပါတယ်။

ကြီးကြပ်သူများရဲ့ အတည်ပြုချက် ရမယ်ဆိုရင်လည်း ဒီအကြောင်းအရာကို နောက်တစ်ကြိမ် တည်းဖြတ်ရေးသားပြီး မြန်မာမိသားစု စာဖတ်သူတွေဆီ ချပြဖို့ ကျွန်တော်စိတ်ကူးထားတာလေး ရှိပါတယ်။ ကျေးဇူးပြုပြီး အကြံပြုပေးကြပါ။

Mg Zin.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts